မာတိကာသို့ ခုန်သွားရန်

ပုဂ္ဂလပညတ် (ပုဂ္ဂလပညတ္တိ)

ဝီကီပီးဒီးယား မှ

ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း) အထက်ပါ ၃-ကျမ်းကို ဟောကြားစဉ်တွင် နတ်ဗြဟ္မာတို့၏ စိတ်၌ ‘လောကတွင် ပရမတ္ထဓမ္မများသာ အရေးပါပြီး ပညတ်တရားတွေက အရေးမပါဘူးလား’ ‘ပရမတ္ထတရားတွေသာ ရှိပြီး ပညတ်တရားတွေဆိုတော မရှိတော့ဘူးလား’ စသဖြင့် သံသယဝင်လာကြသည်။ ထိုသံသယများကို ဖြေဖျောက်တော်မူရန် ပုဂ္ဂိုလ် ပညတ်များကို ဟောကြားသည့် ပုဂ္ဂလပညတ်ကျမ်းကို ဟောတော်မူသည်။


ပုဂ္ဂလပညတ်ကျမ်းဟူသည်…

အဘိဓမ္မပိဋက ၇ ကျမ်းအနက် ပုဂ္ဂလပညတ္တိကျမ်းသည် စတုတ္ထမြောက်ကျမ်းရင်းတစ်အုပ် ဖြစ်သည်။ ပုဂ္ဂိုလ်များအကြောင်းကိုသာ သီးခြားဟောဖော်ညွှန်ပြထားသော ကျမ်းတစ်ကျမ်း ဖြစ်သည်။ မြတ်စွာဘုရာရှင် ဟောကြားတော်မူသော ပညတ် ၆-ပါး ရှိသည့်အနက် ပုဂ္ဂလပညတို့သည်နောက်ဆုံးပညတ် ဖြစ်ပြီး အသဘာဝပညတ်အဖြစ် ပရမတ္ထသစ္စာနယ်ပယ်တွင် အမှန်တကယ်မရှိသော တရားဖြစ်သည်။ သို့သော်လည်း သမုတိသစ္စာနယ်ပယ်တွင် အထင်အရှား အသုံးဝင်နေသောတရား ဖြစ်သည်။ အမှန်တကယ်တွင် လူပုဂ္ဂိုလ်ပေါင်းများစွာကို အုပ်စုများခွဲခြားပြီး ဟောထားသော ကျမ်းကြီးတစ်ကျမ်း ဖြစ်သည်။ ပုဂ္ဂိုလ်နှစ်မျိုးနှစ်စားတည်း စသည်ဖြင့် ပုဂ္ဂိုလ်ဆယ်မျိုးဆယ်စားအထိ အခန်းကဏ္ဍ ၁၀ ခုဖြင့် ခွဲခြားဖော်ပြထားပါသည်။

ဧကကပုဂ္ဂလပညတ္တိကျမ်းတွင် ဈာန်သမာပတ်ဆိုင်ရာပုဂ္ဂိုလ်များ၊ ပုထုဇဉ်နှင့် အရိယာပုဂ္ဂိလ်များ၊ ကျင့်ပြီး-ကျင့်ဆဲပုဂ္ဂိုလ်များ၊ သမ္မာသမ္ဗုဒ္ဓတို့နှင့်တကွ ပညာ၊ သဒ္ဓါအစဉ်ရှားမှီးနေသူများစသည်ဖြင့် ပုဂ္ဂိုလ် (၅၄) မျိုးတို့ကို ကွဲပြားစွာ ဖော်ပြထားပါသည်။

ပုဂ္ဂလပညတ်ကျမ်းကို မဟောကြားမီ ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာကျမ်းတို့တွင် ပရမတ္ထတရားချည်း သက်သက်ကိုသာလျှင် ဟောကြားပြီး၊ စတုတ္ထမြောက်ဖြစ်သည့် ပုဂ္ဂလပညတ်ကျမ်းတွင်မူကား ပုဂ္ဂိုလ်ပညတ်များကိုသာ အကျယ်ဖွင့်ဆိုဟောကြားထားခဲ့ပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ပရမတ္ထတရားများကိုသာ ဟောကားတော်မူနေပါက လောကတွင် ပရမတ်သဘာဝတရားချည်းသာလျှင် ရှိသလော၊ ပုဂ္ဂိုလ်-သတ္တဝါဆိုသည့် ပညတ်တရားမျိုးများ မရှိသလောဟူသည့် သံသယဖြစ်ဖွယ်ကိစ္စများ၊ ပညတ်ဟူသည် အမှန်တရားမဟုတ်၍ အသုံးမဝင်သော တရားမျိုး ဖြစ်သလောဟူသည့် ပရမတ်လွန် တဖက်စွန်းရောက်ခြင်းတို့ကို ချေဖျက်လို၍ ပုဂ္ဂလပညတ်ကျမ်းကြီးကို ဆက်လက် ဟောကားရခြင်းဖြစ်သည်။

ထိုပညတ်တရားတို့သည် လောကီဘုံသားတို့ အမှန်ပြု၍ ခေါ်ဝေါ်ပြောဆိုသော တရား၊ သမုတိသစ္စာ အမှန်တရားမျိုးဖြစ်ပါ၍ အမိ-အဖ၊ ဆရာ-တပည့်၊ မောင် နှင့် နှမ …. စသည့် ပညတ်တရားများကို ပယ်ခွာ လိုက်လျှင် လောကကြီး ပရမ်းပတာ၊ စည်းမဲ့ကမ်းမဲ့ ဖြစ်သွားနိုင်ပါသည်။

အမိ အဖ၊ ဆရာသမားတို့ကို ရိုသေလေးစားခြင်း၊ ကျေးဇူးဆပ်ခြင်း၊ သားသမီးတို့ကို ကျွေးမွေး ပြုစုစောင့်ရှောက်ခြင်း၊ အသက်ကြီးသူတို့အား အရိုအသေပေးခြင်း၊ ကျေးဇူးရှင်တို့အား ကျေးဇူးဆပ်ခြင်း၊ လှူဒါန်းပေးကမ်းခြင်း၊ သီလဆောက်တည်ခြင်း၊ သတ္တဝါပညတ်တို့ကို အာရုံပြု၍ သမထ ဘာဝနာ ပွားများခြင်း၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းခြင်း၊ ဝိပဿနာတရားပွားများအားထုတ်ခြင်းစသဖြင့် ပညတ်ပေါ် အမှီပြု၍ လိုက်နာကျင့်သုံးကြရခြင်း ဖြစ်သည်။

အဆုံးစွန်၌ပင် ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာစသော အမည်များသည်ပင်လျှင် ပညတ်ဖြစ်သော်လည်း ဤပညတ်တရားများကြောင့် ဘုရားရှင်က တရားဟောနိုင်ပြီး၊ လူ-နတ်-ဗြဟ္မာတို့က တရားတော်များကို နာယူနိုင်ကြခြင်း ဖြစ်သည့်အတွက် ပညတ်တရားသည်လည်း သူ့နေရာနှင့်သူ အသုံးဝင်လှပေသည်။

သီလရှိသောသူ - သီလမရှိသောသူ၊ ယုတ်မာသောသူ - မြင့်မြတ်သောသူ၊ ကိလေသာထူပြောသူ - ကိလေသာခေါင်းပါးသူ စသည်ဖြင့် အမျိုးအစား ကွဲပြားမှုကို ပညတ်တရားဖြင့်ပင် သတ်မှတ်ရသည်။

ထိုသို့သောအကြောင်းရင်းများကြောင့် မြတ်စွာဘုရားရှင်သည် ပညတ်တို့၏ အရေးပါပုံ၊ သမုတိသစ္စာ နယ်ပယ်တွင် အမှန်ဖြစ်ပုံ၊ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဘာဝနာတို့၌ ပယ်၍မရပုံ စသည်တို့ကို ဝေနေယျသတ္တဝါတို့ ထင်ရှားစေခြင်းငှာ၊ ကွဲပြားစေခြင်းငှာ ရည်သန်၍ ပုဂ္ဂလပညတ်ကျမ်းတော်ကြီးကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်။

မြတ်စွာဘုရားရှင် ဟောထားသည့် အစဉ်အားဖြင့် ပညတ် (၆) ပါး ရှိပါသည်။၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ခန္ဓပညတ် - ခန္ဓာ ၅-ပါး (Concepts of Aggregates)

(၂) အာယတနပညတ် - အာယတန ၁၂-ပါး (Concepts of Bases)

(၃) ဓာတုပညတ် - ဓာတ် ၁၈-ပါး (Concepts of Elements)

(၄) သစ္စပညတ် - သစ္စာ ၄-ပါး (Concepts of Truths)

(၅) ဣန္ဒြိယပညတ် - ဣန္ဒြေ ၂၂-ပါး (Concepts of Controlling Faculties)

(၆) ပုဂ္ဂလပညတ် - ပုဂ္ဂိုလ် ၁၀ ပါး (Concepts of Individuals)

အမှတ်စဉ် (၁ မှ ၅ ထိ) သဘာဝပညတ် (ဝိဇ္ဇာမာနပညတ်) - အမှန်တကယ်ရှိသောတရား၊

အမှတ်စဉ် (၆) အသဘာဝပညတ် (အဝိဇ္ဇာမာနပညတ်) - အမှန်တကယ်မရှိသောတရား၊

အမှတ်စဉ် (၆) ဖြစ်သည့် ပုဂ္ဂလပညတ်ကို အခြားကျမ်းတို့၌ အပြားအားဖြင့် မပြဆိုဘဲ ၌ကျမ်း၌သာ ပုဂ္ဂလပညတ်အပြားကို ပြတော်မူသောကြောင့် များပြားသော ပုဂ္ဂလပညတ်ကို အစွဲပြု၍ တဗ္ဗာဟုလ္လနည်းဖြင့် ပုဂ္ဂလပညတ်ဟူသော နာမည်ကို ဆိုအပ်ခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်အပြားအားဖြင့် ၁၀ ပါး ပြားပါသည်။

အုပ်စုပေါင်း ၁၄၇ စုရှိပါသည်။၎င်းတို့မှာ

(၁) ဧကက ပုဂ္ဂလပညတ္တိ - ၅၄ (ပုဂ္ဂိုလ်တစ်မျိုးတစားတည်း)

(၂) ဒုက ပုဂ္ဂလပညတ္တိ - ၂၆ (ပုဂ္ဂိုလ် နှစ်မျိုး နှစ်စားတည်း)

(၃) တိက ပုဂ္ဂလပညတ္တိ - ၁၇ (ပုဂ္ဂိုလ် သုံးမျိုး သုံးစားတည်း)

(၄) စတုတ္ထ ပုဂ္ဂလပညတ္တိ - ၃၀ (ပုဂ္ဂိုလ် လေးမျိုး လေးစားတည်း)

(၅) ပဉ္စက ပုဂ္ဂလပညတ္တိ - ၁၄ (ပုဂ္ဂိုလ် ငါးမျိုး ငါးစားတည်း)

(၆) ဆဋ္ဌက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ခြောက်မျိုး ခြောက်စားတည်း)

(၇) သတ္တက ပုဂ္ဂလပညတ္တိ - ၂ (ပုဂ္ဂိုလ် ခုနှစ်မျိုး ခုနှစ်စားတည်း)

(၈) အဋ္ဌက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ရှစ်မျိုး ရှစ်စားတည်း)

(၉) နဝက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ကိုးမျိုး ကိုးစားတည်း)

(၁၀) ဒဿက ပုဂ္ဂလပညတ္တိ - ၁ (ပုဂ္ဂိုလ် ဆယ်မျိုး ဆယ်စားတည်း)

အုပ်စုပေါင်း - ၁၄၇

ပုဂ္ဂလပညတ်ကျမ်းကြီးတွင် ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ အခန်းကဏ္ဍ ၁၀ ခုခွဲခြားထားရှိပြီး ဧကကပုဂ္ဂလပညတ္တိမှ ဒဿကပုဂ္ဂလပညတ္တိထိ အုပ်စုပေါင်း ၁၄၇၊ ပုဂ္ဂိုလ်အမျိုးအစားပေါင်း ၃၉၄ ဦး ပါဝင်ကြောင်း တွေ့ရှိရပါသည်။

ပုဂ္ဂလပညတ်ကျမ်းသည် လောကတွင်းဖြစ်ပျက်နေသော အကြောင်းအခြင်းရာများကြောင့် ပုဂ္ဂိုလ် အမျိုးအစားများ ကွဲပြားခြားနားခြင်းကို ဟောဖော်ညွှန်ပြထားသော ကျမ်းကြီးတစ်ကျမ်း ဖြစ်သည်။

မိမိတို့သည် ပုထုဇဉ်များ ဖြစ်သည့်အားလျော်စွာ မိမိတို့ ကျင်လည်ကျက်စားရာ ပတ်ဝန်းကျင်ရှိ ပုဂ္ဂိလု်များအကြောင်းဖြစ်သည့်အတွက် လွန်စွာ စိတ်ဝင်စားဘွယ်ကောင်းလှပါသည်။

သမုတိသစ္စာနယ်ပယ်၌ ပညတ်အရေးပါပုံကို ကောင်းစွာနားလည်သဘောပေါက်နိုင်ပါသည်။

ထိုပုဂ္ဂိုလ်အမျိုးအစားများစွာထဲမှ ပထမအခန်းကဏ္ဍဖြစ်သည့် ဧကကပုဂ္ဂလပညတ္တိမှ မိမိဖြစ်လိုသော၊ ဖြစ်သင့်သော၊ ဖြစ်ထိုက်သောပုဂ္ဂိုလ်ဖြစ်ရန် ကြိုးစားအားထုတ်ရန် လိုသကဲ့သို့ ရှောင်ကြဉ်ထိုက်သောပုဂ္ဂိုလ်များ အကြောင်းသိရှိပါကလည်း ရှောင်ကြဉ်ရန် လိုအပ်လှပါသည်။

ဤကျမ်းကို နားလည်သဘောပေါက်ခြင်းအားဖြင့် မိမိတို့ နေ့စဉ်ဘဝတွင် ပြန်လည်သုံးသပ်၊ ဆင်ခြင်နိုင်မည်ဆိုလျှင် လေ့လာရကြိုးနပ်သော ကျမ်းကြီးတစ်ကျမ်း ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. University of Abhidhamma (Yangon)