သမ္မာဝါစာ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
သမ္မာဝါစာ[၁] သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ ကောင်းစွာပြောဆိုတတ်-ကောင်းစွာပြောဆိုကြောင်းဖြစ်-ချီးမွမ်းအပ်-ကောင်းမြတ်-သော စကားကို ပြောဆိုကြောင်း ဖြစ်-သောတရား (ဝိရတိစေတသိက်)။ [၂] သမ္မာဝါစာ (၄) ပါးရှိ၏။[၃]
သမ္မာဝါစာ (၄)ပါး
[ပြင်ဆင်ရန်]- မဟုတ်သည်ကို အဟုတ်ဟူ၍ ယူမှတ်အောင် ပြောဆိုခြင်း, ဟုတ်သည်ကို မဟုတ်ဟူ၍ ယူမှတ်အောင် ပြောဆိုခြင်းသည် မုသာဝါ၏ မည်၏။ ထိုမုသာဝါဒမှ လွတ်ကင်းအောင် ကြဉ်ရှောင်ခြင်းသည် “မုသာဝါဒဝိရတိ” မည်၏။
- အချင်းချင်း ယုံကြည်လေးမြတ်၍ နေကုန်ကြသော နှစ်ဦးသောသူတို့ကို အယုံအကြည်အလေးအမြတ်ပျက်အောင် ပြောဆိုခြင်း, စိတ်ဝမ်းကွဲပြားအောင် ပြောဆိုခြင်း, နှစ်ဦးသောသူတို့အကြား၌ ကုန်းတိုက်ခြင်းသည် ပိသုဏဝါစာ မည်၏။ ထိုပိသုဏဝါစာမှ ကြဉ်ရှောင်ခြင်းသည် “ပိသုဏဝါစာဝိရတိ” မည်၏။
- ဆဲရေးလိုသော ဒေါသစိတ်ဖြင့် သူတစ်ပါးအား အမျိုးကို ထိခိုက်အောင် ဆိုခြင်း, အနွယ်ကို ထိခိုက်အောင်ဆိုခြင်း, သဏ္ဌာန်ကို ထိခိုက်အောင် ဆိုခြင်း, အလုပ်အကိုင်ကို ထိခိုက်အောင်ဆိုခြင်း အစရှိသည်တို့သည် ဖရုသဝါစာ မည်၏။ ထိုဖရုသဝါစာမှ ကြဉ်ရှောင်ခြင်းသည် “ဖရုသဝါစာဝိရတိ” မည်၏။
- လောက၌ ဆန်းကြယ်စွာ လုပ်ကိုင်၍ ထားကြကုန်သော ရာမဇာတ်ဝတ္ထု, အီနောင်ဇာတ်ဝတ္ထု, ငွေတောင်ဇာတ်ဝတ္ထု, ဘာရတဇာတ်ဝတ္ထု အစရှိကုန်သော ဒဏ္ဍာရီဝတ္ထုဇာတ်တို့သည် ရှိကုန်၏၊ ထိုဇာတ်ဝတ္ထုတို့၌ ကြားနာသောသူတို့အား အလိမ္မာတိုးပွားရန် အတ္ထနှင့် စပ်ယှဉ်သောစကား, ဓမ္မနှင့် စပ်ယှဉ်သောစကား, ဝိနယနှင့် စပ်ယှဉ်သောစကားဟူ၍ မပါမရှိ၊ သက်သက်အားဖြင့် စိတ်ပျော်မွေ့ဖွယ်တို့ကို လုပ်ကြံထားသော စကားမျိုးသာ ပါရှိ၏။[၃]
အတ္ထ, ဓမ္မ, ဝိနယ
[ပြင်ဆင်ရန်]- “အတ္ထနှင့် စပ်ယှဉ်သောစကားမျိုး” ဆိုသည်မှာ အသက်ရှည်ခြင်း, အနာကင်းခြင်း, ဓမ္မိယလဒ္ဓဖြစ်သော စည်းစိမ်ချမ်းသာတို့ကို ရနိုင်ခြင်း အစရှိသော ပစ္စုပ္ပန်အကျိုး, နောက်ဘဝတို့၌ လူ့ချမ်းသာကို ရခြင်း အစရှိသော ကောင်းကျိုးချမ်းသာကို ပြဆိုသော စကားမျိုး ဖြစ်သည်။
- “ဓမ္မနှင့် စပ်ယှဉ်သောစကားမျိုး” ဆိုသည်မှာ ထိုအကျိုးတို့ကို ရရာရကြောင်း ဖြစ်သော နည်းလမ်း ဥပဒေသစကားမျိုး ဖြစ်သည်။
- “ဝိနယနှင့် စပ်ယှဉ်သောစကား” ဆိုသည်မှာ လူ့ကျင့်ဝတ်တရား, ရှင်ကျင့်ဝတ်တရားတို့နှင့် စပ်ယှဉ်သော စကားမျိုး, လောဘကို ဖြေဖျောက်ရန် တရားမျိုး, ဒေါသကို ဖြေဖျောက်ရန် တရားမျိုး စသည်ဖြစ်သည်။
ဤ “အတ္ထ, ဓမ္မ, ဝိနယ” တို့နှင့် စပ်ယှဉ်သော စကားမျိုးတို့သည် ထိုဇာတ်ဝတ္ထုတို့၌ မပါရှိကုန်၊ ထိုသို့သော ဒဏ္ဍာရီဇာတ်ဝတ္ထုများကို သူတစ်ပါးတို့အား ဟောပြောခြင်းသည် သမ္ဖပ္ပလာပမည်၏။ ထိုသမ္ဖပ္ပလာစကားမျိုးမှ လွတ်ကင်းအောင် ကြဉ်ရှောင်ခြင်းသည် “သမ္ဖပလ္လာပဝိရတိ” မည်၏။
၂၃ ပါးသော တိရစ္ဆာနကထာ စကားမျိုးသည်လည်း သမ္ဖပ္ပလာပ သာမညမျိုး မည်၏။
အတ္ထ, ဓမ္မ, ဝိနယတို့၌ အလိမ္မာပွားစီးခြင်းကို အလိုရှိကုန်သော သူတို့သည် ထို ၃၂ ပါးသော တိရစ္ဆာနကထာ စကားမျိုးတို့နှင့် အချိန်နာရီကုန်ခြင်းကို ဝေးစွာကြဉ်ရှောင်ကြကုန်ရာ၏။ သမထဘာဝနာ, ဝိပဿနာဘာဝနာ အလုပ်များကို တည်ထောင်ကြကုန်သော သူတို့သည်မူကား အတ္ထ, ဓမ္မ, ဝိနယနှင့် စပ်ယှဉ်သော စကားမျိုးတို့ကိုသော်လည်း အတိုင်းအရှည်သိ၍ ပြောဆိုကြကုန်ရာ၏။[၃]
သမ္မာဝါစာ၏ အမျိုးအစားများ
[ပြင်ဆင်ရန်]- ကထာ သမ္မာဝါစာ: အကြောင်းအကျိုးနှင့်ညီညွတ်၍ အပြစ်ကင်းသော၊ ကောင်းမြတ်သော စကားသံကို ဆိုလိုပါသည်။
- စေတနာ သမ္မာဝါစာ: အပြစ်ကင်းကောင်းမြတ်သော စကားကို ပြောဆိုရန် ဖြစ်ပေါ်လာသော စေတနာ ဖြစ်ပါသည်။ ဤစေတနာသည် ဝုဋ္ဌော (ဝေါဋ္ဌဗ္ဗန)၊ အဘိညာဉ်ဇော၊ မဟာကုသိုလ်ဇော၊ မဟာကြိယာဇော စိတ်များနှင့် ယှဉ်တွဲဖြစ်ပေါ်နိုင်ပါသည်။
- ဝိရတိ သမ္မာဝါစာ: တစ်စုံတစ်ခုသော ကိစ္စအတွက် မဟုတ်မမှန် လိမ်လည်ပြောဆိုရန် အခြေအနေပေါ်လာသည့်အခါ ထိုသို့ မလိမ်ဘဲ ရှောင်ကြဉ်လိုက်ခြင်း သဘောတရား ဖြစ်ပါသည်။ ထိုသို့ ရှောင်ကြဉ်၍ မှန်သောစကားကို ပြောဆိုသည်ဖြစ်စေ၊ ဆိတ်ဆိတ်နေသည်ဖြစ်စေ ထိုရှောင်ကြဉ်မှုသဘော (ဝိရတိ) ပါဝင်နေပါသည်။ ဤ ဝိရတိ သမ္မာဝါစာသည် အသက်မွေးဝမ်းကျောင်းနှင့် တိုက်ရိုက်မသက်ဆိုင်သော ဝစီဒုစရိုက်များ (လေးပါး) မှ ရှောင်ကြဉ်ခြင်းကို ဆိုလိုပါသည်။
အတိုချုပ်အားဖြင့် သမ္မာဝါစာဆိုသည်မှာ အသက်မွေးဝမ်းကျောင်းနှင့် မသက်ဆိုင်သော ဝစီဒုစရိုက် (၄) ပါးအနက် တစ်ပါးပါးမှ ရှောင်ကြဉ်ခြင်း သဘောတရားပင် ဖြစ်ပါသည်။
ဝိရတိ သမ္မာဝါစာ ပွားများရှုမှတ်ပုံ (လောကီပိုင်း)
[ပြင်ဆင်ရန်]ဝိရတိ (ရှောင်ကြဉ်ခြင်း) စေတသိက်များကို ရှုမှတ်ပွားများရာတွင် ၎င်းတို့သည် ပစ္စုပ္ပန် လွန်ကျူးထိုက်သော ဒုစရိုက်၏ အာရုံဝတ္ထု (ဥပမာ - သူတစ်ပါးအသက်၊ ဥစ္စာ စသည်) ကို အာရုံပြု၍ ဖြစ်ပေါ်လာခြင်း ဖြစ်သောကြောင့် တရားထိုင်နေစဉ် ထိုကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်နေရခြင်း မဟုတ်၍ ရှုရန် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် မိမိ ရှောင်ကြဉ်နေကျ သို့မဟုတ် ရှောင်ကြဉ်ခဲ့ဖူးသည့် ဒုစရိုက်တစ်ခုခုကို အာရုံယူ၍ ရှုမှတ်ရမည် ဖြစ်ပါသည်။ ဤသို့ ရှုမှတ်ခြင်းသည် ဝိရတိစေတသိက်က အတိတ်အာရုံကို ယူသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ အတိတ်က ထိုဒုစရိုက်ကို ရှောင်ကြဉ်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သည့် နာမ်တရားစုများကို ပြန်လည်အာရုံယူ ရှုမှတ်ခြင်း ဖြစ်ပါသည်။
အဘိဓမ္မာလာ အဆိုအရ အတိတ်ကံကို ပစ္စုပ္ပန် မနောဒွါရစိတ်ဖြင့် ပြန်လည်အာရုံယူနိုင်ပြီး၊ ထိုသို့ အာရုံယူရာတွင် ရှေးက ပြုခဲ့ဖူးသည်ဟူသော "ပုဗ္ဗေကတ သညာ" ဖြင့်သော်လည်းကောင်း၊ ယခုအသစ် ပြုလုပ်နေရသကဲ့သို့ "သမ္ပတိကတ သညာ" ဖြင့်သော်လည်းကောင်း ထင်လာနိုင်ကြောင်း ရှင်းပြထားပါသည်။ သမ္မာဝါစာ စသည့် ဝိရတိကုသိုလ်ကံများကို ပြန်လည်အာရုံယူရာ၌လည်း ဤနည်းအတိုင်း မနောဒွါရ၌ ထင်လာနိုင်ပြီး ယင်းနာမ်တရားစုများကို သိမ်းဆည်းရှုမှတ်နိုင်ပါသည်။
သမ္မာဝါစာ ရှုကွက် နည်းလမ်းများ
[ပြင်ဆင်ရန်]ရှုကွက်နည်းလမ်းများကို နှစ်မျိုး ဖော်ပြထားပါသည်-
- သမာဓိထူထောင်ပြီး ဘဝင်ကို သိမ်းဆည်း၍ သမ္မာဝါစာဖြစ်ဖူးသည့် အာရုံ (ဥပမာ - မုသားမှ ရှောင်ကြဉ်မှု) ကို အာရုံယူကာ ဘဝင်၌ ထင်လာသောအခါ ထိုအာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသည့် သမ္မာဝါစာနှင့်ယှဉ်သော နာမ်တရားစုများကို ဆက်လက်သိမ်းဆည်းခြင်း။
- သမာဓိထူထောင်ပြီး သမ္မာဝါစာဖြစ်ခဲ့ဖူးသည့် အချိန်ကာလသို့ ရုပ်နာမ်များကို တစ်ဆင့်ချင်း သိမ်းဆည်းသွားကာ ထိုအချိန်က ဘဝင်ကို သိမ်းဆည်း၍ ဘဝင်ကိုအစွဲပြုကာ ထိုအချိန်က ဖြစ်ပေါ်ခဲ့သည့် သမ္မာဝါစာနှင့်ယှဉ်သော နာမ်တရားစုများကို ဆက်လက်သိမ်းဆည်းခြင်း။
ဤနည်းလမ်းများဖြင့် သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝတို့ကိုလည်း အလားတူ ရှုမှတ်နိုင်ကြောင်း ဖော်ပြထားပါသည်။
ဝီထိစိတ်အစဉ်ရှိ နာမ်တရားများ
[ပြင်ဆင်ရန်]သမ္မာဝါစာနှင့်ယှဉ်သော နာမ်တရားစုများကို သိမ်းဆည်းရာ၌ ယေဘုယျအားဖြင့် မနောဒွါရာဝဇ္ဇန်း (၁) ကြိမ်၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ် ပါဝင်သည့် မနောဒွါရဝီထိ ပုံစံအတိုင်း ဖြစ်နိုင်ပါသည်။ (တဒါရုံ ကျချင်လည်း ကျမည်၊ မကျချင်လည်း မကျမည်)။
- မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား ၁၂ လုံး။
- ဇောစိတ်တစ်ခုစီ၌ နာမ်တရား ၃၅ လုံး (ယခင် ၃၄ လုံးတွင် သမ္မာဝါစာ ၁ လုံး ထပ်ပေါင်း၍)။
- တဒါရုံစိတ်တစ်ခုစီ၌ နာမ်တရား ၃၄ လုံး။ (ဝိရတိစေတသိက်သည် ဝိပါက်ဖြစ်သော တဒါရုံနှင့် မယှဉ်သောကြောင့် တဒါရုံ၌ ၃၄ လုံးဟု ဖော်ပြထားပါသည်။) တဒါရုံသည် ဉာဏ်သမ္ပယုတ်/ဝိပ္ပယုတ်၊ သောမနဿ/ဥပေက္ခာ၊ အဟိတ်ဝိပါက် စသည်ဖြင့် ဖြစ်နိုင်ပါသည်။
ရှောင်ကြဉ်ရမည့် ဝစီဒုစရိုက်များ (၄ ပါး)
[ပြင်ဆင်ရန်]သမ္မာဝါစာ ဝိရတိဖြင့် ရှောင်ကြဉ်ရမည့် ဝစီဒုစရိုက် (၄) ပါးနှင့် ၎င်းတို့ကို အာရုံယူ ရှုမှတ်ပုံကို ဇယားဖြင့် ဖော်ပြထားပါသည်။ ၎င်းတို့မှာ -
- မုသားစကား (မုသာဝါဒ)
- ကုန်းချောစကား (ပိသုဏဝါစာ)
- ကြမ်းတမ်းသောစကား (ဖရုသဝါစာ)
- ပြိန်ဖျင်းသောစကား (သမ္ဖပ္ပလာပဝါစာ)
တို့ ဖြစ်ပါသည်။ တစ်မျိုးစီကို (၄) ချက်စီ ခွဲ၍ ရှုမှတ်နိုင်ပါသည်။
သဒ္ဓါနှင့် ပညာ၏ သဘော
[ပြင်ဆင်ရန်]ဤရှုမှတ်မှုတွင် ပါဝင်သည့် သဒ္ဓါမှာ ကံနှင့် ကံ၏အကျိုးကို ယုံကြည်မှုသဘောဖြစ်ပြီး၊ ပညာမှာ ကံနှင့် ကံ၏အကျိုးကို တတ်သိနားလည်မှု (ကမ္မဿကတာ သမ္မာဒိဋ္ဌိ) သဘောဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြထားပါသည်။
လောကီ, လောကုတ္တရာသမ္မာဝါစာ
[ပြင်ဆင်ရန်]ဤ မုသာဝါဒါ ဝေရမဏိ = မုသားစကားမှ ရှောင်ကြဉ်ခြင်း စသော တရားတို့သည် ဤ မုသာဝါဒ စသည့် ဝစီဒုစရိုက်တို့မှ ရှောင်ကြဉ်ကြောင်းသညာတို့၏ ထူးထွေကွဲပြားသည်၏ အဖြစ်ကြောင့် အရိယမဂ်၏ ရှေးအဖို့ ဖြစ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော လောကီသတိပဋ္ဌာန်ကျင့်စဉ်ပိုင်း၌ သမ္မာဝါစာလည်း ထူးထွေကွဲပြားမှု ရှိ၏။
အရိယမဂ်အခိုက်၌ကား ဤ ဝစီဒုစရိုက် (၄)ဌာနတို့၌ ဖြစ်သော ဒုဿီလျ = သီလမရှိသူ ဖြစ်ကြောင်း အကုသိုလ်စေတနာ၏ သွားရာလမ်းကြောင်းကို အကြွင်းမဲ့ ဖြတ်တောက်ပစ်လိုက်ခြင်းအားဖြင့် နောင်တစ်ဖန် မဖြစ်ခြင်းကို ပြီးစီးစေသည်၏ အစွမ်းဖြင့် မဂ္ဂင်္ဂ = အရိယမဂ်၏ အင်္ဂါကို ပြည့်စေလျက် တစ်မျိုးတည်း တစ်ပါး တည်းသာ ဖြစ်သော ကုသိုလ်ဖြစ်သော ဝိရတိသည် ဖြစ်ပေါ်လာ၏၊ ဤ ကုသလဝိရတိသည် သမ္မာဝါစာ မည်၏။ [၄][၅]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
[ပြင်ဆင်ရန်]- ↑ သမ္မာဝါစာ (ထီ) [သမ္မာ+ဝစ+ဏ။ နိရုတ္တိ၊၈၀၁။ သမျဂွါစ်-သံ။]
- ↑ သုန္ဒရာ ပသတ္ထာ ဝါ ဝါစာ သမ္မာဝါစာ။ အဘိ၊ဋ္ဌ၊၁၊၂၆၁။ သမ္မာဝဒတိ သမ္မာ ဝါ တာယ ဝဒန္တိ, ပသတ္ထာ သုန္ဒရာ ဝါ ဝါစာတိ သမ္မာဝါစာ။ ပဋိသံ၊ဋ္ဌ၊၁၊၉၀။ သမ္မာ ဝဒတိ ဧတာယာတိ သမ္မာဝါစာ။ မ၊ဋီ၊၁၊၁၉၇။
- ↑ ၃.၀ ၃.၁ ၃.၂ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၅၆၊ ၅၇၊ ၅၈။
- ↑ (မ၊၁၊၈၈။ ဒီ၊ဋ္ဌ၊၂၊၃၉၂။)
- ↑ နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်