မာတိကာသို့ ခုန်သွားရန်

သမ္မာသင်္ကပ္ပ

ဝီကီပီးဒီးယား မှ

သမ္မာသင်္ကပ္ပ” ဟူသည် ကောင်းစွာ (`သမ္မာ`) ကြံစည်ခြင်း (`သင်္ကပ္ပ`) ဖြစ်သည်။ ကောင်းမြတ်သော၊ ချီးမွမ်းအပ်သော၊ နိဗ္ဗာန်အာရုံသို့ ရှေးရှုပို့ဆောင်ပေးတတ်သော အကြံအစည် (ဝိတက်) ကို ဆိုလိုသည်။[]

သမ္မာသင်္ကပ္ပ အမျိုးအစား (၃) ပါး:

[ပြင်ဆင်ရန်]

သမ္မာသင်္ကပ္ပတွင် အောက်ပါ အကြံအစည် သုံးမျိုး ပါဝင်သည်-

  1. နေက္ခမ္မသင်္ကပ္ပ: = ကောင်းသောအဆင်း, ကောင်းသောအသံ, ကောင်းသောအနံ့, ကောင်းသောအရသာ, ကောင်းသော အထိအတွေ့မျိုးဟူသော ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၌လည်းကောင်း၊ တပ်ခြင်း, တွယ်တာခြင်း, စွဲလမ်းခြင်းကို ပယ်စွန့်နိုင်သော အလောဘတရားသည် ရှိ၏၊ ထိုအလောဘတရားနှင့် ယှဉ်သော အကြံအစည်မျိုးသည် “နေက္ခမ္မသင်္ကပ္ပ” မည်၏။
  2. အဗျာပါဒသင်္ကပ္ပ: = လူ, တိရစ္ဆာန် အစရှိသော ခပ်သိမ်းသော သတ္တဝါတို့၌ ကောင်းကျိုးချမ်သာကို လိုလားသော မေတ္တာတရားသည် ရှိ၏၊ ထိုမေတ္တာတရားနှင့် ယှဉ်သော အကြံအစည်မျိုးသည် “အဗျာပါဒ သင်္ကပ္ပ” မည်၏။
  3. အဝိဟိံသာသင်္ကပ္ပ: = ခပ်သိမ်းသော ဒုက္ခိတသတ္တဝါတို့ကို သနားညှာတာတတ်သော ကရုဏာတရားသည် ရှိ၏၊ ထိုကရုဏာတရားနှင့် ယှဉ်သော အကြံအစည်မျိုးသည် “အဝိဟိံသာသင်္ကပ္ပ” မည်၏။[]

မှားယွင်းသော ကြံစည်မှု (မိစ္ဆာသင်္ကပ္ပ) နှင့် ဆန့်ကျင်ပုံ

[ပြင်ဆင်ရန်]
  • နေက္ခမ္မသင်္ကပ္ပသည် ကာမဂုဏ်ကို ကြံစည်မှု (ကာမသင်္ကပ္ပ) ၏ ဆန့်ကျင်ဘက်ဖြစ်သည်။
  • အဗျာပါဒသင်္ကပ္ပသည် ဖျက်ဆီးလိုမှု (ဗျာပါဒသင်္ကပ္ပ) ၏ ဆန့်ကျင်ဘက်ဖြစ်သည်။
  • အဝိဟိံသာသင်္ကပ္ပသည် ညှဉ်းဆဲလိုမှု (ဝိဟိံသာသင်္ကပ္ပ) ၏ ဆန့်ကျင်ဘက်ဖြစ်သည်။

လောကီ နှင့် လောကုတ္တရာ သမ္မာသင်္ကပ္ပ

[ပြင်ဆင်ရန်]
  • လောကီ: မဂ်မရမီ ရှေ့ပိုင်းအဆင့် (ပုဗ္ဗဘာဂ) သတိပဋ္ဌာန်ကျင့်စဉ်၌ ဤသင်္ကပ္ပသုံးမျိုးသည် မိစ္ဆာသင်္ကပ္ပများကို ရှောင်ကြဉ်ရန် သီးခြားပွားများရသော ကြံစည်မှုများ ဖြစ်ကြသည်။
  • လောကုတ္တရာ: အရိယမဂ်စိတ် ဖြစ်ပေါ်သည့်အခိုက်၌ သမ္မာသင်္ကပ္ပသည် တစ်ပါးတည်းသော ကုသိုလ်ဝိတက် (ကုသလသင်္ကပ္ပ) အဖြစ် ဖြစ်ပေါ်လာပြီး၊ အကုသိုလ်သင်္ကပ္ပ သုံးမျိုးလုံး၏ လမ်းကြောင်းကို ဖြတ်တောက်ကာ မဂ္ဂင်ရှစ်ပါးကို ပြည့်စေသည်။

သမ္မာသင်္ကပ္ပ (ဝိတက်) ၏ အလုပ်လုပ်ပုံ

[ပြင်ဆင်ရန်]
  • သမ္မာသင်္ကပ္ပ၏ ပရမတ္ထသဘောမှာ ဝိတက်စေတသိက် ဖြစ်သည်။ ဝိတက်၏ အဓိက လက္ခဏာမှာ စိတ်ကို အာရုံပေါ်သို့ ရှေးရှု တင်ပေးခြင်း (`အာရမ္မဏေ စိတ္တဿ အဘိနိရောပနလက္ခဏော`) ဖြစ်သည်။
  • သမ္မာဒိဋ္ဌိနှင့် ဆက်စပ်မှု: သမ္မာသင်္ကပ္ပ (ဝိတက်) သည် စိတ်ကို အာရုံ (ဥပမာ- ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ပေါ်သို့ အဖန်တလဲလဲ တင်ပေးသည်။ ထိုသို့ တင်ပေးသောအခါမှ သမ္မာဒိဋ္ဌိ (ပညာ) သည် ထိုအာရုံ၏ သဘောမှန်ကို ထိုးထွင်းသိမြင်နိုင်သည်။ ပညာသက်သက်သည် ဝိတက်၏ အာရုံပေါ်တင်ပေးမှု မရှိဘဲ အာရုံကို မသိနိုင်ပေ။
ဥပမာများ:
  • ဒုက္ခသစ္စာ (ဥပါဒါနက္ခန္ဓာငါးပါး) အာရုံပေါ်သို့ စိတ်ကို တင်ပေးခြင်းသည် သမ္မာသင်္ကပ္ပ၊ ထိုဒုက္ခသစ္စာကို ထိုးထွင်းသိခြင်းသည် သမ္မာဒိဋ္ဌိ။
  • သမုဒယသစ္စာ နှင့် ၎င်း၏ အကျိုးဆက်နွယ်ပုံ အာရုံပေါ်သို့ စိတ်ကို တင်ပေးခြင်းသည် သမ္မာသင်္ကပ္ပ၊ ထိုအကြောင်းအကျိုး ဆက်နွယ်မှုကို ထိုးထွင်းသိခြင်းသည် သမ္မာဒိဋ္ဌိ။
  • ဒုက္ခသစ္စာ၊ သမုဒယသစ္စာတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာ အာရုံပေါ်သို့ စိတ်ကို တင်ပေးခြင်းသည် သမ္မာသင်္ကပ္ပ၊ ထိုအခြင်းအရာများကို ထိုးထွင်းသိခြင်းသည် သမ္မာဒိဋ္ဌိ။

နေက္ခမ္မသင်္ကပ္ပ၏ ကျယ်ပြန့်မှု

[ပြင်ဆင်ရန်]

သမထပိုင်းတွင် ပထမဈာန်နှင့် ယှဉ်သော ဝိတက်သည်၎င်း၊ ဝိပဿနာပိုင်းတွင် နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ ဝိပဿနာဉာဏ်အားလုံးနှင့် ယှဉ်သော ဝိတက်သည်၎င်း နေက္ခမ္မသင်္ကပ္ပတွင် အကျုံးဝင်သော သမ္မာသင်္ကပ္ပများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းဝိတက်များသည် စိတ်ကို ကာမဂုဏ်အာရုံမှ ထွက်မြောက်ရာဖြစ်သော သမထ၊ ဝိပဿနာ အာရုံများပေါ်သို့ ရှေးရှုတင်ပေးနေသောကြောင့် ဖြစ်သည်။

အရေးပါပုံ

[ပြင်ဆင်ရန်]

သမ္မာသင်္ကပ္ပသည် ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်များ ဖြစ်ပေါ်လာရေးအတွက် အလွန်အရေးပါသော မဂ္ဂင်တစ်ပါး ဖြစ်သည်။ သမ္မာသင်္ကပ္ပက စိတ်ကို အာရုံမှန်ပေါ်သို့ တင်ပေးမှသာ သမ္မာဒိဋ္ဌိက ထိုအာရုံကို ဟုတ်တိုင်းမှန်စွာ ခွဲခြားသိမြင်နိုင်မည် ဖြစ်သည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. ၁.၀ ၁.၁ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၅၅၊ ၅၆။
  2. နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်