ဇော်ဂျီ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဤဆောင်းပါးသည် ဗုဒ္ဓ​ကျမ်း​လာ ဇော်ဂျီ အကြောင်း ဖြစ်သည်။ ကွန်ပြူတာသုံးဖောင့်စနစ် အတွက် ဇော်ဂျီဖောင့် ကို ကြည့်ပါ။
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -

ဇော်ဂျီဆိုသည်မှာ ပါဠိ သက္ကတနွယ်- ဟိန္ဒီစကားလုံး ဇောဂီ(ယောဂီ) မှ ဆင်းသက်လာပုံရသည်။ ` စက္ခု သင်္ဃာ အရိယာနှင့် ဆရာပုဏ္ဏား ဇော်ဂီအားလည်း´ ဟူ၍ ဓမ္မပါလပျို့တွင် တွေ့ရှိရလေသည်။ `ပုဏ္ဏားဇော်ဂီ တပသီနှိုက်´ဟူ၍၎င်း၊ ရွှေဟင်္သာမင်းပျို့တွင် `ရပ်ရှစ်ပါးမှ ပုဏ္ဏားဇော်ဂီ´ဟူ၍၎င်း သံဝရပျို့တွင် ဇော်ဂျီတို့ အကြောင်းအဖွဲ့များ တွေ့နိုင်ပေသည်။ အချို့ပညာရှိ ပုဂ္ဂိုလ်များက ဇော်ဂျီနှင့် ဝိဇ္ဇာဓိုရ်တို့သည် တစ်ဘာသာစီ ဖြစ်သည်ဟု ဆိုလေသည်။ ဝိဇ္ဇာဓိုရ်သော ဇော်ဂျီသည် တစ်ကိုယ်မှ အများဖြစ်နိုင်၏။ ကွယ်ပျောက်နိုင်၏။ တိုင်းခြားအရပ်ကို ရောက်နိုင်၏။ မြေလျှိုးမိုးပျံ နိုင်၏။ ကောင်းကင်ဝယ် ငှက်ကဲ့သို့ ပျံနိုင်၏။ `လ´ကို၎င်း၊ `နေ´ကို၎င်း လက်ဖြင့် သုံးသပ်နိုင်၏ ဟူ၍ သမန္တစက္ခုဒီပနီကျမ်းတွင် တွေ့ရသည်။

ဇော်ဂျီသည် ဓာတ်လုံးနှင့် ဆေးတောင်ဝှေး အကူအညီဖြင့် မြေလျှိုး၍ မိုးပျံနိုင်သည်ဟု အဆိုရှိသည်။ မြေလျှိုးမိုးပျံနိုင်သော လူသား အတတ်ပညာရှင်တစ်ဦးဟု ခေါ်ဆိုနိုင်ပေသည်။ ဆုတောင်းခန်းပျို့တွင် `တရိသုလိ၊ ဇော်ဂီပုဏ္ဏား၊ သုံးစွဲထားသား၊ သစ်သားသုံးခွ၊ တိဒဏ္ဍနှင့်´ ဟု ပါရှိပုံကို ထောက်လျှင် ဇော်ဂျီတောင်ဝှေး သည် ယနေ့တွေ့နေရသကဲ့သို့ စင်းလုံးချောမဟုတ်ဘဲ သုံးခွလှံ တောင်ဝှေးမျိုး ဖြစ်တန်ရာသည်။ ဇော်ဂျီတွင် မှတ်ဆိတ်မွှေး လည်းရှိသည်။

ဇော်ဂျီတွင် ထူးခြားသည့် အချက်တစ်ချက်ရှိသည်မှာ ဇော်ဂျီတွင် အမဟူ၍ မရှိဘဲ ဇော်ဂျီအထီးများသာ ရှိခြင်းဖြစ်ပေသည်။ [၁]


ဇော်ဂျီ ဆိုသည့်ပုဒ်သည် ယောဂီပုဒ်မှ ဆင်းသက်လာသည်။ (သဒ္ဒါမှာ ဂဝယော ပုဒ်မှနေ ဂဝဇော ဖြစ်လာသကဲ့သို့ ဒေါဓဿစသုတ် အဖွင့်အရ ယကို ဇ ပြုသည်။) ယောဂီမှ ဇောဂီ ဖြစ်လာပါသည်။ ယောဂီ ဆိုသော ပါဠိစကားလုံးကို သက္ကတ အသံပျက်နှင့် မြန်မာများက ဇော်ဂျီဟု ဖတ်လိုက်ကြသည်။ ယောဂတရား အားထုတ်နေသူဟု အဓိပ္ပါယ်ရသည်။

ယောဂတရား ဆိုသည်မှာ သမထတရား ၊ ဈာန်တရား သမာဓိတရားဖြစ်သည်။ ယောဂအကျင့် ကျင့်နေသူ မှန်သမျှကို ယောဂီ ခေါ်ရသလို ဇော်ဂျီ လို့လဲ ခေါ်နိုင်ပါသည်။

ဇော်ဂီတို့၏လုပ်ငန်းသည် တစ်စိတ်တစ်ဝက်အားဖြင့် ပုဏ္ဏားတို့၏ လုပ်ငန်းနှင့်တူပေသည်။ ဆုတောင်းခန်းပျို့ တွင် ပါရှိသည့်စကားတို့အရ ဇော်ဂီတို့သည် ဗေဒင်ဟောကြ သည်။ လက္ခဏာဖတ်ကြသည်။ မြေကြန် အတတ်ကို နားလည် ကြသည်။ နေသွား လသွား၊ နေကြတ် လကြတ်၊ ဂြိုဟ်နေ ဂြိုဟ်ရပ်၊ အတိတ် နိမိတ်၊ တံဘောင်စံနည်းတို့ကိုလည်း လေ့ လာကျွမ်းကျင်ကြသည်။ ထိုပြင်လည်း သုဝဏ္ဏသျှံသစ္စာခန်ပျို့ တွင် 'သဏ္ဌာန်ရွှေလှော်၊ ရှင်လှကျော်ကို၊ သက်တော် ဝင်ကြောင်း၊ နတ်များပေါင်း၍၊ နှုတ်ကောင်းတညီ၊ ဇော်ဂျီ အတတ်၊ နတ်မန္တရား၊ နတ်ဆေးဝါးဖြင့်၊ ယောက်ျားအိပ်ပျော်၊ နိုးဘိသော်သို့၊ နုဘော်ပြင်းဝှန်၊ တန်ခိုးထန်ဘိ' ဟုစပ်ထားသည့် အရဆိုသော် ဇော်ဂျီတို့သည် အသက်သွင်သောအတတ်ကို တတ် သည်ဟူ၏။

ဇော်ဂျီတို့၏ အဆင်းသဏ္ဌာန်ကိုသော်ကား ပန်းချီ ပန်းပု လက်ရာတို့တွင်၎င်၊ ဇာတ်စင်ရုပ်သေးစင်တို့တွင်၎င်း ယနေ့တိုင် တွေ့ရပေသေးသည်။ ထိုအဆင်းသဏ္ဌာန်တို့ မူမှန်ပုံကိုလည်း ဇော်ဂျီဦးထုပ်ပင်၊ ဇော်ဂျီ မုတ်ဆိတ်ပင်၊ ဇော်ဂျီတောင်ဝှေးပင်၊ ဇော်ဂျီရောင် ဇော်ဂျီသွေးဆိုသော ဝေါဟာရတို့က ထောက်ခံ ထားကြပေ သည်။ ဇော်ဂျီတောင်ဝှေးဆိုရာ၌ ဆုတောင်းခန်းပျို့ တွင် 'တရိသူလီ၊ ဇော်ဂီပုဏ္ဏား၊ သုံးစွဲထားသား၊ သစ် သားသုံးခွ၊ တိဒဏ္ဍနှင့်'ဟု စပ်ထားသည်ကိုထောက်သော်၊ တစ်ခါတစ်ရံ ဇော်ဂီတို့သည် တရိသူလီခေါ် အသွားသုံးခွလှံတံ ကိုလည်း ကိုင်စွဲတတ်ကြောင်း သိရပေသည်။ 'တပသီတို့မှာ ဇော်ဂီအဝင်ဖြစ်သည်။ မိမိတို့စွဲသော တိဒဏ္ဍသစ်ကို ရေဖြင့် စိမ်၍ သစ္စာမူစေ'ဟူသော မနုကျယ်ဓမ္မသတ်လာ စကားကို ထောက်၍လည်း သိရပေသေးသည်။

နှောင်းစာတို့တွင်ကား ဇော်ဂျီကို ဝိဇ္ဇာဓိုရ်နှင့် မကွဲမပြား ရေးကြလေသည်။ သထုံပြည်တွင် သူရဲကောင်း ကုလားညီနောင် တို့ ဖုတ်ကင်စားသည်မှာ 'ဝိဇ္ဇာဓိုရ် ဇော်ဂျီကောင်'ဖြစ်ကြောင်း ကို ဦးကုလားရာဇဝင်တွင် ဆိုထားလေသည်။ ထိုဇော်ဂျီတို့သည် ဃောရမည်သော မန္တန်၊ ဂန္ဓာရီ မည်သောမန္တန်၊ ထိုနှင်လျော် သော ဂုဋ္ဌိကာမည်သောဆေး၊ ဤမန္တန်ဆေးနှစ်ပါးစုံတတ်မှ ဝိဇ္ဇာဓိုရ်အဖြစ် ပြီးမြောက်ခြင်းသို့ရောက်သည်။ ဝိဇ္ဇာဓိုရ်ဖြစ်လျှင် များစွာသောတန်ဖိုးဖန်ဆင်းခြင်းကို ဖြစ်စေအပ်၏။ တစ်ယောက် တည်းလျက်လည်း များစွာသော ကိုယ်ကို ဖြစ်စေတတ်၏။ အများဖြစ်လျက်လည်း တစ်ယောက်တည်းဖြစ်စေနိုင်၏။

ထင်ရှားသော ကိုယ်ရှိသောအဖြစ်ကို၎င်း၊ ကွယ်ပျောက်သော ကိုယ်ရှိသောအဖြစ်ကို၎င်း၊ တိုက်ခြားရာအရပ်သို့၎င်း၊ တံတိုင်း ခြားရာ အရပ်သို့၎င်း၊ တောင်ခြားးဆီးရာအရပ်သို့၎င်း ကောင်း ကင်ပြင်ကဲ့သို့ မငြိမရှောက်သွားနိုင်၏။ မြေအပြင်၌လည်း ရေ၌ ကဲ့သို့ ငုပ်ခြင်း ပေါ်ခြင်းကိုပြုနိုင်၏။ ရေ၌သော်လည်း မြေပြင် ၌ကဲ့သို့ မပက်စေဘဲသွားနိုင်၏။ ကောင်းကင်ပြင်၌လည်း ထက် ဝယ်ပလ္လင်ဖြင့် အတောင်ရှိသော ငှက်ကဲ့သို့ ပျံနိုင်၏။ တန်ခိုး အာနုဘော်ကြီးသော လဝန်းကို၎င်း၊ နေဝန်းကို၎င်း လက်ဖြင့် သုံးသပ်နိုင်၏။ ဆုပ်နယ်နိုင်၏။ ဗြဟ္မာပြည်တိုင်အောင်သော် လည်း ကိုယ်ဖြင့်အလိုသို့ပါစေနိုင်၏ စသည်ဖြင့် ဝိဇ္ဇာဓိုရ်ဇော်ဂျီ တို့ သတ္တိကို သမန္တစက္ခုဒီပနီကျမ်းတွင် ဖော်ပြထားလျက်ရှိပေ သည်။

မြန်မာရာဇဝင်တလျောက်တွင် ဝိဇ္ဇာဓိုရ်ဇော်ဂျီတို့အကြောင်း ကိုမကြာခဏဖတ်ရသည်။ သရေခေတ္တရာပြည်တွင် ဒွတ္တစ်ပေါင် မင်းကြီးထံ၌ ဝိဇ္ဇာဓိုရ်နှစ်ယောက်ခစားဘူးကြောင်း၊ သထုံပြည် တွင်ဝိဇ္ဇာဓိုရ်အသေကောင်ကို ဆရာတော် တောမှရခဲ့ဘူးကြောင်း၊ ရခိုင်ပြည် တောင်ကြီးတစ်ခုတွင် ဝိဇ္ဇာဓိုရ်တစ်ဦးသည် ရေဗူးကို မြစ်သို့ အလိုလိုသွားစေ၍ ရေယူစေဘူးကြောင်း၊ အင်းဝဘုရင် တရဖျားမင်းသည် ဝိဇ္ဇာဓိုရ်လုလင်ကို မြင်ဘူးကြောင်း၊ ဘုရင့် နောင်မင်းတရားကြီးလက်ထက် ဟံသာဝတီ ကျုံးတူးသောကာလ မြေထဲ၌ အောင်းနေသော ဝိဇ္ဇာဓိုရ်ကို တွေ့ရဘူးကြောင်းတို့မှာ ထင်ရှားသော အတ္ထုပ္ပတ်တို့ ဖြစ်ကြပေသည်။

ဇော်ဂျီအကြောင်းကို ကုန်းဘောင်ခေတ် ပြဇာတ်ဆရာများ ကလည်း ဖွဲ့ဆိုခဲ့သေးသည်။ ဦးကြင်ဥက 'ငါ ဖေဂျီသနစ်ကို၊ ဋီကာဖြစ် လောင်းတော့မည်။ သက်ပြောင်းသက်ခွာ၊ ဂါထာ မန္တန်၊ မှော်ပြစုန်းနတ်၊ ဆယ့်နှစ်ရပ်ကို၊ ပတ်ပတ်နှောက်မွှေ၊ အရှင့်ဖုန်းနှင့်၊ ထုံးလိုချေ၊ ကဝေသာရ၊ လက္ခဏဒီပ၊ ဘေသဇ္ဇ ပါရဂူ၊ သရဖူပိဏ္ဍော၊ ဥဏှနှင့်တေဇော၊ ဝါယောဓာတု၊ ဓာတ် ဆေးကုမှာလည်း၊ သုထက်ဆယ်ဆ၊ ကျူးလို့ပဲကျသေး၊ သုတ လောဟာ၊ ဘင်နာခဲချိုး၊ သံသေလည်းထိုး၊ တန်ခိုးစွမ်းအင်၊ စိန်သေနတ်အမြောက်နှင့်၊ လေးသစ်ပေါက်အဝင်၊ အရှင်သိ ရဲစာမြီ၊ ငါနန်းပေါက်ဇော်ဂျီ'စသည်ဖြင့် ရေးခဲ့သည်။

ရုပ်သေးစင်တွင် ဇော်ဂျီထွက်ရိုးရှိသည်။ ထွက်လာသော အခါ 'လွမ်းလေးစေရ၊ ဟိုမြိုင်လယ်မှာ သည်မြိုင်လယ်မှာ၊ စပယ်လေးကို ထားဝယ်ခတယ်၊ ဒေါနကသင်း။ ဇောဆိုဇော် ချင်း၊ ဇော်ချင်းမို့ကြောက်ဖက်ကွာ၊ ဇော်တကာတွင် ခေါင်က ချုပ်တယ်၊ ဂျီတကာတွင် ခေါင်ကချုပ်တယ်၊ ဂိုဏ်းကအုပ်မဲ့ လာ။ ဇော်ရောင်ဂျီရောင်၊ ဆေးကြိတ်တဲ့တောင်၊ ကိုင်ဆောင် တောင်ဝှေး၊ လိုလိုရာသွေး နုဆေး၊ ဆေးကြိတ်တဲ့ကောင်'ဟု ဆိုင်းကဆိုတီး ပေး၍ ကရသည်။ ထိုနောက် ဆေးကြိတ်သည်။ ထိုနောက် ဆေးအောင်၍လေးခင်းဆိုင်းနှင့်ကသည်။ ထိုနောက် ထွက်ရပ်ပေါက်၍ လက်တန်းကိုခုန်ကျော်ကာ ဝင်လေတော့ သည်။ ဇော်ကသည် အလွန်ရွှင်သော မြန်မာအကတစ်မျိုးပေ တည်း။ (ဦးဝန်)[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. စံထွန်းအောင်၏ (ပြည်ထောင်စု ကျေးလက်ပျော်ရွှင်မှုများ) စာအုပ်မှ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)