ယင်းမာပင်မြို့နယ်

ဝီကီပီးဒီးယား မှ
ယင်းမာပင်မြို့နယ်
မြို့နယ်
ယင်းမာပင်ခရိုင်အတွင်းတည်နေရာ
ယင်းမာပင်ခရိုင်အတွင်းတည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
စစ်ကိုင်းတိုင်းအတွင်း တည်နေရာ
ယင်းမာပင်မြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ယင်းမာပင်မြို့နယ်
ယင်းမာပင်မြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 22°5′N 94°54′E / 22.083°N 94.900°E / 22.083; 94.900ကိုဩဒိနိတ်: 22°5′N 94°54′E / 22.083°N 94.900°E / 22.083; 94.900
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ယင်းမာပင်ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ယင်းမာပင်မြို့
လူဦးရေ (၂၀၁၄)[၁]၁၄၁,၄၈၀
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင် အတွင်း ချင်းတွင်းမြစ်၏ အနောက် ဘက် မြောက်လတ္တီကျု ၂၁ံ ၅၉' နှင့် ၂၂ ံ ၁၉' အကြား၊ အရှေ့ လောင်ဂျီကျု ၉၃ ံ၃၆' နှင့် ၉၅ ံ ၁၅' အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် (၄၀၀) အကွာတွင် တည်ရှိသည်။ ယင်းမာပင်မြို့နယ် ၏ အရှေ့ဘက်တွင် မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက် တွင် ပုလဲမြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင် ကနီမြို့နယ်တို့ ရှိကြသည်။

အကျယ်အဝန်း[ပြင်ဆင်ရန်]

ယင်းမာပင် မြို့နယ်သည် ပင်လယ်ရေမျက် နှာပြင် အထက် ပေ (၄၀၀) တွင် ရှိပြီး ယေဘူယျ အားဖြင့် မြေပြင် ညီညာပြန့်ပြူးသည်။ မြေပြန့်လွင်ပြင်မှာ ရာခိုင်နှုန်း (၄၈.၂၃%) ရှိပြီး စတုရန်းမိုင် အားဖြင့် (၁၇၄.၅၉) ရှိ၍ စတုရန်းမိုင် အားဖြင့် (၇၅.၈၂)၊ ဆင်ခြေလျှော မြေမှာ (၃၄၀.၀၂%) ဧရိယာအားဖြင့် (၁၁၂.၂၉) စတုရန်းမို်င် ရှိရာ ယင်းမာပင်မြို့နယ် မှာ စုစုပေါင်း အကျယ်အဝန်း အားဖြင့် (၃၆၂.၇၀) ဧရိယာစတုရန်းမိုင် ကျယ်ဝန်းသည်။

မြို့နယ်သမိုင်း[ပြင်ဆင်ရန်]

ယင်းမာပင်မြို့နယ်အား မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ စတင်သတ်မှတ်ပြီး နယ်ပိုင်ဝန်ထောက် တစ်ဦး ရုံးထိုင်စေလျက် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ကိုပါ အုပ်ချုပ်ရသော ခရိုင်ခွဲ (ဆဗ္ဗဒီဝီဇံ)မြို့အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာဘုရင်များ လက်ထက်ကမူ ယင်းမာပင် မြို့နယ် အပါအဝင် ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ ပါဝင်သော ဒေသများအား ဖန့်ချီနယ် (တချို့က"ဗန့်ဂျီနယ်" ဟုလည်း ပြောကြသည်။)ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ အဆိုပါ (၃)မြို့နယ်၏ အနောက်ဘက်တွင် ပင်တောင်၊ ငပြုံးတောင်၊ ဖန့်ဂျီတောင် ဟူ၍ ရှိရာ ဖန့်ဂျီတောင်သည် တောင်ယမားချောင်းနှင့် မြောက်ယမားချောင်းအကြားတွင် တည်ရှိသောကြောင့် အဆိုပါ ဒေသအတွင်း တည်ရှိသော နယ်မြေများကို ဖန့်ဂျီနယ်ဟု ခေါ်ဝေါ်ကြောင်း သိရှိရသည်။ မြို့နယ်အဖြစ် ၁၉၀၁-ခုနှစ်ကပင် ဗြိတိသျှအစိုးရက သတ်မှတ်ခဲ့သော်လည်း ယင်းမာပင်မြို့နယ်ကိုမူ မြို့အဖြစ် စနစ်သစ် အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂-ခုနှစ်တွင်မှ တရားဝင် သတ်မှတ်ခဲ့သည်။ ယခင်ကမူ ယင်းမာပင်မြို့နယ်သည် နယ်ပိုင်ရုံးစိုက် ဖြစ်သော်လည်း မြို့အဖြစ် တရားဝင် သတ်မှတ်ချက် မဟုတ်ဘဲ မြို့မအုပ်စုအဖြစ်သာ တည်ရှိခဲ့သည်။

မြေအနေအထား[ပြင်ဆင်ရန်]

ယင်းမာပင်မြို့နယ်အတွင်း၌ တောင်တန်းနှင့် ဆင်ခြေလျှော ဒေသမှာ မြေပြန့်လွင်ပြင် ဧရိယာထက် ပိုမိုကျယ်ဝန်းသည် မှန်သော်လည်း ဤမြို့နယ်တွင် အလွန် မြင့်မားသော တောင်ကုန်းတောင်တန်းကြီးများ မရှိပေ။ မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် တောင်ကျချောင်း(ယမားချောင်း)မှာ အနောက်မှ အရှေ့သို့ စီးဆင်း၍ စုန်းကျင်းအုပ်စု၊ ဘိန်းနွယ်ချောင်ကျေးရွာအနီးတွင် ချင်းတွင်းမြစ် အတွင်းသို့စီးဝင်သည်။ တင်ဆုံချောင်းမှာ အနောက်မြောက်မှ အရှေ့တောင်သို့ စီးဆင်းပြီး နတ္ထောင့် ကျေးရွာအနီးတွင် ပေါင်းဆုံသည်။ ၎င်းချောင်းများသည် ရေစီးအလွန် လျင်မြန်သည်။ သို့ဖြစ်၍ ၎င်းချောင်းများ ဖြတ်သန်းစီးဆင်းသည့် ရွှေလှန်၊ ပန်းမထုံး၊ ရေအောင့် စသည့်ကျေးရွာများသည် ရံဖန်ရံခါ ရေတိုက်စားခြင်းများ ကြုံရသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

မုံရွာ - ပုလဲ - ဂန့်ဂေါလမ်း၊ ၁၂-ပေ အကျယ် ကတ္တရာခင်း ကားလမ်းသည် ယင်းမာပင်မြို့နယ်ကို ဖြတ်သန်းလျက် ရှိသည်။ မိုင်တိုင် အမှတ် ၉/၀ မိုင်မှ ၂၃/၄ မိုင်သည် ယင်းမာပင်မြို့နယ် အပိုင်း ဖြစ်၍ (၁၄) မိုင် (၄) ဖာလုံ ရှည်လျားသည်။ ဤ မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမှာ ရာသီမရွေး ဆက်သွယ် သွားလာနိုင်ပြီး ခရီးသည်နှင့် ကုန်စည် များကို သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။ ထိုပြင် ပွင့်လင်းရာသီ၌ မြို့နယ် အတွင်းရှိ ကပိုင်၊ ဆင်စွယ်၊ ရင်ပေါင်တိုင် စသည့် ကျေးရွာများမှ ယင်းမာပင်မြို့ကို ဖြတ်သန်း၍ မုံရွာမြို့သို့ ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင် ပေးခြင်း၊ ကနီ-ယင်းမာပင်-မုံရွာ ကားလမ်းဖြင့် သွားလာနိုင်ခြင်း တို့ဖြင့် လမ်းပန်းဆက် သွယ်ရေး အဆင်ပြေ ချောမွေ့လျက် ရှိသည်။ ယင်းမာပင်မြို့မှ မုံရွာမြို့သို့လည်း ကားကြီးကားငယ် များဖြင့် အချိန်မရွေး သွား လာနိုင် သကဲ့သို့ ယခုနောက်ပိုင်းမှ ဖွင့်လှစ်ခဲ့သော ကလေးဝ-ယာကြီး-မင်းဒေါင့်-မုံရွာ ကားလမ်းဖြင့် ချင်းတွင်းတံတား(မုံရွာ) ကို အသုံးပြုလျက် ယင်းမာပင် မြို့နယ်မှ ခရီးသည်နှင့် ကုန်စည် များကို အချိန်အခါမရွေး သယ်ယူပို့ဆောင် ပေးနေပြီ ဖြစ်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

ယင်းမာပင်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်းခြောက်သွေ့သည့်အပိုင်းတွင် ပါရှိသည်။ တစ်နှစ်လျှင် ပျမ်းမျှမိုးရေချိန် ၃၀"နှင့် ၄၀" အကြားသာ ရွာသွန်းလေ့ရှိသည်။ မိုးရေချိန် အနည်းဆုံးလမှာ ဧပြီလဖြစ်၍ အများဆုံးလမှာ အောက်တိုဘာလဖြစ်သည်။ ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်သည့် အလျောက် မိုးရာသီတွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်လေ့ရှိသည်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး(၄၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်၍ အမြင့်ဆုံးအပူချိန်မှာ (၁၁၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်သည်။ အအေးဆုံးလမှာ ဇန်နဝါရီလဖြစ်၍ အပူဆုံးလမှာ ဧပြီလဖြစ်သည်။

ပေါက်ရောက်သော အပင်များ[ပြင်ဆင်ရန်]

ယင်းမာပင်မြို့နယ်သည် မြေပြန့် အပူပိုင်း ဒေသတွင်သာ ပေါက် ရောက် နိုင်သည့် သန်း၊ ဒဟတ်၊ ထနောင်း၊ ရှား၊ ဇီးဖြူ၊ တယ်၊ တမာ၊ သမုန်း၊ သနပ်ခါး စသည့် အပင်များ ပေါက်ရောက်သည်။ ချင်းတွင်းမြစ် ဘေးတလျှောက်နှင့် ချောင်းဘေး တို့တွင်လည်း သပြေ၊ ဘိုင်၊ ကတွတ်၊ သဖန်းပင်များ ပေါက်ရောက်လျက် တောင်စောင်း များတွင် အင်၊ အင်ကြင်း၊ ထောက်ကြံ့၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုးပင်များ ပေါက်ရောက်ကာ တောင်ပေါ် မြေပြင်ပိုင်းတွင် ကျွန်း၊ သတီ၊ မျောက်ချောနှင့် မျှင်ဝါး၊ တင်းဝါး၊ သနပ်ခါး စသည်တို့ ပေါက်ရောက်ကြသည်။ ဆေးဘက်ဝင် အပင်များအနေဖြင့် တောင်ပေါ်၊ တောင်စောင်းများတွင် လက်ထုပ်၊ ဘုမ္မရာဇာ၊ သက်ရင်းကြီး၊ သက်ရင်းကလေး၊ နီပဆေး၊ မှန်နီ၊ ဆင်တုံးမနွယ်၊ မှန်နီ၊ ဆင်တုန်းမနွယ်၊ နာငါးပါး၊ နနွင်းခါး၊ တောရှောက်၊ မင်းကိုးခါ(မင်းကိုးဒါး) စသော ဆေးဘက်ဝင် အပင်များ ပေါက်ရောက်သည်။ ယင်းမာပင်မြို့နယ် ကျောက်မှော်ရွာမှထွက်သော သနပ်ခါးသည် အညာဒေသတွင် နာမည်သည်။

စိုက်ပျိုးရေး[ပြင်ဆင်ရန်]

ယင်းမာပင်မြို့နယ်တွင် စီမံကိန်းသီးနှံများ စိုက်ပျိုးထုတ်လုပ်လျက် ရှိရာ မိုးရာသီ၌ မိုးကြိုစပါး စိုက်ပျိုးခြင်း၊ မိုးနှမ်း၊ မိုးပြောင်ဖူး၊ မြေပဲ၊ ဝါကလေး၊ ပဲစိမ်းငုံ သီးနှံများ အဓိကထား၍ စိုက်ပျိုးပြီး မိုးလယ်ရာသီတွင် စပါး၊ ပဲတီစိမ်း နှင့် နှံစားပြောင်း သီးနှံများ၊ မိုးနှောင်းရာသီတွင် ထောပတ်ပဲ၊ စွန်တာနီ၊ ငရုတ်သီးနှံများ၊ ဆောင်းရာသီတွင် နှမ်းကြီး၊ ဆောင်းမြေပဲ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ဂျုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ထုတ်လုပ်သည်။ ယင်းမာပင်မြို့နယ်၏ စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧကမှာ (၁၂၁၇၆၄) ဧက ဖြစ်ပြီး၊ သစ်တောမြေမှာ (၃၄၂၉၈) ဧက ဖြစ်သည်။ ပလပ်မြေ စုစုပေါင်းမှာ (၁၅၇၃၆) ဧက ရှိ၍ စိုးပျိုး မရသည့် မြေ စုစုပေါင်းမှာ (၄၀၉၈၂) ဧက ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။