ငသိုင်းချောင်းမြို့

ဝီကီပီးဒီးယား မှ
ငသိုင်းချောင်းမြို့
ငသိုင်းချောင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ငသိုင်းချောင်းမြို့
ငသိုင်းချောင်းမြို့
ငသိုင်းချောင်းမြို့ တည်နေရာ
ကိုဩဒိနိတ်: 17°24′00″N 95°05′00″E / 17.4000°N 95.0833°E / 17.4000; 95.0833
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ဧရာဝတီ
ခရိုင်ကျုံပျော်ခရိုင်
မြို့နယ်ရေကြည်မြို့နယ်
လူဦးရေ (၂၀၁၄)၈၉,၀၃၀[၁]
အချိန်ဇုန်MST (UTC+6:30)

ငသိုင်းချောင်းမြို့ (ယခင် စာလုံးပေါင်း ငါးသိုင်းချောင်း) သည် ဧရာဝတီတိုင်းဒေသကြီးကျုံပျော်ခရိုင်ရေကြည်မြို့နယ်တွင် ပါဝင်သော မြို့နယ်ခွဲတစ်ခု ဖြစ်သည်။ ပုသိမ်မြို့ အရှေ့မြောက်ဘက် ၄၈ မိုင်ခန့် ကွာဝေးသော ငဝန်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ မြို့နယ်မှာ ၃၄၅ စတုရန်းမိုင် ကျယ်ဝန်းသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့၏လူဦးရေမှာ ၈၉,၀၃၀ ယောက်ခန့်ဖြစ်ပြီး မြို့ပေါ်လူဦးရေမှာ ၁၈,၇၄၃ ယောက်ဖြစ်ကာ များသောအားဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာများ ဖြစ်ကြ၏။ ငသိုင်းချောင်းမြို့တည်ရာ အရပ်မှာ မြေနိမ့်ပိုင်းဖြစ်၍ မိုးရာသီတွင် မြစ်ရေလျှံတက်ခြင်းဘေးမှ ကာကွယ်ရန် မြင့်မားသော တာများပြုလုပ်၍ ထားကြရသည်။ တာအချို့သည် မြို့တွင်းသို့ပင် ဖြတ်သန်းလျက်ရှိသဖြင့် တာကြီးတန်း ဟူသော ရပ်ကွက်ပင် ရှိသည်။ တာတန်းသည် ငဝန်မြစ် ကမ်းနဖူးမှနေ၍ မြို့ကိုပတ်ရံထားသည့်ပြင် ဟင်္သာတသို့ တိုင်အောင် ရှည်လျားသည်။ ၁၉၂၃ ခုနှစ်၌ ငသိုင်းချောင်းမြို့ အထက် ၃ မိုင်ခန့်တွင် အဆိုပါ တာကျိုးပေါက်ခဲ့သဖြင့် ငသိုင်းချောင်းမြို့မှာ ရေဘေးနှင့် ကြုံခဲ့ရဖူးလေသည်။

ငသိုင်းချောင်းမြို့သည် ဟင်္သာတ၊ ပုသိမ်ရထားလမ်းတွင် ရှိသော ရေကြည်မြို့နှင့် ၆ မိုင်ကွာဝေးသည်။ ရေကြည်၊ ကျုံပျော်မြို့ကျောင်းကုန်းမြို့ဓနုဖြူမြို့များသို့ မော်တော်ကားလမ်းပေါက်သည့်အပြင် ဟင်္သာတမြို့လေးမျက်နှာမြို့သာပေါင်းမြို့ပုသိမ်မြို့များသို့လည်း ရေလမ်းခရီးပေါက်သည်။ ငသိုင်းချောင်းမြို့ အထက်တွင် ငဝန်မြစ်မှ အနောက်ဘက်သို့ ခွဲထွက်သော ချောင်းငယ် တစ်ခုပေါ်၌ ကျောက်ချောင်းရွာရှိ၏။ ထိုရွာမှ အနောက် ရိုးမတောင်ကိုဖြတ်ကျော်လျှင် ရခိုင်ကမ်းရိုးတန်းရှိ ဂွမြို့သို့ ရောက်နိုင်သည်။ ဆန်စပါး၊ ပဲအမျိုးမျိုး၊ ဆေးရွက်၊ ပြောင်းဖူးတို့မှာ ငသိုင်းချောင်းမြို့နယ်၏ ထွက်ကုန်များ ဖြစ်ပေသည်။ ရခိုင်ပြည်နယ်ဘက်မှ အုန်းသီးနှင့် အနောက်ခြောက်ခေါ် အမဲခြောက်များကို ကုန်းလမ်းခရီးဖြင့် ငသိုင်းချောင်းမြို့သို့ တင်ပို့ရောင်းချကြ၏။ ငသိုင်းချောင်းမြို့အစွန်မှနေ၍ အနောက်ဘက်သို့ လှမ်းမျှော်၍ ကြည့်လိုက်လျှင် မှိုင်းမို့ညို့ဆိုင်းနေသော ရခိုင်ရိုးမတောင်တန်းကို တွေ့မြင်နိုင်ပေသည်။

၁၉၂၃ ခုနှစ်ခန့်တွင် ငသိုင်းချောင်းမြို့မှ တရားရုံးတော်ကို ရေကြည်မြို့သို့ ပြောင်းရွှေ့ ရုံးစိုက်လေသည်။ ငသိုင်းချောင်းမြို့တွင် တရားရုံးပင် မရှိသော်ငြားလည်း ရဲဌာန၊ ဆေးရုံ၊ တန်းမြင့်စာသင်ကျောင်း၊ မြူနီစီပယ်ရုံးစသည်တို့ဖြင့် စည်ကားလျက်ရှိ၏။ ထိုမြို့၏ အရှေ့တောင်ဘက်၌ အနန္တဂုဏ လောကမာရဇိန် စေတီတော်ကြီး တည်ရှိ၍ စေတီ၏ထက်ဝန်းကျင်တွင် မှဏ်ကျောင်း၊ ရွှေရေးဆောင်ကျောင်း စသော ခမ်းနားတင့်တယ်လှသည့် ဗုဒ္ဓသာသနာ့ ကျက်သရေဆောင်ဘုန်းကြီးကျောင်းတိုက်များ ရှိကြ၏။

ငသိုင်းချောင်းမြို့နယ်အတွင်း ထင်ရှားသော ပွဲတော်မှာ ငသိုင်းချောင်းမြို့၏ အနောက်မြောက်ဘက်ရှိ ကုန်းပြင်ရွာကြီးတွင် နှစ်စဉ်ကျင်းပသည့် သီတာဘုရားပွဲဖြစ်သည်။ အဆိုပါရွာရှိ ဉာဏ်တော်ပေ ၅ဝ ခန့်မြင့်သော မြေစိုက်စေတီ သီတာဘုရား နှင့် သီတာ မောင်နှမနတ်ကွန်းတို့ကို အကြောင်းပြု၍ နှစ်စဉ် တော်သလင်းလဆန်း ၁၄ ရက်နေ့မှစ၍ ၃ ရက်တိုင်တိုင် ကျင်းပသော ထိုဘုရားပွဲတော်ကို ငသိုင်းချောင်းမြို့နှင့် အနီးတစ်ဝိုက် မြို့ရွာ ကျေးလက်များမှ လှေငယ်တက်စင်းတို့ဖြင့် လာရောက်ကြသည်။ [၂]

ထင်ရှားသော ပုဂ္ဂိုလ်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၆၆
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)