မာတိကာသို့ ခုန်သွားရန်

ရုပ်

ဝီကီပီးဒီးယား မှ

ရုပ်သည် ပရမတ္ထတရားလေးပါး၌ တစ်ပါး အပါအဝင်ဖြစ်သည်။

ရုပ် ၂၈-ပါး

[ပြင်ဆင်ရန်]

(ရုပ်သည်—

  • (၁) ပထဝီဓာတ် = မြေဓာတ်။
  • (၂) အာပေါဓာတ် = ရေဓာတ်။
  • (၃) တေဇောဓာတ် = အပူ၊ အအေး၊ အငွေ့ဓာတ်။
  • (၄) ဝါယောဓာတ် = လေဓာတ်။
  • (၅) စက္ခုပသာဒ = မျက်စိအကြည်။
  • (၆) သောတပသာဒ = နားအကြည်။
  • (၇) ဃာနပသာဒ = = နှာခေါင်းအကြည်။
  • (၈) ဇိဝှာပသာဒ = လျှာအကြည်။
  • (၉) ကာယပသာဒ = ကိုယ်အကြည်။
  • (၁၀) ရူပ = ရူပါရုံ။
  • (၁၁) သဒ္ဒ = သဒ္ဒါရုံ။
  • (၁၂) ဂန္ဓ = ဂန္ဓာရုံ။
  • (၁၃) ရသ = ရသာရုံ။
  • (၁၄) ဖောဋ္ဌဗ္ဗ = ဖောဋ္ဌဗ္ဗာရုံ။
  • (၁၅) ဣတ္ထိဘာဝရုပ် = မိန်းမ၏ ဖြစ်ကြောင်း။
  • (၁၆) ပုမ္ဘာဝ = ယောကျ်ား၏ ဖြစ်ကြောင်း။
  • (၁၇) ဟဒယဝတ္ထု = ဟဒယရုပ်။
  • (၁၈) ရုပ်ဇီဝိတ = ရုပ်ဇီဝိတိန္ဒြေ။
  • (၁၉) ဩဇာ = အာဟာရရုပ်။
  • (၂၀) အာကာသဓာတ် = ပရိစ္ဆေဒရုပ်။
  • (၂၁) ကာယဝိညတ်
  • (၂၂) ဝစီဝိညတ်
  • (၂၃) ရူပဿ လဟုတာ = ရုပ်၏ ပေါ့ပါးသည်၏ အဖြစ်။
  • (၂၄) ရူပဿမုဒုတာ = ရုပ်၏ နူးညံ့သည်၏ အဖြစ်။
  • (၂၅) ရူပကမ္မညတာ = ရုပ်၏အမှု၌ ကောင်းသည်၏အဖြစ်။
  • (၂၆) ဥပစယ = ရုပ်၏ဖြစ်ဆဲ။
  • (၂၇)သန္တတိ = ရုပ်၏ဖြစ်စဉ်။
  • (၂၈) ဇရတာ = ရုပ်၏ ရင့်ရော်သည်၏အဖြစ်။
  • (၂၉) အနိစ္စတာ = ရုပ်၏ မမြဲသည်၏အဖြစ်ဟူ၍ ရုပ် ၂၉-ပါးရှိ၏။

သို့သော် ဖောဋ္ဌဗ္ဗာရုံဟုခေါ်သော ရုပ်ကား ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟု ဆိုအပ်သော ဓာတ်ကြီး ၃-ပါးပင် ဖြစ်၍ အဂ္ဂဟိတဂ္ဂဟဏနည်းအားဖြင့် သရုပ်တရားကို ရေတွက်သည့်အခါရုပ်သည် ၂၈-ပါး သာရှိပေ၏။ [၁]

ဖောက်ပြန်တတ်၍ ရုပ်ဟုခေါ်

[ပြင်ဆင်ရန်]

၎င်းရုပ်သည်-[၂] ဟူသည်နှင့်အညီ အအေးကြောင့်လည်း ဖောက်ပြန်တတ်၏။ ထို့အတူ ပူလောင်ခြင်း, ဆာလောင်ခြင်း, မွတ်သိပ်ခြင်း, မှက် ခြင်တို့ကိုက်ခဲခြင်း, ဝမ်းဗိုက်အတွင်းရှိ လေထိုးခြင်း, နေပူခြင်း, မြွေ အစရှိသော ကျောရိုးရှည်သော သတ္တဝါတို့ကိုက်ခဲခြင်းတို့ကြောင့်လည်း ဖောက်ပြန်တတ်၏။ ထိုတွင်-အအေးကြောင့် ဖောက်ပြန်ပုံကို ရာသီဥတု ညီမျှ ကောင်းမွန်သောအခါ၌ ဖြစ်ပေါ်သော ရုပ်အနေအထားနှင့် အလွန် အေးသော ဆောင်းဥတု၌ ဖြစ်ပေါ်သော ရုပ် အနေ အထားတို့ကိုကြည့်၍ သိနိုင်လေသည်။ ထိုအအေးကြောင့် ရုပ် ဖောက်ပြန်မှုမှာ ခန္ဓာကိုယ်မှု ပျက်စီးလောက်အောင် အေးသော လောကန္တရိုက်ငရဲ, ဟိမဝန္တာ အရပ်၌ တည်ရှိသော မဟိံသကတိုင်းတို့၌ အလွန်ထင်ရှားလေသည်။

အပူကြောင့် ဖောက်ပြန်ပုံကို ရာသီဥတု ညီမျှ ကောင်းမွန်သောအခါ၌ ဖြစ်ပေါ်သော ရုပ်အနေအထားနှင့် အလွန်ပူ‌‌သော နွေဥတု၌ ဖြစ်ပေါ်သော ရုပ်အနေအထားတို့ကို ကြည့်၍ သိနိုင်လေသည်။ ထိုအပူကြောင့် ရုပ် ဖောက်ပြန်မှုမှာ အဝီစိငရဲ၌ အလွန်ထင်ရှားလေသည်။ ဆာလောင်ခြင်းကြောင့် ဖောက်ပြန်ပုံကို အစာဝလင်စွာ စားသောက်ရသောအခါ၌ ဖြစ်ပေါ်သော ရုပ်အနေအထားနှင့် အစာ မစားရသောအခါ၌ ဖြစ်ပေါ်သော ရုပ်အနေ အထားတို့ကို ကြည့်၍ သိနိုင်သည်။ ထိုဆာလောင်ခြင်းကြောင့် ရုပ်ဖောက်ပြန်မှုမှာ ပြိတ္တာဘုံ၌ လည်းကောင်း, လူ့ပြည်ဝယ် အငတ်ဘေးကြီး ဆိုက်ရောက်သောအခါ၌ လည်းကောင်း အလွန်ထင်ရှားလေသည်။

မွတ်သိပ်ခြင်းကြောင့် ဖောက်ပြန်ပုံကို ရေလုံလောက်စွာ သောက်ရသောအခါ၌ ဖြစ်ပေါ်သော ရုပ်အနေအထားနှင့် မွတ်သိပ်သောအခါ၌ ဖြစ်ပေါ်သော ရုပ် အနေအထားတို့ကို ကြည့်၍ သိနိုင်လေသည်။ ထိုမွတ်သိပ်ခြင်းကြောင့် ရုပ်ဖောက်ပြန်မှုမှာ ကာလကဉ္စိက အသုရာဘုံ အစရှိသည်တို့၌ အလွန်ထင်ရှားလေသည်။ မှက် ခြင်တို့ကိုက် ခဲခြင်းတို့ကြောင့် ဖောက်ပြန်ပုံကိုမှက် ခြင်တို့ အကိုက်မခံရမီ အချိန်၌ ဖြစ်ပေါ်သော ရုပ် အနေအထားနှင့် မှက်ခြင်တို့ အကိုက်ခံရသောအခါ၌ ဖြစ်ပေါ်သော ရုပ်အနေ အထားတို့ကို ကြည့်၍ သိနိုင်လေသည်။ ထိုမှက်, ခြင်တို့ကိုက်ခဲခြင်းကြောင့် ရုပ်ဖောက်ပြန်မှုမှာ ခြင်ပေါများသော အရပ်ဒေသတို့၌ အလွန် ထင်ရှားလေသည်။

ဝမ်းဗိုက်အတွင်း၌ရှိသော လေထိုးခြင်းကြောင့် ဖောက်ပြန်ပုံကို လေထိုးလေအောင့်ရောဂါမဖြစ်မီအချိန်၌ ဖြစ်ပေါ်သော ရုပ်အနေအထားနှင့် လေထိုး လေအောင့်ရောဂါ ဖြစ်နေစဉ် အချိန်၌ ဖြစ် ပေါ်သော ရုပ်အနေအထားတို့ကို ကြည့်၍ သိနိုင်လေသည်။ ထိုဝမ်းဗိုက်အတွင်းရှိ လေ ထိုးခြင်းကြောင့် ရုပ်ဖောက်ပြန်မှုမှာ လေ ငန်းဖြတ်ခံရသော သွက္ချာပါဒ ရောဂါသည်တို့၌ အလွန်ထင်ရှားလေသည်။

နေပူကြောင့်ဖောက်ပြန်ပုံကို နေပူမခံရမီ အချိန်၌ ဖြစ်ပေါ်သော ရုပ်အနေအထားနှင့် နေပူခံရစဉ်အချိန်၌ ဖြစ်ပေါ်သော ရုပ်အနေ အထားတို့ကို ကြည့်၍ သိနိုင်လေသည်။ ထိုနေပူကြောင့် ရုပ်ဖောက်ပြန်မှုမှာ သဲကန္တာရ စသည်တို့၌ အလွန် ထင်ရှားလေသည်။ မြွေ အစရှိသော ကျောရိုးရှည်သော သတ္တဝါတို့ကိုက်ခဲခြင်းကြောင့် ဖောက်ပြန်ပုံကို မြွေ အစရှိသည်တို့ အကိုက်မခံရမီ အချိန်၌ ဖြစ် ပေါ်သော ရုပ်အနေအထားနှင့် မြွေ အစရှိ သည်တို့ အကိုက်ခံရစဉ် အချိန်၌ ဖြစ်ပေါ်သော ရုပ်အနေအထားတို့ကို ကြည့်၍ သိနိုင်လေသည်။ ထိုမြွေ အစရှိသည်တို့ကိုက်ခံရခြင်းကြောင့် ရုပ်ဖောက်ပြန်မှုမှာ မြွေပေါ သော အရပ်ဒေသတို့၌ အလွန်ထင်ရှားလေသည်။ [၃] [၁]

ရုပ်သက်နှင့် စိတ်သက် ကွာခြားချက်

[ပြင်ဆင်ရန်]

စိတ်မှာ ဥပါဒ် ဌီ ဘင်ဟူ၍ ခဏသုံးပါး ရှိသကဲ့သို့ ရုပ်မှာလည်း ဥပါဒ် ဒီ ဘင်ဟူ၍ ခဏသုံးပါးပင် ရှိသည်။ [၄]

ထိုတွင် ရုပ်၏ ဥပါဒ်ခဏနှင့် စိတ်၏ ဥပါဒ်ခဏသည်လည်းကောင်း, ရုပ်၏ ဘင်ခဏနှင့် စိတ်၏ဘင်ခဏသည်လည်းကောင်း အချိန်ကာလချင်း တူမှကြ၍ ရုပ်၏ ဋ္ဌီခဏမှာမူကား စိတ်၏ ဌီခဏထက် များစွာ အချိန် ကြာမြင့်လေသည်။ စိတ်၏ ဌီခဏမှာ ခဏငယ် တစ်ချက်ခန့်သာ ကြာမြင့်၍ ရုပ်၏ ဌီခဏမှာမူကား ခဏငယ် (၄၉)ချက်ခန့် ကြာမြင့်လေသည်။ ရုပ်(၂၈)ပါးတို့တွင် ဇာတိ ခေါ်ဆိုအပ်သော ဥပစယရုပ်, သန္တတိရုပ် နှစ်ပါးတို့သည် စိတ်၏ ဥပါဒ်ခဏခန့် အသက်ရှည်ကြသည်။ အနိစ္စတာရုပ်သည် စိတ်၏ ဘင်ခဏခန့် အသက်ရှည်သည်။ ဇရတာရုပ်သည် စိတ်၏ ခဏငယ် ပေါင်း (၄၉)ချက်ခန့် အသက်ရှည်သည်။ ကာယဝိညတ်နှင့် ဝစီဝိညတ်တို့သည် စိတ်၏ ခဏကြီးတစ်ချက် (ခဏငယ် သုံးချက်)ခန့် အသက်ရှည်ကြသည်။ ဝိညတ်‌ဒွေး, လက္ခဏရုပ် လေးခုတို့မှ ကြွင်းသောရုပ် (၂၂)ပါးတို့သည် စိတ်၏ ခဏကြီး (၁၇)ချက် - (ခဏငယ် ငါးဆယ့်တစ်ချက်)ခန့် အသက်ရှည်ကြသည်။ [၅] [၁]

ရုပ်ကို ဖြစ်စေတတ်သော အကြောင်းများ

[ပြင်ဆင်ရန်]
  • (၁) ကံ = အကုသိုလ်စိတ် ၁၂-မဟာ ကုသိုလ်စိတ် ၈, ရူပကုသိုလ်စိတ် ၅-ဟုဆိုအပ်သော စိတ် ၂၅-ပါးတို့၌ ယှဉ်သော စေတနာ ၂၅-ပါး။
  • (၂) စိတ် = ခပ်သိမ်းသော သတ္တဝါတို့၏ ပဋိသန္ဓေစိတ်, ရဟန္တာတို့၏ စုတိစိတ်, အရူပဘုံ၌ ဖြစ်ခိုက်သောစိတ် ဒွေပဉ္စဝိညာဉ် ၁၀—ကြဉ်သော ၇၅-ပါးသော စိတ်။
  • (၃) ဥတု = အအေး အပူ ဟူသော တေဇော ဓာတ်ဟူ၍ သမုတ်အပ်သည့် ဥတု။
  • (၄) အာဟာရ = ကဗဠီကာရာဟာရဟူ၍ ဆိုင်သော ဩဇာဓာတ်ဟူ၍ သမုတ်အပ်သော ဩဇာဓာတ်ဟူ၍ လေးပါးရှိသည်။

ကံကြောင့် ဖြစ်သော ရုပ်များ

[ပြင်ဆင်ရန်]

ထိုတွင် ကံဟူသော အကြောင်းတရားကြောင့်

  • ဟဒယဝတ္ထုရုပ် (၁)
  • ဣန္ဒြိယရုပ်(၈)
  • အဝိနိဗ္ဗာဂရုပ်(၈)
  • အာကာသဓာတ် (၁)

အားဖြင့် (၁၈)ပါးသောရုပ် (ကမ္မဇရုပ်)များ ဖြစ်ကြသည်။

စိတ်ကြောင့် ဖြစ်သော ရုပ်များ

[ပြင်ဆင်ရန်]

စိတ်ဟူသော အကြောင်းရားကြောင့်

  • ဝိညတ်ရုပ်(၂)
  • သဒ္ဒရုပ်(၁)
  • လဟုတာရုပ်,
  • မုဒုတာရုပ်,
  • ကမ္မညတာရုပ်,
  • အဝိနိဗ္ဗောဂရုပ်(၈)
  • အာာသဓာတ်အားဖြင့်

(၁၅)ပါးသောရုပ် (စိတ္တဇရုပ်)များ ဖြစ်ကသည်။

ဥတုကြောင့် ဖြစ်သော ရုပ်များ

[ပြင်ဆင်ရန်]

ဥတုပူသော အကြောင်းတရားကြောင့်

  • သဒ္ဒရုပ် (၁)
  • လဟုတာရုပ်,
  • မုဒုတာရုပ်,
  • ကမ္မညတာရုပ်,
  • အဝိနိမ္ဘောဂရုပ်(၈)
  • အကာသဓာတ်(၁)

အားဖြင့် (၁၃)ပါးသောရုပ် (ဥတုဇရုပ်)များ ဖြစ်ကြသည်။

အာဟာရကြောင့် ဖြစ်သော ရုပ်များ

[ပြင်ဆင်ရန်]

အာဟာရဟူသော အကြောင်းတရားကြောင့်

  • လဟုတာရုပ်,
  • မုဒုတာရုပ်,
  • ကမ္မညတာရုပ်,
  • အဝိနိဗ္ဘောဂရုပ် (၈)
  • အာကာသဓာတ် (၁)

အားဖြင့် (၁၂)ပါးသောရုပ် (အာဟာရဇရုပ်)များ ဖြစ်ကြသည်။ [၆]

ရုပ်တို့၏ အစဆုံး ဖြစ်ရာကာလနှင့် နောက်ဆုံး ချုပ်ရာကာလ

[ပြင်ဆင်ရန်]

ကမ္မဇရုပ်တို့သည် ပဋိသန္ဓေ စိတ်၏ ဥပါဒ်ခဏ၌ ပဋိသန္ဓေစိတ်နှင့် တစ်ပြိုင်တည်း စ,ဖြစ်၍ စုတိစိတ်၏ ဘင်ခဏ၌ စုတိစိတ်နှင့် တစ်ပြိုင်တည်း ချုပ်ကြသည်။

စိတ္တဇရုပ်တို့သည် ပဋိသန္ဓေနောင် ပဌမဘဝင်စိတ်၏ ဥပါဒ်ခဏ၌ ပဌမဘဝင်စိတ်နှင့် တစ်ပြိုင်တည်း စဖြစ်ကြ၍ ရဟန္တာပုဂ္ဂိုလ်ဖြစ်လျှင် စုတိစိတ်ချုပ်ပြီးနောက် စိတ္တက္ခဏ(ခဏငယ်) ၄၈-ချက်ခန့်, ပုထုဇဉ်ပုဂ္ဂိုလ်, သေက္ခပုဂ္ဂိုလ် တို့ဖြစ်လျှင် စုတိစိတ်ချုပ်ပြီးနောက် စိတ္တက္ခဏ (ခဏငယ်)၅၀-ချက်ခန့်ကာလကြာမှချုပ် ကြသည်။

ဥတုဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဌီခဏ၌စ,ဖြစ်ကြ၍ စုတိစိတ်ချုပ်ပြီးနောက် အရိုးဆွေး၍ မြေမှုန့်ဖြစ်သည်တိုင်အောင် (ကမ္ဘာလောကကြီးမပျက်မချင်း) ဆက်ကာ ဆက်ကာ ဖြစ်နေကြလေသည်။

အာဟာရဇရုပ်များသည် ကာမဘုံသား သတ္တဝါအားလုံးတို့၏ သန္တာန်၌ မိမိကိုဖြစ်စေတတ်သော ဩဇာဓာတ် ပြန့်နှံ့ရာအခါမှ စတင်ဖြစ်ပေါ်ကြ၍ စုတိစိတ်ချုပ်ပြီးနောက် စိတ္တက္ခဏ(ခဏငယ်)၅၀-ချက်ခန့်ကာလကြာ မှ ချုပ်ကြသည်။ [၇]

သတ္တဝါ(၄) မျိုးနှင့် ရုပ်များဖြစ်ပေါ်ပုံ

[ပြင်ဆင်ရန်]
  • (၁) ကြက်ငှက်စသည်တို့ကဲ့သို့ အု၌ဖြစ်သော အဏ္ဍဇသတ္တဝါ
  • (၂) လူစသည်တို့ကဲ့သို့ မိခင်၏ သားအိမ်၌ဖြစ်သော ဇလာဗုဇသတ္တဝါ
  • (၃) ပိုးလောက်လန်း စသည်တို့ကဲ့သို့ ငါးပုပ်, အကောင်ပုပ်, ပုပ်သိုးသောမုန့်, ညွှန်မရှိသော တံစီးတွင်း, ညွန်ရှိသော တံစီးတွင်း, ထောပတ်, ဆီ, ပျားရည်, တင်လဲစသည့် အညှီတို့၌ဖြစ်သော သံသေဒဇသတ္တဝါ
  • (၄) နတ်သမီး, နတ်သား, ငရဲသူ, ငရဲသား, အချို့သောလူများ, အချို့သော ဝိနိပါတိက အသုရာ စသည်တို့ကဲ့သို့ ခုန်ပျံ၍ ဖြစ်လာသကဲ့သို့ ကိုယ်ထင်ရှား ဖြစ်ပေါ်လာသော ဩပပါတိကသတ္တဝါ-ဟူ၍ (၄) မျိုး ရှိပေသည်။ [၈]

ဆိုင်ရာ သတ္တဝါ၌ ရနိုင်သော ရုပ်ကလာပ်များ

[ပြင်ဆင်ရန်]

ထိုတွင်–ကာမဘုံ၌ သံသေဒဇသတ္တဝါ, ဩပပါတိကသတ္တဝါတို့အား အလွန်ဆုံးအပိုင်း အခြားအားဖြင့် စက္ခုဒသကကလာပ်, သောတ ဒသကကလာပ်, ဃာနဒသကကလာပ်, ဇိဝှါဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဝတ္ထုဒသကကလာပ်အားဖြင့် ကမ္မဇကလာပ် (၇) စည်းတို့သည် ပဋိသန္ဓေစိတ်နှင့် ပြိုင်တူဖြစ်ကြ၍ မသေမီ ဖြစ်လိုက်ပျက်လိုက် တည်တံ့နေပြီးသေခါနီးအခါ စုတိစိတ်နှင့်အတူ ပြိုင်တူချုပ်ကြသည်။

သံသေဒဇသတ္တဝါ, ဩပပါတိကသတ္တဝါ တို့တွင်လည်း အပါယ်ဘုံသား ဩပပါတိကသတ္တဝါတို့မှာ စက္ခုဒသကကလာပ် တစ်မျိုးတည်းသော်လည်းကောင်း, သောတဒသကကလာပ် တစ်မျိုးတည်းသော်လည်းကောင်း စက္ခုဒသကကလာပ်, သောတဒသကကလာပ် နှစ်မျိုးလုံးသော်လည်းကောင်း, ချို့တဲ့(မပါဝင်ဘဲဖြစ်) တတ်ကြသည်။

အပါယ်ဘုံသား သံသေဒဇသတ္တဝါတို့မှာ စက္ခုဒသကကလာပ် တစ်မျိုးတည်းသော်လည်းကောင်း, သောတဒသကကလာပ် တစ်မျိုးတည်းသော်လည်းကောင်း, ဃာနဒသကကလာပ် တစ်မျိုးတို့တည်းသော်လည်းကောင်း, စက္ခုဒသကကလာပ်, သောတဒသကကလာပ် နှစ်မျိုးလုံးသော်လည်းကောင်း, စက္ခုဒသကကလာပ်, ဃာနဒသကကလာပ်နှစ်မျိုးလုံးသော်လည်းကောင်း, စက္ခုဒသကကလာပ်, သောတဒသကကလာပ်, ဃာနဒသကကလာပ် သုံးမျိုးလုံးသော်လည်းကောင်း ချို့တဲ့တတ်ကြသည်၊

အသညသတ်ကြဉ်သည့် ရူပါဝစရ ၁၅-ဘုံသား ဩပပါတိက သတ္တဝါ (ဗြဟ္မာ)တို့အား ဃာနဒသကကလာပ်, ဇိဝှါဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကလာပ်တို့ ဧကန်ချို့တဲ့ကြသည်။

အသညသတ် ဩပပါတိကသတ္တဝါ (ဗြဟ္မာ)တို့အား ပဋိသန္ဓေအခါ၌ ဇီဝိတနဝကကလာပ် တစ်ခုတည်းသာ ဖြစ်နိုင်လေသည်။

ကမ္ဘာဦးလူ ဟူသော ဩပပါတိကသတ္တဝါတို့အား ပဋိသန္ဓေအခါ၌ ဆိုခဲ့ပြီးသော ကမ္မဇကလာပ် (၇) စည်းတို့တွင် ဘာဝဒသကကလာပ်ကြဉ် သောကလာပ် (၆) စည်းတို့သာ ဖြစ်နိုင်ကြသည်။

အဏ္ဍဇ, ဇလာဗုဇဟူသော ဂဗ္ဘသေယျကသတ္တဝါတို့အား ပဋိသန္ဓေအခါ၌ ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဝတ္ထုဒသကကလာပ်ဟု ဆိုအပ်သော ကမ္မဇကလာပ် (၃) စည်းသာ ဖြစ်နိုင်ကြသည်။

ပဋိသန္ဓေအခိုက် ရုပ်ဖြစ်ပုံ

[ပြင်ဆင်ရန်]

ထိုကမ္မဇကလာပ် (၃) စည်း (ရုပ်ပေါင်း ၃၀)ကိုပင် “ကလလရေကြည်”ဟူ၍ ခေါ်ကြလေသည်။ ထိုကလလရေကြည်ခေါ်ရုပ်သည် ပမာဏအားဖြင့် ယင်ကောင်ငယ်ကလေး တစ်ကြိမ် သောက်လောက်ရုံမျှ (ဝါ)သေးငယ်စွာသော အပ်ကလေး တစ်ချောင်းကို ဆီ၌ထည့်၍ ထိုအပ်ကလေးကို ဆီမှ ထုတ်ဆယ်လိုက်သောအခါ အပ်ဖျားတွင် တည်ရှိနေသော ဆီပေါက် ကလေးမျှ(ဝါ)လူတို့၏ ဆံပင်တစ်ချောင်းကို ဆီ၌ထည့်၍ ထိုဆံပင်ကို ဆီမှထုတ်ဆယ်လိုက်သောအခါ ဆံပင်ဖျားတွင် တည်ရှိနေသော ဆီပေါက်ကလေးမျှ (ဝါ)ဇမ္ဗူဒိပ်ကျွန်းသူတို့၏ ဆံပင်ကို ရှစ်စိတ်ခွဲ၍ ထိုရှစ်စိပ်‌သော ဆံပင်တို့တွင် တစ်ခုသောဆံပင်နှင့် အတိုင်းအရှည် တူညီသော မြောက်ကျွန်းသူတို့၏ ဆံပင် တစ်ချောင်းကို ကြည်လင်သောနှမ်းဆီ၌ထည့်၍ ထိုဆံပင်ကို နှမ်းဆီမှ ထုတ်ဆယ်လိုက်သောအခါ ဆံပင်ဖျားတွင် တည်ရှိနေသော ဆီပေါက်ကလေးမျှ (ဝါ) ဇာတိဥဏ္ဏ မည်သော သားကောင်၏ အမွေးအမျှင်ကို ကြည်လင်သော နှမ်းဆီ၌ထည့်၍ ထိုအမွှေးကို နှမ်းဆီမှ ထုတ်ဆယ်လိုက်သောအခါ အမွေးဖျားတွင် တည် ရှိ‌နေသော ဆီပေါက်ကလေး မျှသာ အတိုင်းအရှည်ရှိသည်။ [၉]

ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား ပဋိသန္ဓေ အခါ၌ရနိုင်သော ကလလရေကြည်ခေါ် ရုပ် (၃၀)တို့တွင် နပုံးသတ္တဝါ (အထီး,အမ မဟုတ်သူ)တို့အား ဘာဝဒသကကလာပ် ကြဉ်သော ကမ္မဇကလာပ် (၂) စည်း (ရုပ်ပေါင်း၂၀)သာ ရနိုင်သည်။ [၁၀]

ပဋိသန္ဓေခိုက် ရုပ်ပြောင်းလဲပုံ

[ပြင်ဆင်ရန်]

ကလလရေကြည်ခေါ် ရုပ်သည် ဖြစ်စအချိန်၌ ကြည်လင်သော ထောပတ်၏ အဆင်းကဲ့သို့ အဆင်းရှိသည်။ ထိုကလလ ရေကြည်ခေါ်ရုပ်သည် တစ်သတ္တာဟ (၇-ရက်)လွန်သောအခါ သားဆေးရည် အဆင်း ရှိသော အမြှုပ် (အဗ္ဗုဒ)အဖြစ်သို့ ပြောင်း လဲသွားသည်။ အမြှုပ်ဖြစ်၍ တစ်သတ္တာ (၇-ရက်) လွန်သောအခါ ခဲမဖြူရည်ကဲ့သို့ ဖြူသော အဆင်းရှိသော သားတစ် (ပေသိ) အဖြစ်သို့ ပြောင်းလဲသွားသည်။ သားတစ် ဖြစ်၍ တစ်သတ္တာဟ (၇-ရက်) လွန်သောအခါ ကြက်ဥပုံသဏ္ဌာန်ရှိသော အသားစိုင် အသားခဲ (ဃန) အဖြစ်သို့ ပြောင်းလဲသွားသည်။ ကြက်ဥပုံသဏ္ဌာန်ရှိသော အသားစိုင် အသားခဲဖြစ်၍ တစ်သတ္တာဟ (၇-ရက်) လွန်သောအခါ ထွတ်အိုင်းနာ (= သွေးစုနာ) နှင့်တူသော ခက်မငါးဖြာ(ပသာခ)တို့ ဖြစ်ပေါ်လာကြသည်။ [၁၁]

ခက်မ ငါးဖြာတို့ဖြစ်ပေါ်၍ ခြောက်သတ္တာဟ (၄၂-ရက်) ကြာသောအခါ စက္ခုဒသကကလာပ်, သောတဒသကလာပ်, ဃာနဒသကကလာပ်, ဇိဝှါဒသကကလာပ်ရုပ်တို့ “တစ်ပြိုင်တည်း ဖြစ်ပေါ်လာကြလေသည်။ [၁၂] ဤဖြစ်စဉ်သည် လူပုဂ္ဂိုလ်များအတွက် ရည်ညွှန်းသည်။ အခြား သိုးဆိတ်စသည်တို့၌ကား ရက် လ အရေအတွက် ကွာခြားပေလိမ့်မည်။)

စက္ခုဒသကကလာပ်, သောတဒသကကလာပ်, ဃာနဒသကကလာပ်, ဇိဝါဒသကကလာပ် ရုပ်တို့ ဖြစ်ပေါ်၍ သုံးဆယ့်တစ်သတ္တာဟ (၂၁၇-ရက်) ကြာသောအခါ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်းများ ပေါက် ရောက်ကြသည်။ [၁၃]

ဘုံအလိုက် ရနိုင်သော ရုပ်များ

[ပြင်ဆင်ရန်]

ဘုံအားဖြင့် ကာမ(၁၁)ဘုံ၌ ရုပ်(၂၈-ပါး လုံး ရနိုင်၍ အသညသတ်ကြဉ်သော ရူပ(၁၅)ဘုံ၌ ဃာနပသာဒ, ဇိဝှါပသာဒ, ကာယပသာဒ, ဣတ္ထိဘာဝ ပုရိသဘာဝကြဉ်သော ရုပ်(၂၃)ပါးသာ ရနိုင်သည်။

အသညသတ် ဘုံ၌ကား ဝတ္ထုရုပ်(၆)ပါး, ဘာဝရုပ်(၂)ပါး, သဒ္ဒရုပ်(၁)ပါး, ဝိညတ်ရုပ် (၂)ပါး ကြဉ်သော (၁၇)ပါးသော ရုပ်တို့ကိုသာ ရနိုင်သည်။ အရူပဘုံ၌ကား မည်သည့်ရုပ်ကိုမျှ မရနိုင်ချေ။ [၁၄]

ပုဂ္ဂိုလ်အားဖြင့် ကာမဘုံသား အထီး သတ္တဝါတို့အား ဣတ္ထိဘာဝရုပ်ကြဉ်သော ရုပ်(၂၇)ပါးရ၍ အမသတ္တဝါတို့အား ပုရိသ ဘာဝရုပ်ကြဉ်သော ရုပ်-(၂၇)ပါး နပုံး သတ္တဝါတို့အား ဣတ္ထိဘာဝရုပ် ပုရိသဘာဝ ရုပ်(၂)ပါးကြဉ်သော ရုပ်(၂၆)ပါးတို့ကို ရနိုင်သည်။

အသညသတ်ကြဉ်သော ရူပါဝစရဗြဟ္မာတို့အား ဃာနပသာဒစသောရုပ် (၃)ပါး, ဘာဝရုပ်(၂)ပါးကြဉ်သော (၂၃)ပါးသောရုပ်တို့ကို ရနိုင်၍ အသညသတ် ဗြဟ္မာတို့အား ဝတ္ထုရုပ် (၆)ပါး, ဘာဝရုပ် (၂)ပါး, သဒ္ဒရုပ်(၁)ပါး, ဝိညတ်ရုပ်(၂)ပါး ကြဉ်သော (၁၇)ပါးသောရုပ်တို့ကို ရနိုင်သည်။

အရူပဗြဟ္မာတို့အား မည်သည့်ရုပ်မှ မရနိုင် မဖြစ်နိုင်ပေ။ ကာလအားဖြင့် ပဋိသန္ဓေအခါ၌ သဒ္ဒရုပ်, ဝိကာရရုပ် (၅)ပါး ဇရတာ, အနိစ္စတာ ကြဉ်သော(၂၀)သော ရုပ်တို့ကိုသာ ရနိုင်သည်။ ပဝတ္တိအခါ၌ကား ရုပ် (၂၈)ပါးလုံး ရနိုင်ပေသည်။ [၁၅]

ရုပ်အမျိုးအစားများ

[ပြင်ဆင်ရန်]

တစ်နည်းအားဖြင့် ရုပ်သည်—

  • (၁) ကမ္မဇရုပ် = ကံကြောင့်ဖြစ်ပေါ်လာသောရုပ်။
  • (၂) ကမ္မပစ္စယရုပ် = ကမ္မဇရုပ်နှင့် စပ်သွယ် နေသည့် အဇ္ဈတ္တဥတုကြောင့် ဖြစ်ပေါ်လာသော ရုပ်။
  • (၃) ကမ္မပစ္စယ ဥတုသမုဋ္ဌာနရုပ် = ကံ၏အပေါင်းအဖော်ဖြစ်သည့် ဗာဟိရဥတုကြောင့်ဖြစ်ပေါ်လာသော ရုပ်။
  • (၄) အာဟာရသမုဋ္ဌာနရုပ် = အာဟာရကြောင့် ဖြစ်ပေါ်လာသော ရုပ်။
  • (၅) အာဟာရ ပစ္စယရုပ် = အာဟာရ၏ ကူညီထောက်ပံ့ (စောင့်ရှောက်)မှုကို ခံယူရသော ရုပ်။
  • (၆) အာဟာရပစ္စယ ဥတုသမုဋ္ဌာနရုပ် = အာဟာရ၏ အပေါင်းအဖော်ဖြစ်သည့် ဥတုကြောင့် ဖြစ်ပေါ်လာသောရုပ်။
  • (၇) ဥတုသမုဋ္ဌာနရုပ် = ဥတုကြောင့် ဖြစ်ပေါ်လာသောရုပ်။
  • (၈) ဥတုပစ္စယရုပ် = ပဌမဥတု၏ အပေါင်းအဖော် ဖြစ်သည့် ဒုတိယဥတုကြောင့် ဖြစ်ပေါ်လာ သောရုပ်။
  • (၉) ဥတုပစ္စယဥတုသမုဋ္ဌာနရုပ် ဒုတိယဥတု၏ အပေါင်းအဖော် ဖြစ်သည့် တတိယဥတုကြောင့် ဖြစ်ပေါ်လာသော ရုပ်။
  • (၁၀) စိတ္တသမုဋ္ဌာနရုပ် = စိတ်ကြောင့် ဖြစ် ပေါ်လာသောရုပ်။
  • (၁၁) စိတ္တပစ္စယရုပ် = စိတ်၏ (ပစ္ဆာဇာတသတ္တိစသည်ဖြင့်) ကူညီ ထောက်ပံ့မှုကြောင့် ဖြစ်ပေါ်လာသောရုပ်။
  • (၁၂) စိတ္တပစ္စယဥတုသမုဋ္ဌာနရုပ် = စိတ်၏ အပေါင်းအဖော်ဖြစ်သော ဥတုကြောင့် ဖြစ်ပေါ်လာသော ရုပ်ဟူ၌ (၁၂)ပါး အပြားရှိ ́သည်။


ထိုတွင်-

  • (၁) ပသာဒရုပ် ၅-ပါး, ဘာဝရုပ်၂-ပါး, ဇီဝိတရုပ် ၁-ပါး, ဟဒယဝတ္ထုရုပ်၁-ပါးအားဖြင့် ဤ ၉-ပါးသောရုပ်တို့သည် ကမ္မဇရုပ်တို့မည်ကုန်၏။
  • (၂) ဆံပင်, မုတ်ဆိတ်, ကျင်စွယ်, ဆင်စွယ်, မြင်းမြီး, စာမရီမြီး အစရှိသည်တို့သည် ကမ္မပစ္စယရုပ်တို့ မည်ကုန်၏။
  • (၃) စကြာရတနာ, နတ် ဥယျာဉ်, နတ်ဗိမာန် အစရှိသည်တို့သည် ကမ္မပစ္စယဥတုသမုဋ္ဌာနရုပ်တို့ မည်ကုန်၏။
  • (၄) အာဟာရကြောင့်ဖြစ်သည့် ဝဏ္ဏ, ဂန္ဓ အစရှိသော သုဒ္ဓဋ္ဌကကလာပ်ရုပ်သည် အာဟာရသမုဋ္ဌာနရုပ်မည်၏။
  • (၅) ကဗဠီကာရဟာရ၏ စောင့်ရှောက်မှုကို ခံယူရသောကမ္မဇရုပ်သည် အာဟာရပစ္စယရုပ် မည်၏။
  • (၆) မသင့်မတင့်သော အာဟာရကို စားသောက်မှီဝဲ၍ နေပူ၌သွားသောသူအား ဖြစ်ပေါ်လာသော တင်းတိတ်, မှည့်မည်း, နူနာ အစရှိသည်တို့သည် အာဟာရပစ္စယ ဥတုသမုဋ္ဌာနရုပ်တို့ မည်ကုန်၏။
  • (၇) ဥတုကြောင့် ဖြစ်ပေါ်လာသည့် ဝဏ္ဏ, ဂန္ဓအစရှိသော သုဒ္ဓဋ္ဌကကလာပ်ရုပ်သည် ဥတုသမုဋ္ဌာနရုပ်မည်၏။
  • (၈) ဥတုကြောင့်ဖြစ်ပေါ် လာသည့် ဝဏ္ဏ, ဂန္ဓအစရှိသော သုဒ္ဓကကလာပ်ရုပ်၌ ပါဝင်သော ဥတုကြောင့် ဖြစ် ပေါ်လာသည့် ဝဏ္ဏ, ဂန္ဓ အစရှိသော ဒုတိယ သုဒ္ဓဋ္ဌကကလာပ်ရုပ်သည် ဥတုပစ္စယရုပ်မည်၏။
  • (၉) ထိုဒုတိယသုဒ္ဓဋ္ဌကကလာပ် ရုပ်၌ ပါဝင်သော ဥတုကြောင့် ဖြစ်ပေါ်လာသည့် ဝဏ္ဏ, ဂန္ဓ အစရှိသော တတိယသုဒ္ဓဋ္ဌကကလာပ် ရုပ်သည် ဥတုပစ္စယဥတုမဋ္ဌာနရုပ် မည်၏။
  • (၁၀) စိတ်ကြောင့် ဖြစ်ပေါ်လာသည့် ဝဏ္ဏ, ဂန္ဓ အစရှိသော သုဒ္ဓဋ္ဌကကလာပ် ရုပ်သည် စိတ္တသမုဋ္ဌာနရုပ် မည်၏။
  • (၁၁) စိတ်၏ (ပစ္ဆာဇာတသတ္တိ စသည်ဖြင့်) ထောက်ပံ့ ကူညီမှုကြောင့် ဖြစ်ပေါ်လာသော ဧကဇကာယ အစရှိသော ရုပ်သည် စိတ္တပစ္စယရုပ်မည်၏။
  • (၁၂) အတတ်ပညာဖြင့် စီရင်ခြင်းကြောင့် ကောင်းကင်၌ ထင်လာသော ဆင်ရုပ်, မြင်းရုပ်, ရထားရုပ်, စစ်သားရုပ် အစရှိသည်တို့သည် စိတ္တပစ္စယဥတုသမုဋ္ဌာနရုပ်တို့ မည်ကုန်၏။ [၁၆]

ရုပ်များ၏ တည်ရာအရပ်

[ပြင်ဆင်ရန်]

ရုပ် အပေါင်းတို့သည် စက္ခုပသာဒရုပ်သည် သတ္တဝါတို့၏ မျက်နက်ဝန်း၏ အလယ် ရှေ့တည့်တည့်၌ ရပ်နေသောသူတို့၏ ကိုယ် သဏ္ဌာန်အရိပ်(လူရိပ်)ထင်ရာအရပ်၌ခုနစ်ထပ်သော မျက်လွှာတို့ဖြင့် ပျံ့နှံ့၍တည်၏။ ၎င်းသည် ပမာဏ (အရွယ် အစား)အားဖြင့် သန်း သတ္တဝါ၏ ဦးခေါင်းခန့် ရှိလေသည်။

သောတပသာဒ ရုပ်သည် သတ္တဝါတို့၏ နားပေါက် အတွင်းဝယ် နီသောအဆင်း ရှိသော အမွေး နုကလေးများ အစီအရီပေါက်သော လက်စွပ်ကွင်းသဏ္ဌာန်ရှိသော အရပ်၌ တည်၏။

ဃာနပသာဒရုပ်သည် သတ္တဝါတို့၏ နှာခေါင်းပေါက် အတွင်းဝယ် ဆိတ်ခွာသဏ္ဌာန် ရှိသောအရပ်၌ တည်၏။

ဇိဝှါပသာဒရုပ်သည် သတ္တဝါတို့၏ လျှာအလယ် ကြာရွက်ဖျားပိုင်း သဏ္ဌာန်ရှိသော အရပ်၌ တည်၏။

ကာယပသာဒ ရုပ်သည် ကမ္မဇရုပ်၏ နှံ့ရာ အရပ် (ကမ္မဇာတဇောဓာတ်၏ တည်ရာ အရပ်, ဆံပင်ဖျား, အမွှေးဖျား, ခြေသည်း ဖျား, လက်သည်းဖျား, ခြောက် သွေ့သော အရေဖျား အရပ်တို့မှ တစ်ပါးသောအရပ်)ကို ပျံ့နှံ့၍ တည်၏။ [၁၇]

ဣတ္ထိဘာဝရုပ်, ပုမ္ဘာဘာဝရုပ်တို့သည် ကာယပသာဒ ရုပ်ကဲ့သို့ပင် ကမ္မဇရုပ်တို့၏ ပျံ့နှံ့ရာအရပ်ကို ပျံ့နှံ့တည်၏။

ဇီဝိတရုပ်သည် ကမ္မဇတေဇောဓာတ်နှင့် တကွ အလုံးစုံသော ကမ္မဇလုပ်တို့၏ နှံ့ရာအရပ် (ဆံပင်ဖျား, အမွေးဖျား, ခြေသည်း ဖျား လက်သည်းဖျား, ခြောက်သွေ့ သော အရေဖျားအရပ်တို့မှ တစ်ပါးသောအရပ်)ကို ပျံ့နှံ့၍ တည်၏။

ဟဒယဝတ္ထုရုပ်သည် နှလုံးသား(နှလုံးအိမ်)၏အတွင်း၌ တည်ရှိသည့် လက်ဆွန်းဝက်ပမာဏရှိသော သွေး (နှလုံးသွေး)၌ တည်၏။

အဝိနိဗ္ဗေ ဂရုပ် (၈) ခုတို့သည် ဆံပင်ဖျား, အမွေးဖျား, ခြေသည်းဖျား, လက်သည်းဖျား, ခြောက်သွေ့သော အရေဖျား, ကမ္မဇတေဇောဓာတ်၏ တည်ရာအရပ် အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး၌ တည်၏။ [၁၈]

ခန္ဓာကိုယ်ကို သုံးပိုင်းခွဲ၍ မှတ်သားခြင်း

[ပြင်ဆင်ရန်]

ထိုမှတစ်ပါး ခန္ဓာကိုယ်ကို သုံးပိုင်းခွဲ၍လည်း ရုပ်တို့၏တည်ရာအရပ်ကို မှတ်သား နိုင်ပေသေးသည်။ ခန္ဓာကိုယ်ကို—

  • (၁) ဥပရိမကာယ = လည်မျိုမှစ၍ အထက်ပိုင်း။
  • (၂) မဇ္ဈိမကာယ = ချက်မှစ၍ လည်မျိုတိုင်အောင် အလယ်ပိုင်း။
  • (၃) ဟေဋ္ဌိမကာယ = ချက်မှစ၍ ခြေဖျားတိုင်အောင် အောက်ပိုင်း ဟူ၍ သုံးပိုင်းပိုင်း၍-

ခန္ဓာကိုယ်အထက်ပိုင်း၌

[ပြင်ဆင်ရန်]

(၁) စက္ခုဒသကကလာပ်။ (၂) သောတဒသကကလာပ်။ (၃) ဃာနဒသကကလာပ်။ (၄) ဇီဝှါဒသကကလာပ်။ (၂) ကာယဒသကကလာပ်။ (၆) မိန်းမဖြစ်လျှင် ဣတ္ထိဘာဝဒသကကလာပ်, ယောက်ျားဖြစ်လျှင် ပုမ္ဘာဝဒသကကလာပ်တစ်ခုခု။ (၇) စိတ္တဇအဋ္ဌကကလာပ်။ (၈) ဥတုဇအဋ္ဌကကလာပ်။ (၉) အာဟာရဇအဋ္ဌကကလာပ်-ဟူ၍ ကလာပ်အားဖြင့် (၉) စည်း၊ ရုပ်အရေအတွက်အားဖြင့် (၈၄)ပါးသောရုပ်တို့ တည်ရှိကြသည်။

ခန္ဓာကိုယ်အလယ်ပိုင်း၌

[ပြင်ဆင်ရန်]

(၁) ကာယဒသကကလာပ်။ (၂) ဘာဝဒသကကလာပ်။ (၃) ဝတ္ထုဒသကကလာပ်။ (၄) စိတ္တဇအဋ္ဌကကလာပ်။ (၅) ဥတုဇအဋ္ဌကကလာပ်။ (၆) အာဟာရဇအဋ္ဌကကလာပ်–ဟူ၍ ကလာပ်အားဖြင့် (၆) စည်း၊ ရုပ်အရေအတွက်အားဖြင့် (၅၄)ပါးသော ရုပ်တို့သည် တည်ရှိကြသည်။

ခန္ဓာကိုယ်အောက်ပိုင်း၌

[ပြင်ဆင်ရန်]

(၁) ကာယဒသကကလာပ်။ (၂) ဘာဝဒသကကလာပ်၊ (၃) စိတ္တဇအဋ္ဌကကလာပ်။ (၄) ဥတုဇအဋ္ဌကကလာပ်။ (၅) အာဟာရဇအဋ္ဌကကလာပ်-ဟူ၍ ကလာပ်အားဖြင့်(၅) စည်း၊ ရုပ်အရေအတွက်အားဖြင့် (၄၄)ပါးသော ရုပ်တို့ တည်ရှိကြသည်။ [၁၉]

ရုပ်ကို ကြည့်၍ စိတ်နေ စိတ်ထားကို ဖော်ပြခြင်း

[ပြင်ဆင်ရန်]

ရုပ်သည် သတ္တဝါတို့၏ အတွင်း စိတ်နေ သဘောထားကို လည်းကောင်း ရောဂါကို လည်းကောင်း အထင်အရှား ဖော်ပြနိုင်ပေသည်။ ရုပ်ကိုကြည့်၍ ထိုပုဂ္ဂိုလ်၏ အတွင်း စိတ်နေသဘောထားကို တိကျစွာ ဟောပြနိုင်သော အတတ်ပညာရပ်များအကြောင်းလည်း ကျမ်းဂန်တို့၌ အထင်အရှား တွေ့မြင် နိုင်လေသည်။

ဥပမာအားဖြင့် ကာမရာဂ အားကြီးသောသူ၏ ခြေရာသည် ခြေဖဝါး၏ အလယ်အရပ်နှင့် မြေကြီးကို မထိမူ၍ ဆောင့်ကြွားကြွားရှိ၏။ အမျက် ဒေါသကြီးသော သူ၏ ခြေရာသည် ဖနှောင့်နေရာ၌ အနည်း ငယ်သိမ်၏။ မောဟ အားကြီးသောသူ၏ ခြေရာသည် ခြေကို တရွတ်ဆွဲ၍ သွားသော သူ၏ ခြေရာကဲ့သို့ အဆောတလျင် ခြေဖျား ဖနှောင့်ဖြင့်သာ ထောက်နင်းမိ၏။ ကိလေသာကင်းပြီးသော ဘုရားရှင်၏ ခြေရာသည် ခြေဖဝါးပြင် တစ်ခုလုံး ညီညာစွာ ထိခြင်း ရှိ၏ဟူ၍ လူ၏ခြေရာကို ကြည့်ရုံမျှဖြင့် ထိုခြေရာရှင်၏ စရိုက်ကို ဟောပြောနိုင်သော မာဂဏ္ဍိယမိဖုရား၏ မိခင် ပုဏ္ဏေးမကြီး [၂၀]၏ အတတ်ပညာသည်လည်းကောင်း ခြေရာကိုကြည့်ရှု၍ သူခိုး ဖမ်းနိုင်သော ပဒကုသလလုလင် [၂၁]၏ အတတ်ပညာသည်လည်းကောင်း သိဒ္ဓတ္ထမင်းသားသည် ဧကန်စင်စစ် ဘုရား ဖြစ်လိမ့်မည်ဟု ဟောပြောသော ကောဏ္ဍညပုဏ္ဏား [၂၂]၏ အတတ် ပညာသည်လည်းကောင်း, ဤအသံကား သူဋ္ဌေး၏အသံ၊ ဤအသံကား လူဆင်းရဲ၏ အသံဟု အသံကြားရုံဖြင့် ပစ္စည်း ရှိမရှိကို သိစွမ်းနိုင်သော ဗိမ္ဗိသာရမင်းကြီး [၂၃]၏ အတတ်ပညာသည်လည်းကောင်း ရုပ်ကို ကြည့်ရှုနားထောင်၍ သိစွမ်းနိုင် ဆုံးဖြတ်နိုင်သော ပညာရပ်များ ဖြစ်ကြပေသည်။

ရုပ်ကို ကြည့်၍ ရောဂါကို ဖော်ပြခြင်း

[ပြင်ဆင်ရန်]

ထိုမှတစ်ပါး လူနာ၏ ခန္ဓာကိုယ်သည် ကြမ်းတမ်းခက်မာ တောင့်တင်းနေလျှင် ထိုလူနာ၏ရောဂါသည် ပထဝီဓာတ်ပျက်စီးခြင်းကြောင့်, ပုပ်ဟောင်နံစော်နေလျှင် အာပေါဓာတ်ပျက်စီးခြင်းကြောင့်, ပူလောင်နေလျှင် တေဇောဓာတ်ပျက်စီးခြင်းကြောင့်, စုတ်ပြတ် ကွဲအက်နေလျှင် ဝါယောဓာတ် ပျက်စီးခြင်းကြောင့် ဖြစ်ရသည်ဟူ၍ လည်းကောင်း, လူနာ၏ မျက်စိသည် ဖြူဖပ်ဖြူလျော် ဖြစ် နေလျှင် ထိုလူနာ၏ရောဂါသည် သလိပ်အား ကြီးခြင်းကြောင့်, မည်းနက်‌သော အဆင်းရှိနေလျှင် သည်းခြေအားကြီးခြင်းကြောင့်, ကြမ်းတမ်းခက်မာ တောင့်တင်းနေလျှင် ပထဝီဓာတ်အားကြီးခြင်းကြောင့်, မျက်ရည် တရွဲရွဲကျနေလျှင် အာပေါဓာတ်အားကြီးခြင်းကြောင့်, အလွန်ပူလောင်နေလျှင် တေဇောဓာတ်အားကြီးခြင်းကြောင့်, ချာချာလည်နေလျှင် ဝါယောဓာတ်အားကြီးခြင်းကြောင့် ဖြစ်ရသည်ဟူ၍လည်းကောင်း လူနာ၏ ရုပ်ကိုကြည့်၍ ရောဂါကိုဆုံးဖြတ်နိုင်ပေသည်။ [၂၄][၁]

ရုပ်တို့၏ သက်တမ်း

[ပြင်ဆင်ရန်]

[၂၅] ရုပ်၏ခဏ(ဝါ) ရုပ်၏သက်တမ်းသည် စိတ္တက္ခဏ (၁၇)ချက် ခန့် ရှိသည်။ သို့သော် ဝိညတ်ဒွေးနှင့် လက္ခဏရုပ်လေးခုတို့၏ သက်တမ်းမှာမူ စိတ္တက္ခဏ (၁၇) ချက်ခန့် မရှိချေ။ ထိုတွင်ဝိညတ်ဒွေးသည် စိတ္တက္ခဏ (၁) ချက်ခန့်ရှိ၍ ဥပစယ သန္တတိဟုခေါ်သော ဇာတိရုပ်သည် စိတ်၏ ဥပါဒ်ခဏမျှသာ အသက်ရှိသည်။ အနိစ္စတာ ဟုခေါ်သော မရဏရုပ်သည် စိတ်၏ဘင်ခဏ မျှသာ အသက်ရှိသည်။ ဇရတာရုပ်သည် စိတ္တက္ခဏ (၁၆) ချက်ခန့် အသက်ရှိသည်။ ကြွင်းသောရုပ် (၂)ပါးတို့သည်ကား-စိတ္တက္ခဏ (၁၇) ချက်ခန့် ရှိသည်။ [၂၆] [၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ တိပိဋကအဘိဓာန် အတွဲ-၁၇
  2. (သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ၊ ဇိဃစ္ဆာယပိ ရုပ္ပတိ၊ ပိပါသာယပိ ရုပ္ပတိ၊ ဍံသမကသဝါတာတပသရီသပသမ္ဖဿေနပိ ရုပ္ပတိ။ (သံ၊၂၊၇၁)
  3. (သံ၊ဋ္ဌ၊၂၊၂၆၇-၈။)
  4. (အဘိ၊ဋ္ဌ၊၂၊၇။)
  5. (အဘိ၊ဋ္ဌ၊၂၊၂၄-၆။ သင်္ဂဟ၊ ပဉ္စဒွါရဝီထိပိုင်း။ ဝိဘာဝိနီ၊၁၃၈-၄၇။)
  6. (သင်္ဂဟ၊ ရူပသမုဋ္ဌာနကဏ္ဍ။)
  7. (သင်္ဂဟ၊ ရူပပဝတ္တိက္ကမကဏ္ဍ။ ဝိဘာဝိနီ၊၂၁၂-၅။)
  8. (မ၊၁၊၁၀၅။ မ၊ဋ္ဌ၊၁၊၃၄၁။)
  9. (အဘိ၊ဝိ၊၄၂၇-၃၁။ ယမက၊၁၊ဝ၁-၃။ အဘိ၊ဋ္ဌ၊၂၊၂၀-၁။ အဘိ၊ဋ္ဌ၊၃၊၃၀၈-၉။ သင်္ဂဟ၊ ရူပပဝတ္တိက္ကမပိုင်း။)
  10. (အဘိ၊ဋ္ဌ၊၂၊၂၁။)
  11. (သံ၊၁၊၂၀၈။ သံ၊ဋ္ဌ၊၁၊၂၇၄-၅။ သံ၊ဋီ၊၁၊၃၀၆-၇။)
  12. (အဘိ၊ဋ္ဌ၊၃၊၂၄၀။ မူလဋီ၊၃၊၁၃၀-၁။
  13. (သံ၊ဋ္ဌ၊၁၊၂၇၅။)
  14. (သင်္ဂဟ၊ ရူပပဝတ္တိက္ကမ။)
  15. (သင်္ဂဟ။ ရူပပဝတ္တိက္ကမပိုင်း။)
  16. (အဘိ၊ဋ္ဌ၊၁၊၃၇၇-၈)။
  17. (အဘိ၊ဋ္ဌ၊၁၊၃၄၅-၈။)
  18. (ပရမတ္ထဝိနိစ္ဆယ၊၅၉။ ဝိဘာဝိနီ၊ ၁၉၇-၈။ မဏိမဉ္စူ၊၂၊၁၂၉-၃၄။)
  19. (အဘိ၊ဋ္ဌ၊၁၊၃၅၃။)
  20. (ဓမ္မ၊ဋ္ဌ၊၁၊၁၂၉။)
  21. (ဇာ၊ဋ္ဌ၊၃၊၄၇၇-၈၈။)
  22. (ဗုဒ္ဓဝံ၊ဋ္ဌ၊၂၃၂-၄။)
  23. (ဓမ္မ၊ဋ္ဌ၊၁၊၁၄၈။)
  24. (အဘိ၊ဋ္ဌ၊၁၊၃၃၉-၄၅။) (ရုပ် ၂၈-ပါး၌ မှတ်သားဖွယ်အကျယ်ကို အဘိ၊ဓ၊၁၄၅၊ ၂၀၄။ အဘိ၊ဝိ၊၁၊၂၊ ၁၃၊ ၁၅၊ ၆၉၊ ၇၄၊ ၈၄၊ ၉၂။ ယမက၊၁၊၃၁-၂၊ ၁၂၈-၉၊ ၁၅၀။ အဘိ၊ဋ္ဌ၊၁၊၁၁၃၊ ၃၃၅-၇၄၊ ၃၇၇-၈။ အဘိ၊ဋ္ဌ၊၂၊၃၊ ၁၂၊ ၄၂၊ ၄၈၊ ၅၂။ ဝိသုဒ္ဓိ၊၂၊၁၉၂၊ မူလဋီ၊၁၊၁၃၉-၅၈။ မူလဋီ၊၂၊၄၊ ၁၁၊ ၃၄၊ ၄၂။ အနုဋီ၊၁၊၁၄၆-၇၁။ အနုဋီ၊၂၊၉၊ ၁၆၊ ၃၉၊ ၅၁။ သင်္ဂဟ၊ ရူပပရိစ္ဆေဒ။ အဘိ၊ဝတာရ၊၈၆-၁၀၇။ နာမရူပပရိစ္ဆေဒ၊ ၄၂၊ ၅၃။ ပရမတ္ထဝိနိစ္ဆယ၊၅၇-၇၈။ ဝိဘာဝိနီ၊၇၅၊ ၁၉၄၊ ၂၁၇။ မဏိမဉ္ဇူ၊၁၊၁၃၃-၆။ မဏိမဉ္ဇူ၊ ၂၊၁၀၂၊ ၂၂၁။ အဘိ၊ဝတာရ၊ဋီ၊သစ်၊၁၀၅-၈၉။ သင်္ဂြိုဟ်၊ မဟာဋီ၊ သစ်။ ၂၃၉-၉၃။ အဘိ၊ဒီပက၊၂၊၁-၁၀၈။တို့၌ကြည့်။)
  25. ရူပက္ခဏ (ပု) [ရူပ+ခဏ။ က္ခ။ ဏ = (ခဏ)-သံ။] ရုပ်၏-ခဏ-တည်နေနိုင်ရာအခါ။ ရူပဿာတိ ရူပက္ခဏဿ။ အနုဋီ၊၂၊၂၆။
  26. သင်္ဂဟ၊ ဝီထိပိုင်း။ ဝိဘာဝိနိ။ ၁၄၀-နှာ။ မဏိမဉ္ဇူ၊၁၊၄၄၀-၄)။