ခန္တီးမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ခန္တီးမြို့[ပြင်ဆင်ရန်]

ဇင်္ဂလိန်ခန္တီး[ပြင်ဆင်ရန်]

၁၉၃၉-ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အထက်ချင်းတွင်း ခရိုင်မှ ခွဲထွက်၍ နာဂတောင်တန်း ခရိုင်အဖြစ် အဖွဲ့စည်း အုပ်ချုပ်သည်။ ခန္တီးမြို့သည် နာဂတောင်တန်းခရိုင်၏ ခရိုင်ရုံးစိုက်ရာမြို့နှင့် မြို့နယ်ရုံးစိုက်ရာမြို့ ဖြစ်လာ သည်။ ခန္တီးမြို့နယ်ကို စော်ဘွားအုပ်ချုပ်သော ဇင်္ဂလိန်ခန္တီးနယ်၊ ကောင်းဟိန်၊ လိုင်ဆဲနယ်နှင့် လာဆားနယ်များ ပါဝင်ဖွဲ့စည်းထားသည်။

သို့သော် မြန်မာမင်း အဆက်ဆက်မှစ၍၊ ဗြိတိသျှ အုပ်ချုပ်ရေးခေတ်အထိ ဇင်္ဂလိန်ခန္တီးမှာ ဇင်္ဂလိန်ခန္တီးစော်ဘွားနယ်၏ အုပ်ချုပ်ရေးဗဟိုဌာနဖြစ်ခဲ့သည်။ ထိုစော်ဘွားနယ်သည် ဟုမ္မလင်းမြို့အနီး၊ ချင်းတွင်းမြစ်နှင့် ဥယုမြစ်တို့ဆုံရာ မြစ်ခွမှ မြောက်ဘက်သို့ မိုင် ၆ဝ ခန့်အကွာတွင် တည်ရှိ၏။ ယင်းနေရာမှ ချင်းတွင်းမြစ်ဖျား၏ မြစ်ဝှမ်းတစ်လျှောက်မြောက်ဘက် ဟူးကောင်းတောင်ကြားနယ်စပ် ရေတံခွန်အထိ ကျယ်ဝန်း၏။ ထိုနယ်အတွင်း မှီတင်းနေထိုင်ကြသူများမှာ အများအားဖြင့် ရှမ်းကဒူးများ ဖြစ်ကြ၍၊ ကချင်ရွာနှင့် ချင်းရွာ အနည်းငယ်ရှိသည်။ ဇင်္ဂလိန်ခန္တီးနယ်မှာ မူလက ဇင်္ဂလိန်ဟုခေါ်သော နာဂလူမျိုးတို့၏ လူမျိုးစုတစ်စုတို့ နေထိုင်ရာဒေသ ဖြစ်သည်။

ခရစ် ၁၇၄၉−ခုနှစ်အထက်တွင် ခန္တီးရှမ်းတို့သည် အာသံနယ်ထဲသို့ ရွေ့ပြောင်းလာကြပြီးလျှင် ဆာဒီးယားနယ်၌ နေထိုင် ကြသည်။ ၁၈၃၉−ခုနှစ်သို့ရောက်သော် အာသံနယ်ထဲသို့ ဗြိတိသျှတို့ ချင်းနင်းဝင်ရောက်၍ အာသံနယ်ကို သိမ်းပိုက်စ ပြုလာလေ သည်။ ထိုအခါ ဆာဒီးယားနယ်ရှိ ခန္တီးရှမ်းတို့သည် ဗြိတိသျှတို့အား ပုန်ကန်ထကြွကြလေသည်။ ဗြိတိသျှတို့လည်း ထိုပုန်ကန်မှုကြီးကို နှိမ်နင်းပြီးနောက်၊ ဆာဒီးယားခန္တီးရှမ်းတို့ကို အာသံပြည် အခြားဒေသတို့သို့ ရွေ့ပြောင်းပေလေရာ၊ ခန္တီးရှမ်း တို့လည်း ချင်းတွင်းမြစ်ဝှမ်းဒေသသို့ ရောက်ရှိလာခဲ့ကြဟန် တူလေသည်။ ထိုပြင် အဆိုပါနှစ်တစ်ဝိုက်လောက်တွင် ခန္တီးကြီး ခေါ် ခန္တီးလုံနယ်မှ ခန္တီးရှမ်းများသည် ဟူးကောင်းမြစ်ဝှမ်း၊ ပယင်းတွင်းဒေသ၊ ချင်းတွင်းမြစ်ဝှမ်းတို့သို့ ရွေ့ပြောင်းလာခဲ့ကြ သည်ဟုလည်း သိရှိရသည်။ ဤကဲ့သို့ ဇင်္ဂလိန်အရပ်သို့ ခန္တီးရှမ်းများဝင်ရောက်နေထိုင်လာသည်ကို အကြောင်းပြု၍၊ ထို အရပ်သည် ဇင်္ဂလိန်ခန္တီးဟုတွင်လေသည်။ သို့သော် မြန်မာတို့ကမူ ခန္တီးကြီးနှင့် ကွဲပြားခြားနားလေအောင် ယင်းနယ်ကို ခန္တီးဟူ၍၎င်း၊ ခန္တီးကလေးဟူ၍၎င်း ခေါ်ဝေါ်ကြသည်။


မြန်မာမင်းများလက်ထက်တွင် ဇင်္ဂလိန်ခန္တီးနယ်ကို တမူးနှင့် ခန်းပတ်ဝန်တို့က နယ်ရှင်စော်ဘွားမှတစ်ဆင့် အုပ်ချုပ်သည်။ ထိုနယ်မှ နှစ်စဉ် ပျားဖယောင်း ပိဿာချိန်တထောင်နှင့် ဆင်စွယ်ပိဿာချိန်တရာကို မြန်မာဘုရင်တို့အား ပဏ္ဏာတော် ဆက်သရမြဲဖြစ်သည်။ ဗြိတိသျှခေတ်၌၊ ဦးစွာတစ်နှစ်လျှင် ငွေငါးဆယ်မျှသာ ပဏ္ဏာဆက်သရန် သတ်မှတ်ထားသည်။ ၁၈၉၂ ခုနှစ်တွင် ငွေတော်တစ်ရာ သတ်မှတ်သည်။ ထိုနောက်မှ အခွန်တော် တဖြည်း⁠ဖြည်းတိုးလာသည်။ မင်းတုန်းမင်းတရား ကြီးလက်ထက်တွင် ဇင်္ဂလိန်ခန္တီးမြို့သည် အမြောက်လေးလက်၊ သေနတ်တစ်ရာ တပ်ဆင်ပေးထားသော ခံမြို့တစ်မြို့ဖြစ်သည်။

ခရစ် ၁၈⁠၈၃ ခုနှစ်တွင် ဟူးကောင်းတောင်ကြားနယ်မှ ကချင်လူမျိုးတို့သည် ဇင်္ဂလိန်ခန္တီးနယ်ကို တိုက်ခိုက်သဖြင့်၊ သက်ဆိုင်ရာဝန်နှင့် စော်ဘွားတို့မှာ ထွက်ပြေးတိမ်းရှောင်ရသည်။ ၁၈⁠၈၆ ခုနှစ်တွင် ဗြိတိသျှတို့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်သောအခါ၊ ဗြိတိသျှအစိုးရ ကိုယ်စားလှယ်ဖြစ်သူ မေဂျာအက်(ဖ)၊ ဒီ၊ ရိတ် သည် ထိုစဉ်က ဇင်္ဂလိန်ခန္တီးနယ်တွင် အကြီးဆုံးသော မုန်းတုန်းရွာသို့ လာရောက်ပြီးလျှင်၊ စောနီတောင်းဆိုသူအား ရွာအုပ်အဖြစ် ခန့်အပ်လေသည်။ ၁၈⁠၈၇ ခုနှစ်သို့ ရောက်သောအခါ ဗြိတိသျှအစိုးရသည် မြောက်ပိုင်းရှမ်းပြည်၊ တောင်ပိုင်းရှမ်းပြည်၊ မြေလတ်၊ သောင်ထွတ်နှင့် ဇင်္ဂလိန်ခန္တီးစော်ဘွားနယ်များကို မြန်မာပြည်မ အုပ်ချုပ်ရေးမှ ပယ်ထုတ်၍၊ ရှမ်းပြည်နယ်ဟု သတ်မှတ်ပြီးလျှင်၊ ဇင်္ဂလိန်ခန္တီး စော်ဘွားနယ်ကို အထက်ချင်းတွင်း ခရိုင်အရေးပိုင်၏ လက်အောက်၌ထား၍ အုပ်ချုပ်စေလေသည်။ ထိုစဉ်က အထက်ချင်း တွင်းခရိုင်သည် ယခုထက်မြောက်ဘက်သို့ ရှည်လျားကျယ်ဝန်းစွာ နယ်ပယ်သတ်မှတ်ထားသဖြင့် ဇင်္ဂလိန်ခန္တီးစော်ဘွားနယ်သည် အနေအထားအားဖြင့် ယင်းခရိုင်မြောက်ပိုင်းအတွင်း၌ တည်ရှိခဲ့သည်။ ဇင်္ဂလိန်ခန္တီးနယ်ကို အခြားစော်ဘွားနယ်များနည်းတူ ဆာနာဒ်ခေါ် အမိန့်စာချွန်ဖြင့် သတ်မှတ်ဖွဲ့စည်း ပေးလေသည်။

အကျယ်အဝန်း[ပြင်ဆင်ရန်]

ထိုစဉ်က ထိုနယ်၏ နယ်နိ မိတ်မှာ မြောက်ဘက်၌ ဟူးကောင်းတောင်ကြားနယ်၊ အနောက် ဘက်၌ စာရာမေတိတောင် အပါအဝင်ဖြစ်သော တောင်တန်းကြီးများ၊ တောင်ဘက်၌ အထက်ချင်းတွင်းခရိုင်အပိုင်ဟုမ္မလင်းမြို့နယ်၊ အရှေ့ဘက်၌ အထက်ချင်းတွင်းခရိုင်အပိုင် ဥယုမြို့နယ်နှင့် မြစ်ကြီးနားခရိုင် ဟူ၍ဖြစ်၏။ ဥယုမြို့နယ်မှာ ဥယုမြစ်ဝှမ်း တစ်လျှောက်ရှိ ကျေးရွာနယ်မြေတို့ကိုစုပေါင်း၍ ရှေးက ဖွဲ့စည်းခဲ့သော မြို့နယ်ဖြစ်၏။ ယခုခေတ်၌ကား၊ ဥယုမြိုနယ်ဟူ၍မရှိတော့ပြီ။ ထိုစဉ်က နယ်နိမိတ်အတိုင်းဆိုလျှင် ဟုမ္မလင်းမြို့နယ်၏ နယ်နိမိတ်သည် ဇင်္ဂလိန်ခန္တီးနယ်ထဲသို့ ထွင်းဖေါက်ဝင်ရောက်လျက်ရှိသဖြင့်၊ ဇင်္ဂလိန်ခန္တီးစော်ဘွားနယ်မှာ နှစ်ပိုင်းကွဲလျက်ရှိသည်။ မြောက်ဘက်ပိုင်းသည် အရှေ့လောင်ဂျီတွဒ် ၉၅ ံ၂ဝဒ နှင့် ၉၆ တို့အကြား၊ မြောက်လတ္တီတွဒ် ၂၆ ံ၁ဝဒ နှင့် ၂၅ ံ၄၅ဒ အကြားလောက်တွင်၎င်း၊ တောင်ဘက်ပိုင်းမှာ အရှေ့ လောင်တီတွဒ် ၉၅ ံ၂ဝဒ နှင့် ၉၅ ံ၃ဝဒ အကြား၊ မြောက်လတ္တီ တွဒ် ၂၅ ံ၃ဝဒ နှင့် ၂၅ ံ၄ဝဒ အကြားလောက်တွင်၎င်း အသီးသီးတည်ရှိကြသည်။ မြောက်ဘက်ပိုင်း၏ အကျယ်အဝန်းမှာ ၁၄၂၅ စတုရန်းမိုင်ရှိ၍၊ တောင်ဘက်ပိုင်း၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅ဝဝ ခန့်ရှိသည်။ ဇင်္ဂလိန်ခန္တီးနယ်တွင် ၁၈၉၇ ခုနှစ်က လူဦးရေ ၁၃⁠၃၁ ယောက်ရှိခဲ့သည်။

အုပ်ချုပ်ရေး[ပြင်ဆင်ရန်]

၁၉၄၂-ခုနှစ်၊ ဇွန်လတွင် တရုတ်ပြည်မှ အိန္ဒိယသို့ထွက်ခွာလာခဲ့သော တရုတ်ဒီဝီဇံ တပ်မကြီးသည် ခန္တီးမြို့သို့ ဖြတ်သန်းလာသော အခါ ခန္တီးမြို့ တစ်နယ်လုံးနှင့် ကျေးရွာများ ကစင့်ကလျားဖြစ်ပွားပြီး ပျက်စီးခြင်းသို့ ရောက်ခဲ့ရ၏။ စဝ်ဖ စဝ်မြစိန်သည် ဟိန်စွန်းသို့ ခေတ္တရှောင်တိမ်းနေစဉ် ဟော်နန်းနှင့်တကွ နန်းသုံးပစ္စည်း မှတ်တမ်းများပါမကျန် မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ရသည်။

၁၉၄၇-ခု၊ ဧပြီလ (၁၈)ရက်နေ့တွင် ပင်လုံညီလာခံ၏ အဆက်ဖြစ်သော မေမြို့(အင်ကွာရီ)သို့ စော်ဘွားကြီး စပ်မြစိန်နှင့် အတူ လူထုကိုယ်စားလှယ် ဦးဘိုးရင်တို့ တက်ရောက်ခဲ့ပြီး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရယူသောအခါ တောင်တန်းသားများ ပါဝင်လို/မလို စုံစမ်းရေး ကော်မရှင်တွင် ခန္တီးစော်ဘွားသည် ပြည်မနှင့်အတူ တပေါင်းတည်း ပါဝင်မည်ဟု ထွက်ဆိုလက်မှတ် ရေးထိုးခဲ့သည်။ ဤအကြံပေးချက်ကို တိုင်းပြည်ပြု လွှတ်တော်က လက်ခံသဖြင့်၊ မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ဖြစ်လာသော အခါ၊ ဇင်္ဂလိန်ခန္တီးစော်ဘွားနယ်သည် မြန်မာပြည်မ အုပ်ချုပ်ရေးတွင် ပါဝင်သော နာဂတောင်တန်းခရိုင်၌ ပါဝင်လာခဲ့သည့်ပြင်၊ ဇင်္ဂလိန်ခန္တီးမြို့သည်လည်း နာဂတောင်တန်းခရိုင် ရုံးစိုက်ရမြို့ ဖြစ်လာလေသည်။

၁၉၄၈-ခု၊ ဇူလိုင်လ(၁၂) ရက်နေ့တွင် စော်ဘွားကြီး စဝ်မြစိန်နှင့်အတူ လူထုကိုယ်စားလှယ် အဖွဲ့တို့သည် မြန်မာနိုင်ငံတော် ဖဆပလအစိုးရက ခေါ်ယူညှိနှိုင်းသော မြန်မာနိုင်ငံ အနောက်မြောက်တောင်တန်း ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် လေရှီး၊ လဟယ်၊ ဒေသ အကြီးအကဲများအဖွဲ့၊ သောင်သွပ်စော်ဘွားကြီးနှင့် လူထုကိုယ်စားလှယ် အဖွဲ့တို့နှင့်အတူ တက်ရောက် ခဲ့ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျှင် မိမိတို့၏ စော်ဘွားအာဏာကို စွန့်လွှတ်မည်ဟု ပဏာမ ကတိပြုခဲ့ကြသည်။


၁၉၅ဝ-ခု၊ ဧပြီလတွင် စော်ဘွားကြီး စဝ်မြစိန်သည် စေတနာ့ဝန်ထမ်း လက်ထောက် ပြန်ကြားရေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၂-ခု၊ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးပြန်တမ်းတွင် ခန္တီးစော်ဘွားကြီးစဝ်မြစိန်သည် လဟယ်မြို့နယ် ဆော်လော်နာဂအရေးအခင်းကို စစ်ပြေငြိမ်းသည်အထိ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သောကြောင့် နိုင်ငံတော်အစိုးရမှ သီရိပျံချီဘွဲ့ တံဆိပ်ကို အပ်နှင်းချီးမြှင့်ခဲ့သည်။

၁၉၅၂-ခု၊ နိုဝင်ဘာ(၃ဝ) ရက်နေ့တွင် ခန္တီးနယ်တော်၏ စော်ဘွားရာထူးကို စွန့်လွှတ်ခဲ့သည်။ ၁၉၅၂-ခု၊ ဒီဇင်ဘာလ (၁)ရက်နေ့မှစ၍ တောင်တန်း ဝန်ထောက်ရာထူးကို လွှဲပြောင်း လက်ခံခဲ့သည်။

ပြည်သူ့လွှတ်တော်သို့ ကိုယ်စားလှယ် ရွေးချယ်စေလွှတ်ခွင့်နှင့် စပ်လျဉ်း၍ ဇင်္ဂလိန်ခန္တီးနယ်ရှိ အချို့ကျေးရွာနယ်မြေတို့သည် အစပထမ၌ အထက်ချင်းတွင်း မြောက်ပိုင်း မဲဆန္ဒနယ်ထဲ၌ ပါဝင်နေခဲ့၍ အချို့မှာ နာဂတောင်တန်းနယ်ထဲ၌ ပါဝင်နေခဲ့သည်။ ၁၉၅၅−ခုနှစ်တွင် မဲဆန္ဒနယ်များကို ပြန်လည်ပြုပြင် သတ်မှတ်လိုက်သောအခါ ဇင်္ဂလိန်ခန္တီးနယ်သည် နာဂတောင်တန်း မဲဆန္ဒနယ်ထဲတွင် ပါဝင်လာခဲ့သည်။[၁]

စီးပွားရေး[ပြင်ဆင်ရန်]

ဇင်္ဂလိန်ခန္တီးနယ်တွင် ရှမ်းကဒူးများ၊ ကချင်များလည်း နေထိုင်ကြသည်။ ဇင်္ဂလိန်ခန္တီးမြို့ကိုဗဟိုပြု၍ တောင်ပေါ်သား တို့အတွက် ဘဝသစ် ဖန်တီးပေးရန် လုပ်ငန်းများကို လုပ်ဆောင်ပေးနေလေရာ၊ နာဂလူမျိုးအတွက် များစွာအကျိုးဖြစ်ထွန်းလာ ဖွယ်ရာရှိသည်။ ပျားဖယောင်း၊ ကြိမ်၊ သနပ်ဖက်စသည်တို့ကို ချင်းတောင်များမှ ထုတ်နုတ် သယ်ယူရောင်းချခြင်းမှာ ထိုနယ် ၏ အဓိကလုပ်ငန်း ဖြစ်သည်။ သို့သော် ရှေးအစဉ်အဆက်ကပင် အဖိုးတန်ခဲ့သော လုပ်ငန်းတစ်ရပ်မှာ ပယင်းထုတ်လုပ်ရေးပင်ဖြစ် သည်။ ယခုခေတ်၌မူ ထိုလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်မှုတွင် အထောက်အပံ့ ဖြစ်နိုင်လောက်အောင် အရေးကြီးသည့် လုပ်ငန်း မဟုတ်တော့သဖြင့်၊ မရှိသလောက် ဖြစ်နေသည်။ ယခင်က ထိုနယ်မှ ကျောက်စိမ်းများထွက်ခဲ့ဘူး သည်။ ချင်းတွင်းမြစ်ကြောင်းတွင် ဇင်္ဂလိန်ခန္တီးမြို့အထက် ရေတံခွန်အထိ လှေသမ္ဗန်များ၊ မော်တော်ဘုတ်ငယ်များ သွား လာနိုင်သည်။ ဇင်္ဂလိန်ခန္တီးမြို့အနီးတွင် လေယာဉ်ပျံကွင်းရှိ၍ နွေနှင့် ဆောင်းအခါတွင် ရန်ကုန်မြို့နှင့် လေကြောင်းအဆက် အသွယ်ရှိသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.shannivoice.com/%e1%80%81%e1%82%8f%e1%81%b2%e1%80%ae%e1%80%b8%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%9e%e1%80%99%e1%80%af%e1%80%ad%e1%80%84%e1%80%b9%e1%80%b8/
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)