ယင်းမာပင်မြို့

ဝီကီပီးဒီးယား မှ
ယင်းမာပင်မြို့
ယင်းမာပင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ယင်းမာပင်မြို့
ယင်းမာပင်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 20°04′47″N 94°54′08″E / 20.07972°N 94.90222°E / 20.07972; 94.90222ကိုဩဒိနိတ်: 20°04′47″N 94°54′08″E / 20.07972°N 94.90222°E / 20.07972; 94.90222
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ယင်းမာပင်ခရိုင်
မြို့နယ်ယင်းမာပင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ဤဆောင်းပါးသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိမြို့ အကြောင်း ဖြစ်သည်။ အပင် အတွက် ယင်းမာပင် ကို ကြည့်ပါ။

ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင် အတွင်း ချင်းတွင်းမြစ်၏ အနောက် ဘက် မြောက်လတ္တီကျု ၂၁° ၅၉' နှင့် ၂၂°၁၉' အကြား၊ အရှေ့ လောင်ဂျီကျု ၉၃° ၃၆' နှင့် ၉၅° ၁၅' အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် (၄၀၀) အကွာတွင် တည်ရှိသည်။ ယင်းမာပင်မြို့နယ် ၏ အရှေ့ဘက်တွင် မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက်တွင် ပုလဲမြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင် ကနီမြို့နယ်တို့ ရှိကြသည်။

အကျယ်အဝန်း[ပြင်ဆင်ရန်]

ယင်းမာပင် မြို့နယ်သည် ပင်လယ်ရေမျက် နှာပြင် အထက် ပေ (၄၀၀) တွင် ရှိပြီး ယေဘုယျ အားဖြင့် မြေပြင် ညီညာပြန့်ပြူး ပါသည်။ မြေပြန့်လွင်ပြင်မှာ ရာခိုင်နှုန်း (၄၈.၂၃%) ရှိပြီး စတုရန်းမိုင် အားဖြင့် (၁၇၄.၅၉) ရှိ၍ စတုရန်းမိုင် အားဖြင့် (၇၅.၈၂)၊ ဆင်ခြေလျှော မြေမှာ (၃၄၀.၀၂%) ဧရိယာအားဖြင့် (၁၁၂.၂၉) စတုရန်းမိုင် ရှိရာ ယင်းမာပင်မြို့နယ် မှာ စုစုပေါင်း အကျယ်အဝန်း အားဖြင့် (၃၆၂.၇၀) ဧရိယာစတုရန်းမိုင် ကျယ်ဝန်း ပါသည်။

မြို့နယ်သမိုင်း[ပြင်ဆင်ရန်]

ယင်းမာပင်မြို့နယ်အား မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ စတင်သတ်မှတ်ပြီး နယ်ပိုင်ဝန်ထောက် တစ်ဦး ရုံးထိုင်စေလျက် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ကိုပါ အုပ်ချုပ်ရသော ခရိုင်ခွဲ (ဆဗ္ဗဒီဝီဇံ)မြို့အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာဘုရင်များ လက်ထက်ကမူ ယင်းမာပင် မြို့နယ် အပါအဝင် ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ ပါဝင်သော ဒေသများအား ဖန့်ချီနယ် (တချို့က `ဗန့်ဂျီနယ်´ ဟုလည်း ပြောကြသည်။) ဟု ခေါ်ဝေါ် သတ်မှတ် ခဲ့သည်။ အဆိုပါ (၃)မြို့နယ်၏ အနောက်ဘက်တွင် ပင်တောင်၊ ငပြုံးတောင်၊ ဖန့်ဂျီတောင် ဟူ၍ ရှိရာ ဖန့်ဂျီတောင်သည် တောင်ယမား ချောင်းနှင့် မြောက်ယမားချောင်း အကြားတွင် တည်ရှိသော ကြောင့် အဆိုပါ ဒေသအတွင်း တည်ရှိသော နယ်မြေများကို ဖန့်ဂျီနယ်ဟု ခေါ်ဝေါ်ကြောင်း သိရှိရသည်။ မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်ကပင် ဗြိတိသျှအစိုးရက သတ်မှတ် ခဲ့သော်လည်း ယင်းမာပင်မြို့နယ်ကိုမူ မြို့အဖြစ် စနစ်သစ် အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂ ခုနှစ်တွင်မှ တရားဝင် သတ်မှတ် ခဲ့သည်။ ယခင်ကမူ ယင်းမာပင်မြို့နယ်သည် နယ်ပိုင်ရုံးစိုက် ဖြစ်သော်လည်း မြို့အဖြစ် တရားဝင် သတ်မှတ်ချက် မဟုတ်ဘဲ မြို့မအုပ်စု အဖြစ်သာ တည်ရှိ ခဲ့သည်။

မြေအနေအထား[ပြင်ဆင်ရန်]

ယင်းမာပင် မြို့နယ် အတွင်း၌ တောင်တန်း နှင့် ဆင်ခြေလျှော ဒေသမှာ မြေပြန့်လွင်ပြင် ဧရိယာ ထက် ပိုမိုကျယ်ဝန်းသည် မှန်သော် လည်း ဤမြို့နယ်တွင် အလွန် မြင့်မားသော တောင်ကုန်း တောင် တန်းကြီးများ မရှိပါ။ မြို့နယ် အတွင်း ဖြတ်သန်း စီးဆင်းသည့် တောင်ကျ ချောင်း(ယမားချောင်း)မှာ အနောက်မှ အရှေ့သို့ စီးဆင်း၍ စုန်းကျင်းအုပ်စု၊ ဘိန်းနွယ်ချောင် ကျေးရွာအနီးတွင် ချင်းတွင်းမြစ် အတွင်းသို့ စီးဝင်ပါသည်။ တင်ဆုံချောင်းမှာ အနောက်မြောက်မှ အရှေ့တောင်သို့ စီးဆင်းပြီး နတ္ထောင့် ကျေးရွာ အနီးတွင် ပေါင်းဆုံပါသည်။ ၎င်းချောင်းများသည် ရေစီး အလွန် လျင်မြန်သည်။ သို့ဖြစ်၍ ၎င်းချောင်းများ ဖြတ်သန်းစီးဆင်းသည့် ရွှေလှန်၊ ပန်းမထုံး၊ ရေအောင့် စသည့်ကျေးရွာများသည် ရံဖန်ရံခါ ရေတိုက်စားခြင်းများ ကြုံရသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

မုံရွာ - ပုလဲ - ဂန့်ဂေါလမ်း၊ ၁၂-ပေ အကျယ် ကတ္တရာခင်း ကားလမ်းသည် ယင်းမာပင်မြို့နယ်ကို ဖြတ်သန်းလျက် ရှိသည်။ မိုင်တိုင် အမှတ် ၉/၀ မိုင်မှ ၂၃/၄ မိုင်သည် ယင်းမာပင်မြို့နယ် အပိုင်း ဖြစ်၍ (၁၄) မိုင် (၄) ဖာလုံ ရှည်လျား ပါသည်။ ဤ မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမှာ ရာသီမရွေး ဆက်သွယ် သွားလာနိုင်ပြီး ခရီးသည်နှင့် ကုန်စည် များကို သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။ ထို့ပြင် ပွင့်လင်းရာသီ၌ မြို့နယ် အတွင်းရှိ ကပိုင်၊ ဆင်စွယ်၊ ရင်ပေါင်တိုင် စသည့် ကျေးရွာများမှ ယင်းမာပင်မြို့ကို ဖြတ်သန်း၍ မုံရွာမြို့သို့ ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင် ပေးခြင်း၊ ကနီ-ယင်းမာပင်-မုံရွာ ကားလမ်းဖြင့် သွားလာနိုင်ခြင်း တို့ဖြင့် လမ်းပန်းဆက် သွယ်ရေး အဆင်ပြေ ချောမွေ့လျက် ရှိသည်။ ယင်းမာပင်မြို့မှ မုံရွာမြို့သို့လည်း ကားကြီးကားငယ် များဖြင့် အချိန်မရွေး သွား လာနိုင် သကဲ့သို့ ယခုနောက်ပိုင်းမှ ဖွင့်လှစ်ခဲ့သော မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းဖြင့် ချင်းတွင်းတံတား(မုံရွာ) ကို အသုံးပြုလျက် ယင်းမာပင် မြို့နယ်မှ ခရီးသည်နှင့် ကုန်စည် များကို အချိန်အခါမရွေး သယ်ယူပို့ဆောင် ပေးနေပြီ ဖြစ်သည်။ မုံရွာ-ယာကြီး-ကလေး၀ ကားလမ်းသည် ယင်းမာပင်မြို့နယ်အပိုင်း၌ (၁၀)မိုင် (၃)ဖာလုံ ခန့်ရှည်လျားသည်။၎င်းအပြင် မုံရွာ-ပုသိမ် လမ်းကိုဖောက်လုပ်လျက်ရှိပြီး ယင်းလမ်းပေါ်တွင် မြောက်ယမားချောင်းတံတား ကိုလည်းပြုပြင်ပြီးစီးပြီဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ ယခင်ထက်ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်သည်။ ထို့ပြင် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကိုလည်း အိန္ဒိယနိုင်ငံရဲ့အကူအညီဖြင့် ပြုပြင်သွားမည်ဖြစ်ပြီ မြေသားတိုင်းတာမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

ယင်းမာပင်မြို့နယ်သည် မြန်မာ နိုင်ငံအလယ်ပိုင်း ပူပြင်းခြောက် သွေ့သည့်အပိုင်းတွင် ပါရှိသည်။ တစ်နှစ်လျှင် ပျမ်းမျှ မိုးရေချိန် (၃၀)လက်မ နှင့် (၄၀)လက်မ အကြားသာ ရွားသွန်း လေ့ ရှိသည်။ မိုးရေချိန် အနည်းဆုံး လမှာ ဧပြီလဖြစ်၍ အများဆုံးလမှာ အောက်တိုဘာလ ဖြစ်သည်။ ပူပြင်း ခြောက်သွေ့သည့် ဒေသဖြစ်သည့် အလျောက် မိုးရာသီတွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်လေ့ ရှိသည်။ အပူချိန် အနေဖြင့် အနိမ့်ဆုံး (၄၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်၍ အမြင့်ဆုံး အပူချိန်မှာ (၁၁၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။ အအေးဆုံးလ မှာ ဇန်နဝါရီလ ဖြစ်၍ အပူဆုံးလမှာ ဧပြီလ ဖြစ်သည်။

ပေါက်ရောက်သော အပင်များ[ပြင်ဆင်ရန်]

ယင်းမာပင်မြို့နယ်သည် မြေပြန့် အပူပိုင်း ဒေသတွင်သာ ပေါက် ရောက် နိုင်သည့် သန်း၊ ဒဟတ်၊ ထနောင်းရှား၊ ဇီးဖြူ၊ တယ်၊ တမာ၊ သမုန်း၊ သနပ်ခါး စသည့် အပင်များ ပေါက်ရောက် ပါသည်။ ချင်းတွင်းမြစ် ဘေးတလျှောက်နှင့် ချောင်းဘေး တို့တွင်လည်း သပြေ၊ ဘိုင်၊ ကတွတ်၊ သဖန်းပင်များ ပေါက်ရောက်လျက် တောင်စောင်း များတွင် အင်အင်ကြင်းထောက်ကြံ့တမလန်းပိတောက်၊ ပျဉ်းကတိုးပင်များ ပေါက်ရောက်ကာ တောင်ပေါ် မြေပြင်ပိုင်းတွင် ကျွန်း၊ သတီ၊ မျောက်ချောနှင့် မျှင်ဝါး၊ တင်းဝါး၊ သနပ်ခါး စသည်တို့ ပေါက်ရောက်ကြသည်။ ဆေးဘက်ဝင် အပင်များအနေဖြင့် တောင်ပေါ်၊ တောင်စောင်းများတွင် လက်ထုပ်၊ ဘုမ္မရာဇာ၊ သက်ရင်းကြီး၊ သက်ရင်းကလေး၊ နီပဆေး၊ မှန်နီ၊ ဆင်တုံးမနွယ်၊ မှန်နီ၊ ဆင်တုန်းမနွယ်၊ နာငါးပါး၊ နနွင်းခါး၊ တောရှောက်၊ မင်းကိုးခါ(မင်းကိုးဒါး) စသော ဆေးဘက်ဝင် အပင်များ ပေါက် ရောက် ပါသည်။

စိုက်ပျိုးရေး[ပြင်ဆင်ရန်]

ယင်းမာပင်မြို့နယ်တွင် စီမံကိန်း သီးနှံများ စိုက်ပျိုးထုန်လုပ်လျက် ရှိရာ မိုးရာသီ၌ မိုးကြိုစပါး စိုက်ပျိုးခြင်း၊ မိုးနှမ်း၊ မိုးပြောင်ဖူး၊ မြေပဲ၊ ဝါကလေး၊ ပဲစိမ်းငုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ပြီး မိုးလယ်ရာသီတွင် စပါး၊ ပဲတီစိမ်း နှင့် နှံစားပြောင်း သီးနှံများ၊ မိုးနှောင်းရာသီတွင် ထောပန်ပဲ၊ စွန်တာနီ၊ ငရုတ်သီးနှံများ၊ ဆောင်းရာသီတွင် နှမ်းကြီး၊ ဆောင်းမြေပဲ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ဂျုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ထုတ်လုပ်သည်။ ယင်းမာပင်မြို့နယ်၏ စိုက်ပျိုးလုပ်ကိုင်နို်င်သည့် မြေဧကမှာ (၁၂၁၇၆၄) ဧက ဖြစ်ပြီး၊ သစ်တောမြေမှာ (၃၄၂၉၈) ဧက ဖြစ်သည်။ ပလပ်မြေ စုစုပေါင်းမှာ (၁၅၇၃၆) ဧက ရှိ၍ စိုးပျိုး မရသည့် မြေ စုစုပေါင်းမှာ (၄၀၉၈၂) ဧက ရှိသည်။

ပညာရေး[ပြင်ဆင်ရန်]

ယခင်က မူကြိုကျောင်း (၁)ကျောင်း၊ အ.မ.က(၁) မူလ တန်းကျောင်း (၁)ကျောင်း နဲ့ အ.ထ.က(ယင်းမာပင်) အထက်တန်း ကျောင်း (၁)ကျောင်းပဲ ရှိရာ ၁၉၉၂ ခုနှစ် လောက်ကစ၍ (ခ)ရပ်ကွက် ယခင် စာတိုက်ဟောင်းနေရာတွင် အ.မ.က(၂) ထပ်မံဖွင့်လှစ်ခဲ့သည်။ (က)ရပ်ကွက် (ကုလားတန်း ဟုခေါ်) ဖက်က ကလေးတွေ အများဆုံး တက်ကြသည်။ ငွေကြေးနွမ်းပါးတဲ့ ကလေးတွေနဲ့ စာသင်သံဃာတော် တွေ အတွက် ရည်ရွယ်၍ ၁၉၉၇ ခုနှစ် လောက်တွင် ဘုန်းတော်ကြီး စာသင်ကျောင်း (ဘ.က) ကို "ဇောတိက ကျောင်းတိုက်" ထဲမှာ ဖွင့်လှစ်နိုင်ခဲ့ပြီး အဆိုပါကျောင်းတွင် လေးတန်း အထိ တက်ရောက် ပညာသင်ကြားနိုင်သည်။ ထိုကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မူကြိုကျောင်း (၁) ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၁) ကျောင်း၊ မူလတန်း ကျောင်း (၂)ကျောင်း [အ.မ.က(၁) နှင့် အ.မ.က(၂)] နဲ့ အထက်တန်း ကျောင်း (၁)ကျောင်း ရှိလာသည်။ နောက်ပိုင်းတွင် မူလတန်းကျောင်း (၂) ကျောင်း ဖြစ်သော အ.မ.က(၁) နဲ့ အ.မ.က(၂) များကို မူလတန်းလွန်ကျောင်း တွေအဖြစ် တိုးမြှင့် ဖွင့်လှစ် နိုင်ခဲ့သည်။ မြို့နယ်အတွင်းရှိ ရွာများအတွင်းမှ ရွာသာရွာမှာ အလယ်တန်းကျောင်း တစ်ကျောင်း တည်ရှိသည်။

အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကို ၂၀၀၅ ခုနှစ်တွင် ယခင် စက်မှုလယ်ယာရုံးဝင်း၏ မြောက်ဘက် ဆန်ဂိုဒေါင်ဟောင်းများရှိရာတွင် ဖွင့်လှစ်ထားရှိသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန မှ နယ်စပ်ဒေသမှ အမျိုးသမီးငယ်များအား အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းများ သင်ကြား လေ့ကျင့်ပေးပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဘာသာရေး[ပြင်ဆင်ရန်]

ယခင်က မြို့တွင်းတွင် ဇောတိကကျောင်း၊ ရေဝန်းကျောင်း၊ မာန်ဘရာ ကျောင်း၊ သီးပင်ကျောင်း ဆိုပြီး ဘုန်းကြီးကျောင်း (၄) ကျောင်းသာ တည်ရှိခဲ့သည်။ နောက်ပိုင်းတွင် မိုးကုတ်ဝိပဿနာကျောင်းတိုက် ကို သံတံတားကြီး အနောက်ဘက်မှ အရှေ့တိုးချဲ့ဘက်သို့ ရွေ့ပြောင်းတည်ဆောက်ခဲ့သည်။ ဦးစံပေါကျောင်းဟူ၍ ကျောင်းတစ်ကျောင်းလည်း ရှိပြီး ယခုအခါ တောရကျောင်းဟု အမည်ပြောင်းကာ မယ်သီလရင်ကျောင်းတစ်ခုကို ပါ ထိုကျောင်းအနီးနားတွင် တည်ဆောက်ခဲ့သည်။ မြို့အဝင် ပေါက်ပင်ကူး တံတားအရှေ့ဘက်အနီးနားတွင် ရွှေပေါက်ပင် တောရကျောင်းတိုက်ကို ယခင် ဇောတိကကျောင်းတိုက် ကျောင်းတိုင်ဆရာတော် ဦးဌေးယျက တည်ထောင်ခဲ့သည်။ ထို ရွှေပေါက်ပင် တောရကျောင်းတိုက်၏ မျက်နှာချင်းဆိုင် လမ်းတစ်ဖက် ပေါက်ပင်ကူးမြို့ဦးစေတီနှင့် ကပ်လျက်တွင် မယ်သီလရင်ကျောင်းတိုက်တစ်ခု တည်ရှိနေသည်။ ထို့ပြင် မြို့ပေါ်ကျေးရွာ နဲ့ ပြောင်းပြာကျေးရွာ ကြားတွင် နောက်ထပ် မယ်သီလရင် ကျောင်းတိုက် တစ်ခု ရှိသေးရာ မြို့နယ်တွင်း၌ မယ်သီလရင် ကျောင်းတိုက် (၃)တိုက် ရှိသွားပြီ ဖြစ်သည်။

အခြားဘာသာဝင်များ အနေနဲ့ က-ရပ်ကွက်(ကုလားတန်း) ဘက်မှာ တော့ အစ္စလမ်ဘာသာ ဘုရားဝတ်ပြုကျောင်း (ဗလီ) တစ်ခု ရှိသည်။ ဂ-ရပ်ကွက်(တိုးချဲ့) ဖက်မှာလည်း သာသနာ ပြုနေတဲ့ ခရစ်ယာန် သာသနာပြုအဖွဲ့ တစ်ဖွဲ့ ရှိသည်။

ယုံကြည်မှု[ပြင်ဆင်ရန်]

တိုးတက်လာသော ယဉ်ကျေးမှုနှင့်အတူ ယခင်က ယုံကြည်လာခဲ့သော အယူအစွဲများလည်း ပျောက်ကင်းသလောက်ရှိပြီဖြစ်သည်။ အယူအစွဲများသည် အရိုးစွဲယုံကြည်မှုမဟုတ်လျှင် ပျောက်ကင်းမသွားသင့်သော ဒေသခံတို့၏ ယဉ်ကျေးမှုတစ်ခုဖြစ်သည်။ ယခင်က မြို့ပေါ်တွင် တိုက်အိမ်မဆောက်ရ၊ မဆောက်သင့်ဟု လည်းကောင်း၊ အမေရေယာဉ်၏ နယ်ဖြစ်သောကြောင့် "လှေ" ကို လှေဟုမခေါ်ဆိုပဲ "ခေါင်း" ဟူ၍လည်းကောင်း ပြောဆို ယုံကြည်ခဲ့ကြသည်။ ဒေသတွင်း နယ်သူနယ်သားများသည် နှစ်စဉ် ကျင်းပမြဲဖြစ်သော အမေရေယာဉ်နတ်နန်းသို့ လာရောက်၍ ရေစင် ဆက်ခြင်း ဓလေ့တို့ ရှိကြသည်။ အမေရေယာဉ်ကို များသောအားဖြင့် ယင်းမာပင်မြို့၏ အနောက်ဘက်ကျသော မြို့နယ်များက အဓိကကိုးကွယ်ကြသည်။ အဆိုပါရွာများတွင် ပွဲကျင်းပချိန်တွင် အမေကြီးပွဲနှင့်အပြိုင်လူစုဝေးခြင်းကို ရှောင်ရှားရမည်ဟု ယုံကြည်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်[ပြင်ဆင်ရန်]