မာတိကာသို့ ခုန်သွားရန်

ဥပါဒါနက္ခန္ဓာ

ဝီကီပီးဒီးယား မှ

ဥပါဒါန်တရားတို့၏-အာရုံ-အကြောင်း-ဖြစ်သော-ခန္ဓာ၊ ဥပါဒါန်တရားတို့သည် အာရုံပြုခြင်းစသည်တို့၏ အစွမ်းအားဖြင့်-ကပ်၍ယူအပ်-စွဲလမ်းအပ်-သောခန္ဓာ၊ ဥပါဒါန်တရားတို့ကြောင့် ဖြစ်သောခန္ဓာ၊ ဥပါဒါန် တရားတို့သည် ပြုပြင်စီရင်အပ်သောခန္ဓာ၊ ဥပါဒါန်တရားတို့လျှင် အမွန်အစရှိသောခန္ဓာ၊ ဥပါဒါန်တရားတို့သည် ဖြစ်စေအပ်သောခန္ဓာ၊ ဥပါဒါန်တရားတို့ကိုဖြစ်စေတတ်သော-ခန္ဓာ-တရားအစု၊ ဥပါဒါနက္ခန္ဓာ[][][]

ဥပါဒါနက္ခန္ဓာငါးပါး

[ပြင်ဆင်ရန်]

ရဟန်းတို့ ...ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ ဟူသည် အဘယ်သည်တို့နည်း? ရဟန်းတို့ ...

၁။ အာသဝေါတရား (၄)ပါးတို့၏ အာရုံဖြစ်သော တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟု စွဲယူအပ်သော အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, အဇ္ဈတ္တမူလည်း ဖြစ်သော ဗဟိဒ္ဓမူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော = ဩဠာရိကမူလည်း ဖြစ်သော သိမ်မွေ့နူးညံ့သော = သုခုမမူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရားသည် လည်းကောင်း, ယုတ်ညံ့သည်မူလည်း ဖြစ်သော မွန်မြတ်သည်မူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရား သည်လည်းကောင်း, (အသိဉာဏ်နှင့်) ဝေးသည်မူလည်း ဖြစ်သော (အသိဉာဏ်နှင့်) နီးသည်မူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း ရှိ၏။ အာသဝေါတရား (၄)ပါးတို့၏ အာရုံဖြစ် သော, တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟူ၍ စွဲယူအပ်သော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည် နေသော ဤအလုံးစုံသော ရုပ်တရားအပေါင်းသည် ရူပုပါဒါနက္ခန္ဓာ မည်၏။

၂။ ပ ။ အလုံးစုံသော ဝေဒနာတရား အပေါင်းသည် ဝေဒနုပါဒါနက္ခန္ဓာ မည်၏။

၃။ ပ ။ အလုံးစုံသော သညာတရား အပေါင်းသည် သညုပါဒါနက္ခန္ဓာ မည်၏။

၄။ ပ ။ အလုံးစုံသော စေတသိက် သင်္ခါရတရား အပေါင်းသည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏။

၅။ ပ ။ အလုံးစုံသော ဝိညာဏ်တရား အပေါင်းသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။ []

ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ

[ပြင်ဆင်ရန်]

[] ၁။ ခန္ဓာ (၅)ပါးတို့တွင် ရူပက္ခန္ဓာကား ကာမာဝစရတရားတည်း။ ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့ကား ကာမ- ရူပ-အရူပ-လောကုတ္တရာ ဟူသော ဘုံ (၄)ပါး၌ ဖြစ်ကုန်သော တရားတို့တည်း။ လောကီ ဖြစ်စေ လောကုတ္တရာ ဖြစ်စေ ခန္ဓာဖွဲ့၍ ရကောင်းသမျှ တရားများကို အားလုံး သိမ်းကြုံး၍ ပြတော်မူ ခြင်းငှာ ဤပထမ ခန္ဓဒေသနာတော်ကို ဟောပြတော်မူသည်။

၂။ ဒုတိယ ဟောတော်မူအပ်သော ဥပါဒါနက္ခန္ဓာဒေသနာတော်၌ --- ရူပက္ခန္ဓာကား ကာမာဝစရတရားတည်း။ ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့ကား ကာမ-ရူပ-အရူပ ဟူသော ဘုံ (၃)ပါး အတွင်း၌ ဖြစ်ကုန်သော တေဘူမကတရားတို့တည်း။ ဝိပဿနာစာရဟူသော ဝိပဿနာဉာဏ်၏ ကျက်စားရာ အာရုံ အဖြစ်ဖြင့် ဥပါဒါနက္ခန္ဓာတို့ကို တစ်ဖန် ဟောကြားတော်မူရပြန်သည်။

ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသည့် အခါ၌ကား တိဟိတ်ပုထုဇန် အဆင့်တွင်သာ တည်ရှိနေ သေးသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ လောကုတ္တရာ စိတ်စေတသိက် ဟူသော လောကုတ္တရာခန္ဓာတို့သည် မိမိ မရရှိသေးသော တရားတို့သာ ဖြစ်ခြင်းကြောင့် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းငှာ မစွမ်းနိုင်ရကား လောကုတ္တရာခန္ဓာများကို အာရုံပြု၍ ဝိပဿနာ မစီးဖြန်းနိုင်။

လောကုတ္တရာ တရားထူး တရားမြတ်ကို ရရှိတော်မူပြီးသော သူတော်ကောင်းတို့သည်ကား မိမိတို့ ရရှိထား သည့် လောကုတ္တရာတရားများကို အာရုံပြုနိုင်ကြ၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ကြ၏။ သို့သော် လောကုတ္တရာ စိတ်စေတသိက်တို့သည် ---

နိဗ္ဗိန္ဒဉာဏ်ဖြင့် ငြီးငွေ့ရန် မဟုတ်သော လောကုတ္တရာတရားများ

[ပြင်ဆင်ရန်]

[] ဟူသော သင်္ခတသုတ္တန် ဒေသနာတော်နှင့် အညီ ဖြစ်မှု တည်မှု ပျက်မှု = ဥပါဒ်-ဌီ-ဘင် ဟူသော သင်္ခတ လက္ခဏာ (၃)ပါး ထင်ရှားရှိသောကြောင့် သင်္ခတတရားတို့လည်း ဖြစ်ကြ၏။ သင်္ခါရတရားတို့၏ အနိစ္စအခြင်း အရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာ တည်နေသော --- ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာ ဉာဏ်တို့က အားကြီးသော မှီရာ ဥပနိဿယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာရသော တရားတို့သာ ဖြစ်ခြင်းကြောင့်, အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကလည်း သိစရာ မျက်မှောက်ပြုစရာ အာရုံအဖြစ် ရပ်တည်၍ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်သော တရားတို့သာ ဖြစ်ခြင်းကြောင့် သင်္ခါရတရားတို့လည်း ဖြစ်ကြ၏။ သို့အတွက် အနိစ္စတရား ဒုက္ခတရား အနတ္တတရားတို့လည်း မှန် ကြ၏။

သို့သော် ယင်း လောကုတ္တရာ စိတ်-စေတသိက်တို့သည် အနိစ္စ-ဒုက္ခ-အနတ္တတရားစုတွင် အကျုံးဝင်သော သင်္ခတတရား သင်္ခါရတရားများပင် ဖြစ်လင့်ကစား, မဂ်တရားတို့ကား သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက် ကြောင်း = နိယျာနိကတရားကောင်း ဖြစ်နေကြ၏၊ ဖိုလ်တရားတို့ကလည်း အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ သန္တိသုခ = အငြိမ်းဓာတ် ချမ်းသာထူးကြီးကို ဒိဋ္ဌဓမ္မ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင် ခံစား စံစားဖို့ရန် အကြောင်း အကောင်းချည်း ဖြစ်နေကြ၏။ ထိုကြောင့် ယင်း လောကုတ္တရာ စိတ်-စေတသိက်တို့ကို အနိစ္စ-ဒုက္ခ-အနတ္တဟု ဝိပဿနာ ရှုသော်လည်း နိဗ္ဗိန္ဒဉာဏ်ဖြင့် ငြီးငွေ့ရန် မဟုတ်ချေ။

ဝိပဿနာ ရှုရမည့် ဥပါဒါနက္ခန္ဓာ (၅)ပါး

[ပြင်ဆင်ရန်]

သံသရာဝဋ် ဆင်းရဲဒုက္ခတရားများအဖြစ် သတ်မှတ်ထားသော လောကီ စိတ်-စေတသိက်-ရုပ်တို့ကိုသာ အာရုံ ပြု၍ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါမှသာလျှင် အနိစ္စ-ဒုက္ခ-အနတ္တသဘောတို့လည်း ပေါလောကြီး ထင်နိုင်မည်၊ သံသရာဝဋ်ဆင်းရဲဒုက္ခ အမည်ရသည့် ယင်းဥပါဒါနက္ခန္ဓာ (၅)ပါးတို့၌ လှလှကြီး ဝဝကြီး ငြီးငွေ့သည့် နိဗ္ဗိန္ဒဉာဏ်များလည်း ဖြစ်ပေါ်လာကြမည်။ ထိုကြောင့် ဝိပဿနာကမ္မဋ္ဌာန်း ရှုသည့်အခါ လောကီခန္ဓာများကို သာလျှင် ရှုရလေသည်။ ဤသို့လျှင် ဝိပဿနာရှုဖို့ရန် ရည်သန်တော်မူ၍ လောကီသက်သက် ဥပါဒါနက္ခန္ဓာ ဒေသနာတော်ကို တစ်ဖန် ဟောတော်မူရပြန်သည်။

ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာတို့၌ အကျုံးဝင်သောတရားများ

[ပြင်ဆင်ရန်]

ရုပ်တရားသည် အပေါင်းအစုဟူသော အနက်သဘောကြောင့် ခန္ဓာတို့၌လည်း အကျုံးဝင်၏။ အာသဝေါ တရားတို့၏ အာရုံဖြစ်သော အပေါင်းအစုဟူသော အနက်သဘောကြောင့် ဥပါဒါနက္ခန္ဓာတို့၌လည်း အကျုံး ဝင်၏။

ဝေဒနာစသည့် နာမ်ခန္ဓာ (၄)ပါးတို့သည်ကား အာသဝေါတရားတို့၏ အာရုံဖြစ်သော ခန္ဓာတို့လည်း ရှိကုန် ၏၊ အာသဝေါတရားတို့၏ အာရုံ မဟုတ်ကုန်သော ခန္ဓာတို့လည်း ရှိကုန်၏။ နာမ်ခန္ဓာ (၄)ပါးတို့ကား အပေါင်း အစုဟူသော အနက်သဘောကြောင့် ခန္ဓာတို့၌ အကျုံးဝင်ကုန်၏။ ယင်းခန္ဓာ (၄)ပါး၌ အကျုံးဝင်ကုန်သော လောကီ စိတ်-စေတသိက်တို့ကား အာသဝေါတရားတို့၏ အာရုံ ဖြစ်ကြ၏။ လောကုတ္တရာ စိတ်-စေတသိက်တို့ ကား အာသဝေါတရားတို့၏ အာရုံ မဟုတ်ကြကုန်။

ကာမ-ရူပ-အရူပ တည်းဟူသော ဘုံသုံးပါး အတွင်း၌ အကျုံးဝင်ကုန်သော လောကီ စိတ်-စေတသိက် ဖြစ်ကြကုန်သော --- ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့ကား အာသဝေါတရားတို့၏ အာရုံ ဖြစ်ခြင်းဟူသော အနက်သဘောကြောင့် ဥပါဒါနက္ခန္ဓာတို့၌ အကျုံးဝင်ကုန်၏။

ထိုဘုံသုံးပါး အတွင်း၌ အကျုံးဝင်ကြကုန်သော လောကီ စိတ်-စေတသိက်-ရုပ်တရားတို့တွင် ---

  • ၁။ ရုပ် (၂၈)ပါးသည် ရူပုပါဒါနက္ခန္ဓာ မည်၏။
  • ၂။ ဝေဒနာစေတသိက်သည် ဝေဒနုပါဒါနက္ခန္ဓာ မည်၏။
  • ၃။ သညာစေတသိက်သည် သညုပါဒါနက္ခန္ဓာ မည်၏။
  • ၄။ ကျန် စေတသိက် (၅၀)သည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏။
  • ၅။ အသိစိတ် အားလုံးသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။

[မှတ်ချက် --- ယင်းဥပါဒါနက္ခန္ဓာ (၅)ပါးကို တစ်ခါတစ်ရံ ခေါ်ဝေါ်လွယ်ကူစေရန် ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟုလည်းကောင်း, ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ဟု လည်းကောင်း အသီးအသီး ခေါ်ဝေါ်သုံးစွဲထားပါသည်။ ထိုသို့ အသုံးအနှုန်းများကို တွေ့ရှိပါက ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံဖြစ်ကြသည့် ဥပါဒါနက္ခန္ဓာတို့ကိုသာ ဆိုလိုသည်ဟု မှတ်ပါ။ တစ်ဖန် ဝိညာဏက္ခန္ဓာ၌ လောကီစိတ်ဟု ဆိုထားသော်လည်း အသင်သူတော်ကောင်း၏ သန္တာန်၌ ဖြစ်ခွင့်ရှိသော လောကီစိတ်များ ကိုသာ ဆိုလိုပေသည်၊ စေတသိက်တို့မှာလည်း ယင်းစိတ်တို့နှင့် ယှဉ်သော စေတသိက်တို့ကိုသာ ဆိုလိုသည် ဟုလည်း မှတ်သားပါလေ။][]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဥပါဒါနက္ခန္ဓ (ပု) [ဥပါဒါန+ဂေါစရ+ခန္ဓ။ ဥပါဒါန+အာရမ္မဏဘူတ+ခန္ဓ။ ဥပါဒါန+ပစ္စယ-ဘူတ+ခန္ဓ။ ဥပါဒါန+ဥပါဒါတဗ္ဗ+ခန္ဓ။ ဥပါဒါန +သမ္ဘူတ+ခန္ဓ။ ဥပါဒါန+ဝိဓေယျ+ခန္ဓ။ ဥပါဒါန +ပဘဝ+ခန္ဓ။ ဥပါဒါန+ဇနက+ခန္ဓ။ ဥပါဒါန +ဇနိတ+ခန္ဓ]
  2. ပဉ္စပါဒါနက္ခန္ဓာ။ ပဋိသံ၊၂၃။ စူဠနိ၊၂၀၆။ ဥပါဒါနက္ခန္ဓာတိ ဥပါဒါနဂေါစရာ ခန္ဓာ ဥပါဒါနက္ခန္ဓာ၊ မဇ္ဈေ ပဒလောပေါ ဒဋ္ဌဗ္ဗာ။ ဥပါဒါနသမ္ဘူတာ ဝါ ခန္ဓာ ဥပါဒါနက္ခန္ဓာ ယထာ တိဏဂ္ဂိ, ထုသဂ္ဂိ။ ဥပါဒါနဝိဓေယျာ ဝါ ခန္ဓာ ဥပါဒါနက္ခန္ဓာ ယထာ ရာဇပုရိသော။ ဥပါဒါနပ္ပဘဝါ ဝါ ခန္ဓာ ဥပါဒါနက္ခန္ဓာ ယထာ ပုပ္ဖရုက္ခော, ဖလရုက္ခော။ ပဋိသံ၊ဋ္ဌ၊၁၊၁၀၂။ စူဠနိ၊ဋ္ဌ၊၈၀။ သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ။ ပဋိသံ၊၃၈။ ဥပါဒါနက္ခန္ဓာတိ ဥပါဒါနဂေါစရာ ခန္ဓာ။ ပဋိသံ၊ဋ္ဌ၊၁၊၁၃၈။ ဥပါဒါနက္ခန္ဓာ သာသဝဥပါဒါနိယဘာဝေန ဝိသေသေတွာ။ အဘိ၊ဋ္ဌ၊၂၊၂၈။ ဝိသုဒ္ဓိ၊၂၊၁၀၈။ ဥပါဒါနက္ခန္ဓာတိ ဧတ္ထ စ ဥပါဒါနဂေါစရာ ခန္ဓာ ဥပါဒါနက္ခန္ဓာတိ ဧဝတ္ထော ဒဋ္ဌဗ္ဗော။ အဘိ၊ဋ္ဌ၊၂၊၂၉။ ဝိသုဒ္ဓိ၊၂၊၁၀၈။ ပဉ္စ လောကာ ဥပါဒါနက္ခန္ဓာ။ ဝိ၊ဋ္ဌ၊၁၊၉၀။ ဒီ၊ဋ္ဌ၊၂၊၅၉။ မ၊ဋ္ဌ၊၂၊၈၅။ သံ၊ဋ္ဌ၊၁၊၁၈၄။ ဝိသုဒ္ဓိ၊၁၊၁၉၉။ ဥပါဒါနာနံ အာရမ္မဏဘူတာ ခန္ဓာ ဥပါဒါနက္ခန္ဓာ။ သာရတ္ထ၊၁၊၂၄၃။ ဝိမတိ၊၁၊၅၂။ ဒီ၊ဋီ၊၂၊၆၃။ မ၊ဋီ၊၂၊၁၃၆။ သံ၊ဋီ၊၁၊၂၃၅။ သံ၊ဋီ၊၂၊၂၁၃။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၃၉။ ပဉ္စသု ဥပါဒါနက္ခန္ဓေသု ဥဒယဗ္ဗယာနုပဿီ ဝိဟာသိ။ ဒီ၊၂၊၃၀။ ဥပါဒါနက္ခန္ဓေသူတိ ဥပါဒါနဿ ပစ္စယဘူတေသု ခန္ဓေသု။ ဒီ၊ဋ္ဌ၊၂၊၅၂။ ပဉ္စသု ဥပါဒါနက္ခန္ဓေသု။ ဒီ၊၂၊၂၃၉။ မ၊၁၊၇၈။ ဥပါဒါနဿ ခန္ဓာ ဥပါဒါနက္ခန္ဓာ၊ ဥပါဒါနဿ ပစ္စယဘူတာ ဓမ္မဉ္ဇာ ဓမ္မာသယောတိ အတ္ထော။ ဒီ၊ဋ္ဌ၊၂၊၃၇၃။ မ၊ဋ္ဌ၊၁၊၂၉၁။ အံ၊ဋီ၊၁၊၂၃၉။ ပဉ္စ ခေါ...ဥပါဒါနက္ခန္ဓာ သက္ကာယော ဝုတ္တော ဘဂဝတာ။ မ၊၁၊၃၇၃။ ဥပါဒါနက္ခန္ဓာတိ ဥပါဒါနာနံ ပစ္စယဘူတာ ခန္ဓာတိ ဧဝမာဒိနာ နယေနေတ္ထ ဥပါဒါနက္ခန္ဓကထာ ဝိတ္ထာရေတာ ကထေတဗ္ဗာ။ မ၊ဋ္ဌ၊၂၊၂၅၈။ ဥပါဒါနေဟိ အာရမ္မဏကရဏာဒိဝသေန ဥပါဒါတဗ္ဗာ ဝါ ခန္ဓာ ဥပါဒါနက္ခန္ဓာ။ ဒီ၊ဋီ၊၂၊၃၂၀။ မ၊ဋီ၊၁၊၃၇၇။ အံ၊ဋီ၊၁၊၂၃၉။ ပဉ္စပါဒါနက္ခန္ဓာ။ ခုဒ္ဒက၊၃။ ဥပါဒါနဇနိတာ ဥပါဒါနဇနကာ ဝါ ခန္ဓာ ဥပါဒါနက္ခန္ဓာ။ ယံ ကိဉ္စိ ရူပံ ဝေဒနာ သညာ သင်္ခါရာ ဝိညာဏဉ္စ သာသဝါ ဥပါဒါနိယာ၊ ဧတေသမေတံ အဓိဝစနံ။ ခုဒ္ဒက၊ဋ္ဌ၊၆၈။
  3. တိပိဋကအဘိဓာန် အတွဲ-၄ အပိုင်း-၂
  4. (သံ၊၂၊၃၉၊ ခန္ဓသုတ္တန်။)
  5. ဆဋ္ဌေ ရူပက္ခန္ဓော ကာမာဝစရော၊ စတ္တာရော ခန္ဓာ စတုဘူမကာ။ ပ ။ ဣဓာပိ ရူပက္ခန္ဓော ကာမာဝစရော၊ အဝသေသာ တေဘူမကာ ဝိပဿနာစာရဝသေန ဝုတ္တာ။ ဧဝမေတ္ထ ရူပံ ရာသဋ္ဌေန ခန္ဓေသု ပဝိဋ္ဌံ၊ သာသဝရာသဋ္ဌေန ဥပါဒါနက္ခန္ဓေသု။ ဝေဒနာဒယော သာသဝါပိ အတ္ထိ၊ အနာသဝါပိ အတ္ထိ။ တေ ရာသဋ္ဌေန သဗ္ဗေပိ ခန္ဓေသု ပဝိဋ္ဌာ၊ တေဘူမကာ ပနေတ္ထ သာသဝဋ္ဌေန ဥပါဒါနက္ခန္ဓေသု ပဝိဋ္ဌာတိ။ (သံ၊ဋ္ဌ၊၂၊၂၄၉။)
  6. တီဏိမာနိ ဘိက္ခဝေ သင်္ခတဿ သင်္ခတလက္ခဏာနိ။ ကတမာနိ တီဏိ၊ ဥပ္ပါဒေါ ပညာယတိ၊ ဝယော ပညာယတိ၊ ဌိတဿ အညထတ္တံ ပညာယတိ။ (အံ၊၁၊၁၅၀။)
  7. နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်