ဋီကာ
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁]ဋီကာကျမ်း၊ အဋ္ဌကထာ၏အနက် အဓိပ္ပါယ်ကို ဖွင့်ပြသောကျမ်း။ နိကာယ် ၅-ရပ် ပိဋကတ် ၃-သွယ်ဟူသော ဘုရားဟောဖေါ် ပါဠိတော်တို့၏ လျှို့ဝှက်ခဲကပ် အသိကြပ်သည့် ပါဠိပုဒ် တခုတခုစီ၏ အသီးအသီးသော ဟောနက်နှင့် ဒေသနာ ရှင် မြတ်စွာဘုရား၏ ဟောကြား လိုရင်း နှလုံးသွင်း အာဘောဂတို့ကို အရှင်မဟာဗုဒ္ဓဃောသ-စသော ရှေးမထေရ်ကြီးများက အဋ္ဌကထာဟု မှည့်ခေါ်ပညတ် ကမ္ပည်း တပ်ထားသည့် အဖွင့်ကျမ်းများဖြင့် ဖွင့်ဆို ရေးသားတော်မူခဲ့ကြသည်၊ ယင်းသို့ဘုရားရှင့် အလိုပေါ်အောင် ဖွင့်ဖော် ပြသထားသည့် အဋ္ဌကထာကျမ်းကြီးများ၌ပင် နောက်သားတို့ မသိမမြင်နိုင်ဖွယ်အချက် ခက်ခဲသော အနက်အဓိပ္ပါယ်များ ပါရှိပြန်လေရာ အရှင်အာနန္ဒာ-စသော မထေရ်ကြီးများက ဋီကာ ခေါ် အဖွင့်ကျမ်းများဖြင့် အဋ္ဌကထာ၏ အခက်အခဲတို့ကို ဖျက်ခွဲ ဖွင့်ဆိုတော်မူခဲ့ကြ ပြန်သည်၊ ကျမ်းပြုပုဂ္ဂိုလ်နှင့်တကွ ထိုဋီကာကျမ်းတို့ကို ယင်းတို့၏ ဂန္ထာရမ္ဘအခန်း, ကျမ်းပြီးနိဂုံးလာ စကားရပ်တို့နှင့် ဂန္ထဝံသပါဌ် သာသနာလင်္ကာရစာတမ်း, သာသနဝံသပ္ပဒီပိကာ, ပိဋကတ်တော်သမိုင်းတို့၏ အဆိုကို ညှိနှိုင်း၍ ဖေါ်ပြပါအံ့။
ဝိနည်းဋီကာကြီး ၃ ကျမ်း
[ပြင်ဆင်ရန်]ဝိနည်း ၅-ကျမ်းပါဠိတော်ကို ဖွင့်ဆိုသည့် သမန္တပါသာဒိကာအဋ္ဌကထာကြီး (၄-တွဲ)၏ အဖွင့်ဋီကာကား ၃-စောင်ရှိလေသည်၊ ယင်း တို့ကား ဝဇိရဗုဒ္ဓိဋီကာ, သာရတ္ထဒီပနီဋီကာနှင့် ဝိမတိဝိနောဒနီဋီကာတို့ဖြစ်သည်၊ ထိုတွင် ရှေးအကျဆုံးဖြစ်သည့် ဝဇိရဗုဒ္ဓိဋီကာကို ဝဇိရဗုဒ္ဓိ မည်သော မထေရ်တပါးက ရေးသား စီရင်တော် မူခဲ့သည်၊ ထိုဋီကာကို ဆဋ္ဌသံဂါယနာမူဖြင့် တတွဲတည်း အပြီးပုံနှိပ်ထားသည်၊ ထိုနောက် သာရတ္ထဒီပနီဋီကာကို သာသနာတော် ၁၆၉၆-ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်သော မဟာပရက္ကမဗာဟု မင်းလက်ထက် ထိုမင်းဆောက်လုပ်လှူဒါန်းအပ်သော ပုလတ္ထိမြို့ ဇေတဝန်ကျောင်းတိုက်နေ အရှင်သာရိပုတြာထေရ် ရေးသားစီရင်တော်မူသည်၊ ထိုဋီကာကား ဆဋ္ဌမူဖြင့် အတွဲ ၃-တွဲရှိသည်၊ ထိုနောက်တဖန် ဆဋ္ဌမူဖြင့် အတွဲ ၂-တွဲရှိသည့် ဝိမတိဝိနောဒနီဋီကာကို သီဟိုဠ်ကျွန်းအဝင် စောဠတိုင်းနေ အရှင်ကဿပထေရ်က ရေး သား စီရင်တော်မူခဲ့ပြန်သည်၊ ဤဋီကာ ၃-ကျမ်းကို ဝိနည်းဋီကာကြီး ၃-ကျမ်းဟု ခေါ်သည်။
ဒွေမာတိကာ ဋီကာ၂-ကျမ်း
[ပြင်ဆင်ရန်]ဒွေမာတိကာခေါ် ပါတိမောက်ပါဠိတော်ကို ဖွင့်ဆိုသည့် ကင်္ခါဝိတရဏီအဋ္ဌကထာကျမ်း၏ အဖွင့်ဋီကာကား ၂-စောင်ရှိသည်၊ ထိုတွင် ကင်္ခါဝိတရဏီဋီကာဟောင်းကို သီဟိုဠ်ကျွန်း အနုရာဓမြို့နေ အမည်မသိထေရ် ပြုသည်ဟု ပိဋကတ်တော်သမိုင်း၌ ဆိုသည်၊ ဝိနယတ္ထမဉ္ဇူသာမည်သော ကင်္ခါဝိတရဏီ ဋီကာသစ်ကို သာရတ္ထဒီပနီဋီကာကျမ်းပြု အရှင်သာရိပုတြာ၏တပည့် အရှင်ဗုဒ္ဓနာဂထေရ် ရေးသား စီရင်တော်မူသည်၊ ယင်း ဋီကာ ၂-စောင်ကို တွဲ၍ ဆဋ္ဌမူဖြင့် တတွဲတည်းအပြီး ပုံနှိပ်ထားသည်။
ဒီဃနိကာယ်ဋီကာ
[ပြင်ဆင်ရန်]သုတ္တန်ပိဋက ဒီဃနိကာယ်ပါဠိတော် ၃-ကျမ်း၏အဖွင့် သုမင်္ဂလဝိလာသိနီအဋ္ဌကထာကြီး (၃-တွဲ)ကို ဖွင့်ဆိုသည့် လီနတ္ထပ္ပကာသိနီ မည်သော ဒီဃနိကာယ်ဋီကာ (၃-တွဲ)ကို အိန္ဒိယပြည်တောင်ပိုင်း နာဂဋ္ဋန် (သင်္ဘောဆိပ်) မြို့၌ သိရီဓမ္မာသောကမင်းကြီး ဆောက်လုပ် လှူဒါန်းခဲ့သော ဗဒရတိတ္ထ (ဆီးပင်ဆိပ်) ကျောင်းနေ အရှင်ဓမ္မပါလထေရ် ရေးသားစီရင်တော်မူသည်၊ ထိုမထေရ်ကား သာသနာတော် ၁၁, ၁၂-ရာစုခန့်တွင် ထွန်းပေါ်ခဲ့သော အရှင်မြတ်ဟု ပညာရှင်များ ခန့် မှန်းကြသည်။ ထို့နောက် ဂေါစာသကရာဇ် ၁၁၄၃-ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်သော အမရပုရ ပဌမမြို့တည်နန်းတည် ဘိုးတော်မင်း တရားကြီးလက်ထက် ဉာဏာဘိဝံသဓမ္မသေနာပတိ သာသနာပိုင်မောင်းထောင်ဆရာတော်သည် သာဓုဝိလာသိနီမည်သော သီ-လက္ခန်ဋီကာသစ် (၂-တွဲ)ကို ရေးသားစီရင်တော် မူခဲ့ပြန်သည်။
မဇ္ဈိမနှင့်သံယုတ္တနိကာယ်ဋီကာ
[ပြင်ဆင်ရန်]မဇ္ဈိမနိကာယ်ပါဠိတော် ၃-ကျမ်း၏အဖွင့် ပပဉ္စသူဒနီအဋ္ဌကထာကြီး (၄-တွဲ)ကို ဖွင့်ဆိုသည့် လီနတ္ထပ္ပကာသိနီ မည်သော မဇ္ဈိမ-နိကာယ်ဋီကာ (၃-တွဲ)ကို၎င်း, သံယုတ္တနိကာယ်ပါဠိတော် ၅-ကျမ်း၏အဖွင့် သာရတ္ထပ္ပပကာသိနီအဋ္ဌကထာကြီး (၃-တွဲ)ကို ဖွင့်ဆိုသည့် လီနတ္ထပ္ပကာသိနီပင် မည်သောသံယုတ် ဋီကာ (၂-တွဲ)ကို၎င်း ဒီယံနိကာယ်ဋီကာ ကျမ်းပြု အရှင်ဓမ္မပါလထေရ် ရေးသားစီရင်တော် မူခဲ့သည်။
အင်္ဂုတ္တရနိကာယ်ဋီကာ
[ပြင်ဆင်ရန်]အင်္ဂုတ္တိုရ်ပါဠိတော် ၁၁-ကျမ်း၏ အဖွင့် မနောရထပူရဏီ အဋ္ဌကထာကြီး (၃-တွဲ)ကို ဖွင့်ဆိုသည့် လီနတ္ထပ္ပကာသိနီမည်သော အင်္ဂုတ္တိုရ်ဋီကာဟောင်းကို ဒီဃ, မဇ္ဈိမ, သံယုတ္တနိကာယ် ဋီကာကျမ်းပြု အရှင်ဓမ္မပါလ ထေရ် စီရင်သည်ဟု ဂန္ထဝံသနှင့် ပိဋကတ်တော်သမိုင်းတို့၌ ဆိုသည်၊ ထိုတွင် ဧကက, ဒုက, တိက နိပါတ် ၃-ကျမ်း အဖွင့်ဋီကာသာ
မြန်မာနိုင်ငံ၌ရှိ၍ ကျန် ၈-ကျမ်း၏ အဖွင့်ဋီကာသည် မြန်မာနိုင်ငံ၌ မရှိဟု ပိဋကတ်တော် သမိုင်း၌ ဆိုသည်။ သာရတ္ထမဉ္ဇူသာ မည်သော အင်္ဂုတ္တိုရ် ၁၁-ကျမ်းအဖွင့်ဋီကာသစ်ကို သာရတ္ထဒီပနီ ဝိနည်းဋီကာကျမ်းပြု အရှင်သာရိပုတြာထေရ် ရေးသားစီရင်တော်မူသည်၊ ယင်းဋီကာသည် ဆဋ္ဌမူဖြင့် ပုံနှိပ်ထားရာ အတွဲ ၃-တွဲ ရှိလေသည်၊
ဝိသုဒ္ဓိမဂ်မဟာဋီကာ
[ပြင်ဆင်ရန်]ဒီဃ, မဇ္ဈိမ, သံယုတ္တ, အင်္ဂုတ္တရ-ဟူသော နိကာယ် လေး-ဝ သုတ္တန်ပိဋကကို အထူးအားဖြင့် မှီငြမ်းဖွင့်ဆိုသည့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ကြီး (၂-တွဲ)၏ အဖွင့် ပရမတ္ထမဉ္ဇူသာ မည်သော ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ (၂-တွဲ)ကို ဒီဃနိကာယ် ဋီကာကျမ်းပြု အရှင်ဓမ္မပါလ ထေရ် စီရင်တော်မူသည်။
အဘိဓမ္မာဋီကာများ
[ပြင်ဆင်ရန်]အဘိဓမ္မာပါဠိတော် ၇-ကျမ်းကို ဖွင့်ဆိုသည့် အဘိဓမ္မာအဋ္ဌကထာကြီး(၃-ကျမ်း)၏ အဖွင့်ဋီကာကို အရှင်အာနန္ဒာထေရ် ရေး သားစီရင်တော်မူသည်၊ ယင်းဋီကာကို အလုံးစုံသော ဋီကာတို့၏ အရင်းမူလ ပဌမဖြစ်သောကြောင့် မူလဋီကာ ဟု မှည့်ခေါ်ကြသည်၊ ထိုမူလဋီကာကျမ်းပြု အရှင်အာနန္ဒာထေရ်သည် သာသနာတော်နှစ် ၁၀, ၁၁-ရာစုခန့်တွင် ထွန်းပေါ်ခဲ့သည်ဟု ပညာရှင်များ ခန့် မှန်းကြသည်၊ ထို့နောက် ယင်းမူလဋီကာ၏ လျှို့ဝှက်ခဲကပ် အသိကြပ်သော ပုဒ်တို့ကို ဖွင့် ဆိုသည့် ဋီကာကျမ်းကို ဒီဃနိကာယ်ဋီကာ ကျမ်းပြု အရှင်ဓမ္မပါလထေရ် ရေးသားစီရင်တော်မူသည်၊ ယင်းဋီကာသည် မူလဋီကာတွင် မထင်မလွယ်သည်ကို ထင်လွယ်သိသာ အောင် တဖန်ထပ်ဆင့် ဖွင့်ပြသောကြောင့် အနုဋီကာ ဟု အမည်တွင်သည်၊ ယင်း မူလဋီကာနှင့် အနုဋီကာတို့ကို ဆဋ္ဌသံဂါယနာမူဖြင့် ပုံနှိပ်ရာတွင် ဓမ္မသင်္ဂဏီ မူလဋီကာနှင့် အနုဋီကာကို တွဲဖက်၍ ပဌမတွဲအဖြစ်ဖြင့်၎င်း ဝိဘင်းမူလဋီကာနှင့် အနုဋီကာကို တွဲဖက်၍ ဒုတိယတွဲအဖြစ်ဖြင့်၎င်း, ပဉ္စမကြိုဏ်မူလဋီကာနှင့် အနုဋီကာကို တွဲဖက်၍ တတိယ အဖြစ်ဖြင့်၎င်း ပုံနှိပ်ထားသည်။ ယင်းသို့ မူလဋီကာ၏ အခက်အခဲတို့ကို အရှင်ဓမ္မပါလထေရ်က အနုဋီကာကျမ်းဖြင့် ဖျက်ခွဲဖွင့်ဆိုပြီး ဖြစ်သော်လည်း မြန်မာပြည်ဖွား ဆရာတော်ကြီး ၂-ပါးက မဏိဒီပဋီကာ, မဓုဋီကာတို့ဖြင့် ထိုမူလဋီကာကိုပင် တန်းဆာဆင်ကာ ဖွင့်ဆိုတော်မူကြပြန်သည်၊ ထိုတွင် မဏိဒီပဋီကာကျမ်းကို သက္ကရာဇ် ၈၀၄-ခုတွင် နန်းတက်သော စစ်ကိုင်းမြို့ ထူပါရုံစေတီ ဒါယကာ နရပတိကြီးမင်း လက်ထက် ပင်းယမြို့တောင် စကားအင်းရွာ ဇာတိ အရှင်အရိယဝံသ ဓမ္မသေနာပတိထေရ် စီရင်တော်မူသည်။ မဓုဋီကာ ခေါ် မဓုသာရတ္ထဒီပနီဋီကာကို ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရား လက်ထက် သကရာဇ် ၉၂၄-၉၃၂ ခုတွင် အရှင်မဟာနန္ဒထေရ် ရေးသား စီရင်တော်မူခဲ့သည်။ ယင်း မဏိဒီပဋီကာနှင့် မဓုဋီကာကား ဆဋ္ဌမူဖြင့် ပုံနှိပ်ရခြင်းမရှိသေးပေ။
ကျန် ခုဒ္ဒကနိကာယ်ဋီကာများ
[ပြင်ဆင်ရန်]ပရမတ္ထဇောတိကာမည်သော ခုဒ္ဒကပါဌ အဋ္ဌကထာ၏အဖွင့် ပရမတ္ထသူဒနီ မည်သော ခုဒ္ဒကပါဌဋီကာကို ကုန်းဘောင်ဆက် ရတနာပုရ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော် မင်းတရား လက်ထက်တွင် ထင်ရှားကျော်စောသည့် ပဌမငါးခုန်ဆရာတော် အရှင်အာဒိစ္စဝံသထေရ် ရေးသား စီရင်တော်မူသည်၊ ယင်းကား ပေမူအဖြစ်ဖြင့်သာ တည်ရှိ နေပေသေးသည်။ ဓမ္မပဒတ္ထဒီပနီ (ဓမ္မပဒ ဋီကာဟောင်း)မှာ သီဟိုဠ်ကျွန်းဖြစ် ကျမ်း ဖြစ်၍ ကျမ်းပြုဆရာအမည်မသိဟု ပိဋကတ်တော်သမိုင်း၌ ဆိုသည်၊ ဓမ္မပဒဋီကာသစ်ကို ပုခန်းကြီးမြို့ စီရင်စု ရေစကြိုဇာတိ အရှင်ဝရသမ္ဗောဓိထေရ် ပြုစုတော်မူသည်၊ ယင်း ဓမ္မ ပဒဋီကာ ၂-စောင်ကို ဆဋ္ဌမူဖြင့် ပုံမနှိပ်ရသေးပေ။ ပါဌဇာတ် အဋ္ဌကထာ၏အဖွင့် လီနတ္ထုပ္ပကာသိနီ မည်သော ဇာတ်ဋီကာဟောင်းကို ဒီဃနိကာယ်ဋီကာကျမ်းပြု အရှင်ဓမ္မပါလထေရ် စီရင်သည်ဟု ဂန္ထဝံသနှင့် ပိဋကတ်တော် သမိုင်းတို့၌ဆိုသည်၊ ဒီပနီပေါင်းများစွာကို ရေးသား ပြုစုတော်မူသည့် မုံရွာမြို့ လယ်တီ ဆရာတော်ဘုရားကြီးကမူ ပါဌဇာတ်ဋီကာကို အရှင်ဓမ္မပါလဆရာ စီရင်သည် ဟူကြကုန်၏၊ ရေးပုံသားပုံ စာနေစာသွား အခြင်းအရာ အလုံးစုံကို ထောက်သော် ထိုဆရာ၏ အခြင်းအရာစင်စစ်မဟုတ်ဟု သိသာသည် ဟူ၍ ပါရမီဒီပနီ၌ မိန့်ဆိုတော်မူသည်၊ ပါဌဇာတ်ဋီကာသစ်ပါဌ်ကို မန္တလေးရတနာပုံ ခေတ်မောင်းထောင် ဆရာတော် အရှင်ပညာသာမိထေရ် ပြုစုတော်မူသည်၊ ယင်းဇာတ် ဋီကာ ၂-စောင်လည်း ဆဋ္ဌမှုဖြင့် ပုံနှိပ်ခြင်း မရှိသေးပေ။ နေတ္တိအဋ္ဌကထာ၏ အဖွင့် နေတ္တိ ဋီကာဟောင်းပါဌ်ကို ဒီဃနိကာယ်ဋီကာစသော ဋီကာပေါင်းများစွာနှင့် နေတ္တိအဋ္ဌကထာကျမ်းကို ပြုစုတော်မူသည့် အရှင်ဓမ္မပါလထေရ်ပင် စီရင်သည်ဟု ဂန္ထဝံသနှင့် ပိဋကတ်တော် သမိုင်းတို့၌ ဆိုသည်၊ ဂန္ထာရမ္ဘနှင့် ကျမ်းပြီးနိဂုံးမပါရှိ၍ အတိအကျ မသိရပေ။ ထိုအရှင်ဓမ္မပါလထေရ်သည် နေတ္တိအဋ္ဌကထာ အပြင် ဥဒါန်း, ဣတိဝုတ်, ဝိမာနဝတ္ထု, ပေတဝတ္ထု, ထေရဂါထာ, ထေရီဂါထာ, စရိယာပိဋကပါဠိတော်တို့၏အဖွင့် အဋ္ဌကထာများကိုလည်း ရေးသားစီရင်တော်မူခဲ့သည်၊ နေတ္တိ ဝိဘာဝိနီဋီကာကို သဒ္ဓမ္မပါလသိရိမဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်သည် သကရာဇ် ၉၂၆-ခုနှစ်တွင် အပြီးစီရင်တော်မူသည်၊ ယင်းဋီကာ ၂-ကျမ်းကို တွဲ၍ ဆဋ္ဌမူဖြင့်တအုပ်တည်း အပြီးပုံနှိပ်ထားသည်။ ထို့နောက်တဖန် ပေဋကာလင်္ကာရ ခေါ် နေတ္တိ မဟာဋီကာသစ်ကျမ်းကို သီလက္ခန်ဋီကာသစ် ကျမ်းပြုဉာဏာဘိဝံသဓမ္မသေနာပတိ မောင်းထောင်သာသနာပိုင်ဆရာတော်က ပြုစုတော်မူပြန်သည်၊ ယင်းကား ဆဋ္ဌမှုဖြင့် ပုံနှိပ်ခြင်း မရှိသေးပေ။
ဥဒါန်းဋီကာ, ဣတိဝုတ်ဋီကာ, သုတ္တနိပါတ် ဋီကာ, ဝိမာနဝတ္ထုဋီကာ, ပေတဝတ္ထုဋီကာ, ထေရဂါထာဋီကာ, ထေရီဂါထာဋီကာ, ထေရာပဒါန်ဋီကာ, ဗုဒ္ဓဝင်ဋီကာ, စရိယာပိဋကဋီကာ, မဟာနိဒ္ဒေသဋီကာတို့ကား သီဟိုဠ်ကျွန်းမှ မြန်မာနိုင်ငံသို့ မရောက်လှာဟု ပိဋကတ်တော်သမိုင်း၌ဆိုသည်။
လက်သန်းဋီကာ
[ပြင်ဆင်ရန်]လက်ညှိုး လက်မအလား ကြီးမားသည့် ထောက်၍ အကျဉ်း အဋ္ဌကထာများကို အမြွက်မျှဆိုသည့် အဋ္ဌကထာကျမ်းငယ်များကို လက်သန်းအဋ္ဌကထာဟု ခေါ်သည်၊ ထိုလက်သန်း အဋ္ဌကထာသည် ဝိနည်းလက်သန်းအဋ္ဌကထာ, အဘိဓမ္မာလက်သန်း အဋ္ဌကထာဟူ၍ ၂-မျိုးပြားပြန်ရာ ယင်း၏အဖွင့် ဋီကာလည်း ဝိနည်းလက်သန်းဋီကာ အဘိဓမ္မာလက်သန်းဋီကာ ဟူ၍ ၂-မျိုး ပြားလေသည်။
ဝိနည်းလက်သန်းဋီကာ
[ပြင်ဆင်ရန်]သာရတ္ထဒီပနီဋီကာကျမ်းပြု အရှင်သာရိပုတြာထေရ်စီရင်အပ်သည့် ဝိနယသင်္ဂဟလက်သန်း အဋ္ဌကထာ၏အဖွင့် ဝိနယသင်္ဂဟဋီကာ ဟောင်းကို ထိုအရှင်သာရိပုတြာထေရ်ပင် စီရင်သည်ဟု ဂန္တဝံသနှင့် ပိဋကတ်တော် သမိုင်းတို့၌ ဆိုသည်၊ ယင်းကား ဆဋ္ဌမှုဖြင့် ပုံနှိပ်ရခြင်း မရှိသေးပေ။ ဝိနယာလင်္ကာရဋီကာခေါ် ဝိနယသင်္ဂဟဋီကာသစ်ကို ညောင်ရမ်း ၁၀-ဆက် သာလွန်မင်းတရားလက်ထက် သက္ကရာဇ် ၁၀၀၉-ခုနှစ်တွင် စလင်းမြို့ဇာတိ တိပိဋကာလင်္ကာရဘွဲ့တံဆိပ်တော်ရ တောင်ဖီလာဆရာတော် စီရင်တော်မူသည်၊ ယင်းကား ဆဋ္ဌမူဖြင့် အတွဲ ၂-တွဲရှိသည်။ အရှင်ဓမ္မသိရီထေရ် စီရင်အပ်သည့် ခုဒ္ဒသိက္ခာ လက်သန်းအဋ္ဌကထာ၏ အဖွင့် ခုဒ္ဒသိက္ခာ ဋီကာဟောင်းပြုစုသောပုဂ္ဂိုလ်ကို ဂန္ဓဝံသ၌ အရှင်ဝါစိဿရဟု၎င်း, သာသနဝံသပ္ပဒီပိကာ၌ အရှင်မဟာယသ-ဟု၎င်း, ပိဋကတ်တော် သမိုင်း၌ အရှင်ရေဝတ-ဟု၎င်း အမျိုးမျိုး မိန့်ဆိုလျက်ရှိသည်၊ ထိုကျမ်း၏ ဂန္ထာရမ္ဘနှင့် နိဂုံးတို့၌ ကျမ်းပြုပုဂ္ဂိုလ်ကို မဖော်ပြခဲ့သဖြင့် အတိ အကျ မသိရတော့ပေ၊ သုမင်္ဂလပ္ပသာဒနီ မည်သော ခုဒ္ဒသိက္ခာဋီကာသစ်ကို စီရင်သည့် ပုဂ္ဂိုလ်မှာ သာရတ္ထဒီပနီဋီကာကျမ်းပြု အရှင်သာရိပုတြာ၏တပည့် အရှင်သံဃရက္ခိတမဟာသာမိထေရ်ဖြစ်သည်၊ အရှင်မဟာသာမိထေရ် စီရင်အပ်သည့် မူလသိက္ခာလက်သန်း အဋ္ဌကထာ၏အဖွင့် မူလသိက္ခာဋီကာကျမ်းပြု ပုဂ္ဂိုလ်ကို ဂန္ထဝံသ၌ အရှင်ဝါစိဿရ-ဟု၎င်း, ပိဋကတ်တော်သမိုင်း၌ သီဟိုဠ်ကျွန်း အနုရာဓမြို့နေ အရှင်ဝိမလသာရ-ဟု၎င်း တမျိုးစီ မိန့်ဆိုလျက်ရှိသည်၊ ထိုကျမ်း၏ နိဂုံး၌လည်း ကျမ်းပြုပုဂ္ဂိုလ်ကို ပီပြင်စွာမပြဆိုခဲ့ပေ၊ ဖော်ပြပြီး ခုဒ္ဒသိက္ခာ, မူလသိက္ခာလက်သန်း အဋ္ဌ ကထာများနှင့်တကွ ခုဒ္ဒသိက္ခာဋီကာဟောင်း, ဋီကာသစ်, မူလသိက္ခာဋီကာတို့ကို တွဲဖက်၍ ဆဋ္ဌမူဖြင့် တအုပ်တည်း အပြီးပုံနှိပ်ထားသည်။ အရှင်ဗုဒ္ဓဒတ္တထေရ် စီရင်အပ်သည့် ဝိနယဝိနိစ္ဆယ, ဥတ္တရဝိနိစ္ဆယ လက်သန်း အဋ္ဌကထာတို့၏ အဖွင့် ဝိနယတ္ထသာရသန္ဒီပနီ မည်သော ဝိနယဝိနိစ္ဆယဋီကာနှင့် လီနတ္ထပ္ပကာသိနီ မည်သော ဥတ္တရဝိနိစ္ဆယ ဋီကာကျမ်းပြုပုဂ္ဂိုလ်ကား သာရတ္ထဒီပနီ ဋီကာကျမ်းပြု အရှင်သာရိပုတြာ၏ တပည့်မထေရ်တပါးဖြစ်ကြောင်းသာ ဝိနယဝိနိစ္ဆယ ဋီကာဂန္ထာရမ္ဘ၌ လာသည်၊ ထို့ကြောင့် ထိုမထေရ်၏ဘွဲ့အမည်ကို ဂန္ထဝံသ၌ အရှင်ဝါစိဿရ ဟု၎င်း ပိဋကတ်တော်သမိုင်း၌ အရှင်မဟာဥပတိဿဟု၎င်း တမျိုးစီ မိန့်ဆိုလျက် ရှိသည်၊ ယင်းဋီကာ ၂-စောင်ကို တွဲဖက်၍ ဆဋ္ဌမူဖြင့် အတွဲ ၂-တွဲ ပုံနှိပ်ထားသည်။
အဘိဓမ္မာလက်သန်းဋီကာ
[ပြင်ဆင်ရန်]အရှင်အနုရုဒ္ဓါထေရ် စီရင်အပ်သည့် သဂြိုဟ်ခေါ် အဘိဓမ္မတ္ထသင်္ဂဟလက်သန်းအဋ္ဌကထာ၏အဖွင့်ဋီကာတို့ကား များပြားလှပေရာ ဤ၌အသုံးများသည့် ဋီကာအချို့ကိုသာ ဖော်ပြပါအံ့၊ ပေါရာဏဋီကာခေါ် အဘိဓမ္မတ္ထသင်္ဂဟဋီကာဟောင်းကို သီဟိုဠ်ကျွန်း အနုရာဓမြို့နေ သာရတ္ထဒီပနီဋီကာကျမ်းပြ အရှင်သာရိပုတြာ၏ တပည့် အရှင်နဝဝိမလထေရ် စီရင်သည်ဟု ပိဋကတ်တော်သမိုင်း၌ ဆိုသည်၊ ဋီကာကျော်ဟု ထင်ပေါ်ကျော်ကြား လူသိများသော အဘိဓမ္မတ္ထဝိဘာဝိနီဋီကာကျမ်းပြုပုဂ္ဂိုလ်ကား သာရတ္ထဒီပနီဋီကာကျမ်းပြု အရှင်သာရိပုတြာ၏ တပည့် အရှင်သုမင်္ဂလမဟာသာမိထေရ် ဖြစ်သည်။ သင်္ခေပဝဏ္ဏနာဋီကာကို သုတ္တနိဒ္ဒေသကျမ်းပြု အရှင်သဒ္ဓမ္မဇောတိပါလထေရ်သည် သာသနာတော်နှစ် ၁၉၉၀-တွင် သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွတော်မူပြီးနောက် စီရင်တော်မူသည်၊ ဤဋီကာ ၃-ကျမ်းတွင် ဋီကာကျော် ကျမ်းကို သီးခြားခွဲ၍၎င်း သင်္ဂြိုဟ်ဋီကာ ၃-ကျမ်းတွဲ ဟူသော အမည်ဖြင့် တပေါင်းတည်းတွဲ၍၎င်း ရှေးက ပုံနှိပ်ခဲ့ကြသည်၊ ဆဋ္ဌသံဂါယနာမူဖြင့်ကား အဘိဓမ္မတ္ထသင်္ဂဟပါဌ် နှင့်တွဲ၍ဋီကာကျော် တကျမ်းကိုသာ ပုံနှိပ်ထားပေသည်။ ထိုဋီကာကျော်ကျမ်း၏အဖွင့် မဏိသာရမဉ္ဇူသာဋီကာကို မဏိဒီပဋီကာ ကျမ်းပြု အရှင်အရိယဝံသဓမ္မသေနာပတိထေရ်သည် သကရာဇ် ၈၂၈-ခုနှစ်တွင် အပြီး စီရင်တော်မူသည်၊ ယင်းကား ဆဋ္ဌမှုဖြင့် အတွဲ ၂-တွဲ ရှိသည်။ အရှင်ဗုဒ္ဓဒတ္တထေရ် စီရင် အပ်သည့် အဘိဓမ္မာဝတာရ လက်သန်း အဋ္ဌကထာ၏အဖွင့် အဘိဓမ္မာဝတာရဋီကာ ဟောင်းကို သီဟိုဠ်ကျွန်း အနုရာဓမြို့ မဟာဝိဟာရ ကျောင်းတိုက်နေ အရှင်ဝါစိဿရမဟာသာမိထေရ် စီရင်သည်ဟု သာသနဝံသပ္ပဒီပိကာနှင့် ပိဋကတ်တော် သမိုင်းတို့၌ ဆိုသည်၊ အဘိဓမ္မတ္ထဝိကာသိနီ မည်သော အဘိဓမ္မာဝတာရဋီကာသစ်ကို ဋီကာကျော် ကျမ်းပြု အရှင်သုမင်္ဂလမဟာသာမိထေရ် စီရင်တော်မူသည်၊ ယင်း ဋီကာ၂-ကျမ်းကို ပေါင်း၍ ဆဋ္ဌမူဖြင့် အတွဲ ၂-တွဲ ပုံနှိပ်ထားပေသည်။ ဒိနေဟိ စတုဝီသေဟိ၊ ဋီကာယံ နိဋ္ဌိတာ ယထာ။ [၂][၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဋိကိယတိ ဇာနိယတိ သံဝဏ္ဏနာယ အတ္ထော ဧတာယာတိ ဋီကာ။ နီတိ၊ဓာ၊၁၇။ ဋီကိယတိ ဇာနိယတိ အဋ္ဌကထာယတ္ထော ဧတာယာတိ ဋီကာ။ ဓာထွတ္ထ။]
- ↑ ဝိဘာဝိနီ၊၂၇၉။ ဋိကိယတိ ဉာယတိ အဋ္ဌကထာယ အတ္ထော ဧတာယ, ဋိကေတိ ဝါ တတ္ထ သမ္မောဟတမံ ဝိနာသေတိ ပဒီပေါ ဝိယ အန္ဓကာရန္တိ ဋီကာ၊ ဣကာရဿ ဒီဃော။ မဏိမဉ္ဇူ၊၂၊၅၇၉။ (−သီ၊ဋီ၊သစ်၊၁၊၃၂၆၊ ၃၉၇၊ ၄၁၈၊ ၄၂၀၊ ၄၅၂။ သီ၊ဋီ၊သစ်၊၂၊၁၀၊ ၁၃၃၊ ၁၆၁၊ ၂၁၉။ နေတ္တိဝိ၊၂၉၊ ၁၇၂၊ ၂၁၁။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၈