မာတိကာသို့ ခုန်သွားရန်

သမ္မာသတိ

ဝီကီပီးဒီးယား မှ

မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရား၏ အစိတ်အပိုင်းတစ်ခုဖြစ်သော သမ္မာသတိဟူသည် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားသည့်အတိုင်း သတိပဋ္ဌာန်တရား (၄) ပါးကို ပွားများအားထုတ်ခြင်းပင် ဖြစ်ပါသည်။ ဘုရားရှင် ဟောကြားတော်မူသော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ-

ရဟန်းသည်-

  1. ကာယာနုပဿနာ: ကိလေသာကို လောင်ကျွမ်းစေသော လုံ့လ (အာတာပီ)၊ ကွဲပြားစွာသိသော ဉာဏ် (သမ္ပဇာနော)၊ အောက်မေ့တတ်သော သတိ (သတိမာ) တို့နှင့် ပြည့်စုံလျက်၊ ရုပ်လောက၌ တပ်မက်ခြင်း (အဘိဇ္ဈာ) နှင့် စိတ်မချမ်းသာခြင်း (ဒေါမနဿ) ကို ပယ်ခွာ၍ ရုပ်အပေါင်း (ကာယ) ၌ ရုပ်အပေါင်းကို အဖန်ဖန် ရှုမှတ်နေခြင်း။
  2. ဝေဒနာနုပဿနာ: အထက်ပါ လုံ့လ၊ ဉာဏ်၊ သတိတို့နှင့် ပြည့်စုံလျက်၊ ဝေဒနာလောက၌ အဘိဇ္ဈာ၊ ဒေါမနဿကို ပယ်ခွာ၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အဖန်ဖန် ရှုမှတ်နေခြင်း။
  3. စိတ္တာနုပဿနာ: အထက်ပါ လုံ့လ၊ ဉာဏ်၊ သတိတို့နှင့် ပြည့်စုံလျက်၊ စိတ်လောက၌ အဘိဇ္ဈာ၊ ဒေါမနဿကို ပယ်ခွာ၍ စိတ်၌ စိတ်ကို အဖန်ဖန် ရှုမှတ်နေခြင်း။
  4. ဓမ္မာနုပဿနာ: အထက်ပါ လုံ့လ၊ ဉာဏ်၊ သတိတို့နှင့် ပြည့်စုံလျက်၊ ဓမ္မလောက၌ အဘိဇ္ဈာ၊ ဒေါမနဿကို ပယ်ခွာ၍ ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အဖန်ဖန် ရှုမှတ်နေခြင်း။

ဤသို့ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတည်းဟူသော အာရုံ (၄) ပါး၌ စွဲမြဲစွာ အဖန်ဖန် ရှုမှတ်နေခြင်း၊ အောက်မေ့ခြင်းကို သမ္မာသတိ ဟု ခေါ်ဆိုပါသည်။

ပြည့်စုံရမည့် တရားသုံးပါး (သမ္ပယောဂ အင်္ဂါ)

[ပြင်ဆင်ရန်]

သတိပဋ္ဌာန်တရားကို ပွားများရာ၌ (သမ္မာသတိ ဖြစ်ရန်) အောက်ပါ တရားသုံးပါး အတူယှဉ်တွဲ ပါဝင်နေရမည် ဖြစ်သည်-

၁။ အာတာပီ (ဝီရိယ - လုံ့လ): ကိလေသာများကို ပူပန်စေ၊ လောင်ကျွမ်းစေတတ်သော အပြင်းအထန် အားထုတ်မှု လုံ့လဝီရိယ ဖြစ်သည်။ ဤဝီရိယသည် မိမိနှင့်အတူဖြစ်သော သမ္ပယုတ်တရားများကို အားထုတ်စေပြီး ဆန့်ကျင်ဘက် ကိလေသာများကို တဒင်္ဂအားဖြင့်ဖြစ်စေ၊ ဝိက္ခမ္ဘနအားဖြင့်ဖြစ်စေ ပယ်ရှားရာ၌ အဓိက စွမ်းအားဖြစ်သည်။

၂။ သမ္ပဇာနော (သမ္ပဇဉ်ဉာဏ် - ပညာ): ကွဲကွဲပြားပြား သိတတ်သော ဉာဏ်ပညာ ဖြစ်သည်။ ၎င်းတွင် အပိုင်း (၃) ပိုင်း ပါဝင်သည်-

  • (က) ကောင်းစွာသိခြင်း: ရုပ်ပရမတ်၊ နာမ်ပရမတ် တရားတစ်ခုချင်းစီကို အမှန်အတိုင်း၊ မရောယှက်စေဘဲ (ပထဝီကို ပထဝီဟု၊ ဝေဒနာကို ဝေဒနာဟု) ကွဲပြားစွာ ထိုးထွင်းသိမြင်ခြင်း။
  • (ခ) ပတ်ဝန်းကျင်မှ/ခပ်သိမ်းသော အခြင်းအရာအားဖြင့် သိခြင်း: ရုပ်နာမ်ပရမတ်များကို လက္ခဏ၊ ရသ စသည်ဖြင့်၎င်း၊ အကြောင်းအကျိုး ဆက်နွယ်မှု (ပဋိစ္စသမုပ္ပါဒ်) အားဖြင့်၎င်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ အခြင်းအရာအားဖြင့်၎င်း၊ မိမိသန္တာန် (အဇ္ဈတ္တ) မှစ၍ အပြင် (ဗဟိဒ္ဓ)၊ သက်ရှိ သက်မဲ့ (၃၁) ဘုံလုံးအထိ ခြုံငုံ၍ ကွဲပြားစွာ သိမြင်ခြင်း။
  • (ဂ) အညီအညွတ် သိခြင်း: သင်္ခါရတရားများကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘဟု အမြဲတစေ ညီညွတ်စွာ ရှုမြင်ခြင်း (နိစ္စ၊ သုခ၊ အတ္တ၊ သုဘဟု မှားယွင်းမရှုခြင်း)။ ဤသို့ ရှုမြင်မှုသည် အထက်အထက် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များသို့ တက်လှမ်းစေသည်။

၃။ သတိမာ (သတိ - အောက်မေ့မှု): အာရုံ (ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ) ကို စွဲမြဲစွာ သိမ်းဆည်းတတ်၊ အောက်မေ့တတ်သော သတိဖြစ်သည်။ သတိသည် အာရုံကို ယူဆောင်ပေးပြီး ပညာက ထိုးထွင်းသိသည်။ သတိမရှိလျှင် အဖန်ဖန်ရှုမှတ်ခြင်း (အနုပဿနာ) မဖြစ်နိုင်ပါ။ ဘုရားရှင်က သတိကို အခါခပ်သိမ်း အကျိုးရှိသော တရား (သဗ္ဗတ္ထိကံ) ဟု ဟောကြားခဲ့ပြီး၊ စိတ်ဓာတ်ကျဆင်းချိန်၌ မြှင့်တင်ရန်၎င်း၊ စိတ်ပျံ့လွင့်ချိန်၌ စုစည်းရန်၎င်း အသုံးဝင်သည်ဟု ဆိုလိုသည်။

ပယ်ရှားရမည့် တရားနှစ်ပါး

[ပြင်ဆင်ရန်]

သတိပဋ္ဌာန်ပွားများရာ၌ လောက (ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မ) ၌ “အဘိဇ္ဈာ” (လောဘ၊ တပ်မက်ခြင်း) နှင့် “ဒေါမနဿ” (ဒေါသ၊ စိတ်မချမ်းသာခြင်း) တို့ကို (သမထ၊ ဝိပဿနာ ကုသိုလ်စိတ်တို့၏ စွမ်းအားဖြင့် တဒင်္ဂ၊ ဝိက္ခမ္ဘနအားဖြင့်) ပယ်ရှားထားရမည် ဖြစ်သည်။

လောကီ နှင့် လောကုတ္တရာ သမ္မာသတိ

[ပြင်ဆင်ရန်]
  • လောကီ: မဂ်မရမီ ရှေ့ပိုင်းအဆင့် (ပုဗ္ဗဘာဂ) ၌ ပွားများသော သတိပဋ္ဌာန်ကျင့်စဉ်တွင် ဖြစ်သော သတိသည် ကာယ၊ ဝေဒနာ စသည့် အာရုံတစ်ခုစီ၌ ဖြစ်သောကြောင့် ထူးခြားကွဲပြားမှု ရှိသည်။
  • လောကုတ္တရာ: အရိယမဂ်စိတ် ဖြစ်ခိုက်၌ သမ္မာသတိသည် မဂ္ဂင်တစ်ပါးအဖြစ် အာရုံ (၄) ဌာနလုံးကို ဖုံးလွှမ်းသော မောဟကို တစ်ပြိုင်နက် ပယ်ရှားလျက် တစ်မျိုးတည်းသော သတိအဖြစ် ဖြစ်ပေါ်လာသည်။

သို့ဖြစ်၍ သမ္မာသတိသည် လုံ့လ၊ ပညာတို့နှင့် ယှဉ်တွဲလျက် သတိပဋ္ဌာန်လေးပါးကို အဖန်ဖန်ရှုပွားကာ အဘိဇ္ဈာ၊ ဒေါမနဿတို့ကို ပယ်ရှားလျက် နိဗ္ဗာန်သို့ ဦးတည်သော မဂ္ဂင်အကျင့်မြတ်တစ်ပါး ဖြစ်ပါသည်။[]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်