ထီးချိုင့်မြို့

ဝီကီပီးဒီးယား မှ
ထီးချိုင့်မြို့
ထီးချိုင့်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ထီးချိုင့်မြို့
ထီးချိုင့်မြို့
ထီးချိုင့်မြို့ တည်နေရာ
ကိုဩဒိနိတ်: 23°46′0″N 96°8′0″E / 23.76667°N 96.13333°E / 23.76667; 96.13333ကိုဩဒိနိတ်: 23°46′0″N 96°8′0″E / 23.76667°N 96.13333°E / 23.76667; 96.13333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး
ခရိုင်ကသာ
မြို့နယ်ထီးချိုင့်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ထီးချိုင့်မြို့သည် ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ရုံးစိုက်ရာ မြို့ဖြစ်၏။ ဧရာဝတီမြစ်၏ လက်ျာဘက်ကမ်းပေါ်ရှိ တောင် ကုန်းငယ်ပေါ်၌ တည်ရှိသည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းယူစအခါက၊ ကသာခရိုင်၏ ရုံးစိုက်ရာမြို့ ဖြစ်ခဲ့ဘူး၏။

၁၈၉၇ ခုနှစ်ခန့်ကစ၍ ဈေး၊ ဗိုလ်တဲ၊ ရဲဌာနာ၊ စာတိုက်များ ဖွင့်လှစ်ခဲ့၏။ ကျုံးနှင့် ရှေးကျောက်ခံတပ်များမှာ စစ်စခန်းများ ဆောက်လုပ်သည့် အချိန်မှစ၍ ပျက်စီးကုန်သည်။ ထီးချိုင့်မြို့ ကို ရန္တပစ္စည်းနှင့် နန္တပစ္စည်း ညီနောင်နှစ်ပါးက တည်ထားခဲ့ သည်ဟုဆို၏။ ရန္တပစ္စည်းနှင့် နန္တပစ္စည်းတို့လက်ထက် တရုတ်တပ်များ ဝင်ရောက် တိုက်ခိုက်လာသည်ကို မြန်မာတပ်များက ချီတက်ကာ မြင်းခင်းရာ အရပ်မှ တွန်းလှန်ဖြိုဖျက်ခဲ့၏။ ယင်းတို့၏ဆင်များ ချထားရာအရပ်ကို ဆင်ကျုံး၊ မြင်းများ ချထားရာ အရပ်ကို မြင်းကျုံးဟူ၍ ယခုတိုင်ခေါ်တွင်လျက်ရှိသည်။

ထီးချိုင့်မြို့တွင် ကျောက်ခံတပ်ပျက်များကို ယခုတိုင်တွေ့မြင်နိုင်၏။ ထီးချိုင့်မြို့တည်ရာ တောင်ကုန်းတွင် ထင်ရှားသော စေတီတဆူရှိသည်။ ထိုစေတီကို သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သည်ဟုဆို၏။ စေတီ၏ဘွဲ့တော်မှာ မြတသိန်းတန် ဖြစ်သည်။ နရပတိစည်သူမင်းကြီး သည် ဖောင်စကြာဖြင့် လှည့်လည်လာခဲ့စဉ်၊ ထိုစေတီကို ဖူးမြင်ရသည်တွင် ကြည်ညို လှသဖြင့် အဖိုးတသိန်း ထိုက်တန်သော မြခါးပတ်ကို ထိုစေတီ တွင် လှူတော်မူခဲ့လေသည်။ ယင်းသို့ တစ်သိန်းတန် မြခါးပတ် လှူခဲ့သည်ကိုအစွဲပြု၍ မြတသိန်းတန်ဘုရားဟု ဘွဲ့မည်တွင် သည်ဟုဆို၏။ မြို့၏အမည်မှာလည်း ထိုအရပ်တွင် လှူခဲ့သော ဘုရင်၏ ထီးနှင့်ကျိုင်းကိုအစွဲပြု၍ ထီးကျိုင်းဟု ခေါ် တွင်ရာမှ ရွေ့လျောကာ ထီးချိုင့်ဖြစ်လာသည်ဟု ဆိုလေသည်။

မြန်မာဘုရင်မင်းမြတ်တို့လက်ထက်တွင် ထီးချိုင့်မြို့သည် မြတောင်ဝန် စီရင်အုပ်ချုပ်သော မြတောင်မြို့နယ်၌အပါအဝင် ဖြစ်သည်။ ထို့ကြောင့် ခရစ် ၁၈၉၂ ခုနှစ်အထိ ထီးချိုင့် မြို့နယ်မှာ ကသာခရိုင် မြတောင်နယ်ထဲတွင် ပါဝင်လျက်ရှိခဲ့ သည်။ ထိုနောက် ယင်းနှစ်၌ပင် ထိုမြို့နယ်ကို မြတောင်နယ်မှ ခွဲထုတ်၍ ကသာနယ်နှင့် ပူးပေါင်းပြီးသော်၊ ကသာနယ်ပိုင် လက်အောက် ထီးချိုင့်မြို့နယ်အဖြစ်ဖြင့် ထားရှိလေသည်။

၁၉၅၆ ခုနှစ် သန်းခေါင်စာရင်း ခန့်မှန်းခြေအရ လူဦးရေမှာ ထီးချိုင့်မြို့နယ် တစ်ခုလုံးအတွက် ၃၄၅ဝဝ ယောက်ခန့် ရှိမည် ဟု ခန့်မှန်းသည်။ ၁၉၄၁ ခုနှစ် သန်းခေါင်စာရင်း(ယာယီ) အလိုမှာ ၂၉၅၉၅ ယောက်ဖြစ်သည်။ ထီးချိုင့်မြို့နယ်၌ မြန်မာ၊ ရှမ်းနှင့်တရုတ်တို့ အတူတကွနေထိုင်ကြသည်။ ဂန့်ဂေါတောင် စွယ်သည် ထီးချိုင့်မြို့နယ် မြောက်ပိုင်းကို ဖြတ်၍ ထီးချိုင့်မြို့အထိ တည်ရှိနေသည်။ ထိုကြောင့် မြို့နယ်အတွင်းတွင် ချောင်းငယ် မြောင်းငယ်၊ အင်းအိုင်အများရှိလေရာ၊ ထိုဒေသတို့တွင် ငါးဖမ်း ခြင်းအလုပ်ကို အတော်အသင့် လုပ်နိုင်ကြသည်။ ထို့ကြောင့် ထီးချိုင့်မြို့နယ်၏ အဓိကထွက်ကုန်သည် ငပိ၊ ငခြောက်ဖြစ်သည်။ မြေပြန့်ဒေသတို့တွင် လယ်ယာအလုပ်ကို လုပ်ကြသည်။[၁]

ရှေး‌မြို့ဟောင်းများ[ပြင်ဆင်ရန်]

ရှေးမြန်မာ ခံတပ် ဖြစ်ခဲ့သော ထီးချိုင့်နယ်အတွင်း တုံငယ်၊ ကွမ်းဘောင်၊ မြတောင်၊ ချွန်းတောင် မြို့ဟောင်း ‌၄ မြို့ ရှိပြီး၊ မြတောင်နှင့် ချွန်းတောင်မြို့က ကုန်းဘောင်ခေတ်တွင် ထင်ရှားသည်။ မြတောင်သည် နောက်ဆုံး သီပေါမင်း၏ မိဖုရားခေါင် စုဖုရားလတ် မြို့စားအရာ ရရှိရာ မြို့ ဖြစ်သည်။ ချွန်းတောင်မှာ မန္တလေးမြို့ မပျက်မီ ၁၈၇၈ တွင် ပျက်သုဉ်းပြီး၊ ရွာငယ်ကလေး အဖြစ်သာ ကျန်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
  2. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၈၁။