မာတိကာသို့ ခုန်သွားရန်

သမ္မာဝါယာမ

ဝီကီပီးဒီးယား မှ

သမ္မာဝါယာမ သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ “မှန်ကန်သော အားထုတ်ခြင်း” ဟု အဓိပ္ပာယ်ရသည်။ ဘုရားရှင်သည် သမ္မာဝါယာမကို အားထုတ်မှု လေးမျိုးဖြင့် ဖွဲ့စည်းထားကြောင်း ဟောကြားတော်မူခဲ့သည်- ။ [] သမ္မပ္ပဓာန်လည်း ကြည့်။

သမ္မာဝါယာမ ၄-မျိုး

[ပြင်ဆင်ရန်]
  1. အနုပ္ပန္န အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် အားထုတ်ခြင်း: မိမိသန္တာန်၌ (ဤဘဝတွင် သို့မဟုတ် ထိုအာရုံမျိုးနှင့် ပတ်သက်၍) မဖြစ်ဖူးသေးသော ယုတ်မာသည့် အကုသိုလ်တရားများ (ဥပမာ - သူတစ်ပါး၌ တွေ့မြင်ရသော မကောင်းမှုများ) မိမိ၌ မဖြစ်ပေါ်လာစေရန် ဆန္ဒဖြစ်ခြင်း၊ လုံ့လစိုက်ထုတ်ခြင်း၊ ဝီရိယဖြင့် စိတ်ဓာတ်ကို မြှင့်တင်ခြင်း၊ စွဲမြဲစွာ အားထုတ်ခြင်း။
  2. ဥပ္ပန္န အကုသိုလ်တရားတို့ကို ပယ်ရှားရန် အားထုတ်ခြင်း: မိမိသန္တာန်၌ ဖြစ်ပေါ်ဖူးပြီးသော ယုတ်မာသည့် အကုသိုလ်တရားများ (ချုပ်ပျက်သွားသော်လည်း အမျိုးအစားတူ အကုသိုလ်များ) နောက်ထပ် မဖြစ်ပေါ်စေရန်၊ ပယ်ရှားနိုင်ရန် ဆန္ဒဖြစ်ခြင်း၊ လုံ့လစိုက်ထုတ်ခြင်း၊ ဝီရိယဖြင့် စိတ်ဓာတ်ကို မြှင့်တင်ခြင်း၊ စွဲမြဲစွာ အားထုတ်ခြင်း။
  3. အနုပ္ပန္န ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် အားထုတ်ခြင်း: မိမိသန္တာန်၌ (ဤဘဝတွင်) မဖြစ်ပေါ်သေးသော ကုသိုလ်တရားများ (အထူးသဖြင့် ဈာန်၊ မဂ်၊ ဖိုလ် ကဲ့သို့သော ဥတ္တရိမနုဿဓမ္မများ) ဖြစ်ပေါ်လာစေရန် ဆန္ဒဖြစ်ခြင်း၊ လုံ့လစိုက်ထုတ်ခြင်း၊ ဝီရိယဖြင့် စိတ်ဓာတ်ကို မြှင့်တင်ခြင်း၊ စွဲမြဲစွာ အားထုတ်ခြင်း။
  4. ဥပ္ပန္န ကုသိုလ်တရားတို့ကို တည်တံ့ တိုးပွားစေရန် အားထုတ်ခြင်း: မိမိသန္တာန်၌ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားများ (ဥပမာ - ရရှိပြီး ဈာန်တရားများ၊ ဝိပဿနာကုသိုလ်များ) မဆုတ်ယုတ်စေရန်၊ တည်တံ့ခိုင်မြဲစေရန်၊ တိုးတက် ပြန့်ပွားစေရန်၊ ဘာဝနာ ပြည့်စုံမှုသို့ ရောက်သည်အထိ (အရဟတ္တမဂ်တိုင်) ဖြစ်ပွားစေရန် ဆန္ဒဖြစ်ခြင်း၊ လုံ့လစိုက်ထုတ်ခြင်း၊ ဝီရိယဖြင့် စိတ်ဓာတ်ကို မြှင့်တင်ခြင်း၊ စွဲမြဲစွာ အားထုတ်ခြင်း။[]

အားထုတ်မှု၏ သဘောသဘာဝ

[ပြင်ဆင်ရန်]

ဤအားထုတ်မှု လေးမျိုးစလုံးတွင် ယောဂီပုဂ္ဂိုလ်သည် -

  • ဆန္ဒံ ဇနေတိ: ပြုလုပ်လိုသော ဆန္ဒကို ဖြစ်စေသည်။
  • ဝါယမတိ: ကြိုးစား အားထုတ်သည်။
  • ဝီရိယံ အာရဘတိ: ကာယိက၊ စေတသိက ဝီရိယကို ဖြစ်စေသည်။ လုံ့လပြုသည်။
  • စိတ္တံ ပဂ္ဂဏှာတိ: ဝီရိယဖြင့် စိတ်ဓာတ်ကို မြှင့်တင်ပေးသည်။
  • ပဒဟတိ: (သမထ၊ ဝိပဿနာ ဘာဝနာတို့ကို) စွဲမြဲစွာ ဆောက်တည် ကျင့်သုံးသည်။ အဋ္ဌကထာတွင် "အရေ၊ အကြော၊ အရိုးသာ ကြွင်းစေ၊ အသားအသွေး ခန်းခြောက်ပါစေ၊ ယောက်ျားတို့၏ ဇွဲလုံ့လဖြင့် ရနိုင်သည့်အရာကို နောက်မဆုတ်တမ်း ကြိုးစားမည်" ဟူသော အင်္ဂါလေးပါးရှိ ဝီရိယဖြင့် အားထုတ်ခြင်းကို ရည်ညွှန်းပါသည်။

အနုပ္ပန္န နှင့် ဥပ္ပန္န အဓိပ္ပာယ် ရှင်းလင်းချက်

[ပြင်ဆင်ရန်]
  • အနုပ္ပန္န (မဖြစ်သေး): အဆုံးမရှိသော သံသရာတစ်ခွင်လုံး၌ လုံးဝမဖြစ်ဖူးခြင်းကို ဆိုလိုသည်မဟုတ်။ ဤဘဝ၌ မဖြစ်သေးခြင်း၊ သို့မဟုတ် အကြောင်းအာရုံတစ်မျိုးမျိုးနှင့် မကြုံတွေ့ဖူး၍ မဖြစ်သေးခြင်းကို ဆိုလိုသည်။ (အကုသိုလ်အတွက်)။ မိမိ မရရှိသေးသော ဈာန်၊ မဂ် တရားများကို ဆိုလိုသည်။ (ကုသိုလ်အတွက်)။
  • ဥပ္ပန္န (ဖြစ်ပြီး): ရှေးက ဖြစ်ဖူးသော အကုသိုလ်နှင့် အမျိုးအစားတူ၍ နောက်ထပ် မဖြစ်အောင် ကြိုးစားရမည့် အကုသိုလ်ကို ဆိုလိုသည်။ မိမိ ရရှိထားပြီးသော ဈာန်၊ မဂ် (၏ အခြေခံဖြစ်သော ဝိပဿနာ/သမထ ကုသိုလ်) ကို ဆိုလိုသည်။

မဂ်ဉာဏ်နှင့် သမ္မာဝါယာမ

[ပြင်ဆင်ရန်]

အရိယမဂ်၏ ရှေးအဖို့ (ပုဗ္ဗဘာဂ) ဖြစ်သော သမထ၊ ဝိပဿနာ ကျင့်စဉ်ပိုင်း၌ ဤအားထုတ်မှု လေးမျိုးသည် သီးခြားစီ အာရုံစိုက် အားထုတ်ရသကဲ့သို့ ရှိနိုင်သော်လည်း၊ အရိယမဂ် ဖြစ်ပေါ်သည့်အခိုက် တွင်မူ မဂ်နှင့် ယှဉ်သော ဝီရိယစေတသိက် တစ်ခုတည်း ကသာလျှင် ဤ လေးမျိုးသော လုပ်ငန်းကိစ္စအားလုံးကို တစ်ပြိုင်နက်တည်း ပြီးစီးစေနိုင်သော စွမ်းအား ရှိပါသည်။ ထိုမဂ်နှင့် ယှဉ်သော ကုသိုလ်ဝီရိယသည် သမ္မာဝါယာမ မဂ္ဂင် အစစ် ဖြစ်ပါသည်။[]

မဂ္ဂင်၏ အာနုဘော်

[ပြင်ဆင်ရန်]

ပစ္စုပ္ပန်ဘဝ၌ မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်သည် ရှိသော် ယခုဘဝ၌ မိမိသန္တာန်မှာ ဖြစ်ဘူးသော ဥပ္ပန္နဒုစ္စရိုက်တို့သည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် ယခုဘဝမှစ၍ အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် နောင်မိမိသန္တာန်မှာ တစ်ဖန် မဖြစ်ပေါ်လာကုန်ပြီ၊ ယခုဘဝ၌ မိမိသန္တာန်၌ မဖြစ်ဘူးသေးကုန်မူ၍ နောင်ဖြစ်လတ္တံ့သော အဖို့၌ တည်နေကုန်သော အနုပ္ပန္နဒုစ္စရိုက်တရားတို့သည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် ယခုဘဝမှစ၍ အနနုပါဒိသေသနိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် နောင်မိမိသန္တာန်မှာ တစ်ရံတစ်ဆစ်မျှ မဖြစ်လာကုန်ပြီ၊ ဥပ္ပန္န, အနုပ္ပန္နဒုစ္စရိုက်နှစ်ပါးတို့သည် မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် ယခုဘဝတွင် အမြစ်အရင်းနှင့်တကွ ကုန်ဆုံးခြင်းသို့ ရောက်ကြလေကုန်၏။[]

ဝိသုဒ္ဓိ ၇-ပါး

[ပြင်ဆင်ရန်]

ထို့အတူ ယခုဘဝ၌ မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ကြကုန်သည်ရှိသော ဝိသုဒ္ဓိ ၇-ပါးတို့တွင် ယခုဘဝ၌ ရရှိ၍နေသော ဝိသုဒ္ဓိတရားသည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် မိမိသန္တာန်၌ တစ်ဖန်ပျက်စီးခြင်း မရှိသော နိယာမသဘောသို့ဆိုက်ရောက်လေ၏။ ယခုဘဝ၌ မိမိသန္တာန်မှာ မဖြစ်ဘူးကုန်သေး, မရဘူးကုန်သေး, မရောက်ဘူးကုန်သေးသော ဝိသုဒ္ဓိတရားတို့သည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် ယခုဘဝ၌ပင်လျှင် မိမိသန္တာန်၌ ဖြစ်ပေါ်လာကြကုန်၏၊ ရကြကုန်၏၊ ရောက်ကြကုန်၏။[]

ကိုယ်ကျိုးအမှန်

[ပြင်ဆင်ရန်]

ထို့ကြောင့် ဘုရားသာသနာတွင်း၌ ကြုံကြိုက်ကြရကုန်သော လူရှင်အပေါင်း သူတော်ကောင်းတို့မှာ မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ခြင်းဟူသော သမ္မာဝါယာမကိစ္စတစ်ခုသည်သာလျှင် ကိုယ်ကျိုးစီးပွားအမှန် ဖြစ်ချေသည်ဟု သိမြင်ကြရကုန်၏၊ တစ်ပါးသော လူ့ကိစ္စ, ရှင့်ကိစ္စများသည် မနေသာလှ၍ မလွှဲသာလှ၍ မရှောင်သာလှ၍ ပြုကြရသော အပကိစ္စမျိုးသာ ဖြစ်သည်ဟု သိမြင်ကြရကုန်၏။ ဤကား ဗုဒ္ဓဘာသာ သာသနာ၌ လိုရင်းပဓာနဖြစ်သော “သမ္မာဝါယာမ” ကိစ္စကြီးကို ပြဆိုခြင်း ဖြစ်သည်။[]

ဥပ္ပန္န, အနုပ္ပန္န ကို ပြဆိုလျှင် အကုသိုလ်ဒုစ္စရိုက် ၁၀-ပါးနှင့် ပြုဆိုမှ လူတို့ သိလွယ်သည်။ ကုသိုလ်၌ ဝိသုဒ္ဓ ၇-ပါးအစဉ်နှင့် ပြဆိုမှ လူတို့ သိလွယ်သည်။[]

ဆက်စပ်ဖတ်ရှုရန်


ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆။