စတုမဟာရာဇ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ ဟူသောနတ်မင်းကြီးလေးပါးကို ပါဠိလို `စတုမဟာရာဇ´ ဟုခေါ်၏။

(စတု=လေးယောက်သော+ မဟာရာဇ= နတ်မင်းကြီး)

ထို နတ်မင်းကြီးလေးပါးကို ဆည်းကပ်ခစားရသည့် လက်အောက်ခံနတ်တို့မှာ `စတုမဟာရာဇိက´ ဟုခေါ်သည်။ နတ်မင်းကြီးလေးပါး နှင့် စတုမဟာရာဇိကနတ်တို့၏ နေရာဘုံကို ပါဠိလို စာတုမဟာရာဇိကာ မြန်မာလို စာတုမဟာရာဇ်ဘုံ (သို့မဟုတ်) စာတုမဟာရာဇ်နတ်ပြည်ဟု ခေါ်ဆိုသည်။

ဤဘုံ၌ - သိကြားမင်း ကိုယ်စား

  • ဓတရဋ္ဌ နတ်မင်း
  • ဝိရူဠက နတ်မင်း
  • ဝိရူပက္ခ နတ်မင်း
  • ကုဝေရ နတ်မင်း ဟူ၍ နတ်မင်းကြီးလေးပါး အုပ်စိုးသည်။

ဓတရဋ္ဌနတ်မင်းကြီးသည် ငွေရောင်တောက်ပသောမြင့်မိုရ်တောင်၏ အလယ်ခုလတ် အရှေ့ဘက်နံပါး၌ တည်လျက် ဂန္ဓဗ္ဗနတ်(မွှေးကြိုင်သော နံ့သာပင်၌ ပဋိသန္ဓေနေကြသော နတ်များ) အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။

ဝိရူဠကနတ်မင်းကြီးသည် မြရောင်တောက်ပသော မြင့်မိုရ်တောင်၏ တောင်ဘက်နံပါး၌ တည်လျက် ကုမ္ဘာန်(ကြီးမားသော ဝမ်းဗိုက်နှင့် ဝှေးစေ့၊ ပြူးကျယ်နီမြန်းသော မျက်စိ ရှိကြသော ဒါနဝရက္ခိုသ်)အပေါင်းတို့ကို အုပ်ချုပ်၍ မင်းလုပ်သည်။

ဝိရူပက္ခနတ်မင်းကြီးသည် ဖန်ရောင်တောက်ပသော မြင့်မိုရ်တောင်၏ နောက်ဘက်နံပါး၌ တည်လျက် နတ်နဂါး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။

ကုဝေရနတ်မင်းကြီးသည် ရွှေရောင်တောက်ပသော မြင့်မိုရ်တောင်၏ မြောက်ဘက် နံပါး၌ တည်လျက် နတ်ဘီလူး အပေါင်းတို့ကို အုပ်ချုပ်၍မင်းလုပ်သည်။

စတုမဟာရာဇ် နတ်ပြည်သည် လူ့ဘုံရဲ့အထက် ယူဇနာ လေးသောင်းနှစ်ထောင် ဝေးကွာသော ယုဂန္ဓိုရ်တောင် (မြင့်မိုရ်တောင်ထက်ဝက်အမြင့်ရှိ) ထိပ်မှစ၍ မြင့်မိုရ်တောင် အောက်ခြေထိ ကျယ်ပြန့်သည်။

ဗိမ္ဗိသာရဘုရင်သည် စတုမဟာရာဇ်ဘုံတွင် ဝေဿဝဏ်နတ်မင်းကြီး၏ အခြံအရံ ဇနဝသဘ နတ်စစ်သူကြီးဖြစ်သည်။

စတုမဟာရာဇ်နတ်များ၏ သက်တမ်းမှာ သူတို့၏အရေအတွက်အားဖြင့် နှစ်(၅၀၀)ရှိ၏။

လူတို့၏နှစ်အရေအတွက် အရ အနှစ်(၉)သန်းဖြစ်သည်။

လူတို့၏ နှစ်ပေါင်း(၅၀)သည် စတုမဟာရာဇ်နတ်သက် (၁)ရက် ဖြစ်သည်။

ဝေဿဝဏ်နတ်မင်းကြီး[ပြင်ဆင်ရန်]

ကုဝေရနတ်မင်းကြီးကို `ဝေဿဝဏ်နတ်မင်းကြီး´ဟူ၍လည်း ခေါ်ဆိုကြသည်။ ဤစတုမဟာရာဇ် နတ်မင်းကြီးများ တွင် ကုဝေရ ခေါ် ဝေဿဝဏ်နတ်မင်းကြီးမှာ အလွန်တန်ခိုးကြီး၏။ လောကတွင် အကြီးမြတ်ဆုံးလက်နက်ကြီး လေး မျိုးကို အသီးသီးပိုင်ဆိုင်ကြသည့် တန်ခိုးရှင်ကြီး လေးဦးရှိသည်။ သိကြားမင်းက ဝဇီရ စိန်လက်နက်(ဝရဇိန်လက်နက် ဟုလည်းခေါ်ကြသည်)၊ ဝေဿဝဏ်နတ်မင်းက သံတင်းပုတ်လက်နက်၊ ယမမင်းက မျက်စောင်းလက်နက်၊ အာဠာဝကဘီလူးကြီးက ဘွဲ့ဖြူနတ်ပုဆိုးလက်နက် တို့ကို အသီးသီးပိုင်ဆိုင်ကြကြောင်း သုတ္တနိပါတ်၊ အာဠာဝကသုတ်၌ ပါရှိလေသည်။ ဝေဿဝဏ်နတ်မင်းကြီးသည် သောတာပန်မဖြစ်မီ ပုထုဇဉ်ဖြစ်စဉ်က အမျက်ထွက်သဖြင့် သံတင်းပုတ် လက်နက်ကြီးကို ပစ်လွှတ်လိုက်လျှင် နတ်ဘီလူးထောင်ပေါင်းများစွာတို့၏ ဦးခေါင်းများ ပြတ်ကျကုန်ပြီး ဝေဿဝဏ်နတ်မင်းကြီး၏ နှစ်တောင်ထွာအရပ်၌ တဖန်ပြန်၍ ရပ်တည်ကြသည်ဟု အာဠာဝကသုတ် အဖွင့်၌ ဖွင့်ဆိုထားပေသည်။ ဝေဿဝဏ်ခေါ် ကုဝေရနတ်မင်းကြီး၏ ရှေ့အတိတ်အကြောင်းကား ကဿပဘုရားရှင် ပွင့်တော်မူပြီးနောက် ဗာရာဏသီပြည်တွင် ကုဝေရမည်သော ပုဏ္ဏားသူကြွယ်သည် ကြီးကျယ်သောကြံခင်းများ စိုက်ပျိုး၍ ကြံရည်ကြိတ်စက် ခုနှစ်လုံးကိုဝယ်ယူကာ ကြံရည်ဆိုင် ခုနှစ်ဆိုင်ဖွင့်သတဲ့။


ကြံခင်းများမှ ရရှိကြသော ကြံတို့ကို ထိုကြံရည်ကြိတ်စက်များဖြင့် ကြိတ်ပြီးကြံရည်များကို ရောင်းချလေသည်။ ထိုကြံရည်ဆိုင် ခုနှစ်ဆိုင်အနက် ကြံရည်တစ်ဆိုင်မှ ရရှိ်သည့် အမြတ်အစွန်းများကို လာလာသမျှ လူအပေါင်းအား ပေးလှူ၍ ကုသိုလ်ကောင်းမှုပြူ၏။ ထိုကြံရည်ဆိုင်မှာ အခြားကြံရည်ဆိုင်များထက် ရောင်းကောင်းသဖြင့် အမြတ်အစွန်း ပိုမိုရရှိသည်ဟု ဆိုပေသည်။ ထို့ကြောင့် ကုဝေရပုဏ္ဏားသည် သဒ္ဓါယုံကြည်စိတ် ပိုမိုထက်သန်လာကာ အခြားကြံရည်ဆိုင်များမှ ရရှိသည့် အမြတ်အစွန်းတို့ကိုပါ အလှူဒါနပြုလေသည်။ ဤသို့လျင် ကြံရည်ဆိုင် ခုနှစ်ဆိုင်လုံးမှ ရရှိသော အမြတ်အစွန်းတို့ကို အနှစ်နှစ်သောင်းကာလပတ်လုံး ပေးလှူခဲ့သည်။ (ထိုအချိန်မှာ လူတို့၏သက်တမ်းသည် အနှစ်နှစ်သောင်းတမ်း ဖြစ်သည်။) ထိုကုသိုလ်ကောင်းမှုကြောင့် ကွယ်လွန်သောအခါ စတုမဟာရာဇ်နတ်ပြည်၌ ကုဝေရမည်သော နတ်မင်းဖြစ်လေ၏။ နောင်သောအခါ ဝိဿဏမည်သော မင်းနေပြည်တော်၌ မင်းအဖြစ်ကို ရရှိသောကြောင့် မင်းနေပြည်တော်ကို အစွဲပြုကာ ဝေဿဝဏ်နတ်မင်း ဟူ၍လည်း ခေါ်ကြသည်။ နတ်ဘီလူးတို့၏ အကြီးအမှူးဖြစ်သောကြောင့် နတ်ဘီလူးအပေါင်းခြံရံကာ ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျော်ပျော်ပါးစွာ နေထိုင်သည်။ ထိုနတ်မင်းကြီး လေးယောက်တို့မှာ ခွန်အားဗလကြီးသည့် သားတော် ကိုးကျိပ်တစ်ယောက်စီ ရှိကြသည်။ ထိုသားတော်တို့၏ အမည်ကို မိမိတို့၏ အရှင် သိကြားမင်း၏ အမည်အတိုင်း `က္ကန္ဒ´ ဟုချည်း အမည်တစ်ခုတည်းပေးထားကြသည်ဟု သုတ်ပါ ထေယျပါဠိတော်၊ အာဋာနာဋိယသုတ်နှင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့၌ ဟောကြားဖွင့်ဆိုထားပေသည်။


ထိုနတ်မင်းကြီးလေးပါးတို့သည် လောကကြီးကို စောင့်ရှောက်နေကြသည့် နတ်မင်းကြီးများဖြစ်သောကြောင့် `စတုလောကပါလ´ နတ်မင်းကြီးများဖြစ်ကြောင်း ပေတဝတ္တုပါဠိတော်နှင့် အဋ္ဌကထာ တို့မှာ ဟောကြားဖွင့်ဆို ထားပါသည်။

ဗိမ္ဗိသာရဘုရင်သည် စတုမဟာရာဇ်ဘုံတွင် ဝေဿဝဏ်နတ်မင်းကြီး၏ အခြံအရံ ဇနဝသဘ နတ်စစ်သူူကြီး ဖြစ်သည်။ စတုမဟာရာဇ်နတ်များ၏ သက်တမ်းမှာ သူတို့၏အရေအတွက်အားဖြင့် နှစ်(၅၀၀)ရှိ၏။ လူတို့၏နှစ်အရေအတွက် အရ အနှစ်(၉)သန်းဖြစ်သည်။ လူတို့၏ နှစ်ပေါင်း(၅၀)သည် စတုမဟာရာဇ်နတ်သက် (၁)ရက် ဖြစ်သည်။

[၁] [၂] [၃]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
  2. တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”
  3. ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်´