လူ့ဘုံ (၃၁-ဘုံ)

ဝီကီပီးဒီးယား မှ
(လူ့ဘုံ တစ်ဘုံ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

လူဟူသည် ပါဠိဝေါဟာရ“မနုဿ”ဟူသော ပုဒ်မှ ဆင်းသက်လာသည်။ အဋ္ဌကထာ(အဖွင့်)ဆရာက “လောဘ၊ အလောဘ အစရှိသည်တို့နှင့် တကွဖြစ်သော စိတ်၏ပြန့်ပြောများပြားသည်၏ အဖြစ်ကြောင့် လူ မည်၏။” ဟု ဖွင့်ဆို ရှင်းပြထားသည်။ အခြားဘုံသားများထက် ကုသိုလ်၊ အကုသိုလ်အရာတို့၌ ထက်မြက် ရဲရင့်၊ ခိုင်မြဲသော သတိရှကြပြီး ဆန်းကြယ်သော စိတ်နှလုံးရှိသူကို “မနုဿ” (လူ)ဟုခေါ်သည်။

တစ်နည်း - ကမ္ဘာဦးက သမ္မတမင်းသည် “မနု” မည်၏။ ထို မနုမင်း၏ အဆုံးအမ၌ တည်ကြသဖြင့် မနုမင်း၏ သားသမီးများသဖွယ် ဖြစ်ရကာ “မနုဿ”ဟု အမည်ရသည်။

တလူလူမြင့်မားတက်ကြွနေသော အဓိပ္ပာယ် သက်ရောက်သော မြန်မာအခေါ် မြန်မာပညတ်(လူ)ဟူသည်နှင့် ထပ်တူလိုပင် ဖြစ်နေပါသည်။

လူ့ဘုံ[ပြင်ဆင်ရန်]

မနုဿဘုံသည် လူ့တို့နေထိုင်ရာဘုံဖြစ်သည်။ ဤလူ့ဘုံသည် မျက်မြင်ထင်ရှားဖြစ်သည်။ လူတို့၏ထူးခြားချက်မှာ နိဗ္ဗာန်ရောက်အောင် ကျင့်ကြံနိုင်ခြင်း ဖြစ်သည်။

လူ့ဘဝ ရဖို့ရာ လူ့ပြည်မှ အပ်တစ်စင်းနှင့် ဗြဟ္မာပြည်က အပ်တစ်စင်းတို့ အချင်းချင်းထိခိုက်မိနိုင်ဖို့ ခက်ခဲတာထက် အဆပေါင်းများစွာ ခက်ခဲလှပါသည် ဟုအဆိုရှိသည်။ မြတ်စွာဘုရားဟောကြားထားသော နခသိခသုတ်ကို ထောက်ရှုခြင်း အားဖြင့် လူ့ဘုံမှာစုတေ၍ သေလွန်ကြကုန်သော သူတို့တွင် လူဘုံသို့ရောက်ရှိသောသူမှာ မြတ်စွာဘုရား၏ လက်သဲခွံပေါ်ရှိ မြေမှုန့်ပမာဏသာရှိ၍ အပါယ်လေးဘုံသို့ ကျရောက်သော သူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏ ရှိသည်။ နှိုင်းဆလို့မရအောင် ကွာခြားလှသည်။
အမှန်စင်စစ် လူ့ဘဝသို့ ရောက်ရှိလာခြင်းသည် အမိအဘတို့ရဲ့ သွေးသားကြောင့် ရောက်ရှိလာရတာ မဟုတ်ပါ။ မိမိတို့ ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် ကံအကျိုးပေး များစွာကြောင့် (တစ်နည်း) ဂတိသမ္ပတ္တိ နဲ့ပြည့်စုံလာသည့်အတွက်ကြောင့် ရန်ုင်ခဲလှသည့် လူ့ဘဝကို ရရှိခြင်း ဖြစ်သည်။ အမိအဘတို့၏ သွေးသားဆိုသည်မှာ အထောက်အပံ့မျှသာ ဖြစ်ကြသည်။
လူ့ဘဝရရှိကြသော်လည်း လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ မိမိတို့ရှေးဘဝကပြုခဲ့ဖူးသော ကံတွေကြောင့် မတူညီကြဘဲ ကွဲပြား ခြားနားနေကြပါသည်။ ယောက်ျားဘဝ၊ မိန်းမဘဝ၊ ယောက်ျားမဟုတ် မိန်းမမဟုတ်(နပုန်းပဏ္ဍုက်)ဘဝ တို့ ဖြစ်ကြသည်။ ယောက်ျားဘဝသည် မိန်းမဘဝထက် သာ၍ မြင့်မြတ်ပေသည်။ ယောက်ျား ဘဝဖြစ်စဉ်မှာ ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံကို ကျူးလွန်မိခဲ့ပါက သေလျှင် ငရဲကျမည်။ ငရဲမကျပဲ လူပြန်ဖြစ်လျှင် မိန်းမဘဝမှာ ဖြစ်ကြရသည်။ (အရှင်အာနန္ဒာ မထေရ်မြတ်ကြီးပင်လျှင် အတိတ်ဘဝတစ်ခုမှာ ကာမေသုမိစ္ဆာစာရ ကံကို ကျူးလွန် မိခဲ့သည့် အတွက် မိန်းမဘဝ ဖြစ်ခဲ့ရဖူးသည်။)

လူလေးမျိုး[ပြင်ဆင်ရန်]

လူဟုဆိုရာတွင် ဝိမာနအဋ္ဌကထာ၌ လူသည် သာမညအားဖြင့် တစ်မျိုးတစ်စားတည်းသာဖြစ်သော်လည်း အထူးပြုခွဲခြားလျှင် လေးမျိုးရှိကြောင်း တွေ့ရသည်။

  1. လူ့ငရဲသား
  2. လူ့ပြိတ္တာ
  3. လူ့တိရစ္ဆာန်
  4. လူသားစစ်စစ်

(၁)လူ့ငရဲသား[ပြင်ဆင်ရန်]

သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း စသော မပြုသင့်သည်ကိုပြုခဲ့လျှင် မင်းပြစ်ဒဏ်ကြောင့် လက်ခြေဖြတ်ခြင်း စသောအပြစ်ပေးခံရပြီး ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသူများ။

(၂)လူ့ပြိတ္တာ[ပြင်ဆင်ရန်]

ရှေးကပြုခဲ့ဖူးသော မကောင်းမှုကြောင့် (ရှေးက ကောင်းမှုကို မပြုခဲ့သောကြောင့်) အစားအစာ အဝတ်အထည်ကို မရရှိ၊ ဆာလောင်ခြင်းဖြင့် နှိပ်စက်ခံနေရ၍ ဆင်းရဲကြီးစွာ ရပ်တည်ရာမရ ကတိမ်းကပါး ပြေးလွှားရှာဖွေနေရသူများ။

(၃)လူ့တိရစ္ဆာန်[ပြင်ဆင်ရန်]

သူတစ်ပါးနှင့် စပ်လျှင်း၍ အသက်မွေးရသဖြင့် သူတစ်ပါး၏ တာဝန်ဝတ္တရားများကို မနေမနားထမ်းဆောင်သွားလာနေရသူများ၊ လူ့လောက စည်းမျဉ်းဥပဒေကို ကျော်ဖျက်၍ မလိုအပ်သည်ကို လုပ်သဖြင့် အစိုးရမင်း စသော တစ်ပါးသူတို့ ခြိမ်းခြောက်မှုကြောင့် သေဘေးကိုကြောက်၍ တောတောင်ထဲသို့ ပြေးဝင်ရပြီး အိပ်လိုခြင်း၊ စားလိုခြင်း၊ ဆာလောင်ခြင်း ဆင်းရဲကို ပယ်ဖျောက်ရုံမှတစ်ပါး အခြားမည်သည့်အကျိုးအကြောင်း ဟုတ်သည် မဟုတ်သည်ကိုမျှ မစဉ်းစားနိုင်ဘဲ ဒုက္ခကြီးစွာ လှည့်လည်ထွက်ပြေး နေရသူများ။

(၄)လူသားစစ်စစ်[ပြင်ဆင်ရန်]

မိမိ၏ အကျိုးစီးပွားကိုသိ၍ ကံ ကံ၏အကျိုးကို ယုံကြည်ကာ မကောင်းမှုမှာ ရှက်ခြင်း၊ ကြောက်ခြင်းတို့နှင့် ပြည့်စုံပြီးလျှင် သတ္တဝါတို့အပေါ်၌ သနားခြင်းရှိသည့်အပြင် သံဝေဂတရားရှိသည့်အလျောက် အကုသိုလ်တရားတို့ကို ရှောင်ကြဉ်ကာ ကုသိုလ်တရား တို့ကို ကောင်းစွာကျင့်သုံးပြီး ဒါန၊ သီလ၊ ဘာဝနာ စသော ပုညကြိယာ ဝတ္ထုဆယ်ပါးနှင့် ပြည့်စုံသောသူများ။

ကျွန်းကြီး(၄)ကျွန်း၊ ကျွန်းငယ်(၂၀၀၀)[ပြင်ဆင်ရန်]

လူ့ဘုံ(မနုဿဘုံ)တွင် အရှေ့ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း၊ တောင်ကျွန်း ဟူသော ကျွန်းကြီး(၄)ကျွန်းရှိသည်။ ကျွန်းကြီး(၄)ကျွန်းတွင် တစ်ကျွန်းစီ၌ ကျွန်းငယ်ပေါင်း(၅၀၀)စီ ရံထားလေသည်။ ထို့ကြောင့် ကျွန်းငယ်(၂၀၀၀)ရှိသည်။ ကျွန်းကြီး(၄)ကျွန်း၊ ကျွန်းငယ်(၂၀၀၀)ရှိသော လူ(မနုဿ)တို့၏ နေရာကို လူ့ဘုံဟု ခေါ်သည်။

ကျွန်းကြီး(၄)ကျွန်း[ပြင်ဆင်ရန်]

  1. ပုဗ္ဗဝိဒေဟ = အရှေ့ကျွန်း
  2. အပရဂေါယာန = အနောက်ကျွန်း
  3. ဥတ္တရကုရု = မြောက်ကျွန်း
  4. ဇမ္ဗုဒီပ = တောင်ကျွန်း

ပုဗ္ဗဝိဒေဟ ခေါ် အရှေ့ကျွန်း[ပြင်ဆင်ရန်]

အရှေ့ကျွန်း၏ အကျယ်အဝန်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အရှေ့ကျွန်း၏ ပုံသဏ္ဌာန်သည် လထက်ဝက်ခြမ်းနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လထက်ဝက်ခြမ်းသဏ္ဌာန် ဖြစ်သည်။ အရှေ့ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ကုက္ကိုပင်ရှိသည်။ အရှေ့ကျွန်းသူ/သားများသည် ကုန်ရောင်း၊ ကုန်ဝယ် စသော ပညာနှင့် အသက်မွေးလုပ်ကိုင်ရသည့် အလုပ်ကို လုပ်ကိုင်ကြသည်။ အသက်(၇၀၀) ရှည်ကြသည်။

အပရဂေါယာန ခေါ် အနောက်ကျွန်း[ပြင်ဆင်ရန်]

အနောက်ကျွန်း၏ အကျယ်အဝန်းသည် ယူဇနာ (၇)ထောင် ရှိသည်။ အနောက်ကျွန်း၏ ပုံသဏ္ဌာန်သည် လပြည့်ဝန်းနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လပြည့်ဝန်းသဏ္ဌာန် ဖြစ်သည်။ အနောက်ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် တစ်ယူဇနာ အမြင့်ရှိသော ထိန်ပင်ရှိသည်။ အနောက်ကျွန်းသူ/သားများသည် နွားယာဉ်ကို စီး၍ သွားလာနေထိုင် တတ်သည်။ အသက်(၅၀၀) ရှည်ကြသည်။

ဥတ္တရကုရု ခေါ် မြောက်ကျွန်း[ပြင်ဆင်ရန်]

မြောက်ကျွန်း၏ အကျယ်အဝန်းသည် ယူဇနာ (၈)ထောင် ရှိသည်။ မြောက်ကျွန်း၏ ပုံသဏ္ဌာန်သည် အင်းပျဉ်မှန်နှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ အင်းပျဉ်မှန်နှင့် တူသည်။ မြောက်ကျွန်း၏ ကျွန်းဦး၊ ကျွန်းထိပ်တွင် အမြင့် ယူဇနာတစ်ရာ ရှိသော ပဒေသာပင်ရှိသည်။ မြောက်ကျွန်းသူ/သားများသည် အလိုရှိရာကို ပဒေသာပင်မှ ဆွတ်ယူစားသောက်ပြီး ချမ်းချမ်းသာသာ နေထိုင်ကြရသည်။ အသက်(၁၀၀၀) ရှည်ကြသည်။ မြောက်ကျွန်းသူ/သားများသည် ဥပစ္ဆေဒကကံ နှင့် သေခြင်းမျိုးမရှိပေ။ အခက်အလက်စိတ်ပြီး ပြဿဒ်ကြီးများနှင့် တူသော သစ်ပင်ကြီးများ နေရာအနှံ့ ပေါက်ရောက်နေသည်။ ကျွန်းသူ/သားများသည် ထိုသစ်ပင်ကြီးများကို နေအိမ်အဖြစ် အသုံးပြု နေထိုင်ကြသည်။ အိပ်လိုသည့်အခါ အိပ်ယာများသည် အဆင်သင့် ဖြစ်နေ၏။ ကြာမျိုးငါးပါးနှင့် ဖုံးလွှမ်းနေသော အလွန်သာယာသည့် ရေကန်များလည်း ရှိသည်။

မြောက်ကျွန်းသူ/သားများသည် အရပ်မမြင့်လွန်း၊ မပုလွန်း ကြည့်ကောင်းရုံမျှ အချိုးအစားရှိသည်။ အိုမင်းခြင်း၊ ဆံဖြူခြင်း၊ ပါးရေတွန့်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း မရှိ၊ အမြဲတင့်တယ်နေသည်။ မြောက်ကျွန်းတွင် အေးခြင်း၊ ပူခြင်း၊ မှက်၊ ခြင်၊ လေ၊ နေပူ၊ ကင်း၊ သန်း၊ သားရဲတိရစ္ဆာန် စသော အနှောက်အယှက် ဘေးရန်လုံးဝမရှိပေ။ အမြဲတန်း ရာသီဥတု မျှတ နေသည်။ မြောက်ကျွန်းသူ/သားများသည် လယ်ယာလုပ်ကိုင်ရခြင်း မရှိပေ။ မြေအလိုလို ပေါ်ပေါက်လာသည့် ဖွဲ အမြှေး ကင်းစင်သော သလေးဆန်ကို အိုးတွင်ထည့်၍ မီးကျီးအခိုးမထွက်သော ဇောတိပါသာဏ မီးကျောက်နှင့် ချက်ကာ စားသောက်ကြသည်။ (ဇောတိပါသာဏ မီးကျောက် သုံးခုကို ဖိုခနောက်လုပ်၍ သလေးဆန်ထည့်ထားသော ရွှေခွက်ကို တည်သည်။ မီးသည် သလေးဆန် မကျက်မချင်း ဖိုခနောက်မှ ထတောက်နေသည်။ သလေးဆန် ကျက်လျှင် မီးသည် အလိုလို ငြိမ်းသွားသည်။) တခြားဟင်းလျာများကို မစားကြပေ။ မိမိလိုလား တောင့်တသည့်အတိုင်း အရသာ ဖြစ်လာကြသည်။ ထို ဘောဇဉ်ကို စားသုံးကြသည့် အတွက် အနာရောဂါ လုံးဝကင်းရှင်းသည်။

မြောက်ကျွန်းသူ/သားများသည် ခါးကုန်းခြင်း၊ ခြေလက်ကောက်ခြင်း၊ ခွင်ခြင်း၊ ကိုယ်အင်္ဂါ ချို့တဲ့သည်များ လုံးဝမရှိပေ။ မြောက်ကျွန်းသူများသည် တင့်တယ်လျောက်ပတ်သော ရုပ်ဆင်းအင်္ဂါ ရှိကြသည်။ မြောက်ကျွန်းသူ မိန်းမများသည် လက်ချောင်းသွယ်သည်။ လက်သည်း နီသည်။ ရင်သားရှည်ပြီး ခါးသေးသည်။ လပြည့်ဝန်းနှင့် တူသောမျက်နှာ ရှိသည်။ မျက်လုံးကျယ်သည်။ နူးညံ့သည့် အသားအရေ ရှိသည်။ ပေါင်တံသွယ်သည်။ ဖြူစင်သော သွားများရှိသည်။ ချက်ကျ စောက်နက်သည်။ ဒူးဆစ် သေးသွယ်သည်။ ဆံပင်နက်သည်။ တင်ပါး ကျယ်သည်။ အမွှေးအမျှင် မထူမပါးရှိသည်။ စကားပြောလျှင် သိမ်သိမ်မွေ့မွေ့ ပြောဆို၏။ လက်ဝတ်တန်းဆာ အမျိုးမျိုး ဝတ်ဆင်တတ်သည်။ အသက်(၁၆)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။ ယောက်ျားများသည် အသက်(၂၅)နှစ် အရွယ်ကဲ့သို့ အမြဲတင့်တယ်နေသည်။

ယောက်ျားများသည် သားမယားအပေါ် စွဲစွဲလမ်းလမ်း ချစ်ချစ်ခင်ခင် မရှိကြ။ မြောက်ကျွန်းသူယောက်ျား၊ မိန်းမများသည် (၇)ရက် တစ်ကြိမ် ကာမဂုဏ် မွေ့လျော်ကြသည်။ ကျန်ရက်များတွင် ရာဂကင်းစွာ နေထိုင်ကြသည်။ မြောက်ကျွန်းတွင် ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း စသော ဒုက္ခများမရှိကြပေ။ သင်တိုင်းနီအတွင်းက ရွှေရုပ်ကလေးလို မိခင်၏ ဝမ်းပိုက်မှ ကလေးငယ်သည် အညစ်အကြေးမရှိ ထွက်လာကြသည်။ အမျိုးသမီးများ မွေးဖွားချိန်ကျသည့်အခါ ရောက်သည့်နေရာ၌ မွေးဖွားတတ်သည်။ မွေးဖွားသည့်အခါ ထိုင်၍မွေးဖွားသည်၊ အိပ်၍လဲ မွေးဖွား တတ်သည်။ မိခင်များသည် ဖွားမြင်ပြီး သားသမီးများကို အငဲ့မကွက်မရှိဘဲ လူအများသွားသော လမ်းတွင် ထားပစ်ခဲ့ပြီး မိမိတို့သွားလိုရာကို သွားကြသည်။ ထိုကလေးငယ်များကို တွေ့သည့် ယောက်ျား၊ မိန်းမများက မိမိတို့၏ လက်ညှိုးကို ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်လိုက် လျှင် နို့ထွက်လာသည်။ လက်ညှိုးက ထွက်လာသည့် နို့ကိုသာ စို့ရပြီး အားအင်ဖြစ်လာကြရသည်။ မိန်းကလေးဖြစ်လျှင် မိန်းမကြီးများဆီ၊ ယောက်ျားကလေး ဖြစ်လျှင် ယောက်ျားကြီးများဆီ သွားရောက်နေထိုင်ကြရသည်။ မြောက်ကျွန်းတွင် သားက အမိကို မသိ၊ အမိက သားကို မသိ `သားနှင့် အမိ'သည် ယောက်ျားမိန်းမ သဘောအရ တပ်မက်ခြင်း မရှိကြ။ ထိုသို့ဖြစ်ခြင်းမှာ သူတို့တွင်ရှိသော တရားသဘောများ၏ ဓမ္မတာ အစွမ်းသတ္တိကြောင့် ဖြစ်သည်။

အမြင့် ယူဇနာ တစ်ရာရှိသော ပဒေသာပင်များသည် နေရာတိုင်းလိုလို ရှိနေကြသည်။ ပဒေသာပင်၌ သစ်သီး သီးသကဲ့သို့ မျိုးစုံသော အဝတ်တန်ဆာများနှင့် တူရိယာများ ရှိကြသည်။ လိုချင်သော ပစ္စည်းကို အပင်ရင်းက ဖြစ်စေ၊ အကိုင်းကြားက ဖြစ်စေ လက်ဖြန့်ထားလျှင် အလိုအလျောက်ရသည်။ အသီးသီးသော သစ်ပင်များတွင် ရေအိုးမျှ အရွယ်ရှိ ချိုမြိန် ကောင်းမွန် သော အသီးများ သီးသည်။ ထိုအသီးများကို စားလျှင် (၇)ရက် အဆာပြေသည်။ မြစ်များတွင် အလွန်ကြည်လင် သော ရေများရှိသည်။ ရွံ့ညွှံ သဲ လုံးဝမရှိ။ ရနံ့မွှေးကြိုင်သော ပန်းများသည် အမြဲ တင့်တယ်လှပ နေသည်။ ဆူးရှိသောမြက်၊ ကြမ်းတမ်းသော ချုံပင်များ လုံးဝမရှိပေ။ မြောက်ကျွန်းတွင် စန္ဒကူး၊ ကံ့ကော်ပင်များသည် အလိုလို နံ့သာရည်များ ယိုထွက် နေကြသည်။

မြောက်ကျွန်းသူ/သားများသည် ကိုယ့်ဟာ၊ သူ့ဟာ ခွဲခြားမှု မရှိကြ။ ထို့ကြောင့် ငြင်းခုန်၊ ခိုက်ရန်ဖြစ်ခြင်း လုံးဝမရှိပေ။ မြောက်ကျွန်းသူ/သားများသည် လူသေကို တွေ့လျှင် မငိုကြ၊ သောက မဖြစ်ကြ။ လူသေကောင်ကို အဝတ်တန်ဆာ ဆင်ယင်ပြီး စွန့်ပစ်လိုက်ကြသည်။ ငှက်များက လူသေကောင်ကို တစ်ခြားကျွန်းသို့ ယူဆောင်သွားကြသည်။ ထို့ကြောင့် မြောက်ကျွန်းတွင် သင်္ချိုင်း မရှိပေ။ မြောက်ကျွန်းသူ/သားများသည် သေသောအခါ အပါယ်လေးဘုံသို့ မရောက်၊ ငါးပါးသီလ မြဲသောကြောင့် နတ်ပြည်၌သာ စံရသည်။ အမြဲတမ်း အသက်(၁၀၀၀)ပြည့်အောင် နေကြရသည်။

မြောက်ကျွန်းသူ/သားများသည် ဇမ္ဗုဒီပ တောင်ကျွန်းသားများထက် ပိုလွန်သော ဂုဏ်(၃)ပါးရှိသည်။

  1. မြောက်ကျွန်းသူ/သားများသည် ငါ့ရွှေ၊ ငါ့ငွေရယ်ဟု မြတ်နိုးမနေပေ။
  2. မြောက်ကျွန်းသူ/သားများသည် ငါ့လင်၊ ငါ့သား၊ ငါ့မယား ဟူ၍ သိမ်းဆည်းမနေပေ။
  3. မြောက်ကျွန်းသူ/သားများသည် အသက် တစ်ထောင် အမြဲနေကြရသည်။[၁]

ဇမ္ဗုဒီပ ခေါ် တောင်ကျွန်း[ပြင်ဆင်ရန်]

တောင်ကျွန်း၏ အကျယ်အဝန်းသည် ယူဇနာ (၁)သောင်း ရှိသည်။ တောင်ကျွန်း၏ ပုံသဏ္ဌာန်သည် လှည်းဦးဆုံနှင့် တူသည်။ ထိုကျွန်းနေ လူတို့၏ မျက်နှာသဏ္ဌာန်မှာလည်း ကျွန်းသဏ္ဌာန်ကဲ့သို့ လှည်းဦးဆုံနှင့် တူသည်။ တောင်ကျွန်း၏ မြောက်ဘက် ကျွန်းဦးတွင် အမြင့် တစ်ဆယ့်ငါး ယူဇနာ ရှိသော သပြေပင်ရှိသည်။ တောင်ကျွန်းသူ/သားများ၏ သက်တမ်းသည် အမြဲမရှိပေ။ ဇမ္ဗုဒီပ ခေါ် တောင်ကျွန်းက လူသားများသည် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ စကြာမင်းများ ဖြစ်တတ်ကြသည်။

ဇမ္ဗုဒီပ တောင်ကျွန်းသားများသည် မြောက်ကျွန်းသူ/သားများ ထက် လွန်မြတ်သော ဂုဏ်(၃)ပါးရှိသည်။

  1. ဒါန စသော ကုသိုလ်ကောင်းမှု ပြုလုပ်ရာမှာ ရဲရင့်သည်။
  2. အပ္ပမာဒ မမေ့မလျော့သော သတိတရားနှင့် ပြည့်စုံသည်။
  3. အရိယာ မဂ်၊ ဖိုလ် မျိုးစေ့ကို ဖြစ်စေနိုင်သည်။[၂]

တခြားကျွန်တို့ထက် တောင်ကျွန်း၏ထူးမြတ်ခြင်းကြီး ၅-ပါးရှိသည်၊

  1. ယူဇနာတစ်သောင်းကျယ်၍ အခြားကျွန်းတို့ထက် ကျယ်ဝန်းခြင်း၊
  2. မဟောဗောဓိပင်မင်းနှင့်အပရာဇိတ ပလ္လင်တော်ပေါက်ရာဖြစ်ခြင်း၊
  3. ဘုရားပစ္စေကဗုဒ္ဓါတို့၏ ပွင့်ထွန်းပေါ်ပေါက်ရာ ဖြစ်ခြင်း၊
  4. စကြာ မန္ဓာတ်မင်းမြတ်တို့၏ဖြစ်ပေါ်ရာဖြစ်ခြင်း၊
  5. နိဗ္ဗာန်သို့ ဖြောင့်တန်းစွာကူးနိုင်ရာကျွန်းမြတ် ဖြစ်ခြင်း။

မွေးဖွားပုံ(၄)မျိုး[ပြင်ဆင်ရန်]

`ဂဗ္ဘသေယျက ပဋိသန္ဓေ´= လူတို့သည် ပုံမှန်အားဖြင့် `ဂဗ္ဘသေယျက ပဋိသန္ဓေ´ တည်၍ မွေးဖွားကြသည်။ အမိဝမ်းတွင်း သန္ဓေတည်၍ မွေးဖွားသည်။

`ဥပပတ် ပဋိသန္ဓေ´ = ကမ္ဘာဦးအခါက `ဥပပတ် ပဋိသန္ဓေ´နဲ့ လူလာဖြစ်ကြသည်။ သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ (လူဖြစ်သည့် အရွယ်မှာ ၁၆-နှစ်ဖြစ်၍ တဖြေးဖြေးကြီးပြင်းလာသည်။) ကမ္ဘာဦးအခါက လူသားများ နှင့် အမ္ဗပါလီ သည် ဥပပတ် ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။

`သံသေဒဇ ပဋိသန္ဓေ´= သစ်ပင်၊ ကြာတိုက် စသော စိမ်းစိုသည့် အရာဝတ္တု တစ်ခုခုကို မှီပြီး လူဖြစ်သည်။ ( ကလေးဘဝမှ စ၍ တဖြေးဖြေးကြီးပြင်းလာသည်။) လူ့ဘုံတွင် သံသေဒဇ ပဋိသန္ဓေ နှင့် မွေးဖွားသူ အတော်များများရှိသည်။ ပဒုမဝတီ မိဖုရား၊ ပဒုမဝတီ၏သား(၄၉၉)ယောက်၊ အာကင်္ခ မင်းသမီး၊ ပေါက္ခရသာတိ ပုဏ္ဏား တို့သည် သံသေဒဇ ပဋိသန္ဓေနှင့် မွေးဖွားသူများ ဖြစ်သည်။

`အဏ္ဍဇ ပဋိသန္ဓေ´ = တိရစ္ဆာန်နှင့် လူသားတို့ အကြောင်းပါ၍ မွေးဖွားလာခြင်းဖြစ်သည်။ လူ့ဘုံတွင် အဏ္ဍဇ ပဋိသန္ဓေ တည်ခြင်း အလွန်ရှားသည်။

(ကလျာဏီကျောက်စာ အရ - တစ်ခါက နဂါးမနှင့် ဝိဇ္ဖာဓိုရ် ပေါင်းသင်းခဲ့၍ နဂါးမတွင် ပဋိသန္ဓေ ရလာသည်။ သန္ဓေနှင့် နဂါးမသည် ဥနှစ်လုံးကို သဲပြင်၌ ဥခဲ့သည်။ ရသေ့တစ်ပါးတွေ့၍ ကောက်ယူသိမ်းထားလိုက်သည်။ အချိန်ကြာသောအခါ ဥ နှစ်လုံးမှ ယောင်္ကျားငယ် နှစ်ယောက် ဖွားမြင်လာသည်။ တစ်ယောက်က ဆယ်နှစ်အရွယ်တွင် ကျောက်ရောဂါနှင့် ဆုံးသွားသည်။ ကျန်တစ်ယောက်မှာ ကြီးပြင်းလာသောအခါ သုဝဏ္ဏဘူမ္မိ မြို့၌ သီဟရာဇာ အမည်ဖြင့် မင်းဖြစ်လာသည်။)

သေဆုံးပုံ(၄)မျိုး[ပြင်ဆင်ရန်]

မွေးလာပြီးလျှင် အကြောင်း (၄) ချက်နှင့် သေကြရသည်။

  1. အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း ။ (ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း)
  2. ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊(ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း)
  3. ဥဘယက္ခယ = အသက်တမ်းနှင့် ကံကုန်၍သေခြင်း ၊(ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း)
  4. ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍ သေခြင်း (လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း)


[၃] [၄] [၅] [၆]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. နဝအင်္ဂုတ္တရအဌကထာ
  2. နဝကအင်္ဂုတ္တိုရ် ပါဠိတော်
  3. မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
  4. တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”
  5. ဦးနန္ဒ(ဝိဇ္ဇာဂုဏ်ထူး)“ဘုံဘဝ ပုံပြတရားတော်”
  6. ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်´