ဟင်္သာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဟင်္သာ
Ruddy Shelduck
A couple of Tadorna ferruginea.jpg
Pair
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း
လောက: တိရစ္ဆာန်
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: ငှက်
မျိုးစဉ်: အန်စာရီ‌ဖောမီး
မျိုးရင်း: အနာတီဒီ
မျိုးစု: Tadorna
မျိုးစိတ်: T. ferruginea
ဒွိနာမ
Tadorna ferruginea
(Pallas, 1764)
Synonyms

Casarca ferruginea
Anas ferruginea
Casarca rutila

ဟင်္သာကို မြန်မာနိုင်ငံ၌ မြင်ဘူးသူ နည်းကောင်း နည်းမည်ဖြစ်သော်လည်း ကြားဘူးသူကား များပေသည်။ ဟင်္သာသည် အလျား ၂၅ လက်မခန့်ရှိသည်။ အတောင်တွင် အနက်ပြောက်ကလေးများနှင့် အဖြူ ကွက်များရှိရာ ယင်းတို့ကို နားနေချိန်၌ မမြင်နိုင်၊ ပျံသောအခါတွင်မှ မြင်နိုင်လေသည်။ ဟင်္သာငှက်မတွင် လည်ပင်း၌ အမည်းရစ် မရှိချေ။ ဟင်္သာငှက် ကလေးများသည် ဟင်္သာငှက်မနှင့်တူကြသော်လည်း အရောင်မှာ ပို၍ ခြောက်ကြသည်။ ယင်းတို့၏ ကျောဘက်တွင် အညို ရောင်နှင့်နီညိုရောင်ဖျော့ဖျော့အရောင်များ လှိုင်းကလေး များသဖွယ် ဖြစ်နေသည်ကို တွေ့ရသည်။ အမြီးတွင်လည်း အစဉ်းကြောင်းကလေး ရှိသည့်အပြင် အနားဘက်တွင် နီညို ရောင်ရှိသည်ကိုပါ တွေ့ရ လေသည်။ ဟင်္သာငှက်၏အသံမှာ သာယာတတ်ပြီးလျှင် လွတ်လွတ် လပ်လပ်လည်း အော်မြည်တတ်သည်။ ဟင်္သာဖို၏ အသံနှင့် အမ၏အသံများကို ခွဲခြား၍ သိနိုင်သည်ဟု ဆိုသည်။ သန့်ရှင်းသည့် သဲသောင်ပြင်များကို ဟင်္သာများ ကြိုက် နှစ်သက်ကြ၏။ ထုံးအိုင်များတွင် ဟင်္သာများ နေလေ့ မရှိကြ သော်လည်း တစ်ခါတစ်ရံတွင်မူ တွေ့နိုင်လေသည်။ ရွှံ့နွံ ထူထပ်သော ကမ်းခြေများတွင်လည်း ဟင်္သာများကို မတွေ့ရ ချေ။ ဧရာဝတီမြစ်ကမ်းခြေတွင်မူ ဟင်္သာများကို ဆောင်းဥတု တွင် အများဆုံး တွေ့နိုင်သောငှက်ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ပထမစ၍ ရောက်သောအခါ အုပ်များနှင့် ရောက်လာသော်လည်း ဆောင်းဥတုအတွက် နေထိုင်ရန် နေရာများကို ရွေးချယ်ပြီးသည် နှင့်တပြိုင်နက် စုံတွဲလိုက်သာ နေထိုင်ကြလေသည်။ စုံတွဲလိုက် အမြောက်အမြား နေထိုင်နိုင်ကြသော်လည်း နှစ်ဆဲ့ငါးစုံတွဲ၊ သို့မဟုတ် စုံတွဲပေါင်း ၃ဝ ထက် ကျော်လွန်၍ကား မြင်ရခဲ လေသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ဧရာဝတီနှင့် ချင်းတွင်းမြစ်များတွင် ဟင်္သာများကို အများဆုံး တွေ့နိုင်လေ သည်။ မြန်မာနိုင်ငံတောင်ဘက်ပိုင်းနှင့်ရခိုင်ပြည်နယ်ဘက်များရှိ မြစ်ကြီးများတွင်လည်း ဟင်္သာ များကို တွေ့မြင်နိုင်လေသည်။ တစ်ခါတစ်ရံတွင် ပြည်တွင်းရှိ အင်းအိုင်များနှင့် ထုံးအိုင်များ တွင် စုံတွဲများကို ဖြစ်စေ၊ အုပ်ကလေးများကို ဖြစ်စေ တွေ့ရ တတ်သည်။ အောက်တိုဘာလ၊ သို့မဟုတ် နိုဝင်ဘာလ စောစောပိုင်း ရောက်လာစအချိန်တွင် မေမြို့ကန်သို့ စုံတွဲများ၊ သို့မဟုတ် အုပ်ကလေးများ မှန်မှန်လာရောက်သည်ကိုလည်း တွေ့ရသည်။ မြန်မာနိုင်ငံသို့ လာရောက်ကြသော ဧည့်သည် ငှက်ဖြစ်ကောင်း ဖြစ်ပေမည်။ ရခိုင်ပြည်နယ်၌မူ နိုဝင်ဘာလ မကုန်မချင်း ဟင်္သာများကို မြင်ရလေ့ မရှိချေ။ ထိုသို့ အစော ဆုံး ရောက်လာ ပြီးလျှင် မြန်မာနိုင်ငံမှ ထွက်ခွာရာတွင်လည်း နောက်အကျဆုံး ထွက်ခွာသော ငှက်များတွင် ပါဝင်လေသည်။သတ္တဗေဒ(ပါဏဗေဒ‎) သဘောအရ ဟင်္သာသည် အန်ဆီရီဖောမီး မျိုးစဉ်တွင် အန်နတီတီး မျိုးရင်းနှင့် တက်ဒေါနီနီ မျိုးရင်းခွဲတို့၌ ပါဝင်၍ ယင်းကို တက်ဒေါနား ဖာရူးဂီနီး ဟုခေါ်သည်။[၁]

ယနေ့ သဘာဝ ဟင်္သာငှက် Mandarin Duck

ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်[ပြင်​ဆင်​ရန်​]

၂၀၀၈-ခုနှစ်၊ မေလ ၂ ရက်နှင့် ၃ ရက်နေ့တွင်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ကမ္ဘာ့ရှားပါး စာရင်းဝင်ငှက်မျိုးစိတ်တချို့ သေဆုံး ပျောက်ကွယ်သွားရသည်။ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း ပင်လယ် ကမ်းစပ်ဒေသများတွင် နေထိုင်ကျက်စားလျှက်ရှိသော ဟင်္သာငှက်၊ ကြိုးကြာငှက်ငှက်ကျားနှင့် စင်ရော်ငှက်များ အုပ်စုလိုက် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းမှ တရားဝင် စာရင်းတွင် တွေ့ရှိရသည်။ မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သော ဟင်္သာငှက်နှင့် ကြိုးကြာငှက်မှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် ဝင်များဖြစ်သလို၊ မြန်မာနိုင်ငံတွင်လည်း မျိုး သုဉ်းပျောက်ကွယ်မည့် အနေ အထားမျိုး ဖြစ်နေကြောင်း မြန်မာနိုင်ငံ ငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွှန်က ပြောဆိုသည်။[၂] ဟင်္သာသည် ရေပျော်ငှက် ဖြစ်ကြသည်။ [၃]

ဟင်္သာငှက်

ဟင်္သာ သည် ရေတွင်နေသော ဇာမဏီ ငှက်ဖြစ်သည်။ မွန် လူမျိုး တို့အတွက် အထိမ်းအမှတ် သတ္တဝါလည်းဖြစ်သည်။ အောက်ပြည်အရပ်တွင် မွန်တို့ကြီးစိုးစဉ်က ဟင်္သာမှာမွန်တို့၏တော်ဝင် အမှတ်တံဆိပ်လည်းဖြစ်သည်။ ဟံသာဝတီ ဟုဆိုရသည်မှာလည်း ထိုမြို့အတွက် မြတ်စွာဘုရားဗျာဒိတ်ပေးစဉ်အခါက ဟင်္သာငှက်မောင်နှံ အတူတကွရှိနေသည်ကို အစွဲပြုကာပေးခဲ့ခြင်းဖြစ်သည်။

အရေးပါပုံ[ပြင်​ဆင်​ရန်​]

ဟင်္သာသည် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် တော်တော်အရေးပါသည်။ ဟင်္သာအမျိုးအစား များစွာရှိသည်ဟုလည်းသိရသည်။ ရှေးခေတ်က ရောင်းဝယ်ဖောက်ကားမှုအတွက် ချိန်တွယ်သောအလေးများကို ဟင်္သာရုပ်၊ ဒေါင်းရုပ် စသည့်အရုပ်များအဖြစ် ကြေးသတ္တုဖြင့် သွန်းလုပ်သုံးစွဲခဲ့ကြသည်။

ဗုဒ္ဓဝါဒထက်အရင် ဗြဟ္မဏဝါဒတွေ မြန်မာပြည်ကို ရောက်လာကတည်းက ဟင်္သာငှက်သည် အရေးပါခဲ့သည်။ ဟိန္ဒူဝါဒ အရ ခေတ်စားခဲ့သည့် သူရဿတီ ရုပ်မှာ မြင့်မြတ်သော ဟင်္သာငှက်ကို ထည့်ထားသည်။

ဗုဒ္ဓဘာသာတွင်လည်း ဟင်္သာသည် ပါဝင်ပတ်သက်မှုများ ရှိခဲ့သည်။ ဘုရားအလောင်းတော်၏ ဘဝဖြစ်စဉ်တွင် ဟင်္သာ (၁၀) ကြိမ်ဖြစ်ခဲ့သည်။ ဘေးအန္တရာယ် ကင်းငြိမ်းသောဘဝ ၃၄ မျိုးဟု ယုံကြည်ကြသော ဖြစ်တော်မူ ဘုရားရှိခိုးတွင် “အစကြိုးကြာ ၊ဆယ့်ခြောက်ခါနှင့် ၊ ဟင်္သာကိုးဖြစ် ၊ ခြောက်ဖြစ်ကား ခို”ဟု ပါရှိသည်။ ဇာတ်တော်များတွင်ပါရှိသော ဟင်္သာဘဝစုစုပေါင်းမှာမူ (၁၀) ကြိမ်ရှိသည်ဟု ဆိုသည်။ ဘဝဖြစ်စဉ်အစမှ အဆုံးတိုင်အောင် ကာလအတွက်မူ ၁၀ ဂဏန်းအရေအတွက်မှာ လွန်စွာနည်းပါးသည်။

ထူးခြားသော ဖြစ်စဉ်ဘဝ ၁၆ မျိုးကို စတုရန်းအင်းအသွင် ချစီပြပုံကို အောက်တွင်လေ့လာနိုင်ပါသည်။

(၁၆)-(၀၉)-(၀၆)-(၀၃)
(၀၅)-(၀၄)-(၁၅)-(၁၀)
(၁၁)-(၁၄)-(၀၁)-(၀၈)
(၀၂)-(၀၇)-(၁၂)-(၁၃)

မြတ်ဗုဒ္ဓ၏ အသံတော်သည် ဟင်္သာသံကဲ့သို သာယာသည်ဟု ကျမ်းဂန်များတွင် တွေ့ရပေသည်။

ဇဝနဟံသ ဇာတ်တော်[ပြင်​ဆင်​ရန်​]

ဇဝနဟံသ ဇာတ်တော် ကြောင့်လဲ ဖြစ်သည်။ ဗာရာဏသီ၊ ဗြဟ္မဒတ်မင်း လက်ထက်မှာ ဘုရားလောင်းက ဇဝန ဟင်္သာမျိုးဖြစ်ခဲ့သည်။ ညီငယ် ဟင်္သာ နှစ်ကောင်ရှိသည်။ အခြံအရံ အားလုံး ကိုးသောင်း ရှိသည်။ တစ်ကြိမ်မှာ ညီနှစ်ကောင်က နေနဲ့ အပြိုင် ပျံသန်းလိုကြကြောင်း အကို ဘုရားလောင်းဟင်္သာဆီမှာ ခွင့်တောင်းကြတယ်။ ဘုရားလောင်း ဟင်္သာမင်းက ခွင့်မပြုပေမယ့် သူတို့သည် နေမထွက်မီကတည်းက ယုဂန္ဓိုရ်တောင် ထိပ်ကနေ စောင့်နေကြပြီး နေထွက်တာနှင့် အပြိုင်ပျံသန်းကြသည်။ နောက်တော့ အငယ်ဆုံးကောင် အတောင်တွေ မီးတောက်လာသည်။ ဘုရားလောင်း ဟင်္သာမင်းက သူတို့ကို မီအောင်ပျံလိုက်လာပြီး အငယ်ကောင်ကို ကယ်ပြီး စိတ္တကုဋ်တောင်ကို ပို့ပေးရသည်။ မွန်းတည့်ချိန်မှာ အကြီးတစ်ကောင်လဲ ဆက်မပျံနိုင်တော့လို့ စိတ္တကုဋ်တောင်ကို ပို့ပေးရသည်။

ထို့နောက် ဘုရားလောင်း ဟင်္သာမင်းက သူကိုယ်တိုင် နေနဲ့အပြိုင် ပျံကြည့်ရင်း သူ့အဟုန်ကို စမ်းသပ်ခဲ့သည်။ နောက်တော့ နေဆီကခွာပြီး ဗာရာဏသီမြို့ပေါ်ကို ပျံလာသည်။ ဘုရားလောင်း ဟင်္သာမင်းရဲ့အရိပ်က မြို့ပေါ်ကို လွှမ်းမိုးသွားတယ်။ ဗြဟ္မဒတ်မင်းက ထူးဆန်းတဲ့ အဖြစ်နဲ့အတူ မေးသောကြောင့် နေနဲ့အပြိုင် ပျံသန်းနိုင်ခဲ့ကြောင်း လျှောက်သည်။ ဘုရင်ကြီးက ဒီအဟုန်ကို မြင်ဖူးချင်တယ်လို့ တောင်းဆိုသည်။

ထို့ကြောင့် ဘုရားလောင်း ဟင်္သာမင်းသည် ၎င်း၏ လျှင်မြန်ခြင်းကို ပြသရန် လည်တွင်ချူဆွဲလျက် တိုင်ထိပ်တွင် နေသည်။ တိုင်ခြေရင်းတွင် အတော်ဆုံးလေးသည်တော် (၄) ယောက်တို့ ကျောချင်းဆိုင်ရပ်ပြီး အရပ်လေးမျက်နှာကို မြားတစ်စင်းစီ ပစ်၏။ ဘုရားလောင်း ဟင်္သာမင်းက မြှားများ မြေမကျမီ ဖမ်းယူကာ လေးသည်တော်တွေရဲ့ ခြေရင်းမှာ ပြန်ချပေးလိုက်သည်။ လျှင်မြန်လွန်းသဖြင့် မည်သူမှ သေချာမမြင်ကြရ။ ချူသံကိုသာ ကြားကြရသည်။ မင်းကြီးလဲ အလွန်အံ့ဩပြီး “ဒီထက်ပိုမြန်တဲ့ အဟုန် ဒီလောကမှာ ရှိပါဦးမလား”ဟု ဟင်္သာမင်းကို မေးသည်။ ထိုအခါ ဘုရားလောင်း ဟင်္သာမင်းက “ဤလျှင်မြန်ခြင်းထက် အဆသိန်းသန်း မက လျှင်မြန်သောအရာ ရှိသေး၏။ ထိုအရာကား သေခြင်းတရားပေတည်း။”ဟုဆိုရာ မင်းကြီး မှာ ထိတ်လန့်တုန်လှုတ်၏။ ဘုရားလောင်း ဟင်္သာမင်းက မင်းကြီးအား တရားပြကာ နှစ်သိမ့်ရသည် ဟု တေရသကနိပါတ်တွင် ပါရှိလေသည်။

မင်းကြီးသည် ဘုရားလောင်း ဟင်္သာမင်းကို အလွန်ကြည်ညိုသွားပြီး ဘုရားလောင်း ဟင်္သာမင်းရပ်နေခဲ့သည့် တိုင်ထိပ်မှာ ဘုရားလောင်း ဟင်္သာမင်း အထိမ်းအမှတ် ရုပ်တုထုလုပ် ဂုဏ်ပြုသည်။ ဒီကနေ ဘာသာရေးနယ်ပယ်မှာဟင်္သာကို တံခွန်တိုင်ထိပ်မှာ ထုလုပ်မှု စတင်ခဲ့ကြောင်း သိရသည်။ သီတဂူဆရာတော်ကြီး၏ ရဟန်းတစ်ပါးရဲ့တန်ဖိုး တရားတော်မှာ ဟင်္သာအကြောင်း ဟောကြားဖူးသည်။

ယနေ့ခေတ် ဟင်္သာရုပ်အကြောင်း[ပြင်​ဆင်​ရန်​]

ဟင်္သာရုပ် သင်္ကေတသည် မွန်နှင့် မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါမြဲဖြစ်သည်။ မဆလ ခေတ်၌ အစိုးရက မော်လမြိုင် ဒီဂရီကောလိပ်ရှိ မွန်တို့၏သင်္ကေတဖြစ်သော ဟင်္သာ ရုပ်ကြီးအား ဖြုတ်ချခိုင်းသည်ကို ကျောင်းအုပ်အဖြစ် တာဝန်ထမ်းသူ ဒေါက်တာမန်းသက်စံ က အပြင်းအထန်ကန့်ကွက်ခဲ့၍ အောင်မြင်ခဲ့သည်။

သဘာဝဟင်္သာငှက်သည် ဝမ်းဘဲမျိုးနွယ်သာဖြစ်၍ အသွင် အားဖြင့် ဝမ်းဘဲနှင့်တူသည်။ တောဘဲကဲ့သို့ပျံနိုင်သည့်စွမ်းအားရှိ သည်။ သဲသောင်ရေစပ်တွင် ဖိုမအစုံနေလေ့ရှိသည်။ တစ်ကောင်နှင့် တစ်ကောင် တွယ်တာတတ်၍ အချစ်သဲသော သတ္တဝါများစာရင်းတွင် ထည့်သွင်းရမည်ကဲ့သို့ရှိသည်။

'ဟင်္သာ' ကား မြန်မာတို့၏ အနုပညာနယ်ပယ်တွင် ရင်းနှီး လှသည်။ သဘာဝ ဟင်္သာငှက်ကို မြင်ဖူးတွေ့ဖူးသူ နည်းသည်သာရှိ မည်။ အနုပညာ ဟင်္သာကိုကား တွေ့ဖူးသူ များလေသည်။ စာပေ ကျမ်းဂန်နှင့် လက်မှုအနုပညာနယ်တွင် ရှာနိုင်၊ ရှာနိုင်သလို တွေ့နိုင် သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂန်များတွင် များစွာပါရှိသည်။ မာဂဓ ဘာသာ 'ဟံသ' သဒ္ဒါကိုစွဲ၍ မြန်မာလို 'ဟင်္သာ' ဟုခေါ်ကြောင်း အသီတိနိပါတ်တော်တွင် ဟင်္သာခြောက်မျိုးဖော်ပြထားကာ ဓတရဋ္ဌ ဟင်္သာသည် အမြတ်ဆုံးဖြစ်ကြောင်းနှင့် ရှေးမွန်ဘုရင်တို့သည် ဟင်္သာ ကို အမြတ်တနိုးထား၍ ပူဇော်ခဲ့ကြောင်းကို မြန်မာသီချင်းကြီး တစ်ဆယ့်ငါးပုဒ်အဖွင့်၊ ဆဒ္ဒန်အိုင်သာ၊ အကျယ်ဖွင့်ဆိုချက်တွင် တွေ့မှတ်ရသည်။

ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုတော်တွင် သုဝဏ္ဏဟံသဇာတ်၊ ဝီနီလကဇာတ်၊ ကစ္ဆပဇာတ်၊ ဟံသဇာတ်၊ ပလာသဇာတ်၊ နေရူဇာတ်၊ ဇဝနဇာတ်၊ စူဠဟံသဇာတ်၊ မဟာဟံသဇာတ် စသည်များတွင် ဘုရား လောင်းဟင်္သာမင်းဘဝများကို နာရမှတ်ရလေသည်။ စက်လက္ခဏာ တော် (၁ဝ၈) ပါးတွင် 'ဥဒေါင်း၊ ကြိုးကြာ၊ ဟင်္သာ၊ စက္ကဝက်၊ ငှက်၏ အမျိုး၊ ဇီဝစိုးအစုံ . . .' စသည်ဖြင့် ပါရှိနေသည်။

ဖြစ်တော်ပေါင်းချုပ် ဘုရားရှိခိုးတွင်လည်း 'အစ ကြိုး ကြာ၊ ဆယ့်ခြောက်ခါနှင့်၊ ဟင်္သာကိုးဖြစ်' စသည်ဖြင့် ဘုရားအလောင်းတော် သည် 'ဟင်္သာအဖြစ်ကိုးကြိမ် ဖြစ်ခဲ့ဘူးသည်ကို သိမှတ်နိုင်လေသည်။

တစ်ဖန် စိန္တကျော်သူဦးဩ၏ ဩဝါဒထူးပျို့ဆုံးမစာတွင် လည်း 'မတင့်တယ်ရာ၊ လူတို့ရွာတွင်၊ လဝါမဲ့ညဥ့်၊ တံပိုးမဲ့မြစ်၊ လည်ရစ် နွှဲကာ၊ ဟင်္သာမဲ့ကန်၊ တံခွန်မဲ့ငြား၊ စက်ရထားနှင့် . . .' စသည်ဖြင့် ဆိုညွှန်းထားသည်ကိုကြည့်ပါက ဟင်္သာမရှိသောကန်သည်လည်း လမဲ့ည၊ လှိုင်းမဲ့မြစ်၊ တံခွန်မဲ့ရထား၊ စသည်တို့ကဲ့သို့ မတင့်တယ်ဟု ဆိုထားလေသည်။ ဟင်္သာကား ဤမျှအချက်အချာကျလှလေသည်။ အမတ်ကြီးမင်းရာဇာသည် မွန်ဘာသာကဗျာကျမ်းမှ မြန်မာပြန်ဆိုခဲ့ သော ဟိတကာရီလင်္ကာ၌ သူရဿတီနတ်သမီးနှင့် ပတ်သက်၍ ဖွင့်ဆို ရာ၌ 'ဟင်္သာဖြူစင်၊ ယာဉ်ပေါ်တွင်၌၊ ဆင်းအင်ဖြူဆွတ်၊ ကိုယ်ရောင် မွတ်လျက်၊ ကြီးမြတ်ဉာဏ၊ ဘုန်းတေဇဖြင့်၊ လက်လှဘယ်ညာ၊ နှစ်ဖက်မှာကား၊ ပဒုမ္မာဖြူစိန်ရောင်တူကို၊ စွဲယူအံ့ဖွယ်၊ လွန်တင့်တယ် သည်၊ မိမယ်သူရဿတီနတ်' စသည်ဖြင့်တွေ့ရပြန်ပေသည်။

ရှေးခေတ်သီချင်းကြီး သီချင်းခံများကိုရေးစပ်ခဲ့ကြသော စာဆိုတော်ကြီးများကလည်း ဟင်္သာကိုအလေးအနက်နေရာပေးကာ ဖွဲ့ဆိုခဲ့ကြလေသည်။ ကလပ်ငယ်ကြိုးတွင် 'ဟင်္သာလေပျံကာသွား၊ ပိတုန်း ပိတုန်း ပျား၊ ရေပေါ်မှာလွှားပါလို့၊ ကြာဆံကို စားပါလို့၊ ဝဲကာ ပျံလေတည့်မှ ဝဲကာပျံ. . .' ။ မြဝတီမင်းကြီး ရေးသော မင်းခမ်းတော်စုံ ဘွဲ့တွင် 'ဟင်္သာရောင်မောင်းဥဒေါင်းကရဝိတ်မွန်နယ်မှာ၊ ရှားစေးလဲ့ ဝှန်၊ မွှေးလွန်နံ့သာ ထည့်ပါလို့လေး'။ ဘုန်းဘွဲ့ပတ်ပျိုးတွင်မူ 'ငှက်မွန် ဆင်းဝါ၊ ဟံသာရွှေမုခါ'။ နတ်ကြီးဆယ့်ငါးပါးဘွဲ့တွင်လည်း ဗိဿနိုး၊ ဂဠုန်၊ ဟင်္သာဘုံ ရှစ်စုံ ဗြဟ္မာမြန်းသည်နှင့်လေး . . .။' မင်းသိင်္ဂီရေး သိင်္ဂါသံတွင် 'အတောင်ငယ်ယှဉ်နွှဲ၊ ရွှေလည်တွဲပါလို့၊ ဝမ်းဘဲပမာ၊ ရွှေဟင်္သာသို့၊ မကွာအတူ၊ ပါတော်မူ၊ နန်းသူမိငယ် . . .' စသည်ဖြင့် မြန်မာတို့၏ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ တေးဂီတနယ်တွင်လည်း ရှေးရှေးမှ သည် မျက်မှောက် ခေတ်တိုင် ရွှေဟင်္သာများပျံဝဲလျက်ရှိသည်။ (ဥပမာ စတီရီယိုတေး၊ စိုင်းထီးဆိုင်၏ ပျံသာပျံပါရွှေဟင်္သာရယ်)။ စီးပွားရေး ကြော်ငြာအမှတ်တံဆိပ်များတွင်လည်း ဟင်္သာမပါမပြီးသလောက်၊ ပဲခူးမြို့ ရွှေမောဓောဘုရားအနီးဟင်္သာကုန်းတွင် အဖိုပေါ်အမထပ်ကာ နားနေဟန်ရှိ ဟင်္သာမောင်နှံအရုပ်ရှိလေသည်။ ပဲခူးတိုင်း၊ မြို့နယ် သမဝါယမအသင်းစုသည် ထိုထင်ရှားလှသော အချစ်သည်းလှသော ရွှေဟင်္သာမောင်နှံကိုပင် အမှတ်တံဆိပ်ပြုလုပ်ထားလေသည်။ မြန်မာ့ ထုတ်ကုန်သွင်းကုန်ကော်ပိုရေးရှင်းသည် ရွှေဟင်္သာကွမ်းအုပ်တော်ပုံ ဖြင့် အမှတ်အသားပြုကာ နိုင်ငံတကာနှင့်ကုန်သွယ်လျက်ရှိသည်။ အနုပညာနယ်တွင်း၌လည်း နေရာအမျိုးမျိုးတွင် ဂုဏ် ဆောင်လျက်ရှိကြောင်း စာရေးသူ ပူးတွဲတင်ပြသည့်ပုံများကို ကြည့်က သိသာနိုင်ပေမည်။

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  2. ENDANGERED SPECIES: Rare birds also victims of Cyclone Nargis (The Conservation Report)
  3. “မောင်မောင် (ဥပဒေ) ရဲ့ ဆောင်းပါးများ”