ရေဦးမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ရေဦးမြို့လည်ခေါင် နာရီစင်

ရေဦးသည် စစ်ကိုင်းတိုင်းရွှေဘိုခရိုင် အနောက်ပိုင်းဒေသတွင်ရှိသည့် မြို့တစ်မြို့ ဖြစ်သည်။ ကုန်းဘောင်မင်းဆက် (၁၁) ဆက်မြောက်မင်းဖြစ်သော ဘကြီးတော်ဘုရား၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု ၏ ဇာတိမြေ ဖလံဂုဏ်ရွာ တည်ရှိသည့် မြို့ဖြစ်သည်။

ရေဦးမြို့[ပြင်ဆင်ရန်]

ရေဦးဆိုသည်မှာ မူးမြစ် ရေ၏ ဦးခိုက်ရာဒေသတွင် ရွာ တည်ရှိသဖြင့် ၊ ရေ၏ ဦးမှ ရေဦး ဖြစ်လာသည်။ပါဠိဘာသာဖြင့် ‘ဇလဂဂ’ ၊ ‘နဂန’ ၊ ‘ဇလ + အဂဂ+ နဝရ’ ဟု ပုဒ်ခွဲ၍ ‘ဇလ= ရေ’၊ ‘အဂဂ (ပူရတော)=ဦး’ ၊ ‘နဝရ=မြို့ (ရေဦးမြို့)’ ဟု ရေးဖွဲ့ခဲ့ကြသည်။ ရေဦးမြို့သည် မြန်မာနိုင်ငံအထက်ပိုင်းရှိ ရွှေဘိုခရိုင် အတွင်း ရေဦးနယ်ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည်။ ရွှေဘိုမြို့၏ အနောက်မြောက်ဘက် ၂၅ မိုင်အကွာတွင် မူးမြစ်လက်ယာ ဘက်ကမ်းပေါ်၌ တည်ရှိသည်။ ၁၈၉၅ ခုနှစ်မတိုင်မီက ရေဦး မြို့သည် ခရိုင်ရုံးစိုက်ရာမြို့ ဖြစ်ခဲ့လေသည်။ မြန်မာဘုရင်များ လက်ထက်က ရေဦးခရိုင်ကို ဝန်တစ်ပါး သီးခြားအုပ်ချုပ်ခဲ့ရ သည်။ ရေဦးမြို့ အနောက်တောင်ဘက် ကိုးမိုင်ကျော်ကျော်တွင် တစ်ခါက ထင်ရှားသော ဒီပဲရင်းမြို့ ရှိ၏။

ရေဦးမြို့သည် စစ်ကိုင်း-မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ခင်ဦးမြို့နှင့် ၁၂ မိုင်မျှသာ ကွာဝေး၍ ကတ္တရာခင်းလမ်းဖြင့် ဆက်သွယ်လျက် ရှိသောကြောင့်၎င်း၊ မန္တလေးမှ မုံရွာကိုဖြတ်၍ ဖောက်လုပ်ထားသည့် မီးရထားလမ်းဆုံးမြို့ ဖြစ်သောကြောင့်၎င်း စည်ကားလေသည်။ စင်စစ်အားဖြင့် မူးမြစ်ကမ်းပေါ်တွင် ရေဦး မြို့သည် အစည်ကားဆုံးမြို့ ဖြစ်သည်။ ကျောထောက်နောက်ခံ နယ်မြေတွင် စပါးကို အကြီးအကျယ် စိုက်ပျိုးသဖြင့် ဆန်စပါး အရောင်းအဝယ် တွင်ကျယ်၏။ မြို့ပေါ်၌ ဆန်စက်များ ရှိလေ သည်။

အုပ်ချုပ်ရေးဆိုင်ရာ အစိုးရရုံးများ၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ လမ်းလုပ်ငန်းဌာနရုံး၊ ဆည်မြောင်းဌာန ရုံးများအပြင် ဆေးရုံ၊ ကြေးနန်းနှင့် စာပို့တိုက်၊ မြို့နယ်ကော်မီတီရုံး၊ နိုင်ငံတော် အထက်တန်းကျောင်း စသည်တို့ရှိ၍ ခရိုင်တွင်း၌ ရွှေဘိုမြို့မှ လွဲလျှင် အကြီးဆုံးမြို့ ဖြစ်၏။ ၁၉၆၄ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ ၆၈၆၅ ယောက် ရှိသည်။ ရေဦးခရိုင်ခွဲတွင် ရေဦးမြို့နယ်၊ ဒီပဲရင်းမြို့နယ်နှင့် တန့် ဆည်မြို့နယ်တို့ ပါဝင်၍ ရေဦးမြို့နယ်မှာ အကျယ်အဝန်း ၅၅၆ စတုရန်းမိုင် ဖြစ်သည်။ ရေဦးမြို့နယ် အရှေ့ဘက်ပိုင်းတွင် တူးမြောင်းများဖြင့် မူးမြစ်မှ ရေသွယ်၍ လယ်ယာစိုက်ပျိုး လုပ်ကိုင်ရာ အထူးအောင်မြင်သည်။ အနောက်ဘက်ပိုင်းမှာ တောတောင်ထူထပ်၏။ ရေဦးအနောက် ၁၈ မိုင်ခန့်ဝေးသော ဝက်ဖြူတောင်မှ လမ်းခင်းကျောက်များကို ရရှိသည်။

ရေဦးမှ ဒီပဲရင်းမြို့အထိ ကတ္တရာလမ်းရှိ၍ မြောက်ဘက် တန့်ဆည်နယ် ရွာရှည်အထိ၎င်း၊ အနောက်ဘက်ကွမ်းအုံ၊ တမာ တောတို့ကို ဖြတ်၍ ကံထူးမအထိ၎င်း ကျောက်ကြမ်းလမ်းများ ရှိ၏။ ထိုပြင် တူးမြောင်းဘောင်များပေါ်မှလည်း နွေရာသီအခါ ကားငယ်များ သွားလာနိုင်လေသည်။[၁]

မြို့သမိုင်း[ပြင်ဆင်ရန်]

ရေဦးမြို့နယ်သည် ရှေးပျူခေတ်၊ ပုဂံခေတ်မှစတင်ခဲ့ပြီး ပျူနှင့် ဂဒူးလူမျိုးများ နေထိုင်ခ့ဲကြသည်။ ခရစ်နှစ်(၉) ရာစုနှစ်တွင် မုန်းချောင်ကို ကျူးကျော်လာမှုကြောင့် ပျူခေတ် ပျက်သုဉ်းသောအခါ မြန်မာတို့ ဝင်ရောက်လာရာ ပျူ ၊ ဂဒူး ၊ မြန်မာတို့ အတူတကွ ပူးပေါင်းနေထိုင်ပြီး လယ်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်ခဲ့ရကြောင်း သိရှိရပါသည်။ နရပတိစည်သူ ခရစ်နှစ် (၁၁၆၅-၁၂၁၁) ထိပေသျှင် (ဒီပဲယင်း) အရပ်တွင် ခံတပ်ကြီး တည်ဆောက်ခဲ့ပြီး ထိုအချိန်က ကျေးရွာအဆင့်ရှိသော ရေဦးရွာကလေးသည် မူးမြစ်ကမ်းနံဘေးအရပ်တွင် တည်ရှိပါသည်။ ရွာ၏ အရှေ့ဘက် ရေ ဦးတိုက်၍ ရွာတည်ထားခြင်းကြောင့် ရေဦးဟု ခေါ်ဆိုကြောင်း သိရပါသည်။

ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် အထိ ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ ညောင်ရမ်းခေတ်နှောင်းမင်းများ လက်ထက်တွင် အရည်အချင်း ဆုတ်ယုတ်မှုကြောင့် ခရစ်နှစ် (၁၇၂၃ မှ ၁၇၅၂) ထိ မဏိပူရကသည်းများ ကျူးကျော်ထိပါးလာကာ ရေဦးမြို့ အနောက်ဘက်ခြမ်း ကျေးရွာများ ဖြစ်သည့် မိုးဒေါင်၊ ကွမ်းအုံ၊ မြို့ကြီးခံတပ်များ ဟူ၍ တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် (၁၈၈၅) ခုနှစ်တွင် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် (၁၈၈၆)ခုနှစ်တွင် ယခင် ဒီပဲယင်းမြို့ဝန်လက်အောက်မှ သီးခြားခွဲထုတ်၍ မြို့ကြီး၊ ရေဦးကုန်း၊ချမ်းသာ၊ လင်းဖြူ၊ဇေယျဝတီ၊ မုံတိုင်ပင်၊ တောင်ခွင်၊ ညောင်လည်၊ သံသည်၊ ရွာမိဿာ စသည့် (၁ဝ)ရွာအုပ်စု ပါဝင်သော ရေဦးမြို့နယ်အဖြစ် ခွဲခြားအုပ်ချုပ်ခဲ့ပါသည်။ ရေဦး၊ဒီပဲယင်း၊တန့်ဆည် နှင့် ကျွန်းလှမြို့တို့ပါဝင်သော မူးမြစ်အနောက်ဘက်ဒေသ တစ်လျှောက်ကို (၁၈၈၆)ခုနှစ် ၊ဇန်နဝါရီလမှ စ၍ ရေဦးခရိုင်ကို ခရိုင်ခွဲ (၃) ခုအဖြစ်အောက်ပါအတိုင်း ခွဲခြား အုပ်ချုပ်ခဲ့ပါသည်-

(က) တန့်ဆည်မြို့ကို ဗဟိုပြုသည့် နဘက်ကြီးမြို့နယ် နှင့် အင်တိုင်းမြို့နယ်များ ပါဝင်သော မြောက်ပိုင်းခရိုင်ခွဲ
(ခ) ရေဦးမြို့ကို ဗဟိုပြုသည့် ရွေကျင်မော်မြို့နယ် နှင့် ကွမ်းအုံမြို့နယ်များ ပါဝင်သော အလယ်ပိုင်းခရိုင်ခွဲ
(ဂ) ဒီပဲယင်းကို ဗဟိုပြုသည့် မရကန်မြို့နယ် တစ်ခုတည်းပါဝင်သော တောင်ပိုင်းခရိုင်ခွဲ

၁၉၂ဝ ခုနှစ်တွင် ရေဦးမြို့ကို မြူနီစီပယ်အက်ဥပဒေအရ မြို့အဖြစ် ကြေညာခဲ့ပြီးနောက် (၁၉၂၂) ခုနှစ်တွင် ရေဦးခရိုင်ခွဲအတွင်းရှိ တမာတောမြို့နယ်ကိုလည်း ဖျက်သိမ်း၍ တန့်ဆည်မြို့နယ် နှင့် ရေဦးမြို့နယ်များသို့ ခွဲဝေပေါင်းစပ်ပေးခဲ့ပါသည်။ (၁၉၂ဝ)ပြည့်နှစ်၊ မြို့ပြအဖြစ် ကြေညာပြီးသည့်အချိန်မှ စ၍ ရေဦးမြို့နယ် ဟု ယနေ့အထိတိုင် သီးခြားတည်ရှိလျက် ရှိပါသည်။

ပထဝီအနေအထား[ပြင်ဆင်ရန်]

ရေဦးမြို့၏ အရှေ့ဘက်တွင် ခင်ဦးမြို့နယ်၊ တောင်ဘက်တွင် ဒီပဲယင်းမြို့နယ်၊ အနောက်ဘက်တွင် မင်းကင်းမြို့နယ်၊ မြောက်ဘက်တွင် တန့်ဆည်မြို့နယ်တို့နှင့် ဆက်စပ်လျက် တည်ရှိသည်။ အရှေ့အနောက် အကျယ် (၂ဝ)မိုင်၊ တောင်မြောက်အကျယ် (၁၉) မိုင် ရှိပြီး ပင်လယ်ရေမျက်နှာပြင်အမြင့် (၃၅ဝ)ပေ ရှိသည်။ ဧရိယာ စတုရန်းမိုင် (၅၅၇.၈၅)ဧက နှင့် ဧရိယာဧက (၃၇၇ဝ၂၇) ကျယ်ဝန်းသည်။

ရာသီဥတု[ပြင်ဆင်ရန်]

ပူပြင်းခြောက်သွေ့သော မိုးခေါင်ရေရှား ရပ်ဝန်းဒေသ ရာသီဥတု ဖြစ်သည်။ တစ်နှစ်ပျမ်းမှ မိုးရေချိန်လက်မမှာ (၃၅.၅၁) ဝန်းကျင် ရှိသည်။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

ရေဦးမြို့သည် တောင်ဘက်၌ မုံရွာမြို့၊ မြောက်ဘက်၌ တန့်ဆည်မြို့၊ အရှေ့ဘက်၌ ခင်ဦးမြို့၊ ရွှေဘိုမြို့များသို့ တိုက်ရိုက်ကားလမ်းခရီးပေါက်သောကြောင့် ဒေသတွင်း ပို့ဆောင်ဆက်သွယ်ရေးအတွက် အချက်အချာကြသော မြို့တစ်မြို့ဖြစ်သည်။ အထူးသဖြင့် အများပြည်သူ စီးနင်းလိုက်ပါနိုင်သော မော်တော်ကားအသင်းများကြောင့် မြန်မာပြည်အထက်ပိုင်း၊ အောက်ပိုင်းသို့ အဆင်ပြေ လွယ်ကူချောမွေ့စွာသွားလာနိုင်သည်။ ရေဦးမြို့တွင် အခြေတည်သော အောင်ရတနာ ကားအသင်းသည် ရေဦး-မုံရွာ-မန္တလေး၊ ရေဦး-ရွှေဘို-မန္တလေး၊ ရေဦး-တန့်ဆည်-ကျွန်းလှ၊ ရေဦး-ရန်ကုန် ခရီးစဉ်များကို အပြန်အလှန်ပြေးဆွဲလျက် ရှိသည်။ ဒေသတွင်းသွားလာမှုအတွက် ခင်ဦး-ရေဦး-တင်းတိန်ရံ ခေါက်တို ရထားခရီးစဉ်လည်းရှိသည်။

ပညာရေး[ပြင်ဆင်ရန်]

၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ (၆) နှစ်ဆက်တိုက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှု စစ်ကိုင်းတိုင်း (ပထမဆု) ရ

  • အထက်တန်းကျောင်း (၃)ကျောင်း
  • အထက(ခွဲ) (၃) ကျောင်း၊ အထက (တွဲ) (၁)ကျောင်း
  • အလယ်တန်းကျောင်း (၄)ကျောင်း
  • အလက(ခွဲ) (၈)ကျောင်း၊ အလက (၁)ကျောင်း
  • မူလတန်း(၁၁၂) ကျောင်း
  • မူကြို (၁) ကျောင်း
  • ပညာရေးအထောက်အကူပြု ဘာသာရပ်ဆိုင်ရာ သင်တန်းပေါင်း (၃၁) ကျောင်း

ကျန်းမာရေး[ပြင်ဆင်ရန်]

  • ကုတင်(၅ဝ)ဆံ့ ဆေးရုံ (၁) ရုံ
  • (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ
  • တိုင်းရင်းဆေးခန်း(၁)
  • ကျေးလက်ကျန်းမာရေးဌာန (၅) ဌာန
  • ကျေးလက်ကျန်းမာရေးဌာနခွဲ (၂၅) ခု
  • မိခင်နှင့်ကလေး ကျန်းမာရေးဌာန (၁)
  • ပုဂ္ဂလိက ဆေးခန်း (၁၂)ခန်း

စိတ်ဝင်စားဖွယ်နေရာများ[ပြင်ဆင်ရန်]

ရေဦးမြို့နယ် ရှိ ထင်ရှားသောဘုရားကျောင်းကန်များမှာ နန်းမတော်မယ်နု၏ ဇာတိမြေ ဖလံဂုဏ်ရွာ တွင်တည်ရှိသော ရှေးဟောင်းစေတီပုထိုးများ၊ မြင်းပေါက်ရွာရှိ နန်းမတော်မယ်နု အုဠ်ကျောင်း တို့ဖြစ်သည်။

ရေဦးဇာတိ ထင်ရှားသော ပုဂ္ဂိုလ်များ[ပြင်ဆင်ရန်]

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)