မာတိကာသို့ ခုန်သွားရန်

ကထာဝတ္ထု

ဝီကီပီးဒီးယား မှ

ကထာဝတ္ထုသည် ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ခြင်း မဟုတ်ပါ။ တတိယသင်္ဂါယနာတွင်မောဂ္ဂလိပုတ္တတိဿမထေရ်က ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များအပေါ် ဗုဒ္ဓဘာသာ ဂိုဏ်းခွဲများက အမျိုးမျိုး ယူဆ အဓိပ္ပာယ်ကောက်ကာ အငြင်းပွားမှုကို အမေးအဖြေပုံစံဖြင့် ဟောကြားချေပကာ စံသတ်မှတ်ထားသည့် အဓိပ္ပာယ်များအား မှတ်တမ်းတင်ထားသော ကျမ်းဖြစ်သည်။

ဘာသာပြန်ဆိုခြင်း

[ပြင်ဆင်ရန်]

ကထာဝတ္ထုကို Points of Controversy အမည်ဖြင့် ဦးရွှေဇံအောင်နှင့် စီအေအက်ဖ် ရိုင်း ဒေးဗစ်(စ်)တို့က ဘာသာပြန်ဆို၍ ပါဠိစာပေအသင်းမှ ဖြန့်ချိသည်။


ကထာဝတ္ထု

[ပြင်ဆင်ရန်]

အယူဝါဒနှင့်ဆိုင်သော စကားသည် ကထာမည်၏။ ဖြစ်ရာတည်ရာ (သို့မဟုတ်) အမှန်ထင်ရှား ရှိသောအရာ (အနှစ်သာရ)သည် ဝတ္ထုမည်၏။ ပုဂ္ဂလကထာ၊ ဗြဟ္မစရိယကထာ စသည့်ကထာတို့၏ တည်ရာဖြစ်သော ကျမ်းဟု ဆိုလိုပါသည်။

ကထာဝတ္ထုကျမ်းကို ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈ နှစ်ရောက်မှ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဟောတော်မူခြင်း ဖြစ်သော်လည်း “ဗုဒ္ဓရှင်တော်ဘုရားထားတော်မူခဲ့သည့် မာတိကာ အတိုင်း ဟောကြားထားသော ကျမ်းဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ငါဘုရား ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးနောက် နှစ်ပေါင်း ၂၁၈ နှစ်ရောက်သောအခါ မောဂ္ဂလိပုတ္တတိဿမည်သော ရဟန်းသည် ရဟန်းတော်ခြောက်သန်းတို့၏ အလယ်၌ သကဝါဒ၌ သုတ်ပေါင်းငါးရာ၊ ပရဝါဒ၌ သုတ်ပေါင်းငါးရားတို့ကို ပေါင်းရုံးကာ ဒီဃနိကာယ် ပမာဏရှိသော ကထာဝတ္ထုကျမ်းကို ဟောလိမ့်မည်”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့သောကြောင့် လည်းကောင်း ဗုဒ္ဓဘာသိတ အဘိဓမ္မာကျမ်းအဖြစ် ထည့်သွင်းခဲ့ကြခြင်းဖြစ်သည်။ []

ဤကထာဝတ္ထုဟောနည်းမှာ ပြဿနာတရပ်ကို သူ့ဘက်(ပရဝါဒီမိစ္ဆာဒိဋ္ဌိ)၊ ကိုယ့်ဘက်(သကဝါဒီသမ္မာဒိဋ္ဌိ) အပြန်အလှန်အခြေအတင် မေးဖြေ ဟောပြောခြင်းဖြစ်သည်၊ ဤကျမ်း၌မူတည် ဆွေးနွေးဖြေရှင်းသည့် ပြဿနာ ရုပ်ခေါင်းစဉ်(ကထာ)ပေါင်းမှာ ၂၂၆-ခုရှိပေသည်။

ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာနည်းတို့ဖြင့် ပရမတ်တရားသက်သက်ကို ဟော၍ ပုဂ္ဂလပညတ်နည်းဖြင့် ပညတ်တရားကိုဟောကြားရာ မည်သည့် အတိုင်းအတာအထိ ပညတ်နည်းကိုသုံး၍ မည်သည့်အတိုင်းအတာအထိ ပရမတ်နည်းသုံးရမည်ကို တရားနာနတ်ဗြဟ္မာတို့စိတ်၌ ဝေခွဲနိုင်မည်မဟုတ်၊ သံသယအမျိုးမျိုးဝင်၍ ပြဿနာမေးခွန်းအမျိုးမျိုး ပေါ်လာနိုင်ပေသည်။

ထို့ကြောင့် မြတ်စွာဘုရားဟောထားခဲ့သည့် သုတ္တန်ပါဠိတော်များ၌ မည်သည့်အရာကို ပရမတ္ထသဘာဝအထိယူရမည်၊ မည်သည့်အရာကိုပညတ် ယူရမည်ဟု ပရမတ္ထသစ္စာနှင့် သမုတိသစ္စာတို့ကို အယူမလွဲအောင် ဤကထာဝတ္ထု အဘိဓမ္မာနည်းဖြင့် ပြန်၍ညှိနှိုင်းဟောကြားရပေသည်။

ဥပမာ-မိမိအကျိုးစီးပွားကို ကျင့်သောပုဂ္ဂိုလ်သည်ရှိ၏ဟု ဘုရားဟော သုတ္တန်ရှိသောကြောင့် ပုဂ္ဂိုလ်သည် အမှန်တကယ်ရှိ၏ဟု ပရဝါဒီကဆို၏။

ထိုဟောကြားချက်မှာ သမုတိသစ္စာအားဖြင့် ဟောကြားခြင်းဖြစ်၍ ပုဂ္ဂိုလ်သည် သမုတိသစ္စာအားဖြင့်သာရှိ၏။ ပရမတ္ထသစ္စာအားဖြင့်ကား ပုဂ္ဂိုလ်ဆိုသည်မှာ လုံးဝမရှိဟု သကဝါဒီက ပြန်လည်ဖြေရှင်းပြခြင်းမျိုး ဖြစ်ပေသည်။ []

ကထာဝတ္ထုကျမ်း အဓိပ္ပာယ်နှင့် နောက်ခံသမိုင်း

[ပြင်ဆင်ရန်]

[](က) စကားတို့၏—တည်ရာ–ဖြစ်သောကျမ်း၊ ကထာဝတ္ထုကျမ်း၊ အဘိဓမ္မာ ၇-ကျမ်းတွင် ၅-ခုမြောက်ကျမ်း။ (ယင်းကျမ်းကို ဘုရားဖြစ်တော်မူ၍ ခုနှစ်ဝါမြောက်ရောက်သောကာလ တာဝတိံသာနတ်ပြည်၌ ဝါဆိုတော်မူ၍ အမိကို အမှူးပြုလျက် နတ်ဗြဟ္မာပရိသတ်အား အဘိဓမ္မာဒေသနာတော်ကို ဟောတော်မူရာ ဓမ္မသင်္ဂဏီဝိဘင်းဓာတုကထာ၊ ပုဂ္ဂလပညတ် ကျမ်းလေးကျမ်းကို ဟောတော်မူပြီး၍ ငါးကျမ်းမြောက် ကထာဝတ္ထုကျမ်းကို ဟောလှည့်ရောက်သောအခါ “နောင်အခါ၌ ငါဘုရား၏ တပည့်သာဝကဖြစ်သော မောဂ္ဂလိပုတ္တတိဿ မထေရ်သည် ဖြစ်ပေါ်လာသော သာသနာ့အညစ်အကြေးတို့ကို သုတ်သင်၍ သံဃာ့အလယ်၌ သကဝါဒ (သမ္မာဒိဋ္ဌိအယူ) သုတ်ငါးရာ၊ ပရဝါဒ (ဆန့်ကျင်ဘက်အယူ) ၌ သုတ်ငါးရာ ထုတ်ဆောင်၍ သုတ်ပေါင်း တထောင်ဖြင့် တန်ဆာဆင်လျက် ပါဋလိပုတ်မြို့၌ ဤကထာဝတ္ထုကျမ်းကို ဟောလတ္တံ့” [] ဟု နှလုံးသွင်းတော်မူပြီးလျှင် အဋ္ဌမုခါဝါဒယုတ္တိကို အဦးအစပြု၍ တဘာဏဝါရ မပြည့်သော ပါဠိဟောစဉ်ဖြင့်သာ မာတိကာ (ကထာဝတ္ထုကျမ်းအကျဉ်း) ကို ဟောတော်မူခဲ့သည်။ []

အဋ္ဌမုခါဝါဒယုတ္တိနှင့် ပထမသံဂါယနာ

[ပြင်ဆင်ရန်]

(၁) သုဒ္ဓသစ္စိကဋ္ဌ၊ (၂) ဩကာသသစ္စိကဋ္ဌ၊ (၃) ကာလသစ္စိကဋ္ဌ၊ (၄) အဝယဝသစ္စိကဋ္ဌ အားဖြင့် သစ္စိကဋ္ဌလေးပါးကို မူတည်၍ အနုလောမပစ္စနီက၊ ပစ္စနီကာနုလောမ နှစ်မျိုးဖြင့် မြှောက်၍ ရရှိသော ရှစ်မျိုးကို အဋ္ဌမုခါဝါဒယုတ္တိဟု ဆိုသည်။ [] ထိုမာတိကာကိုပင် ကထာဝတ္ထုကျမ်းအဖြစ်ဖြင့် အဘိဓမ္မာ ၇-ကျမ်းအတွင်း၌ သွတ်သွင်း၍ ပထမသံဂါယနာ တင်တော်မူကြသည်။ []

ဒုတိယသံဂါယနာနှင့် ဂိုဏ်းကြီးများ ကွဲပြားခြင်း

[ပြင်ဆင်ရန်]

ထို့နောက် သာသနာ ၂-ရာစုနှစ် အစပိုင်းတွင် ဝေသာလီပြည် ဝဇ္ဇီတိုင်းသား ရဟန်းများသည် အဓမ္မဝတ္ထု ၁၀-ပါးကို ကျင့်သုံး ပြောဟောနေကြသည့်အတွက် အရှင်မဟာယသမထေရ်မြတ်၏ ကြိုးစားအားထုတ်မှုဖြင့် အရှင်သဗ္ဗကာမိ မထေရ်မြတ်ကြီးကို အကြီးအမှူးပြုလျက် မာဂဓတိုင်းရှင် ဘုရင်ကာလာသောကမင်းကြီး၏ ကူညီထောက်ပံ့မှုကို ခံယူ၍ ဒုတိယသံဂါယနာ တင်တော်မူခဲ့ကြသည်။

ဒုတိယ ဓမ္မသံဂါဟကထေရ်တို့ နှင်ထုတ်အပ်သော ဝဇ္ဇီတိုင်းသား ရဟန်းတို့သည် စည်းရုံးသင်းပင်းကြ၍ ကောသမ္ဗီပြည်၌ စင်ပြိုင် သံဂါယနာတင်ကြသည်၊ ထိုသံဂါယနာကို သံဃာ တသောင်းဖြင့် တင်သည့်အတွက် မဟာသံဃိကသံဂါယနာ ဟူသော အမည်ကို ခံယူခဲ့ကြသည်၊ ထို့ကြောင့် ၎င်းတို့ဂိုဏ်းကို မဟာသံဃိကဂိုဏ်း ဟူ၍၎င်း၊ မဟာသင်္ဂီတိဂိုဏ်းဟူ၍၎င်း ခေါ်တွင်စေခဲ့ကြသည်၊ ထိုအချိန်မှစ၍ ထေရဝါဒဂိုဏ်း၊ မဟာသံဃိကဂိုဏ်း ဟူ၍ ဂိုဏ်းကြီး ၂-ဂိုဏ်း ကွဲပြားလာကြသည်။

သံဃဂိုဏ်း ၁၈-ဂိုဏ်း ကွဲပြားပုံ

[ပြင်ဆင်ရန်]

ထို ၂-ဂိုဏ်းအနက် မဟာသံဃိကဂိုဏ်းမှ (၁) ဂေါကုလိကဂိုဏ်း၊ (၂) ဧကဗျောဟာရိကဂိုဏ်းဟု ကွဲ၍ ဂေါကုလိကဂိုဏ်းမှ (၁) ပဏ္ဏတ္တိဝါဒဂိုဏ်း၊ (၂) ဗဟုလိယ (ဗဟုဿုတိက) ဂိုဏ်းဟု ကွဲပြန်သည်၊ ထိုဗဟုလိယဂိုဏ်းမှ စေတိယဝါဒဂိုဏ်း ဟူ၍ ခွဲထွက်ပြန်သည်၊ မူလမဟာသံဃိကဂိုဏ်းနှင့်ပါ ဆိုလျှင် ဂိုဏ်း ၆-ဂိုဏ်းဖြစ်သည်။

ထေရဝါဒဂိုဏ်းမှ (၁) မဟိသာသကဂိုဏ်း၊ (၂) ဝဇ္ဇီပုတ္တကဂိုဏ်းဟု ကွဲ၍ ဝဇ္ဇီပုတ္တကဂိုဏ်းမှ (၁) ဓမ္မုတ္တရိယဂိုဏ်း၊ (၂) ဘဒြယာနိကဂိုဏ်း၊ (၃) ဆန္ဒာဂါရိကဂိုဏ်း၊ (၄) သမိတိယဂိုဏ်းဟု လေးဂိုဏ်း ကွဲပြန်သည်။ ထိုနောက် မဟိသာသကဂိုဏ်းမှ (၁) သဗ္ဗတ္ထိကဝါဒဂိုဏ်း၊ (၂) ဓမ္မဂုတ္တိကဂိုဏ်း။ သဗ္ဗတ္ထိကဝါဒဂိုဏ်းမှ ကဿပိကဂိုဏ်း၊ ထိုမှ သင်္ကန္တိကဂိုဏ်း၊ ထိုမှ သုတ္တဝါဒဂိုဏ်းဟု ၁၁-ဂိုဏ်းကွဲ၍ မူလထေရဝါဒဂိုဏ်းနှင့်ပါ ဆိုလျှင် ၁၂-ဂိုဏ်း ဖြစ်လေသည်။ ဤသို့လျှင် ထေရဝါဒဂိုဏ်းကွဲ ၁၂-ဂိုဏ်း၊ မဟာသံဃိကဂိုဏ်း ၆-ဂိုဏ်း နှစ်ရပ်ပေါင်း သံဃဂိုဏ်း ၁၈-ဂိုဏ်း ဖြစ်လာသည်။ ထိုတွင် မူရင်းထေရဝါဒဂိုဏ်းဝင်များသာ ပထမသံဂါယနာနှင့် တထေရာတည်း သင်အံပို့ချ ကျင့်ဆောင်နိုင်ကြ၍ ကြွင်း ၁၇-ဂိုဏ်းဝင်တို့သည်ကား ပထမသံဂါယနာနှင့် ကွဲပြားစွာ ကျင့်ဆောင်ကြကုန်၏။ []

ထိုမှတပါး (၁) ဟေမဝတိက၊ (၂) ရာဇဂိရိက၊ (၃) သိဒ္ဓတ္ထိက၊ (၄) ပုဗ္ဗသေလိယ၊ (၅) အပရသေလိယ၊ (၆) ဝါဇီရိယ ဟူ၍ ၆-ဂိုဏ်းကွဲကိုဆို၍ (အဘိ၊ဋ္ဌ၊၃၊၁၀၉။) အဆိုပါ ဂိုဏ်း ၆-ဂိုဏ်းအနက် ၂-၃-၄-၅-ဂိုဏ်းများကို အန္ဓကဂိုဏ်းဟု ဖော်ပြသည်။ []

အသောကမင်းကြီးလက်ထက် သာသနာတော် အခြေအနေ

[ပြင်ဆင်ရန်]

ဆိုခဲ့ပြီး သံဃဂိုဏ်းကြီး ၁၈-ဂိုဏ်း၏ အစွမ်းဖြင့် ဗုဒ္ဓသာသနာတော် အလွန်အမင်း ထွန်းပနေချိန်တွင် ဗုဒ္ဓသာသနာတော်၌ သက်ဝင်ယုံကြည်နေသော အသောကဓမ္မရာဇာသည် ဘုရား တရား သံဃာ၊ နိဂြောဓထေရ်ဆရာတို့အား တသိန်းစီနှင့် သံဃာတော်တို့၏ ဆေးဝါးပစ္စည်းအတွက် တသိန်း၊ ဤသို့အားဖြင့် ငါးသိန်းသော ဥစ္စာတို့ကို နေ့စဉ် နေ့တိုင်း လှူဒါန်းသဖြင့် သာသနာ့လာဘ် ပေါများမှု အထွတ်အထိပ်သို့ ရောက်သော သာသနာ ၃-ရာစုနှစ် အခါဟူ၍ ပြောဆိုထိုက်ပေသည်။

အိန္ဒိယရာဇဝင်များ အဆိုအရ အသောကမင်းကြီးသည် သာသနာ ၂၇၁ (၂၇၃-ဘီစီ) ခုနှစ်၌ နန်းတက်သည်၊ သာသနာ ၂၇၅ (၂၆၉-ဘီစီ) ခုနှစ်၌ အဘိသိက်ခံသည်၊ ထို့နောက် ၂၉-နှစ်အကြာ သာသနာ ၃၀၄ (၂၄၀-ဘီစီ) ခုနှစ်၌ တတိယသံဂါယနာပွဲ ကျင်းပသည်၊ ထိုနှင့် ကွဲလွဲနေသော ပါဠိကျမ်းဂန်များ အဆိုမှာ အောက်ပါအတိုင်း ဖြစ်သည်။

အသောကမင်းကြီးသည် သာသနာ ၂၁၈-တွင် အဘိသိက်ခံသည်။ [၁၀] အဘိသိက်ခံပြီးနောက် ၃-နှစ်လုံးလုံး ပါသဏ္ဍအယူ (တိတ္ထိယဝါဒ) ကို ယူ၍ အဘိသိက်ခံပြီး ၄-နှစ်မြောက်တွင် ဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်သည်။ [၁၁] ထိုနှစ်မှစ၍ ၃-နှစ်မြောက်တွင် အသောကမဟာဝိဟာရ အပါအဝင် ကျောင်းပေါင်း ရှစ်သောင်းလေးထောင် ဆောက်လုပ် ပြီးစီး၍ ထိုမှ ၇-ရက်မြောက် (အဘိသိက်ခံပြီးနောက် ၆-နှစ်မြောက်) တွင် သားတော်မဟိန္ဒနှင့် သမီးတော် သံဃမိတ္တာတို့ကို ဝိဟာရမဟခေါ် ကျောင်းပူဇော်ပွဲနှင့်အတူ ရဟန်းပြုစေသည်။ ပထမ၊ ဒုတိယ သံဂါယနာတင်ပြီးသော အဋ္ဌကထာနှင့်တကွ ပိဋကများကို ၃-နှစ်အတွင်း တတ်မြောက်၍ ဥပဇ္ဈာယ်ဆရာ မောဂ္ဂလိပုတ္တတိဿထေရ်၏ တပည့်တထောင်တို့ကို မဟိန္ဒထေရ် ဦးစီးပါမောက္ခ ဖြစ်ရသော အချိန်သည် အသောကမင်းကြီး အဘိသိက်ခံ၍ ၉-နှစ်မြောက် အချိန်ဖြစ်သည်။ [၁၂]

သာသနာ့အညစ်အကြေးနှင့် တိတ္ထိတို့၏ ရန်

[ပြင်ဆင်ရန်]

ဆိုခဲ့သည့်အတိုင်း သာသနာတော်၌ လာဘ်ပူဇော်သကာ ပေါများနေသည်နှင့်အမျှ တိတ္ထိတို့အဖို့ စား၊ ဝတ်၊ နေရေး ခက်ခဲကြသည်ဖြစ်၍ ဗုဒ္ဓသာသနာသို့ ခိုဝင် ရဟန်းပြုကြပြီးလျှင် သဿတဒိဋ္ဌိစသော မိမိတို့၏ အယူဝါဒများကို ဓမ္မ၊ ဝိနယအနေဖြင့် ဖော်ထုတ်ပြသကြသည်။ ဗုဒ္ဓသာသနာ၌ မှီခိုရဟန်းပြုခွင့်မရသူ တိတ္ထိတို့သည်လည်း မိမိတို့ဘာသာ ဆံပင်များကို ရိတ်ဖြတ်လျက် ဖန်ရည်ဝတ်များကို ဝတ်ဆင်ကြ၍ ဥပုသ်ကံစသည် ပြုသောအခါ၌ သံဃာ့အလယ်သို့ ဝင်ကြကုန်၏။ ထို့ကြောင့် ၁၈-ဂိုဏ်းဝင် သံဃာစစ်တို့သည် ထိုပုဂ္ဂိုလ်များနှင့် ဥပုသ်ပဝါရဏ ပြုတော်မမူကြဘဲ ၇-နှစ်တိုင်တိုင် ရှောင်လွှဲ၍ ဆင်းရဲငြိုငြင်စွာ သီတင်းသုံးတော်မူကြရလေသည်။ [၁၃]

အသောကဓမ္မရာဇာသည် အမတ်တဦးအား “အဓိကရုဏ်းကို ငြိမ်းစေ၍ ဥပုသ်ပြုစေလော” ဟု စေခိုင်းတော်မူသည်။ မင်းစေခိုင်းခံရသော အမတ်သည် ဘုရင်ကြီးအား ပြန်မလျှောက်ထားဝံ့၍ တပါးသောအမတ်များကို မေးသောအခါ အသတ်ခိုင်းခြင်းဖြစ်သည်ဟု အကြံပေးကြသဖြင့် အသောကမဟာဝိဟာရသို့ သွားပြီးလျှင် သံဃာများကို စည်းဝေးစေ၍ ဥပုသ်ပြုခိုင်းရာ မရသည့်အတွက် မထေရ်ကြီးများကစပြီး သံလျက်ဖြင့် ဦးခေါင်းဖြတ်သတ်လေ၏။ [၁၄]

အရှင်မဟာမောဂ္ဂလိပုတ္တတိဿထေရ်နှင့် သာသနာသန့်ရှင်းရေး

[ပြင်ဆင်ရန်]

ထိုအခါ ဘုရင်ကြီး၏ညီဖြစ်သူ တိဿမထေရ် မြင်တော်မူလေ၍ “နောင်တော် ဘုရင်ကြီးက အသတ်ခိုင်းမည် မဟုတ်တန်ရာ၊ ဤအမတ်၏ အလွဲယူမှုပင် ဖြစ်မည်” ဟု ကြံပြီးလျှင် ထိုအမတ်၏ အနီး၌ နေတော်မူလေသည်၊ အမတ်သည် ဘုရင့်ညီတော် တိဿမထေရ်မှန်း သိသဖြင့် မသတ်ရဲသည့်အတွက် ဘုရင်ကြီးအား ပြန်လည် လျှောက်ထားလေသည်။ ဘုရင်ကြီးသည် ထိုအကြောင်းကို ကြားသိတော်မူလျှင် တကိုယ်လုံး ပူပန်လျက် မိမိ၌ အပြစ်ရှိ မရှိ ရဟန်းတို့အား မေးလျှောက်သောအခါ အမျိုးမျိုး ဖြေဆိုတော်မူကြသဖြင့် ယုံမှားမဖျောက်နိုင်သည်ဖြစ်၍ အဟောဂင်္ဂါတောင်၌ နေတော်မူသော မောဂ္ဂလိပုတ္တတိဿမထေရ်ကို ပင့်ဆောင်ရလေသည်။ မထေရ်သည် ကြွရောက်ပြီး ဘုရင်ကြီး၏ နှလုံးပူဆွေးမှုကို ငြိမ်းအေးစေ၍ ဘုရင်ကြီးအား ဗုဒ္ဓဝါဒ သင်ပေးလေသည်။ [၁၅] အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်ထံမှ ဗုဒ္ဓဝါဒကို သင်ကြား တတ်မြောက်ပြီးသော အသောကမင်းကြီးသည် ဗုဒ္ဓဝါဒ မည်သို့ရှိသည်ကို မေးစိစစ်တော်မူသောအခါ အဖြေမှန် မသိကြသည့်အတွက် လူဝတ်လဲလှယ်စေသော ရဟန်းတု ရဟန်းယောင်တို့ အရေအတွက်မှာ ၆ သောင်းခန့် ရှိပေသည်။ ဤ၌ မောဂ္ဂလိပုတ္တတိဿထေရ် အကြောင်းနှင့် ရဟန်းစစ်၊ တု ရွေးချယ်ပုံများကို ဝိ၊ဋ္ဌ၊၁၊၂၉-၃၂။ အဘိ၊ဋ္ဌ၊၃၊၁၁၀-တို့၌ကြည့်။

တတိယသံဂါယနာနှင့် ကထာဝတ္ထုကျမ်းအကျယ်

[ပြင်ဆင်ရန်]

ဤနည်းဖြင့် သံဃာစင်ကြယ်သောအခါ အသောကမင်းကြီးသည် ရဟန်းတော်တို့ကို တညီတညွတ်တည်း ဥပုသ်ပြုစေတော်မူသည်။ ထိုအစည်းအဝေး၌ သံဃထေရ် ဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် လက်ရှိဖြစ်ပေါ်နေသော ဘေးရန်ကဲ့သို့ အနာဂတ် ဘေးအန္တရာယ်ကြီးများ သာသနာတလျှောက် မဖြစ်ပေါ်စိမ့်သောငှါ မြတ်စွာဘုရား ထားတော်မူခဲ့သော မာတိကာ (ကထာဝတ္ထုကျမ်းအကျဉ်း) ကို အကျယ်ဝေဖန်လျက် သကဝါဒသုတ်ငါးရာ၊ ပရဝါဒသုတ်ငါးရာ၊ စုစုပေါင်း သုတ်တထောင်ဖြင့် တန်ဆာဆင်အပ်သော ဤကထာဝတ္ထုကျမ်းကို ဟောတော်မူသည်။ (အဘိ၊ဋ္ဌ၊၃၊၁၁၀။) ထိုကျမ်းကို ယခုခေတ် ပေရွက်၊ စာရွက်ရေ ပမာဏဖြင့် မတိုင်းတာဘဲ စုပေါင်းရွတ်ဆိုသည့် သံဂါယနာတင်နည်းဖြင့် တိုင်းတာလျှင် ဒီဃနိကာယ် ပမာဏ ရှိသည်ဟု ဆိုသည်။ [၁၆]

ထို့နောက် အိန္ဒိယရာဇဝင်အရ သာသနာ ၃၀၄ (၂၄၀-ဘီစီ) ခုနှစ်၊ ပါဠိမှတ်တမ်းအရ သာသနာ ၂၃၅-ခုနှစ်၊ မြန်မာရာဇဝင် ညှိနှိုင်းချက်အရ ဒွတ္တပေါင်မင်း၏မြေး ရန်ပေါင်မင်း သရေခေတ္တရာ၌ စိုးစံချိန်၌ ထိုအရှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည်ပင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာ တထောင်ဖြင့် တတိယသံဂါယနာ တင်တော်မူသည်။ ထိုသံဂါယနာပွဲတွင် ဤကထာဝတ္ထုကျမ်းအကျယ်ကို စုပေါင်းရွတ်ဆို၍ သံဂါယနာ တင်တော်မူကြသည်။[၁၇]

ကိုးကား

[ပြင်ဆင်ရန်]
  1. University of Abhidhamma (Yangon)
  2. ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွန့်ဇော်။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်
  3. ကထာဝတ္ထု (န) [ကထာ + ဝတ္ထု]
  4. (အဘိ၊ဋ္ဌ၊၁၊၅-၆။ အဘိ၊ဋ္ဌ၊၃၊၁၀၅)
  5. (အဘိ၊ဋ္ဌ၊၃၊၁၀၇။)
  6. (အဘိ၊ဋ္ဌ၊၁၊၄။ အဘိ၊ဋ္ဌ၊၃၊၁၂၀။ မူလဋီ၊၁၊၁၄။)
  7. (သာရတ္ထ၊၁၊၆၃-၄။)
  8. (အဘိ၊ဋ္ဌ၊၃၊၁၀၆-၇။)
  9. (အဘိ၊ဋ္ဌ၊၃၊၁၅၈။)
  10. (ဝိ၊ဋ္ဌ၊၁၊၂၇၊ ၃၂။)
  11. (ဝိ၊ဋ္ဌ၊၁၊၃၃။)
  12. (ဝိ၊ဋ္ဌ၊၁၊၃၇-၃၉။)
  13. (ဝိ၊ဋ္ဌ၊၁၊၄၀။ အဘိ၊ဋ္ဌ၊၃၊၁၀၉။)
  14. (ဝိ၊ဋ္ဌ၊၁၊၄၀။)
  15. (ဝိ၊ဋ္ဌ၊၁၊၄၂-၄၅။ အဘိ၊ဋ္ဌ၊၃၊၁၁၀။)
  16. (အဘိ၊ဋ္ဌ၊၁၊၅၊၆၊၉။)
  17. (ခ) စကား၏ အကြောင်း၊ စကား ဖြစ်ပေါ်ရန် အကြောင်း။ (ဂ) စကား။ (ဃ) စကား၏ အနက်။ (င) သတင်းစကား။ (ခ) တီဏိ ကထာဝတ္ထုနိ။ ဒီ၊၃၊၁၈၄။ အံ၊၁၊၁၉၇။ အဘိ၊က၊၃၇၂။ (-မဟာနိ၊၁၆၉။ မ၊ဋ္ဌ၊၁၊၁၀၁။) ကထာဝတ္ထုနီတိ ကထာကာရဏာနိ။ ဒီ၊ဋ္ဌ၊၃၊၁၈၈။ အံ၊ဋ္ဌ၊၂၊၁၈၄။ ဒသ ကထာဝတ္ထုနီတိ အပိစ္ဆတာဒီနိ ဒသ ဝိဝဋ္ဋနိဿိတာယ ကထာယ ဝတ္ထုဘူတာနိ ကာရဏာနိ။ မဟာနိ၊ဋ္ဌ၊၂၈၅။ (-မ၊ဋီ၊၁၊၁၈၇။) ကထာဝတ္ထူနီတိ ကထာပဝတ္တိဋ္ဌာနာနိ။ ယသ္မာ တေဟိ ဝိနာ နပ္ပဝတ္တတိ၊ တသ္မာ “ကထာကာရဏာနိ”တိ ဝုတ္တံ။ ဒီ၊ဋီ၊၃၊၂၁၆။ အံ၊ဋီ၊၂၊၁၆၇။ (ဂ) (ဃ) ဣမသ္မိံ ကထာဝတ္ထုသ္မိံ ယာဝတတိယကံ ပတိဋ္ဌာပေသိ။ မ၊၂၊၃၆။ ကထာဝတ္ထုသ္န္တိ ဧတ္ထ ကထာယေဝ ကထာဝတ္ထု၊ ကထာယံ ပတိဋ္ဌပေသီတိ အတ္ထော။ မ၊ဋ္ဌ၊၃၊၃၇။ ကထာ ဝေ ဥပရိ ဥပရိ ဝါဒါရောပနဿ ဝတ္ထုဘာဝတော ကထာဝတ္ထု။ ကထာယံ ပတိဋ္ဌပေသီတိ ကထာဝတ္ထုသ္မိံ တဒတ္ထေ ဝါ ပတိဋ္ဌပေသိ။ မ၊ဋီ၊၃၊၂၈။ (င) “ကော နု ခေါ သေနာပတိ ဣဒံ ကထာဝတ္ထု၊ ရာဇန္တေပုရေ အဗ္ဘုဂ္ဂတာသီ”တိ။ မ၊၂၊၃၂၈။