ယင်းမာပင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဤဆောင်းပါးသည် သစ်ပင် အကြောင်း ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ အတွက် ယင်းမာပင်မြို့ ကို ကြည့်ပါ။

ယင်းမာပင်ကို ရုက္ခဗေဒအလိုအရ ချပ်ကရာဆီယာ တာဗျူလာရစ္စ ဂျပ်ဆီယူနှင့် ချပ်ကရာ ဆီယာဗီလူတီနာ ရိုးမာ ဟု ခေါ်သည်။

မြန်မာနိုင်ငံအတွင်း၌ ထိုယင်းမာပင် မျိုးစိတ်နှစ်ခုလုံးသည် အတော်များများ ပေါက်ရောက်လျက်ရှိကြရာ ထိုနှစ်မျိုးစလုံး ကိုပင် ယင်းမာပင်ဟု ခေါ်လေ့ရှိကြသည်။ မျိုးစိတ်ခုဖြစ်သည့် ချပ်ကရာဆီယာ ဗီလူတီနာ ရိုးမာယင်းမာပင်မျိုးသည် ရွှေဘိုမြို့ ကဲ့သို့ သွေ့ခြောက်၍ မိုးပါးသောဒေသများတွင် ပေါက်လေ့ရှိ သည်။ ထိုယင်းမာပင် မျိုးစိတ်နှင့် ချပ်ကရာဆီယာတီဗျူလာရစ္စ ဂျပ်ဆီယူမျိုးစိတ်၏ ကွာခြားချက်မှာ ထိုယင်းမာပင် မျိုးစိတ်၏ အရွက်ကလေးများတွင် ကတ္တီပါမွှေးကဲ့သို့ အမွှေးနုကလေးများ ရှိ၍ အကိုင်းကလေးများလည်း ရှိနေခြင်း ဖြစ်သည်။ ထို့အပြင် အပွင့်တည်ပုံတွင်လည်း တစ်မျိုးစီဖြစ်သည်။ ထိုမျှမကသေး၊ အပင်ကလည်း ငယ်၍ အသားမှာလည်း ပို၍မာပြီးလျှင် အခြား မျိုးစိတ်တစ်ခုလောက် မလှချေ။ ထိုယင်းမာပင်မျိုးသည် ပေ ပေါင်း ၃ဝဝဝ ခန့်ထိ မြင့်သော နေရာများ၌ပင် ပေါက်ရောက် နိုင်လေသည်။ ထိုယင်းမာပင်မျိုးကို မန္တလေး မေမြို့လမ်း တစ်လျှောက်တွင် တွေ့နိုင်သည်။

ယင်းမာပင်သည် လှပ၍ များသောအားဖြင့် ဖြောင့်မတ် ပြီးလျှင် လုံးသည့်ပင်စည် ရှိတတ်သည်။ ထို့အပြင် ထိပ်ပိုင်း သည် ဖြာလျက် ငှက်မွှေးပုံသဏ္ဌာန် အရွက်များ ရှိသည်။ အသန်စွမ်းဆုံး ပေါက်ရောက်သည့်အခါတွင် အပင်၏အမြင့် သည် ပေပေါင်း ၁၁ဝ ထိ ရှိတတ်၍ လုံးပတ်သည်လည်း ခြောက်ပေမှ ရှစ်ပေအထိ ရှိတတ်သည်။ ကသာနှင့် မြစ်ကြီး နားခရိုင်များတွင် ယင်းမာပင်များ အသန်စွမ်းဆုံး ပေါက်ရောက် သည်ကို တွေ့ရလေသည်။ ယင်းမာပင်၏ အရွက်များသည် များသောအားဖြင့် ရာသီအလိုက်ကြွေသော အရွက်များ ရှိတတ် သော်လည်း အမြဲစိမ်းတောများတွင် ပေါက်ရောက်သောအခါ၌မူ အချိန်အနည်းငယ်အတွင်း၌သာ အရွက်များ ပြတ်လပ်တတ် သည်။ ယင်းမာပင်၏အခေါက်ရောင်မှာ သံချေးရောင်မှ အမည်း ရောင်အထိ ရှိတတ်သည်။ ထို့အပြင် အတော်နက်နက်လည်း ကွဲနေ တတ်သည်။ အရွက်သစ်တို့၏ အရောင်မှာ ပန်းရောင်ဖြစ်သော အစွန်းရွက် တစ်စုံမှလွဲ၍ ခပ်စိမ်းစိမ်းဖြစ်သဖြင့် ထိုအပင်ကို အလွယ်တကူနှင့် သိသာနိုင်ပေသည်။ အခေါက်၏ အရသာမှာ ဖန်သော်လည်း အတွင်း၌ နီနေ၍ ထောင်လိုက်အဖြူကြောင်း ကလေးများကို မြင်နိုင်လေသည်။

အရွက်များသည် ငှက်မွှေးပုံပြင်ဖြစ်၍ အရွက်နုကလေးများ ၁ဝ ခုမှ ၂၄ ခုထိရှိတတ်ပြီးလျှင် ထိုအရွက်နုကလေးများသည် များသောအားဖြင့် ရွက်လွှဲပေါက်တတ်ကြသည်။ ထိုအရွက်နု ကလေးများသည် နှစ်လက်မမှ ငါးလက်မအထိ ရှည်တတ်ပြီး လျှင် အပေါ်မျက်နှာပြင်သည် ချောမွတ်၍ အောက်မျက်နှာပြင် တွင် အမွှေးနုများရှိသည်။ (ချပ်ကရာဆီယာဗီလူတီနားရိုးမာ မျိုးစိတ်တွင် အကိုင်းကလေးများ၊ အရွက်များနှင့် ပန်းခိုင်များ တွင် အမွေးနုကလေများရှိသည်။) ယင်းမာပင်ငယ်များ၏ အရွက် များသည် နှစ်ခါငှက်မွှေးရွက်ပေါင်း ဖြစ်သည့်အပြင် အရွက်နု ကလေးများကလည်း ရွက်ခြား လက်ထွက်ကြလေသည်။ ဧပြီ- မေလတွင် ပန်းပွင့်များ ပွင့်လာသည်။ အရောင်မှာ အဖြူဖြစ်၍ လက်မဝက်ခန့် ရှည်သည်။

ယင်းမာသီးတွင် အမြှောင်း နှစ်ခု၊ လေးခု၊ ငါးခု ရှိတတ် ပြီးလျှင် ကြက်ဥပုံ၊ သို့မဟုတ် အီလစ်ပုံ ဖြစ်သည်။ မှည့်လျှင် ကွဲတတ်သည်။ အရှည်တစ်လက်မခွဲခန့် ရှိသည်။ ဇန်နဝါရီလမှ မတ်လအတွင်း မှည့်သည်။ အစေ့ကလေးများ ကြွေကျသော အခါ လေက သယ်ဆောင်သွားသည်။ ကွဲလျက်ရှိသော အသီး တောင့်များသည် ကွဲပြီးနောက် အပင်တွင်ဆက်၍ အချိန်အတန် ကြာ တည်ရှိနေတတ်ကြသည်။ အစေ့မှာ ပြား၍ အညိုရောင် ဖြစ်သည်။ ကျယ်ပြန့်၍ အမြှောင်းကဲ့သို့ ပါးပြီးလျှင် အစေ့၏ နှစ်ဆခန့်ရှည်သော အတောင်ပါ ရှိသည်။ အစေ့များကို အစေ့ ကွဲပြီးလျှင် အရိပ်အတွင်း၌ တဖြည်းဖြည်း သွေ့ခြောက်မသွားမီ ဖေဖေါ်ဝါရီလ၊ သို့မဟုတ် မတ်လအတွင်းတွင် စုသိမ်းသင့် သည်။ အလေးချိန် တစ်ပေါင်ရှိသော အစေ့များမှ ယင်းမာပင် ကလေးပေါင်း ၁၄၅ဝ ခန့် ရမည်ဟု ခန့်မှန်းရသည်။

ပျိုးခင်းများတွင် အစေ့များမှ အညှောက်ကလေး များသည် ၁ဝ ရက်၊ ၁၅ ရက်အကြာတွင် ထွက်လာတတ်သည်။ အပင်ငယ် များ လေးလက်မ မှ ခြောက်လက်မထိ ကြီးလာကြသောအခါ တွင် မိုးဦးကျ၌ စိုက်ပျိုးသင့်သည်။ ပျိုးပင်ကလေးများသည် ပထမတစ်နှစ်အတွင်း၌ တစ်ပေမှ တစ်ပေခွဲအထိ အတော်အကြီး မြန်သည်။ ဒုတိယနှစ်အတွင်းတွင် သုံးပေကိုးလက်မမှ ခြောက်ပေ ဆယ်လက်မအထိ အကြီးအလွန်မြန်သည်။ တတိယနှစ်တွင် ဆယ်ပေအထိ မြင့်လာတတ်သည်။ ပင်စည်၏ လုံးပတ်သည် လည်း ငါးလက်မမှ ခြောက်လက်မအထိ ရှိလာတတ်သည်။ ခြောက်နှစ်ကြာသော အခါတွင် ၁၈ ပေအထိ မြင့်လာတတ်ပြီး လျှင် ပင်စည်၏ လုံးပတ်သည်လည်း တစ်ပေခွဲအထိ ကြီးလာ တတ်လေသည်။

မိုးကုန်လောက်တွင်မူ ပျိုးပင်များကို စိုက်ပျိုးလျှင် ပထမ ပူ သော လများတွင် ရေလောင်းပေးသင့်သည်။ အရိပ်အတွက် လမ်းဘေးတစ်လျှောက်တွင် စိုက်လျှင် တစ်ပင်နှင့် တစ်ပင်ကို ပေ ၄ဝ ခန့် ခွာ၍ စိုက်သင့်သည်။

ယင်းမာသားသည် ခွဲစ စိတ်စတွင် အဝါဖျော့ဖျော့ အရောင်ရှိ၍ လေ၊ အလင်းတို့နှင့် တွေ့ထိဖန်များလျှင် ညိုဝင်း သောအရောင်သို့ ပြောင်းလဲသွားသည်။ အိမ်အသုံးအဆောင် ပစ္စည်းများ ပြုလုပ်ရန်နှင့် ပွတ်ခံရန် ကောင်းသောသစ်သား ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းမာသားကို များသောအားဖြင့် အိမ်ဆောက်ရာ၌ ထုပ်နှင့် လျောက်များအတွက် အသုံးချလေ့ရှိ ကြသည်။ မှန်ကူကွက်များ၌ တပ်ဆင်ရန် လှပသော သစ်သား လည်း ဖြစ်သည်။ ပျဉ်ပြားငယ်များ ခွဲစိတ်၍ရသော သစ်သား ဖြစ်သဖြင့် စည်များ ပြုလုပ်နိုင်သည်။ ထို့အပြင် ပန်းပုထုရန် ကောင်းသော သစ်သားလည်း ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)