ကျစွာမင်း

ဝီကီပီးဒီးယား မှ
(ကျစွာ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

ဓမ္မရာဇာမင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသမိုင်းတွင် ကျစွာမင်းအများ ရှိသည့်အနက် ဓမ္မရာဇာဘွဲ့ခံ ကျစွာမင်းသည် ပုဂံနေပြည်တော်၌ ပုဂံခေတ်ကျောက်စာများအရ ကောဇာသက္ကရာဇ် (၅၉၇)ခု (ခရစ်နှစ် ၁၂၃၆ ခုနှစ်)၊ နံကာလဆန်း (၁၄)ရက်၊ ကြာသပတေးနေ့တွင် နန်းတက်သည်။ ခမည်းတော်မှာ နန်းတောင်းများမင်း (ခေါ်) ထီးလိုမင်းလို(ခေါ်)ဇေယျသိင်္ခ မင်း ဖြစ်သည်။ ကျစွာမင်း၏ ဘိုးတော် နရပတိစည်သူမင်းနှင့် ခမည်းတော် နားတောင်းများမင်း တို့၏ လက်ထက်တော်တို့တွင် မြန်မာနိုင်ငံမြောက်ဖျားနှင့် တောင်ဖျားဒေသတို့ကို စစ်ဆင်အောင်နိုင်ခဲ့ပြီး ဖြစ်သည်သာမက သီဟိုဠ်ကျွန်းနှင့် နိုင်ငံခြားဆက်သွယ်ရေး ကောင်းမွန်စွာရှိနေပြီး ဖြစ်ရကား ကျစွာမင်း စိုးစံသောအချိန်သည် နိုင်ငံငြိမ်းချမ်းသာယာ၍ ယဉ်ကျေးမှုအချက်အလက်များ ကောင်းစွာတိုးတက်ဆဲဟု ဆိုနိုင်သည်။

နန်းတက်ခုနှစ်ကွဲလွဲချက်များ[ပြင်ဆင်ရန်]

ပုဂံခေတ်မင်းတို့၏ နန်းစံသက္ကရာဇ်များနှင့် စပ်လျဉ်း၍ ရာဇဝင်ကျမ်းအများ ကွဲလွဲနေကြသည်။ ကျောက်စာပါသက္ကရာဇ်တို့နှင့် အနီးစပ်ဆုံး သက္ကရာဇ်များကို ဇာတာပုံရာဇဝင်၌သာတွေ့ရသည်။ ကျစွာမင်း နန်းစံနှစ်ကို ဦးကုလားရာဇဝင်၌ (၅၈၁)ခု၊ တွင်းသင်းတိုက်ဝန်ရာဇဝင်မှန်နန်းရာဇဝင်နှင့် ဇာတာပုံရာဇဝင်တို့၌ (၅၉၆)ခု ဟု ဖော်ပြထားသည်။

သာသနာတော်ဆိုင်ရာစွမ်းဆောင်မှုများ[ပြင်ဆင်ရန်]

စာပေကျမ်းဂန်တွင် ကျနစွာ တတ်မြောက်ကျွမ်းကျင်သော မင်းဖြစ်ကြောင်း၊ ပိဋကတ်သုံးပုံကို ကိုးခေါက်ပြန်၍ သင်တော်မူခဲ့ကြောင်းနှင့် မြန်မာရာဇဝင်တို့၌ ဆိုသည်။ ပါဠိအဌကထာ ဋီကာကျမ်းတို့မှ အထူးထူးသော အဓိပ္ပါယ်တို့ကို ကြံတော်မူသည်ဖြစ်၍ မေးအံ့သောအရာ၌ ထိုမင်းနှင့်တူသူမရှိ၊ အရိယာသင်္ဃာတော်တို့အားလည်း တစ်နေ့ ခုနစ်ဝါရ စာချတော်မူသည်။ စေတသိက်ရုပ်နိဗ္ဗာန်ရ ပုဂ္ဂိလ်တို့အားလည်း သိစေလို၍ မောင်းမတို့အား ပြညွှန်းစရာ ပရမတ္ထဗိန္ဓုကိုလည်း စီရင်တော်မူသည်။ သဒ္ဒါဖက်ကလည်း သဒ္ဒဗိန္ဓုကျမ်းကို အဖွင့်ဋီကာနှင့်တကွ ပြုစုတော်မူသည်။ ထိုမင်းသည်သာမကာ သမီးတော် သံပျင်မင်းသမီးပင်လျှင် ရဟန်းသံဃာတော်တို့အား စာပို့ချနိုင်လောက်အောင် စာပေကျမ်းဂန်တို့၌ ကျွမ်းကျင်တတ်မြောက်သည်။ သမီးတော်၏ ခင်ပွန်း သံပျင်အမတ်သည်လည်း သံပျင်ဋီကာကို စီရင်သည်ဟုဆိုသည်။

ဘာသာ၊သာသနာနှင့်မြန်မာစာပေဖွံ့ဖြိုးလာခြင်း[ပြင်ဆင်ရန်]

နရပတိစည်သူဘုရင် စိုးစံသည့်နှစ်များ အထက်က မွန်စာပါဠိစာနှင့် ပျူစာတို့ ထွန်းကားခဲ့၍ နရပတိစည်သူလက်ထက်ရောက်မှ မြန်မာစာကို တိုင်းပြည်စာပေအနေဖြင့် တွင်ကျယ်စွာ အရေးတယူ သုံးစွဲကြောင်း ရေးထိုးခဲ့သော ကျောက်စာများကို ထောက်ထား၍ သိရှိနိုင်သည်။ ကျစွာမင်းလက်ထက် တိုင်းနိုင်ငံ ဝပြောသာယာ၍ သာသနာတော်ရေးတွင် များစွာထွန်းကား တိုးတက်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ မြန်မာစာအသုံးအနှုံး များပြားလာသည်နှင့်အမျှ ပါဠိကျမ်းဂန်တို့မှ မြန်မာဘာသာသို့ ပြန်ဆို လေ့လာကြံဆကြသည့်အတိုင်း ဤမင်းလက်ထက်တွင် သာသနာရေးဆိုင်ရာစာပေ ထွန်းကားတိုးတက်ခြင်း၊ သာသနာတော် နေရောင်၊ လရောင်ထွန်းပြောင်ခြင်းများ ရှိခဲ့သည်။


သာသနာရေးနှင့်စာပေတွင် ကောင်းစွာမွေ့လျော်လိုသောကြောင့် တူးရွင်းတောင်ခြေက ကျသောရေကို ကန်ကြီးဆည်၍ ကြာမျိုးငါးပါးနှင့် ပြည့်စုံစေ၏။ ထိုကန်ကို မြကန်ဟု ခေါ်တွင်လေသည်။ဝမ်းဘဲကြိုးကြာဟင်္သာရေကြက်စက္ကဝက် စသောရေငှက်အပေါင်းတို့ မြူးပျော်ကျက်စားကြ၏။ ကန်အနီးတွင် လယ်ယာများစီရင်၍ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်သည်။ ကန်အနီးတွင် မင်းတဲ သာယာစွာဆောက်၍ တစ်နေ့ခုနစ်ဝါ စာပို့ချတော်မူကြောင်း ရာဇဝင်တို့၌ ပါရှိသည်။

ကောင်းမှုတော်များ[ပြင်ဆင်ရန်]

ပြုတော်မူသောကုသိုလ်တော်တို့မှာ စကုမြို့၊ ခဲတော်ကြီးအရပ်၌ ပြာသာဒ်ကျောင်းနှင့် ပုဂံမြို့ ပြဿဒါးဘုရားဖြစ်သည်။ ကျစွာမင်းသည် (၁၆)နှစ် စိုးစံအုပ်ချုပ်၍ သားတော် ဥဇနာမင်း ထီးနန်းဆက်ခံလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)၊ အပိုင်း(က)၊ စာမျက်နှာ (၁)။ (ပိဋကတ်စာပေကျွမ်းကျင်သော ကျစွာမင်းမြတ်၊ ပြုစုသူ-ဦးဘရှင်)