ပန်ထွာဘုရင်မ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပန်ထွာဘုရင်မမှာ ဗိဿနိုးပြည်ကို အုပ်ချုပ်သော ဘုရင်မဖြစ်သည်။ ပန်ထွာဘုရင်မသည် အလွန်ချောမောလှပသည်ဟု သတင်းကြီးပြီး လင်ယောက်ျားမရှိပဲ တစ်ဦးတည်း တိုင်းပြည်ကို အုပ်ချုပ်သည်။ သရေခေတ္တရာကို အုပ်ချုပ်သော ဒွတ္တဘောင်မင်းကြီးသည် ပန်ထွာဘုရင်မကို လက်ဆက်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။

ဗိဿနိုးမှစည်တော်ကြီး[ပြင်ဆင်ရန်]

ဗိဿနိုးမြို့တွင် အလွန်ထူးခြားသော စည်တော်ကြီးတစ်လုံးရှိသည်။ အကယ်၍ ဗိဿနိုးအား ရန်သူများ လာရောက်တိုက်ခိုက်သောအခါ ပန်ထွာဘုရင်မသည် ထိုစည်တော်ကြီးကို တီးခတ်လိုက်ပါက ဗိဿနိုးမြို့ကိုဝန်းရံထားသော ရန်ပယ်ချောင်းရှိ ရေတံခါးကိုစောင့်ကြပ်သူများက ရေတံခါးကို ဖွင့်ချလိုက်သည်။ ထိုအခါ ရန်ပယ်ချောင်းအတွင်း ရေကြီးလာပြီး ရန်သူများ ဆုတ်ခွာသွားရလေ့ရှိသည်။ ဒွတ္တဘောင်မင်းကြီးသည် ဗိဿနိုးအား သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်ရန်ကြိုးစားသော်လည်း ထိုစည်တော်ကြီး၏ အစွမ်းကြောင့် အောင်မြင်နိုင်ခြင်းမရှိပေ။


ဒွတ္တဘောင်မင်းမှ သူလျှိုစေလွှတ်ခြင်း[ပြင်ဆင်ရန်]

ဒွတ္တဘောင်မင်းသည် ထိုစည်တော်ကို ဖျက်ဆီးရန်အတွက် သူလျှိုတစ်ယောက်ကို တန်ခိုးရှင် ရသေ့ယောင် ဆောင်စေပြီး ဗိဿနိုးသို့စေလွှတ်သည်။ ထိုသူ၏ လှည့်စားမှုများကို ပန်ထွာဘုရင်မက ယုံကြည်သဖြင့် တန်ခိုးရှင်ဟု ထင်မှတ်ပြီး နန်းတော်တွင် ကိုးကွယ်ထားသည်။ ထိုအခါ ထိုရသေ့က ဘုရင်မကို အယုံသွင်း၍ သူ၏ အစွမ်းဖြင့် ထိုစည်တော်ကြီးကို ပို၍အစွမ်းရှိအောင် ပြုပြင်ပေးမည်ဟု လှည့်ဖျားသည်။ နောက်တစ်ခါရန်သူများ လာတိုက်ချိန်တွင် ထိုစည်တော်ကြီးကို တီးခတ်ပါက နတ်ဒေဝါတို့လာရောက်၍ ကူညီတိုက်ခိုက်ပေးရန် စီရင်ပေးမည်ဟု ဆိုသည်။ မိဖုရားက ယုံကြည်၍ ပြင်ဆင်ရန် အပ်နှံသောအခါတွင် ထိုရသေ့က စည်တော်ကြီးကို ဖျက်ဆီး၍ ထွက်ပြေးတိမ်းရှောင်သွားလေသည်။

ဒွတ္တဘောင်မင်းမှသိမ်းပိုက်ခြင်း[ပြင်ဆင်ရန်]

စည်တော်ကြီး ပျက်စီးသွားကြောင်း သိရှိသောအချိန်တွင် ဒွတ္တဘောင်မင်းမှ သူ၏ တပ်ကို စေလွှတ်၍ တိုက်ခိုက်စေသည်။ ပန်ထွာဘုရင်မသည် ထိုအချိန်မှ စည်တော်ကြီး ပျက်စီးသွားကြောင်းသိသဖြင့် မည်သို့မျှမတတ်နိုင်တော့ပေ။ နောက်ဆုံးတွင် ဒွတ္တဘောင်မင်းသည် ဗိဿနိုးကို သိမ်းပိုက်၍ ပန်ထွာဘုရင်မနှင့် လက်ဆက်ခဲ့သည်။

ဒွတ္တဘောင်မင်းကြီးအား လုပ်ကြံခြင်း[ပြင်ဆင်ရန်]

ဒွတ္တဘောင်မင်းကြီးသည် သိကြားမင်းပေးသော လှံစင်္ကြာနှင့် စဉ်ကြီးများကို ရရှိသော ဘုန်းကံရှင်မင်းတစ်ပါးဖြစ်၏။ နိုင်ငံတော် အရပ်ရပ်၌ တစ်နှစ်တစ်ကြိမ် အခွန်တော် ကောက်ခံတော်မူ၏။ အခွန်တော် မဆက်သသော လက်အောက်ခံမင်းများအား လှံစင်္ကြာတွင် စာဆွဲ၍ စေလွှတ်တောင်းခံ၏။ မင်းကြီး၏ ဘုန်းတန်ခိုးတော် ကြီးမားလှသောကြောင့် နဂါးပြည်မှပင် လာရောက်၍ အခွန်တော်ဆက်ရ၏။ ထိုသို့ဘုန်းတန်ခိုး ထက်တော်မူသော မင်းကြီးသည် ပန်ထွာဘုရင်မအား သိမ်းပိုက်လက်ဆက်ခဲ့သော်လည်း ပန်ထွာဘုရင်သည်ကား အညှိုးအထေးထားတော်မူလေ၏။ တစ်နေ့တွင် ပန်ထွာမင်းသမီး ဆက်သလိုက်သော မျက်နှာသုတ်ပုဝါကို သုတ်မိကတည်းက မှဲ့ရှင် ကွယ်၍ ဘုန်းတန်ခိုးနိမ့်ခဲ့ရသည်။ ထိုသို့ ဘုန်းတန်ခိုး နိမ့်ခဲ့သောကြောင့် မိမိပိုင် နိုင်ငံတော်အရပ်ရပ်၌ ဖောင်တော်စီး၍ အခွန်တော် လှည့်လည်ကောက်ခံရာ ပုသိမ်မြစ်ဝအလွန် နေဂရေအငူစွန်းသို့ရောက်လျှင် ဖောင်တော် နစ်မြုပ်၍ နတ်ရွာစံလွန်တော်မူခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

၁။ မဟူရာမေတ္တာ - နိုင်ဝင်းဆွေ ၂။ မြန်မာ့သမိုင်းပုံပြင်