မာတိကာသို့ ခုန်သွားရန်

သမ္မာကမ္မန္တ

ဝီကီပီးဒီးယား မှ

သမ္မာကမ္မန္တ[] သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ သမ္မာကမ္မန္တစေတသိက်၊ သင့်သော-အကြောင်း-ဥပါယ်-နည်းလမ်း-အားဖြင့်ဖြစ်သော အမှု။ [] []

သမ္မာကမ္မန္တ၏ အမျိုးအစားများ

[ပြင်ဆင်ရန်]
  1. ကိရိယာ သမ္မာကမ္မန္တ: အပြစ်ကင်းသော ကိစ္စရပ်တစ်ခုခု (ဥပမာ- ဒါန၊ သီလ၊ ဘာဝနာ) ကို ပြုလုပ်နေသည့် ကိုယ်အမူအရာကို ဆိုလိုပါသည်။
  2. စေတနာ သမ္မာကမ္မန္တ: အပြစ်ကင်းသော ကိစ္စရပ်ကို ပြုလုပ်ရန် ဖြစ်ပေါ်သည့် စေတနာကို ဆိုလိုပါသည်။
  3. ဝိရတိ သမ္မာကမ္မန္တ: တစ်စုံတစ်ခုသော ကာယဒုစရိုက်ကို ပြုလုပ်ရန် အခြေအနေပေါ်လာသော်လည်း ထိုဒုစရိုက်ကို မပြုလုပ်ဘဲ ရှောင်ကြဉ်လိုက်သည့် သဘောတရား ဖြစ်ပါသည်။ ဤ ဝိရတိ သမ္မာကမ္မန္တသည် အသက်မွေးဝမ်းကျောင်းနှင့် တိုက်ရိုက်မသက်ဆိုင်သော ကာယဒုစရိုက်များမှ ရှောင်ကြဉ်ခြင်းကို အဓိကဆိုလိုပါသည်။

ဝိရတိ သမ္မာကမ္မန္တ ရှောင်ကြဉ်ရမည့် ဒုစရိုက်များ

[ပြင်ဆင်ရန်]

သမ္မာကမ္မန္တ ဝိရတိဖြင့် ရှောင်ကြဉ်ရမည့် ကာယဒုစရိုက်များမှာ -

  1. ကိုယ်ဝန်ကို ဖျက်ဆီးခြင်း, သန်းဥ, ကြမ်းပိုးဥကို ဖျက်ဆီးခြင်းတို့မှစ၍ အသက်ရှိသော သတ္တဝါကို သေပျောက် ပျက်ဆုံးစေလိုသောစိတ်ဖြင့် သေပျောက်ပျက်ဆုံးစေရန် ကိုယ်ပယောဂ, နှုတ်ပယောဂပြုခြင်းသည် ပါဏာတိပါတ မည်၏။ ထို ပါဏာတိပါတမှ ကြဉ်ရှောင်ခြင်းသည် “ပါဏာတိပါတဝိရတိ” မည်၏။
  2. အဒိန္နဒါနဝိရတိ ဆိုသည်မှာ မြက်, ထင်း, ရေ တို့မှစ၍ သူတစ်ပါးတို့၏ ဥစ္စာဟူ၍ သိမ်းပိုက်ဆဲဖြစ်သော သက်ရှိ သက်မဲ့ဝတ္ထုကို ဥစ္စာရှင်မမြင်မသိအောင် ခိုးယူလိုသောစိတ်ဖြင့် ခိုးယူခြင်း, ကိုယ်ပယောဂ, နှုတ်ပယောဂကို ပြုခြင်းသည် အဒိန္နာဒါန မည်၏။ ထိုအဒိန္နာဒါနမှ ကြဉ်ရှောင်ခြင်းသည် “အဒိန္နာဒါနဝိရတိ” မည်၏။
  3. ကာမေသုမိစ္ဆာစာရဝိရတိ ဆိုသည်မှာ အမိစောင့်သော မိန်းမ, အဘစောင့်သော မိန်းမတို့မှစ၍ မကျူးလွန်ထိုက်သော မိန်းမတို့၌ ကျူးလွန်သော ယောက်ျား၏ လွန်ကျူးမှုသည်လည်းကောင်း၊ လင်ရှိလျက် မိမိလင်မှ တစ်ပါးသော မလွန်ကျူးထိုက်သော ယောက်ျားနှင့် လွန်ကျူးသော မိန်းမ၏ လွန်ကျူးမှုသည်လည်းကောင်း, ကာမေသုမိစ္ဆာစာရ မည်၏။[]

တို့ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဝိရတိ သမ္မာကမ္မန္တ ပွားများရှုမှတ်ပုံ (လောကီပိုင်း)

[ပြင်ဆင်ရန်]

သမ္မာကမ္မန္တကို ရှုမှတ်ပွားများလိုပါက -

  1. ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။
  2. အတိတ်ကဖြစ်ဖူးသည့် သို့မဟုတ် ဖြစ်နေကျဖြစ်သည့် ပါဏာတိပါတမှ ရှောင်ကြဉ်မှု၊ အဒိန္နာဒါနမှ ရှောင်ကြဉ်မှု၊ ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်မှု အာရုံတစ်ခုခုကို အာရုံယူပါ။
  3. ထိုအာရုံ ဘဝင်၌ ထင်လာသောအခါ ဖြစ်ပေါ်လာသည့် မနောဒွါရိက ဇောဝီထိစိတ်အစဉ်ရှိ နာမ်တရားစုများကို သိမ်းဆည်းပါ။

ဇောစိတ်တစ်ခုစီ၌ သဒ္ဓါ၊ ပညာတို့နှင့်အတူ သမ္မာကမ္မန္တ စေတသိက်ကိုပါ ထည့်သွင်း၍ (၄) ချက်စီ ခွဲ၍ ရှုမှတ်နိုင်ကြောင်း လမ်းညွှန်ထားပါသည်။ ဤ၌လည်း သဒ္ဓါမှာ ကံ-ကံ၏ အကျိုးတရားကို သက်ဝင်ယုံကြည်မှု ဖြစ်၍ ပညာမှာ ကံ-ကံ၏အကျိုးတရားကို တတ်သိ နားလည်မှု ကမ္မဿကတာ သမ္မာဒိဋ္ဌိပင် ဖြစ်သည်။

လောကီနှင့် လောကုတ္တရာ သမ္မာကမ္မန္တ

[ပြင်ဆင်ရန်]
  • လောကီ သမ္မာကမ္မန္တ: အရိယမဂ်၏ ရှေ့အဖို့ဖြစ်သော လောကီ သတိပဋ္ဌာန်ကျင့်စဉ်ပိုင်း၌ ပါဏာတိပါတ စသည့် ကာယဒုစရိုက်တို့မှ ရှောင်ကြဉ်ခြင်းသည် ရှောင်ကြဉ်သည့် အာရုံနှင့် သညာတို့၏ ထူးခြားမှုကြောင့် အမျိုးမျိုး ကွဲပြားမှု ရှိနိုင်ပါသည်။
  • လောကုတ္တရာ သမ္မာကမ္မန္တ: အရိယမဂ်စိတ်၌ ဖြစ်သော သမ္မာကမ္မန္တသည် ထိုကာယဒုစရိုက်သုံးပါးကို ဖြစ်ပေါ်စေနိုင်သည့် အကုသိုလ်စေတနာ၏ အနုသယဓာတ်ကို အကြွင်းမဲ့ဖြတ်တောက်ပစ်လိုက်ခြင်းဖြင့် နောင်တွင် လုံးဝမဖြစ်ပေါ်တော့အောင် ပြုနိုင်စွမ်းရှိသောကြောင့် တစ်မျိုးတည်း၊ တစ်ပါးတည်းသာ ဖြစ်ပါသည်။ ဤသည်ပင် မဂ္ဂင်အင်္ဂါ ဖြစ်ပါသည်။

ဝိရတိ၏ အမျိုးအစားများနှင့် အာရုံ

[ပြင်ဆင်ရန်]

ဝိရတိသည်လည်း -

  1. သမ္ပတ္တဝိရတိ: သိက္ခာပုဒ် ဆောက်တည်မထားသော်လည်း အမျိုးဇာတ်၊ အရွယ်၊ ဗဟုသုတ စသည်တို့ကို ထောက်၍ မကောင်းမှုကို မပြုဘဲ ရှောင်ကြဉ်ခြင်း။
  2. သမာဒါနဝိရတိ: သိက္ခာပုဒ် ဆောက်တည်ထားသူက သိက္ခာပုဒ်ကြောင့် အသက်ကိုပင် စွန့်လွှတ်၍ မကောင်းမှုကို ရှောင်ကြဉ်ခြင်း။
  3. သမုစ္ဆေဒဝိရတိ: အရိယမဂ်နှင့်ယှဉ်သော ဝိရတိဖြစ်ပြီး ဒုစရိုက်တို့၏ အနုသယဓာတ်ကို အကြွင်းမဲ့ဖြတ်တောက်ခြင်း။

သမ္ပတ္တဝိရတိနှင့် သမာဒါနဝိရတိတို့၏ အာရုံ

[ပြင်ဆင်ရန်]

ဝိဘင်းပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့အရ ဤဝိရတိနှစ်မျိုးသည် "ဝီတိက္ကမိတဗ္ဗဝတ္ထု" (လွန်ကျူးထိုက်သော ဝတ္ထု) သို့မဟုတ် "ဝိရမိတဗ္ဗဝတ္ထု" (ရှောင်ကြဉ်ထိုက်သော ဝတ္ထု) ဟုခေါ်ဆိုအပ်သော ပစ္စုပ္ပန်၊ ဗဟိဒ္ဓ ကာမရုပ်နာမ် သင်္ခါရတရား (ပရိတ္တတရား) ကိုသာ အာရုံပြုပါသည်။ ဆိုလိုသည်မှာ လွန်ကျူးဖွယ်ရာ ကာမရုပ်နာမ်အာရုံနှင့် တွေ့ကြုံသည့်အခါ ထိုအာရုံကို အကြောင်းပြု၍ မိမိသန္တာန်၌ ဖြစ်ပေါ်လာသော လွန်ကျူးလိုသည့် အကုသိုလ်စေတနာ (ဝေရစေတနာ) မှ ရှောင်ကြဉ်ခြင်းသည် ဝိရတိ၏သဘောဖြစ်သည်။ ပါဏာတိပါတမှ ရှောင်ကြဉ်ရာတွင် သူတစ်ပါး၏ ဇီဝိတိန္ဒြေကို အာရုံပြုသည်ဆိုရာ၌လည်း ဇီဝိတိန္ဒြေဟု စွဲယူအပ်သော သင်္ခါရတရားကိုသာ အာရုံပြုခြင်းဖြစ်သည်။ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာပါနတို့မှ ရှောင်ကြဉ်ရာ၌လည်း သက်မဲ့ပစ္စည်း သို့မဟုတ် သတ္တဝါ/လူပုဂ္ဂိုလ်ဟု စွဲယူအပ်သော ကာမရုပ်နာမ် သင်္ခါရတရားတို့ကိုသာ အာရုံပြုကြောင်း ရှင်းပြထားပါသည်။

ထို့ကြောင့် သမ္ပတ္တဝိရတိနှင့် သမာဒါနဝိရတိတို့သည် ပစ္စုပ္ပန် လွန်ကျူးထိုက်သော ဗဟိဒ္ဓကာမရုပ်နာမ်အာရုံကို အာရုံပြုကြသည်။ အကယ်၍ ဝိရတိတို့သည် သတ္တဝါ အစရှိသော ပညတ်ကို အာရုံပြုသည်ဟု လက်ခံနိုင်ပါက တဒါရုံ မကျနိုင်ဟူသောအချက်ကိုလည်း ထပ်မံဆန်းစစ်ရန် ဖော်ပြထားပါသည်။[][]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

[ပြင်ဆင်ရန်]
  1. သမ္မာကမ္မန္တ၂ (ပု) [သမ္မာ+ပဝတ္တ+ကမ္မန္တ]
  2. သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ စေတိ တိသော ဝိရတိယော နာမ။ သင်္ဂဟ၊၈။ ကမ္မမေဝ ကမ္မန္တော သုတ္တန္တဝနန္တာဒယော ဝိယ။ သမ္မာ ပဝတ္တော ကမ္မန္တော သမ္မာကမ္မန္တော၊ ကာယဒုစ္စရိတဝိရတီ။ ဝိဘာဝိနီ၊၁၁၁။ ကမ္မဝ ကမ္မန္တော အန္တသဒ္ဒဿ တဗ္ဘာဝ ဝုတ္တိတ္တာ။ သမ္မာ ဉာယေန မိစ္ဆာကမ္မန္တပ္ပဟာနေန။ မဏိမဉ္ဇူ၊၁၊၃၄၂။
  3. ၃.၀ ၃.၁ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၅၈၊ ၅၉။
  4. (ဒီ၊ဋ္ဌ၊၂၊၃၉၂။)
  5. နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်