တမူးမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Tamu
တမူးမြို့
Tuimu
မြို့
Tamu သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
Tamu
Tamu
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 24°13′0″N 94°19′0″E / 24.21667°N 94.31667°E / 24.21667; 94.31667ကိုဩဒိနိတ်: 24°13′0″N 94°19′0″E / 24.21667°N 94.31667°E / 24.21667; 94.31667
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး
ခရိုင် တမူးခရိုင်
မြို့နယ် တမူးမြို့နယ်
လူဦးရေ (၂၀၁၄)[၁] ၄၃,၇၃၇
အချိန်ဇုန် MST (UTC+6.30)

တမူးမြို့သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးတမူးခရိုင်တမူးမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်သည်။ အာသံပြည်၊ မဏိပူရနယ်နှင့် နီးကပ်စွာတည်ရှိ၏။ မဏိပူရနယ်၏ နယ်နိမိတ်နှင့် တစ်မိုင် သာသာခန့်ဝေးသဖြင့်၊ မြန်မာနိုင်ငံအဖို့ အရေးကြီးသောနယ်ခြားမြို့ တစ်မြို့လည်းဖြစ်သည်။

တမူးမြို့မှ လောက်ချောင်းကိုဖြတ်၍ မဏိပူရနယ် အင်ဖာမြို့တော်သို့ သွားရောက်နိုင်သည်။ ၁၉၂၅-၂၆ ခုနှစ်လောက်က အိန္ဒိယပြည်၏ စစ်သေနာပတိ၊ ဗိုလ်ချုပ်မှူးဆာဝီလျံ ဗာ့ဒဝုဆိုသူသည် တပ်သားတစ်စုနှင့်အတူ မဏိပူရနယ် အင်ဖာမြို့မှ တမူးမြို့သို့ အဆိုပါ မြင်းစီးလမ်း ကျဉ်းကလေးအတိုင်း ၅ ရက်တိတိ ခြေလျင်လျှောက်၍ ရောက် လာခဲ့ဘူးသည်။ ထိုအချိန်ကတည်းကပင် အဆိုပါ တမူးမြို့ အင်ဖာလမ်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ကူးသန်း ဆက်သွယ်ရေးတွင် အရေးပါအရာ ရောက်လိမ့်မည်ကို သတိ ပြုမိခဲ့ကြလေသည်။ သို့သော် ထိုစဉ်က ထိုလမ်းကို ဖောက်လုပ်ရန် အကြောင်းမပေါ် ပေါက်ခဲ့ချေ။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွား၍ မြန်မာနိုင်ငံမှ ဗြိတိသျှစစ် တပ်များဆုတ်ခွာခဲ့စဉ်က၎င်း၊ ၁၉၄၂-၄၅ ခုနှစ် များအတွင်း ဗြိတိသျှကြိုးပမ်းခဲ့ကြစဉ်က၎င်း ထိုတမူးအင်ဖာလမ်းသည် အဓိကလမ်းကြီးအဖြစ်သို့ ရောက်ရှိ ခဲ့လေသည်။ ဒုတိယကမ္ဘာ စစ်ကြီးအတွင်း၌ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရန်ခရီးလမ်း မှာ နှစ်လမ်းမျှသာ ရှိခဲ့၏။ တစ်လမ်းမှာ ပင်လယ်ဖက်မှဝင်ရန် ဖြစ်၍၊ အခြားတလမ်းမှာ တမူးအင်ဖာလမ်းမှ ဝင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာရန်လမ်းမှာလည်း အဆိုပါ တမူးအင်ဖာလမ်း တလမ်းတည်းသာ ရှိလေသည်။ ရှေးဦး စွာ ချင်းတွင်းမြစ်အတိုင်း ကလေးဝမြို့အထိ ဆန်တက်ပြီးလျှင်၊ ထိုမှတစ်ဆင့် ကဘော်မြစ်ဝှမ်း တမူးမြို့အထိ ဆန်တက်ပြီးလျှင်၊ ထိုမှတစ်ဆင့် ကဘော်မြစ်ဝှမ်း တမူးမြို့အထိ ရောက်အောင်သွားရ၏။ ထိုနောက် တမူးမြို့မှနေ၍ တောအဆင့်ဆင့်ကို ဖြတ် ကျော်ကာ မဏိပူရနယ် အင်ဖာလွင်ပြင်သို့ ဆင်းသက်ရောက်ရှိ နိုင်ပေသည်။ ၁၉၄၂ ခုနှစ်က ဗြိတိသျှစစ်တပ်များသည် ကလေးဝမြို့မှ တမူးမြို့အထိ မော်တော်ကားလမ်းကို ဆင်များ ဖြင့် ဖောက်လုပ်၍ ထိုတမူးအင်ဖာလမ်းအတိုင်း မြန်မာနိုင်ငံမှ ဆုတ်ခွာထွက်ပြေးခဲ့ကြ လေသည်။ ထိုနောက် ၁၉၄၂-၄၅ ခုနှစ်များအတွင်း၌ တမူးအင်ဖာလမ်းကို လမ်းမကြီးအဖြစ် ဗူးလဒိုဇာခေါ် မြေဖြိုစက်ကြီးများဖြင့် ဖောက်လုပ်ကာ မြန်မာ နိုင်ငံအတွင်းသို အမှတ် ၁၄ ဗြိတိသျှတပ်မကြီးသည် ပြန်လည် ဝင်ရောက် တိုက်ခိုက်ခဲ့ကြလေသည်။

ဂျပန်စစ်တပ်များသည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး နောက်၊ အိန္ဒိယနိုင်ငံကို ဆက်လက်သိမ်းပိုက်ရန် ကြိုးစားခဲ့ကြ ရာတွင်၊ အထက်ဖော်ပြပါ ကဘော်မြစ်ဝှမ်းနှင့် တမူးအင်ဖာ လမ်းတစ်လျှောက်၌ တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့ကြ၏။ သို့သော် အဆိုပါနေရာများ စစ်တလင်းဖြစ်ခဲ့ကြရသည်မှာ ထိုအကြိမ်သည် ပထမအကြိမ် မဟုတ်သေးချေ။ ခရစ် ၁၆ ရာစု နှစ်ခေတ်ကတည်းက ဘုရင့်နောင်မင်းတရားကြီးသည် ထိုတမူးအင်ဖာလမ်းအတိုင်း စစ်ချီ၍ အာသံပြည် မဏိပူရကို သွားရောက်တိုက်ခိုက်ခဲ့ဘူးသည်။ ၁၈၁၂ ခုနှစ်တွင်လည်း ဘိုးတော် ဘုရားသည် မဏိပူရထီးနန်းဆက်ခံရေးကိစ္စတွင် ကြားဝင်ဆုံးဖြတ်ခဲ့ပြီးနောက်၊ ကတော်မြစ်ဝှမ်းကို သိမ်းပိုက်ခဲ့ဘူးလေသည်။

ထိုကြောင့် အဆိုပါ တမူးအင်ဖာလမ်းမကြီးနှင့် ဆက်စပ်၍ တမူးမြို့သည် မြန်မာနိုင်ငံနှင့် အာသံပြည် မဏိပူရနယ်စပ် ဒေသတွင် အရေးကြီးသော မြို့ကလေးတစ်မြို့အဖြစ် တည်ရှိခဲ့ ပေသည်။ တမူးမြို့နယ်တစ်ခုလုံးသည် တောင်ထူထပ်ပေါများသဖြင့် ခမ်းပါတ်နှင့်ယုချောင်းတစ်လျှောက်၌သာ လူနေအိမ်​ေခြသာရှိသည်။ ယခုအခါတမူးမြို့သည်လူ​နေထူထပ်လာပြီဖြစ်သည်။ တမူးမြို့တွင် ရပ်ကွက်​လေးခုရှိသည်။ ယင်းတို့ မှာ ​စော်ဘွားရပ်ကွက်၊​ဈေးတန်းရပ်ကွက်၊ မြို့မ နှင့် စဒ်ဓကူးတို့ဖြစ်သည်။ နေထိုင်သူများမှာ ရှမ်း၊ ချင်း၊ ဗမာ၊​ ဂေါ်ရခါးလူမျိုးများဖြစ် ကြ၏။ကသည်း လူမျိုး လည်း အနည်းငယ်​နေထိုင်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တမူးမြို့ပေါ်တွင် လူဦးရေ ၄၃,၇၃၇ ယောက်ရှိလေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. (မေ ၂၀၁၅) သန်းခေါင်စာရင်း အစီရင်ခံစာ, ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန, ၅၂။ 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)