ဗိဿနိုးမြို့ဟောင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
"ဗိဿနိုး" ကို ဤနေရာသို့ ညွှန်းသည်။ ဟိန္ဒူဘာသာရေး အတွက် ဗိဿနိုးနတ် တွင်ရှုပါ။


ဗိဿနိုးမြို့ဟောင်းသည် မကွေးခရိုင် တောင်တွင်းကြီးမြို့၏ အနောက်ဖက် ၁၁ မိုင်ခန့်ကွာဝေးသော ကုက္ကိုခွရွာ၏ မြောက်ဖက်တွင် ကပ်လျက်တည်ရှိသော ပျူမြို့ဟောင်းတစ်ခုဖြစ်သည်။ တောင်တွင်းကြီးမှ မကွေးမြို့သို့သွားသော မော်တော်ကားလမ်းသည် ဗိဿနိုးမြို့၏ အရှေ့တောင်ထောင့်၌ ရှိသည့် မြို့ရိုးနှစ်ဖက်ကို ဖောက်ထွင်းသွားသည်။ ၅ ပေခန့် အမြင့်သာလျှင် ကျန်ရစ်သော အုတ်မြို့ရိုးသည် ဗိဿနိုးမြို့၏ မြောက်ဖက်၊ အရှေ့ဖက်နှင့် တောင်ဖက်တို့၌သာ စတုရန်း မကျတကျ ဝိုင်းရံလျက်ရှိသည်။ မြို့ရိုးတစ်ဖက်၏ အလားသည် ၁ မိုင်နှင် ၆ ဖာလုံခန့်မျှ ရှည်လျားသည်။ အနောက်ဖက်၌ကား မြို့ရိုးအစအနကိုမျှ မတွေ့ရချေ။ ယခုအခါ တွေ့ရသော အင်းကြီးနှင့် ကြိုးကြာကန်တို့သည် ရှေးယခင်က ဆက်စပ်နေ၍ အနောက်ဖက်မှ ရေကျုံးသဖွယ် တည်ရှိခဲ့ဟန်တူသည်။ မြို့တွင်း၌ ကုန်းမြေသည် အရှေ့မှ အနောက်သို့ အတန်ငယ် လျောဆင်းနေသည်မှ အပ ပတ်ဝန်းကျင်တဝိုက်မှာ ပြန့်ဖြူးလျက်ရှိသည်။ မြို့ရိုးအတွင်း၌ကား အနောက်မြောက်ထောင့်၌ တည်ရှိသော အင်းရွာကြီးသာလျှင် လူနေရပ်ကွက်အဖြစ် မြင်ရလေသည်။ မြို့ရိုးမှာ မူလ၌ တဖက်တွင် မြို့ပေါက် ၃ ပေါက်စီရှိသော်လည်း ယခုအခါ လှည်းလမ်းကြောင်းများ ဖောက်ထားသော အပေါက်ငယ်များကြောင့် ပျက်စီးပိုင်းပြတ်လျက် ရှိသည်။ မြို့၏ အလယ်ဗဟိုမှ အနောက်မြောက်သို့ အနည်းငယ်ယွန်းသော နေရာတွင် တောင်မြောက် အလျား ကိုက် ၅၀၀ ခန့်နှင့် အရှေ့အနောက် အနံ ကိုက် ၄၀၀ ခန့်ရှိသည့် အုတ်ရိုးဟောင်းမို့မို့ ဝိုင်းရံနေသော နေရာမှာ နန်းတော်ကုန်း ဖြစ်သည်ဟု အဆိုရှိသည်။ နန်းတော်ကုန်းပေါ်၌ အုတ်ရိုးအကန့်များနှင့် အဆောက်အအုံဟောင်း နေရာများဖြစ်သော အုတ်ကုန်းနိမ့်နိမ့် အနည်းငယ်ရှိ၍ မြို့ရိုးကြီးအတွင်းတွင် နေရာအနှံ့အပြား၌ အဆောက်အအုံ အပြိုအပျက်များဖြစ်သည့် ကုန်းဟောင်းဦးရေ (၁၀၀)နီးပါးရှိလေသည်။

သမိုင်း အထောက်အထား[ပြင်ဆင်ရန်]

ဗိဿနိုးမြို့ သမိုင်းဟူ၍ သီးခြားမတွေ့ရသော်လည်း တောင်တွင်းကြီး သမိုင်း၏ ရှေ့ပိုင်းတွင်ကား ဗိဿနိုးမြို့အကြောင်းကို အကျယ်တဝင့် ဖော်ပြထားသည်ကို ဖတ်ရှုနိုင်သည်။ ထိုသမိုင်း၏ အဆိုအရ မဟာသမ္ဘဝနှင့် စူဋ္ဌာသမ္ဘဝ မင်းသားနှစ်ပါးတို့ကို စက္ခုအလင်းရအောင် ကုစားပေးသော စန္ဒမုခိဘီလူးမတွင် လက်ကို ကိုင်တွယ်ခြင်း အစွန်းအညိကြောင့် ပဋိသန္ဓေတည်ရှိခဲ့ရာ တောင်တွင်းကြီးမြို့ အနောက်ဖက် ၅ တိုင်ကွာသော တောအရပ်တွင် သားမိန်းမတစ်ယောက် ဖွားမြင်သည်ဟု ဆိုသည်။ ထိုသမီးငယ်ကို ရသေ့တစ်ပါးက မွေးစားထား၍ ကြီးပြင်းလာသောအခါတွင် ထိုတောအရပ်၌ နေ့သည့် ဗိဿနိုးနတ်မင်းက ရှေးဘဝ၌ မောင်နှမတော်သဖြင့် ပန်ထွာပြည် ဗိဿနိုးမြို့ကို ဖန်ဆင်း၍ အမျိုးသမီးအား အပ်နှင်းလေသည်။ ပန်ထွာမင်းသမီး စိုးစံသော ဗိဿနိုးမြို့ကို သရေခေတ္တရာမြို့က အုပ်စိုးသည့် ဒွတ္တပေါင်မင်းကြီးက ဥပါယ်တံမျဉ်ဖြင့် ကြံစည်၍ မင်းသမီးကိုပါ ခေါ်ဆောင်သွားကြောင်း ဖော်ပြပါရှိသည်။

သရေခေတ္တရာမြို့တွင် ဗိဿနိုးမိဖုရား သင်္ချိုင်းနေရာ တည်ရှိခြင်း၊ မြို့ဟောင်း နှစ်ရပ်လုံးတွင် မြို့ရိုး၊ ပြအိုး အပြိုအပျက်တို့ကို ဒိဋ္ဌတွေ့မြင်နိုင်ခြင်းတို့ကို ထောက်လျှင် တချိန်တစ်ခါက ဤမြို့နှစ်မြို့သည် အပြိုင်အဆိုင် ထွန်းကားခဲ့သည်ဟု ယူဆရသည်။ သရေခေတ္တရာမြို့၌ မှီတင်းနေထိုင်ကြသူများအနက် ပျူလူမျိုးတို့ ပါဝင်ကြောင်းနှင့် ထိုပျူလူမျိုးများ၏ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းတွင် အဓိက အချက်များမှာ လူများသေဆုံးပြီးနောက်တွင် မီးသင်္ဂြိုလ်၍ အရိုးနှင့်ပြာများကို မြေအရိုးအိုးတို့တွင် ထည့်သွင်းမြှုပ်နှံခြင်းနှင့် ပျူဒင်္ဂါးဟု ယခုခေါ်စမှတ်ပြုသည့် အမှတ်လက္ခဏာများ ပါရှိသည့် ငွေပြားဝိုင်းကလေးများကို အသုံးပြုခြင်းကို အထောက်အထား ခိုင်လုံစွာ လေ့လာသိရှိပြီး ဖြစ်သည်။

ကွင်းဆင်းလေ့လာမှုများ[ပြင်ဆင်ရန်]

ဗိဿနိုးမြို့ဟောင်းဒေသတွင် ကွင်းဆင်းသုတေသန ပြုရာ၌ မြို့ရိုးအပြင်ဖက်တွင် အရိုးအိုးမြှုပ်နှံသည့် အုတ်ကုန်းငယ်များကို တွေ့ရပြီးလျှင် မြို့တွင်းမှာလည်း ပျူဒင်္ဂါးအနည်းငယ်ကို တွေ့ရှိခဲ့သည်။ ဤအခြင်းအရာတို့သည် သရေခေတ္တရာမှ ပျူယဉ်ကျေးမှု ပြန့်နှံ့ခြင်း၏ သဲလွန်စများ ဖြစ်ပေရာ ဗိဿနိုးမြို့သည် သရေခေတ္တရာနှင့် တကယ်ပင် ခေတ်ပြိုင်ထွန်းကားခဲ့ခြင်း ဟုတ်မဟုတ်၊ ဟုတ်လျှင် မည်သည့်သက္ကရာဇ် အပိုင်းအခြားတွင် ထွန်းကားခဲ့သည်ကို အနီးစပ်ဆုံး သိရှိရန်နှင့် အုတ်ကုန်းဟောင်း အမြောက်အမြား တည်ရှိနေသည့် ဗိဿနိုးမြို့ဟောင်းမှ ယဉ်ကျေးမှု အထောက်အထားများကို တတ်နိုင်သမျှ ဖော်ထုတ်ရန် ဟူသော ရည်ရွယ်ချက်တို့ဖြင့် ထိုမြို့ဟောင်းအတွင်း၌ စနစ်တကျ တူးဖော် သုတေသနပြုမှုကို စတင်ဆောင်ရွက်ခဲ့သည်။

၁၉၅၉ ခုနှစ်ဇွန်လအတွင်း တူးဖော်မှုကို စတင်ခဲ့ပြီး အုတ်ကုန်းပေါင် ၉ ခုကို ဖော်ထုတ်ပြီး ဖြစ်သည်။ အုတ်ကုန်း တခုစီမှ ပေါ်ပေါက်တွေ့ရှိရသော အခြင်းအရာများမှာ -

  • ကုန်းအမှတ် (၁) - ဤကုန်းငယ်သည် မြောက်ဖက် မြို့ရိုး၏ အပြင်တွင် ကျရောက်နေသည်။ အရိုးအိုး ၇ လုံးကို တူးဖော်ရရှိသဖြင့် သင်္ချိုင်းကုန်းဟုပင် ယူဆရသည်။ ထိုအရိုးအိုးများကို အုတ်ရိုးနိမ့်နိမ့်တို့ဖြင့် လေးထောင့်ကွက်များ ပြုလုပ်ထားသော အဆောက်အအုံတွင် မြှုပ်နှံထားခြင်း ဖြစ်သည်။
  • ကုန်းအမှတ် (၂) - ဤကုန်းသည် မြေပြင်မှ ၁၃ ပေမြင့်၍ မြို့တွင်း၌ အမြင့်မားဆုံး ကုန်းကြီးဖြစ်သည်။ နန်းတော်ရာဟု ခေါ်တွင်သော အတွင်းမြိုးရိုး၏ မြောက်ဖက် ကိုက် ၃၀၀ ခန့်တွင် တည်ရီသည်။ တူးဖော်သည့်အခါတွင် ဆင်ဝင် တခု၊ အခန်းရှည်ကြီးတခုနှင့် တောင်မြောက်တန်းလျက်နေသော အခန်းငယ်ပေါင်း ၈ ခန်းပါဝင်သည့် အရှေ့ဖက်လှည့် အုတ်တိုင် အဆောက်အအုံ အောက်ပိုင်းကို တွေ့ရသည်။ အဆောက်အအုံသည် မီးလောင်ပြီးမှ ပြိုပျက်သွားကြောင်း သိရသည်။ အတွင်း၍ မြေအိုးမြေခွက် မြောက်မြားစွာ ကွဲအက်ပျက်စီး ကျန်ရစ်သော အပိုင်းအစများကို အဓိကအားဖြင့် တွေ့ရသည်။ အခြားပစ္စည်းများမှာ အဆောက်အအုံနှင့်ဆိုင်ရာ သံမှိုပွင့်ကြီးများ၊ သံချောင်းများ၊ အင်္ဂတေပြားများ၊ ကြက်ငှက် တိရစ္ဆာန် အရိုးများ၊ လူရိုးအနည်းငယ်နှင့် လူအသုံးအဆောင်များ ဖြစ်သည့် မြေပုတီး၊ ကျောက်ပုတီးများ၊ ကြွေစေ့များ၊ သေးငယ်ပါးလွှာသော ရွှေဆီးခွံ၊ ငွေဆီးခွံများ စသည်တို့ဖြစ်သည်။ ရှေးဟောင်း ပစ္စည်းများအနက် အဖိုးထိုက်တန်သော ပစ္စည်းတခုမှာ တံဆိပ်နှိပ်ရာ ပါရှိသော ရွှံ့တုံးကလေး တခုပင်ဖြစ်သည်။ ထိုတံဆိပ်တွင် ရေးသားထားသော အက္ခရာကို ထောက်ခြင်းအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ မှ ၁၅၀၀ ခန့်အတွင်းက အသုံးပြုခဲ့သော အိန္ဒိယတောင်ပိုင်း အက္ခရာမှ ပေါက်ပွားလာသည့် အရေးအသားဖြစ်ကြောင်း ခန့်မှန်းနိုင်လေသည်။ အုတ်တိုက်ကြီးသည် ရှေးဘုန်းကြီးကျောင်း သဏ္ဌာန်ဖြစ်ဟန် ရှိသော်လည်း ဘာသာရေးနှင့်ဆိုင်သော ပစ္စည်းတစုံတရာမျှ မတွေ့ရသဖြင့် ဘုန်းကြီးကျောင်းလော၊ လူနေ တိုက်တာလောဟူ၍ အတိအကျ ပိုင်းခြား မသိနိုင်သေးပေ။
  • ကုန်းအမှတ် (၃) - အမှတ် ၃ နှင့် အမှတ် ၄ ကုန်းတို့မှာ အမှတ် ၂ ၏ အရှေ့ဖက်တွင် ဖိုခနောက်ဆိုင် တည်ရှိနေသည်။ အမှတ် ၂ အုတ်တိုက်ကြီးကို မူက မည်သို့ အသုံးပြုခဲ့ကြောင်း နီးစပ်လျက်နေသော ကုန်းများမှ အထောက်အထား ရနိုင်ကောင်းသည်ကို မျှော်မှန်း၍ အမှတ် ၃ နှင့် ၄ တို့ကို တူးဖော်ခဲ့သည်။ သို့သော် အမှတ် ၃ တွင် တမူထူးခြားသော အဆောက်အအုံကို တွေ့ရသည်။ ပုံသဏ္ဌာန်မှာ အလယ်တွင် စက်ဝိုင်းပန္နက်ရှိ၍ ၄ မျက်နှာတွင် လေးထောင့်အုတ်ခုံများ စွန်းထွက်လျက် တည်ဆောက်ထားသည်။ ထိုအဆောက်အအုံ တခုလုံးကို စက်ဝိုင်းအုတ်တံတိုင်း ၂ ထပ် ကာရံထားလေသည်။ စနစ်ပုံအရ မြေပေါက် စေတီနှင့် တူဟန်ရှိသော်လည်း အုတ်ခုံများ စွန်းထွက်နေပုံနှင့် မူလကပင် မြေပေါ်၌ စိုက်ထူထားခြင်း မဟုတ်ကြောင်း မြေလွှာအနေအထားမှ သိရှိရသဖြင့်လည်းကောင်း၊ သာသနာရေးဆိုင်ရာ ဝတ္ထုပစ္စည်း တစုံတခုမျှ မတွေ့ရခြင်းကြောင့်လည်းကောင်း စေတီပုထိုးအဖြစ် တည်ထားခဲ့ဟန် မတူကြောင်း ယူဆဖွယ်ရာ ဖြစ်နေသည်။
  • ကုန်းအမှတ် (၄) - ဤကုန်းမှာ အမှတ် ၃ ၏ မြောက်ဖက်တွင် ကပ်လျက်ရှိသည်။ ဤနေရာတွင် လေးထောင့်အုတ်တိုက် အခြေပိုင်းကို တူးဖော်တွေ့ရှိရသည်။ အဆောက်အအုံမှာ နံရံ ၂ ထပ်ပြုလုပ် ထားရှိခြင်းဖြင့် အတွင်းခန်းမနှင့် ပတ်လည် စင်္ကြံကို စီမံထားသည်။ ဤပန္နက်ပုံစံမှာ ပုဂံဘုရား ပန္နက်ပုံများ၏ ရှေ့ပြေးပုံစံအဖြစ် ဦးစွာတွေ့ရှိရသည်။
  • ကုန်းအမှတ် (၅) (၆) (၇) (၈) - ဤကုန်းတို့မှာ နန်းတော်ကုန်းဟုဆိုသော အတွင်းမြို့ရိုး၏ အရှေ့အနောက် အုတ်ရိုးများနှင့် အလယ်ပိုင်း ကုန်းမြင့်များတွင် တူးဖော်သည့် နေရာများဖြစ်သည်။ အမှတ် ၅ တွင် အုတ်မြစ်အခြေသာ ကျန်ရစ်သော အခန်းပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံကို လည်းကောင်း၊ အမှတ် ၇ တွင် အလားတူ အဆောက်အအုံငယ် တခုကိုလည်းကောင်း၊ ဖော်ထုတ်တွေ့မြင်ရသည်။ အမှတ် ၆ မှာ အနောက်ဖက် အုတ်ရိုးနှင့် ကပ်လျက်ရှိသော ပြအိုးသဏ္ဌာန် အဆောက်အအုံဖြစ်၍ အမှတ် ၈ မှာ အတွင်းမြို့ရိုး၏ အရှေ့ဖက်တံခါးဝဖြစ်သည်။ အရှေ့ဖက် အုတ်မြို့ရိုးကို ထိုအပေါက်ဝ၌ အတွင်းပိုင်းမှ အုတ်တံတိုင်းတို့ဖြင့် ထောက်ခံထားလေသည်။ ထိုတံတိုင်းများတွင် တံခါးစောင့်ခိုရန် ဂူတခုစီ ပြုလုပ်ထားဟန်လည်း ပါဝင်သည်။ အပေါက်ဝ အပြင်ဖက်တွင် အစောင့်ကျောက်ရုပ်ကြီး ၂ ရုပ်ကို စိုက်ထူထားရာ ယင်းတို့၏ အခြေအမြစ်ပိုင်းများကို တူးဖော်တွေ့ရှိရသည်။
  • ကုန်းအမှတ် (၉) - ဤကုန်းသည် အထက်ဖော်ပြပါ နန်းတော်ကုန်း၏ တောင်ဖက်တွင် တည်ရှိသည်။ တောင်မြောက် အလျား ၈၄ ပေ အရှေ့အနောက် ပေ ၄၀ ခန့်ရှိသော အုတ်တိုက် အဆောက်အအုံကြီး ဖြစ်သည်။ အတွင်းပိုင်းတွင် အခန်းများ ဖွဲ့ထားခြင်းမရှိ မြောက်ဖက် နံရံတွင် ဝင်ပေါက်ကြီး တခုသာ ရီသည်။ အဆောက်အအုံ၏ အတွင်းပိုင်း၌ မူလက သစ်သားတိုင်ကြီး ၈ တိုင် စိုက်ထူဆောက်လုပ်ထားကြောင်း သိရှိရသည်။ ဤတိုက်ကြီးအတွင်းတွင် ပုံစံအမျိုးမျိုးပါသော အရိုးအိုး မြောက်မြားစွာ မြှုပ်နှံထားသည်ကို တွေ့ရှိရလေရာ မြို့တွင်း၌ အထူးတလည် စီမံ၍ အရိုးအိုးများ မြှုပ်နှံခြင်းမှာ စိတ်ဝင်စားဖွယ်ရာ ဓလေ့ထုံးတမ်း တစ်ရပ်ဖြစ်သည်။

အထက်ပါအုတ်ကုန်းများ၌ ပေါ်ပေါက်သော အထောက်အထားများအရ ဗိဿနိုးမြို့သည် သရေခေတ္တရာမြို့နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအားဖြင့် ဆက်စပ်မှု အတော်အတန် ရှိခဲ့ကြောင်း သိသာသည်။ သို့သော် သရေခေတ္တရာကဲ့သို့ ဗုဒ္ဓသာသနာ ထွန်းကားသော အထောက်အထားများကို မတွေ့ရသေးပေ။ သရေခေတ္တရာနှင့် ခေတ်ပြိုင် သို့မဟုတ် အနည်းငယ် နှောင်းသောကာလတွင် ဗိဿနိုးမြို့ ထွန်းကားခဲ့ပါက သာသနာရေးဆိုင်ရာ ယဉ်ကျေးမှု အစိတ်အပိုင်းများ မည်သည့်အကြောင်းကြောင့် ကူးယှက်ပြန့်နှံ့ခြင်း မရှိသည်ကို အဖြေရှာရဦးမည် ဖြစ်သည်။

ဗိဿနိုးမြို့သည် သရေခေတ္တရာထက်ပင် ရှေးကျသလော ဟူသောပြဿနာလည်း ပေါ်ပေါက်လာလေသည်။ စင်စစ်အားဖြင့် စနစ်တကျ တူးဖော်သုတေသန လုပ်ငန်းကို ဗိဿနိုးမြို့မှပင် အစပြုခဲ့သည်။ ဤစနစ်အတိုင်း အခြားမြို့ဟောင်း ၂ နေရာ ၃ နေရာမျှ ဆောင်ရွက်ပြီးမှသာ အခြေအမြစ်ခိုင်လုံသော ဆက်စပ်မှုတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ဗိဿနိုးမြို့ဟောင်း ပန္ဒက်ပုံကိုကြည့်ရင် ကျယ်တယ်လို့ သတိပြုမိလိမ့်မယ်။ ယာဉ်ရထားတွေ၊ လမ်းချိုး လမ်းကွေ့တွေမှာ လွယ်လွယ်ကူကူ ဖြတ်သန်း သွားလာနိုင်ဖို့ လမ်းထောင့်တွေကို နှုတ်ခမ်းလုံးပြီး ထားတာကိုလည်း တွေ့မယ်။ တူးဖော် ရရှိတဲ့ အိုးတွေက ပုံသိပ်ကောင်းတယ်။ ပန်းတွေနဲ့ အလှဆင်ထားတာကိုလည်း တွေ့နိုင်တယ်။ ညာဘက် အောက်ပိုင်းပုံက ကျောက်တံဆိပ်တုံး ဖြစ်ပါတယ်။

ကနေ့ ဒေသခံလူတွေက ဗိဿနိုးမြို့ဟောင်းလို့ ခေါ်တဲ့ မြို့ဟောင်းကြီးက မြောက်လတ္တီကျူ ၂၀˚ နှင့် အရှေ့လောင်ဂျီကျူ ၉၅˚၂၃' မှာ တည်ရှိတယ်။ တောင်တွင်းကြီးရဲ့ အနောက်တောင် ၁၂ မိုင် (၁၉.၃၀၈ ကီလိုမီတာ) ရှိတယ်။ မြို့ရိုးက လေးထောင့် အတိအကျ မဟုတ်ပေမယ့် တဖက်မှာ ၁ မိုင် ၅ ဖာလုံ (၂.၈ ကီလိုမီတာ) ရှိတယ်။ အနောက်ဘက်မှာတော့ ရေအိုင်ကြီး ရှိနေလို့ နံရံ မလိုပါ။ ဒါကြောင့် မြို့ရိုး သုံးဖက်သာ ရှိပါတယ်။ မြို့ရိုး တဖက်စီမှာ တံခါးပေါက် သုံးပေါက် ရှိမယ်လို့ ထင်ပါတယ်။ မြို့တံခါးက ပေ ၂၀ ကျယ်ပြီး ဝဲယာမှာ နံရံ အရှည်တွေ ကတော့ပုံ တည်ဆောက်ထားတယ်။ လမ်းထောင့်တွေကို လုံးထားလို့ ခပ်မြန်မြန် ပြေးဆွဲတဲ့ ရထားတွေ၊ လမ်းကွေ့မှာ အခက်အခဲ မရှိအောင် အခုလို ထောင့်ချိုးထားတာ ဖြစ်မယ်လို့ ထင်ပါတယ်။ မြို့ရိုးနဲ့ ကျုံးတွေက ရန်သူတွေ အလွယ်တကူ ထိုးဖောက်ပြီး ဝင်မလာနိုင်အောင် ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ထားတယ်။ မြို့အလယ်မှာ အလျားကိုက် ၅၀၀၊ အနံကိုက် ၃၅၀ (၄၅၅.၇၂ မီတာ X ၃၂၀ မီတာ) ရှိတဲ့ နံရံတခု ရှိပါတယ်။ နံရံအတွင်းဟာ နန်းတော်ရာ ဖြစ်မယ်လို့ ထင်ပါတယ်။

မြို့ဟောင်းမှာ ရှိတဲ့ တောင်မြောက်တန်းတဲ့ နံရံတွေဟာ တောင်မြောက် ဖြောင့်ဖြောင့်မတန်းပါ။ ကနေ့ သုံးစွဲတဲ့ အိမ်မြှောင်နဲ့ ချိန်ကြည့်တဲ့အခါ အနောက်ဘက်ကို ၁၃ ဒီဂရီ ငိုက်ပြီး နေတယ်။ ဒီအချက်ဟာ ထူးဆန်းတယ်လို့ ထင်ပါတယ်။ တူးဖော် တွေ့ရှိတဲ့ အိမ်တွေဟာ အားလုံး အုတ်နဲ့ဆောက်တဲ့ အဆောက်အဦတွေ ဖြစ်တယ်။ အုတ်တချပ်ဟာ ၁၈" X ၉" X ၃" ရှိတယ်။ တမြို့လုံးမှာ ဝါး၊ သက်ကယ်နှင့် သစ်အိမ်တွေ များတယ်၊ အုတ်တိုက်က နည်းမယ်။ ဒါပေမဲ့ အခုတော့ အုတ်တိုင်ဟောင်းတွေ ပြိုပြီး အုတ်ကုန်းတွေ ဖြစ်နေတာပဲ နည်းနည်းတွေ့ရပါတယ်။

ဗိဿနိုးမြို့ဟောင်းမှာ ကနေ့အထိ တူးဖော် တွေ့ရှိရသမျှ အကြီးဆုံး ဖြစ်တဲ့ အုတ်တိုက်ကို နန်းတော်ရာရဲ့ မြောက်ဘက် ကပ်လျက် တွေ့ပါတယ်။ အဲဒီတုက်အိမ်ဟာ အရှေ့ကို မျက်နှာပြုပြီး ဆောက်တဲ့ နှစ်ထပ်တိုက်လည်း ဖြစ်နိုင်တယ်။ အမိုးပြားနဲ့ အမိုးဥယျာဉ်ထားတဲ့ အိမ်လည်း ဖြစ်နိုင်တယ်။ တံခါးမနဲ့ ပြတင်းပေါက်တွေဟာ ကျယ်တဲ့အတွက် အလင်းရောင်နဲ့ လေကောင်းလေသန့် ကောင်းကောင်းရမှာ ဖြစ်ပါတယ်။ အိမ်ပတ်လည်မှာ သစ်သားဝရန်တာ ရှိတယ်။ အရှေ့ အဝင်မှာ ဆင်ဝင် ရှိတယ်။ အိမ်ရဲ့ ထက်ဝက်ပိုင်းပြီး အရှေ့ပိုင်းမှာ ခန်းမ၊ အနောက်ပိုင်းမှာ အခန်းငယ်ရှစ်ခန်း ခွဲပြီးထားတယ်။ အဝင် တံခါးမှာ စက်ဝန်း ထက်ဝက်ပိုင်းထားတဲ့ ခြေနင်းခုံကြီး တခု ရှိတယ်။ ခြေနင်းခုံမှာ ကျောက်ဖြူလုံးကလေးတွေနဲ့ အလှဆင်ထားတယ်။ ပန္နက်ပုံ သုံးခုမှာ (က) လူနေအိမ်၊ (ခ) အစောင့်တဲနဲ့ (ဂ)အထိမ်းအမှတ် ကျောက်တိုင်ရဲ့ အုတ်ခုံ ဖြစ်တယ်။ အိမ်ကို ပန်းချီဆရာက စိတ်ကူးနဲ့ မှန်းဆပြီး အမိုးပြား အမိုးဥယျာဉ်တွေပါ ထည့်သွင်း ဆွဲပေးထားတယ်။

တူးဖော် တွေ့ရှိသမျှ ဗိဿနိုးမြို့ဟောင်း အိမ်တွေမှာ ရေချိုးခန်း၊ အိမ်သာနဲ့ မီးဖိုကို အိမ်နဲ့ တပါတည်း ထည့်မထားပါ။ ရေသန့် သွင်းဖို့နဲ့ ရေဟောင်း ရေညစ်ထုတ်ဖို့ ရေပိုက်တွေလည်း မတွေ့ပါ။ အဲဒါကြောင့် အိမ်ရဲ့ ဖွဲ့စည်းပုံ ညံ့တယ်လို့ ဆိုရပါတယ်။ အုတ်တွေကို စီးခင်းတဲ့ အခါမှာလည်း စပ်ကြောင်း လွှဲမထားတဲ့ အတွက် နံရံတွေဟာ ခိုင်သင့်သလောက် မခိုင်ပါ။ အုတ် နံရံစီတဲ့အခါ မြေဝင် တပေလောက်သာရှိလို့ အခြေမခိုင်ဘဲ အုတ်နံရံတွေ ပြိုလဲ လွယ်တယ်။ အဲဒါကို ကာကွယ်ဖို့ နံရံကို အထူကြီး လုပ်ရပါတယ်။ နံရံထုဟာ ၄.၅ လက်မ (၁.၃၇၁၆ မီတာ) ရှိတယ်။ ဒီလို ထူပေမယ့် ပြိုတာပဲ။ ဒါကြောင့် တချို့နေရာမှာ ပြိုလဲ မကျအောင် ခံတုပ်လုပ်ပြီး ကျားကန်ထားတာကို တွေ့ရပါတယ်။

မီးလောင်ပြီး ပျက်စီးသွားတဲ့ အုတ်တိုက် အတွင်းမှာ သစ်သားတိုင်တွေ ရှိတယ်။ အဲဒီ သစ်သားတိုင် ထောင်တဲ့ ကျင်းထဲမှာ မီးလောင်ထားတဲ့ တိုင်ငယ်ရဲ့ ငုတ်တို ကျန်နေလို့ ဒီတိုင်ငုတ် မီးသွေးကို ယူပြီး ကာဗွန်ဓာတ်ခွဲကြည့်တဲ့ အခါ အရင်အနှစ် ၁,၆၀၀ က မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ တနည်းပြောရရင် ဗိဿနိုးမြို့ဟောင်းကို ရန်သူတွေ မီးတိုုက် ဖျက်ဆီးခဲ့တာ ခရစ် ၄ ရာစုက ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အိုးခြမ်းကွဲ တချို့မှာ တံဆိပ်တုံးနှင့် ခတ်နှိပ်ထားတဲ့ အလှဆင် ရုပ်ပုံတွေကို တွေ့ရလို့ ဒီမြို့ဟာ အနည်းဆုံး ခရစ် တရာစုနှစ်က တည်ဆောက်ခဲ့တယ်လို့ မှန်းဆနိုင်ပါတယ်။

ဒီမြို့မှာ ဘယ်လို လူမျိုးတွေ နေခဲ့တယ်လို့ အတိအကျ မသိနိုင်ပါ။ ဒါပေမဲ့ လူသေကို မီးသင်္ဂြိုဟ်ပြီး ့ကင်းကျန်တဲ့ အရိုးနဲ့ ပြာကို အိုးကြီးတွေမှာ ထည့်ပြီး သိမ်းဖို့ တိုက်အိမ် ဆောက်ထားတာလို့ ထင်တယ်။ ဒီလိုအလောင်းကို မီးသင်္ဂြိုဟ်ပြီး ပြာကိုသိမ်းတဲ့ ဓလေ့ကို လိုက်နာလေ့ ရှိတာ ပျူလူမျိုးတွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒီမြို့မှာ လူနေ အများစုက ပျူဖြစ်မယ်လို့ ယူဆပါတယ်။ အရိုးအိုးထားတဲ့ သုသာန်ဇရပ်တွေကို မြို့တွင်းမှာ တွေ့သလို မြို့ပြင်မှာလည်း တွေ့ရလို့ သတ်မှတ်ထားတဲ့ သင်္ချိုင်းနေရာ မရှိ၊ အဆင်သင့်သလို လူသေ အလောင်းကို ထားလိုက်တယ်လို့ ယူဆပါမယ်။ ဗိဿနိုးမြို့ဟောင်းမှာ ပျူတွေအပြင်၊ ပျူ မဟုတ်သူတွေလည်း နေမယ်။ မြို့ကြီး ထုံးစံအတိုင်း ထာဝရ နေသူနဲ့ နောက်မှ ပြောင်းရွှေ့ ဝင်လာသူလည်း ရှိမယ်၊ ပျူ မဟုတ်သူတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ လူသေကို မြေမှာချပြီး တိုက်ရိုက်မြှုပ်နှံတဲ့ ဓလေ့ကို ကျင့်သုံးသူလည်း ရှိမယ်၊ ဘာပြုလို့လဲ ဆိုတော့ မသာဇရပ် ဝန်းကျင်က မြေမှာ မြှုပ်ထားတဲ့ အလောင်းသုံးလောင်းက အရိုးစု သုံးခုကို တွေ့ရလို့ ဖြစ်ပါတယ်။

တိုက်ဆောက်တဲ့ အုတ်ခဲထဲမှာ စပါးခွံတွေ တွေ့လို့ ဗိဿနိုးမြို့ဟောင်းမှာ နေထိုင်သူတွေဟာ ဆည်ရေသောက် စပါးစိုက်ပြီး ဆန်စားတယ်လို့ ပြောချင်ပါတယ်။ သူတို့ သုံးစွဲတဲ့ အိုးတွေမှာလည်း စက်ထွင်းအိုးတွေ ဖြစ်ပြီး အများကြီး ချောမွတ် ကောင်းမွန်နေတဲ့ အပြင် ကောင်းကောင်းကျက်အောင် ဖုတ်ထားတဲ့ အဆင့်မြင့် အိုးတွေ ဖြစ်တယ်။ အိုးပုံသဏ္ဌာန် အမျိုးမျိုး တွေ့ပါတယ်။ အိုးမှာ ရေးသား ခပ်နှိပ်ထားတဲ့ ပန်းတွေကလည်း ကောင်းမွန်လှပါတယ်။ အိုးပေါ်မှာ တလိမ့်တလုံးနဲ့ ရုပ်ပုံဖော်တဲ့ ပညာကို တတ်ကြပြီလို့၊ ဗိဿနိုးမြို့ဟောင်းက အိုးထိမ်းသည်တွေဟာ အိုးလုပ်တဲ့ ပညာမှာ အများကြီး ရှေ့တန်း ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။

အိမ်ရဲ့တံခါးမမှာ တံခါးရွက်ကို လှည့်ဖို့ သံကွင်းကို သုံးတယ်၊ ပန်းဖော်ထားတဲ့ သံမှိုကြီးတွေကို သုံးတယ်၊ သံပြားနဲ့ အကွက်ဖော်တယ်။ ဒါကြောင့် သံကို ကောင်းကောင်း အသုံးချတတ်တဲ့ လူတွေ ဖြစ်ပါတယ်။ အလှဆင် ပုတီးစေ့တွေ၊ နားတောင်း၊ လက်ကောက်တွေ၊ ကလေးကစားစရာ ရှပ်ဒိုးတွေ၊ တိရစ္ဆာန်ရုပ်တွေ၊ အလေးအဖြစ် အသုံးပြုတဲ့ ကြေးတုံးတွေ တွေ့တယ်။ ရွှံ့နဲ့လုပ်တဲ့ နာမည် တံဆိပ်တုံး တခုကိုလည်း တွေ့ပါတယ်။ တံဆိပ်တုံးမှာ ရေးတဲ့ စာအရ ဒီတံဆိပ်ကို အိန္ဒိယနိုင်ငံက သွင်းယူလာဟန် ရှိတယ်လို့ ဆိုချင်ပါတယ်။ ဒီတံဆိပ်တုံးတွေက လွဲလို့ တခြား အက္ခရာတင် မှတ်တမ်း တခုမျှ မတွေ့ရပါ။ သရေခေတ္တရာလို ပျူတွေ နေထိုင်တဲ့ နေရာတွေမှာ ပျူကျောက်စာတွေ တွေ့ရတတ်ပေမယ့် ဗိဿနိုးမြို့ဟောင်းမှာ ဘယ်နေရာမှာမှ ကျောက်စာ မတွေ့ပါ။ ကျောက်တုံးနဲ့ မြေပြားမှာ ထုလုပ်တဲ့ အရုပ်တွေက ခေတ်ဟောင်း လက်ရာတွေဖြစ်ပြီး အင်္ဂတေနဲ့ လုပ်တဲ့ အရုပ်တွေက ခေတ်နှောင်း လက်ရာတွေ ဖြစ်ပါတယ်။

ကိုးကွယ် ယုံကြည်မှုနဲ့ ဆိုင်တဲ့ ရုပ်တု တခုမျှ မတွေ့ပါ။ ဒါပေမဲ့ ကိုးကွယ် ယုံကြည်မှု မရှိတဲ့ လူမျိုးလို့ မပြောနိုင်ပါ။ အိုးတွေမှာ အလှပုံဖော်တဲ့ အကွက်ငယ်တွေမှာ သိရိဝဈ၊ ကလသာ၊ ကိတ္တိမုခ စတဲ့ ပုံတွေကို တွေ့ရတဲ့ အတွက် ဟိန္ဒူ အယူအဆ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ တံဆိပ် လက္ခဏာတွေ ပါတဲ့ ဒင်္ဂါး အနည်းငယ် တွေ့ပါတယ်။ တွေ့ရှိတဲ့ ဒင်္ဂါးကို ကြည့်ပြီး ဟိန္ဒူ အယူဝါဒ ဆန်တယ် ပြောနိုင်ပါတယ်။

နိဂုံးချုပ်အားဖြင့် ဗိဿနိုးမြို့ဟောင်းမှာ တိဗက် မြန်မာ အနွယ်ဝင် တစုဟာ ခရစ်မပေါ်မီ ၂ ရာစုနှစ်လောက်က စပြီး နေထိုင်ခဲ့တယ်။ ဓလေ့ အဆင့်မြင့်တယ်၊ ပျူ (သို့) ပျူနဲ့ ဓလေ့တူသူတွေ ရှိသလို မတူသူတွေလည်း တွဲဖက်ပြီး နေတယ်။ ဂျွမ်းလူမျိုးတွေ ခရစ် ၂ ရာစုနှစ်လောက်က လာရောက် တိုက်ခိုက်လို့ မြို့တကြိမ် ပျက်စီးဖူးတယ်။ မွန်လူမျိုးတွေက မြို့ကို ပြန်ပြီး ထူထောင်တယ်။ ခရစ် ၅ ရာစုနှစ်နဲ့ ခရစ် ၉ ရာစုနှစ် အတွင်းမှာ ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ သရေခေတ္တရာ ပျူတွေက ခရစ် ၅ ရာစုနှစ်က နောက်ဆုံး ဖျက်ဆီးခဲ့တယ်လို့ ထင်ပါတယ်။

ဗိဿနိုးမြို့ဟောင်းက အိုးတွေရဲ့ ပုံသဏ္ဌာန်နဲ့ ချောမွေ့ ကောင်းမွန်တဲ့ အရည်အချင်းကို ကြည့်ပြီး မြို့နေလူတွေရဲ့ ဓလေ့ အဆင့်မြင့်တယ်။ သေဆုံးသူရဲ့ အလောင်းကို မြေမြှုပ်တဲ့ ဓလေ့ရှိသူ တစု၊ မီးသင်္ဂြိုဟ်တဲ့ ဓလေ့ရှိသူ တစု ယှဉ်တွဲ နေထိုင်ကြတယ်လို့ သိရတယ်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၀၄ ခု၊ ဇူလိုင်လမှာ မုံရွေး စာအုပ်တိုက် အမှတ်စဉ် (၁၃၄) အဖြစ် ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိလိုက်တဲ့ ဒေါက်တာ သန်းထွန်းရဲ့ 'မြန်မာ့ သမိုင်းပုံ' Myanmar History Told in Picture စာအုပ်မှ