စကုမြို့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
စကုမြို့
မြန်မာနိုင်ငံရှိ မြို့များ
စကုမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စကုမြို့
စကုမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°13′N 94°50′E / 20.217°N 94.833°E / 20.217; 94.833
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးမကွေး
ခရိုင်မင်းဘူး
လတ္တီကျု(၂၀)ဒီဂရီ၊ (၁၃)မိနစ်
လောင်ဂျီကျု(၉၄)ဒီဂရီ၊ (၅၀)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့စကုမြို့
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)


စကုမြို့[ပြင်ဆင်ရန်]

စကုမြို့သည် မကွေးတိုင်းအတွင်းပါဝင်သောမြို့တစ်မြို့ဖြစ်သည်။ မင်းဘူးခရိုင် တောင်ပိုင်းတွင်ရှိ၍ စကုမြို့နယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။ မင်းဘူး ဆင်ဖြူကျွန်းသွား မော်တော်ကား လမ်းတွင် မင်းဘူးမြို့၏ အနောက်မြောက်ဘက် ၁၁ မိုင်အကွာ၌ တည်ရှိသည်။ မြို့နယ်၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၆၄၂.၇ ခန့် ရှိသည်။ မန်းစက်တော်သို့ ဘုရားဖူးသွားကြသူအများစုမှာ စကုမြို့ကို ဖြတ်သန်း၍သွားကြသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စကု ဟူသော အမည်ကို တကောင်းရာဇဝင်ပါ မဟာသမ္ဘဝ ၊ စူဠသမ္ဘဝ မျက်မမြင် မင်းသားနှစ်ပါးတို့၏ အကြောင်းနှင့်  ဆက်စပ်ပြောဆိုလေ့ ရှိကြသည်။ ထိုမျက်မမြင်မင်းသားနှစ်ပါးတို့အား ဧရာဝတီမြစ်ရိုးအတိုင်း ဖောင်နှင့်မျှောလိုက်ရာ စစ်ကိုင်းမှ စန္ဒမုခီ ဘီလူးမသည် ဖောင်ပေါ်တွင်အတူစီးလိုက်ပါခဲ့လေသည်။ လမ်းတွင် စားမြိန်စာများကို ခိုးစားသော ဘီလူးမအားမိ၍ မင်းသားများက သတ်မည်အပြုတွင် ၊ မျက်စိ အလင်းရအောင်ကုသပေးမည်ဟူသော ကတိပြုချက်ကြောင့် ဘီလူးမကို အသက် ချမ်းသာခွင့် ပေးလိုက်၏။ ထိုနေရာမှစ၍ မင်းသားနှစ်ပါးအား မျက်စိအလင်းရအောင် စတင် ကုသပေးသည့်အတွက် စကု  ဟုခေါ်တွင်ကြောင်း မြန်မာ့စွယ်စုံကျမ်းအတွဲ (၃)၊စာမျက်နှာ ၃၀၄ ၊ ၃၀၅ တွင်ဖေါ်ပြထားပါသည်။မျက်စိအလင်းရသည့် နေရာကို စလင်း ဟုခေါ်ဆိုကြောင်း ပြောဆိုကြပါသည်။ သို့သော်လည်း မြေပြင်အခြေအနေမှာစလင်းသည် စကု၏မြစ်ကြောင်း အထက်တွင်  တည်ရှိနေပြီး၊ စကုသည်လည်း ဧရာဝတီမြစ်ကမ်းဘေး တွင် တည်ရှိသောမြို့ မဟုတ်သောကြောင့်  စကု နှင့် မဟာသမ္ဘဝ ၊ စူဠသမ္ဘဝ မျက်မမြင် မင်းသားနှစ်ပါးတို့၏ အကြောင်းနှင့်  ဆက်စပ် ပြောဆိုသော အယူအဆသည် လက်တွေ့ မကျပေ။   စကုဒေသခံများအနေဖြင့် စကု ဟူသောအမည်သည် မန်းရွှေစက်တော် နှင့် ကျောင်းတော်ရာဘုရား သမိုင်းတို့ကိုညွန်းဆို၍ ပုဏ္ဏောဝါဒသုတ် လာ သကုဏ ဟာ သကုဏ မှ သကု ၊ သကု မှ စကု ဖြစ်လာ ပြီး ငှက်ပေါရာ အရပ်ဟု ယူဆကြပါသည်။

  “ကြာသီးနု၊ စကုတည်” ဟူသော မြို့တည်ဆိုရိုးစကား အရ  မြန်မာသက္ကရာဇ်၂၆၇ ခုနှစ်၊(တချို့က နု ကို သုည ဟု ယူဆပြီး ၂၆၀ ခုနှစ်) တွင် စကုမြို့ကို တည်သည်ဟု မှတ်ယူကြပါသည်။ ရှေးဟောင်းသုတေသီတစ်ဦး ရေးသားသော ရှေးခေတ်မြန်မာနိုင်ငံ မြို့ ရွာ နယ်ပယ်သမိုင်း ဖြည့်စွက်တွဲ တွင် မြန်မာနှစ် ၂၇၆ ခုနှစ်တွင် စောရဟန်းမင်း က စကုမြို့အပါအဝင်မြို့ (၈)မြို့ ကို  ပြုစုတော်မူသည် ဟု ဖေါ်ပြထားပါသည်။ ပုဂံခေတ် ကျောက်စာများတွင် စကု ဟုဖေါ်ြပထားသည်ကို မြန်မာသက္ကရာဇ် (၄၂၀) ခုနှစ်တွင် ရေးထိုး သော ဂဝံကျောင်းကျောက်စာ (မန္တလေးနန်းတွင်းရုံ ကျောက်တိုင်   အမှတ် ၁၀) တွင် တွေ့ရှိရပါသည်။

   ရှင်စန္ဒလင်္ကာ ပြုပြင်စီရင်သော မဏိရတနာပုံကျမ်းတွင် ကျန်စစ်သားမင်း သည် သားတော်(ရာဇကုမာ) ကို  သီရိခေတ္တရာ  ဟူသောအမည်နှင့်တကွ စကုမြို့တောင်စဉ်   (၇) ခရိုင်ကို ပေး၍ စကုတွင် နေရလေသည် ဟုဖေါ်ပြထားပါသည်။

  ဇာတာတော်ပုံရာဇဝင်တွင် စကုမြို့ ကို မြန်မာနှစ် (၆၆၁) ခုနှစ် တွင်တည်ပြီး၊ အကျယ်အဝန်း တာ(၇၁၀)၊ လေးရာပြုမြို့ ဟုဖေါ်ပြထားပါသည်။

    တင်နိုင်တိုး ၏ မြန်မာမြို့အဘိဓါန် စာအုပ်တွင် စကုမြို့ ကို တောင်တွင်းမင်း သီဝိပဒေ က ခရစ်နှစ် ၁၂၉၉ နိုဝင်္ဘာ ၃၀ ရက် (မြန်မာနှစ် ၆၆၁ ခုနှစ်၊ နတ္တော်လဆန်း ၇ ရက်) နေ့တွင် မြို့သစ်တည်ထောင်သည် ဟုဖေါ်ပြထားပါသည် ။

   မြန်မာနှစ် (၆၇၉) ခုနှစ် ထိုး အနန္တသူမောင်နှံကျောင်း ကျောက်စာ (ပုဂံပြတိုက် ကျောက်တိုင်အမှတ် ၇၃) မှာ စကုခရိုန် ဟု ရေးထိုးထားသည် ကိုတွေ့ရပါသည်။

ရှေးမြို့ငယ်တစ်ခုဖြစ်၍မြန်မာမင်းများလက်ထက်အခါကမြို့ဝန်အုပ်ချုပ်ရသောမြို့ဖြစ်သည်။ မြန်မာမင်းများ လက်ထက်တွင်၊ စကုမြို့ဝန် ဟူ၍ သီးခြားထားရှိပြီး အုပ်ချုပ်စေခဲ့သည်။ ရှေးခေတ်စကုမြို့ဝန်၊မြို့သူကြီးတို့ တည်ဆောက်ကိုးကွယ်ခဲ့သော သစ်သားရုပ်စုံကျောင်းကြီးများဖြစ်သည့် သုံးထပ်ကျောင်းနှင့် မှန်ကင်းကျောင်းစသည့် ရုပ်စုံကျောင်းကြီးများတွင် ဇာတ်နိပါတ်တော်များကို သရုပ်ဖော်ပြထားသည့် ရှေး မြန်မာပန်းပုလက်ရာတို့ကို ယခုတိုင် တွေ့နိုင်ပြီ အသင်္ခယာ ရှေးဟောင်းအုတ်ကျောင်းကြီးကိုလည်း လေ့လာနိုင်ပါသည်။ မြတ်စွာဘုရား၏ ခြေတော် နှစ်ဆူရှိသော ရွှေစက်တော် ဘုရားသည် စကုမြို့နယ် အတွင်း၌ပင် ရှိ၏။ ရွှေစက်တော် ဘုရားပွဲ ကျင်းပသည့် တပို့တွဲနှင့် တပေါင်းလတို့တွင် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများ လာရောက်ကြသည်။


စကုမြို့နယ်၏ အဓိက လုပ်ငန်းမှာ လယ်ယာ စိုက်ပျိုးခြင်း ဖြစ်၏။ လယ်ယာစိုက်ပျိုးခြင်း များကို မန်းချောင်းမှ ဆည်မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးသည်။ စကုနယ်မှထွက်သည့် စကုဗြတ် ခေါ်သော စပါးသည် နာမည်ကြီး၏။ 'စပါးမှာ စကုဗြတ်၊ မယားမှာ တစ်ခုလပ်'ဟုပင် ဆိုရိုး ရှိခဲ့သည်။ အိုင်မဆည်(မန်းဘူးမြောင်း)နှင့် မဲဇလီဆည်(မုန်းတူးမြောင်း) စီမံကိန်းအရ စိုက်ဧရိယာများစွာ ရေသွင်းနိုင်ပြီးတစ်နှစ်ပတ်လုံးသီးထပ်သီးညှပ်များဖြင့် ဝေဆာလျက်ရှိသည်။ မန်းရေနံမြေ စီမံကိန်းသည် မင်းဘူးစကုမြို့နယ်၏ ထင်ရှားလှသော စီးပွားရေးကဏ္ဍာတစ်ရပ်ဖြစ်၍ ယခုအခါ ဓာတ်ငွေ့စက်ရုံ တစ်ရုံ တိုးချဲ့တည်ဆောက်ပြီး ဖြစ်သည်။ စကုမြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ၅,၁၅၂ ယောက်မျှ ဖြစ်သည်။ [၁]


မြို့၏အရှေ့၌ထေရ်ကြီးနှင့်သကျမဉ္ဇူစေတီများ၊တောင်ဘက်၌ကန်ပေါက်ကြီးနှင့်ပုညရှင်စေတီများ၊အနောက်၌ဇရပ်ကြီးနှင့်ရွှေကျမ်းစေတီ၊မြောက်ဘက်တွင်ရွှေတော်ရကြီးစေတီနှင့်မန်းချောင်းတို့သည်တည်ရှိသဖြင့်ကြီးလေးကြီးရံသောမြို့ဟုဆိုကြသည်။ မြို့တွင်းမြို့ပြင်စေတီပုထိုးတစ်ရာခန့်ရှိပြီးကျောင်းကန်ဘုရားတို့ကိုအုတ်စင်္ကြန်များပေါများမှုကို တင်စား၍ပုဂံဘုရား၊ စကုတံတားဟု ဆိုရိုးတွင်သည်။ ရှေးမြန်မာတို့၏အနုပညာလက်ရာများဖြင့်တခမ်းတနားတည်ဆောက်ထားခဲ့သောရှေးဟောင်းသာသနာ့ အဆောက်အအုံများမှာယနေ့တိုင်စကုမြို့ဝန်းကျင်တွင်တွေ့မြင်နိုင်ပေသည်။


စကုမြို့၌ နေ့စဉ် အရုဏ်ဆွမ်းလောင်းအဖွဲ့နှင့် နေ့ဆွမ်းလောင်းအဖွဲ့တို့ ရှိကြပြီး နှစ်စဉ်ပရိယတ္တိ စာပြန်ပွဲ နှစ်ကြိမ်ကျင်းပသည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း သုံးဌာနရှိပြီးဝတ်ပြုအဖွဲ့ (၁၂)ဖွဲ့ရှိသဖြင့် အဖိတ်ဥပုသ်နေ့ ညနေတိုင်း ဓမ္မာရုံများ၌ ရွတ်ဆိုပူဇော်လေ့ရှိသည်။ မန်းရွှေစက်တော်ပါဒစေတီသို့ စကုမှတစ်ဆင့် လမ်းသုံးသွယ်ဖြင့် သွားနိုင်သည့်အပြင် မြောက်ဘက်ရှိ လယ်ကိုင်းစန္ဒကူး နံ့သာရုပ်ပွားတော်နှင့် ကျောင်းတော်ရာစေတီများသို့သွားရောက် ဖူးမြော်နိုင်သည်။ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်များသို့သွားရာ ခရီးစခန်းတစ်ခုဖြစ်၍ အေးဆေးစွာနေလိုသူတို့အတွက် နားခိုရန်သင့်လျော်သည့် မြို့တစ်မြို့ဖြစ်သည်။




   


       

  


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

2. ဇော်မျိုးဦး