ဘုတလင်မြို့

ဝီကီပီးဒီးယား မှ

ဘုတလင်မြို့သည် အထက်မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း အောက်ချင်းတွင်း ခရိုင်တွင်ရှိ ဘုတလင် မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ အောက်ချင်းတွင်း ခရိုင်အတွင်း ထင်ရှားသော မြို့တစ်မြို့ဖြစ်၍ မုံရွာမြို့၏ မြောက်ဘက် မိုင် ၂ဝ ခန့်အကွာတွင် တည်ရှိသည်။

မြို့တည်ရာ အရပ်သည် ကုန်းခေါင်ခေါင်ကျသော အရပ်ဖြစ်၍ မြို့နယ်အတွင်း မြစ်ချောင်းများ အလွန် နည်းပါး သည်။ မြင့်မားသော တောင်ရိုး တောင်တန်းကြီးများလည်း မရှိ ချေ။ တောင်ကုန်း၊ တောင်ပူစာငယ်များသာလျှင် ရှိပေရာ၊ အမြင့်ဆုံး တောင်ကုန်းများမှာ ရွှေဘိုတောင် ( ပေ ၁၄၄၉ ) နှင့် တွင်းတောင် (ပေ ၁၁၂၅) တို့ဖြစ်ကြသည်။ ဘုတလင်မြို့နယ်၏ မြောက်ဘက်၌ ရွှေဘိုခရိုင်၊ အရှေ့ဘက်၌ အောက်ချင်းတွင် ခရိုင်နှင့် ရွှေဘိုခရိုင်ကို ပိုင်းခြားထားသော မူးမြစ်၊ တောင်ဘက်တွင် မုံရွာမြို့နယ်၊ အနောက်ဘက်တွင် ချင်းတွင်းမြစ်နှင့် ကဇ္ဈီမြို့နယ်တို့အသီးသီး တည်ရှိကြသည်။

ဘုတလင်မြို့နယ်သည် အောက်ချင်းတွင်း ခရိုင်အတွင်း အစည်ကားဆုံး မြို့နယ်ဖြစ်၍ ခရိုင်၏ အရှေ့မြောက်ကျသော မြို့နယ်ဖြစ်သည်။ မြို့နယ်တစ်ခုလုံးသည် ၄၅၁ စတုရန်းမိုင် ကျယ်ဝန်း၍၊ သူကြီးတိုက်နယ် ၄၉ နယ်၊ ကျေးရွာပေါင်း ၁၇၅ ရွာပါဝင်သည်။ နောက်ဆုံး သိရသော မြို့နယ် လူဦးရေမှာ ၇ဝ၁၆၂ ယောက် ဖြစ်သည်။

မိုးနည်းရေရှား ရပ်ဝန်းဒေသတွင် တည်ရှိသဖြင့်၊ ဘုတလင်မြို့နယ်တွင် မိုးနည်း၍ နွေအခါ အတော် အတန် ပူပြင်းပြီးလျှင် ဆောင်ရာသီ၌ ချမ်းအေးသည်။ ဘုတလင်မြို့နယ်အဖြစ် စတင်ဖွဲ့စည်းခြင်းကို ၁၈၉၄ ခုနှစ်တွင် ပြုလုပ်ခဲ့၍၊ ရှေးက ကူတော်မြို့နယ် တစ်ခုလုံးနှင့် အရာတော်မြို့နယ် တစ်စိတ်တစ်ဒေသတိုကို ဖဲ့ထုတ်ကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဘုတလင်မြို့သည် မုံရွာ-ရေဦး (ရွှေဘိုခရိုင်) မော်တော်ကားလမ်း၊ မီးရထားလမ်း၌ တည်ရှိ၍၊ ညောင် ကန်၊ မောင်းထောင်၊ သခွတ္တနယ်၊ ငပယင်း၊ မြို့သစ်စသော ကျောထောက်နောက်ခံ ကောင်းသည့် ဒေသများ ရှိသဖြင့်၊ ငြုတ်၊ ပဲ၊ ပြောင်၊ ဝါဂွမ်း၊ ထန်းလျက်၊ ဆီ စသော မိုးပါး ရေရှား ဒေသထွက် သီးနှံများ ရောင်းဝယ် ဖောက်ကားမှုဖြင့် စည်ကားသော မြို့ဖြစ်လေသည်။

ဘုတလင်မြို့သည် မီးရထားလမ်းအားဖြင့် မုံရွာမြို့နှင့် ၂၂ မိုင်ဝေး၍၊ ရွှေဘိုခရိုင် ရေဦးမြို့နှင့် ၃၅ မိုင်ခန့်ဝေးသည်။ မော်တော်ကားလမ်းအားဖြင့် မုံရွာနှင့် ၂၁ မိုင်ဝေး၍ ရေဦးမြို့ နှင့် ၃၃ မိုင်ခန့်ဝေးသည်။ ထိုပြင် ၁၂ မိုင် ကွာဝေးသော ကူတော်သို့လည်းကောင်း၊ ၅ မိုင်ကွာဝေးသော ညောင်ကန်သို့ လည်းကောင်း မော်တော်ကား လမ်းကြမ်းများရှိသည်။

ဘုတလင်မြို့လယ်တွင် သီရိဓမ္မသောကမင်းကြီး အမိန့်တော်ဖြင့် တည်ထားခဲ့သည်ဆိုသော ရန်အောင်မြင် ဘုရား နှင့် ရေကန်ကြီးရှိသည်။ မြို့၏ မြောက်ဘက်တွင် ကန်တော် ကြီးအမည်ရှိ တစ်ဘက်ဆည် ကန်ကြီးသည်လည်း မြို့ကျက် သရေဆောင်တစ်ရပ် ဖြစ်ပေသည်။

ဘုတလင်မြို့မှဣတ္ထိဒုဇ္ဇန ကထာကျမ်းပြု ခုံမင်းကြီး ဦးပြေ့ကျော်ဟု ရှေးကစာဆိုတစ်ဦး ပေါ်ထွန်းခဲ့သည်။ ဘုတလင်မြို့နယ် အတွင်းရှိ ညောင်ကန်ရွာမှ ညောင်ကန် ဆရာတော် ဦးပုတ်၊ မောင်းထောင်ရွာမှ စိန္တကျော်သူ ဦးဩ၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ၊ သံချိုဦးကျော်လှ၊ မောင်းထောင်သာသနာပိုင် ဆရာတော်အစရှိသော ရှေးစာဆို တော်ကြီးများ ပေါ်ထွက်ခဲ့သည်။ ထိုမြို့နယ်အတွင်း၌ပင်ရှိသော ငပယင်းရွာသည် စစ်သူကြီး မဟာဗန္ဓုလ၏ ဇာတိအရပ် ဖြစ်ပေသည်။ သို့ဖြင့် ဘုတလင်နယ်မြေသည် လက်ရုံးရည် နှလုံးရည်ဖြင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်ကျော်များ ပေါ်ထွန်းရာ နယ်မြေဟု ဆိုရပေမည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)