ကျုံပျော်မြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကျုံပျော်[ပြင်ဆင်ရန်]

ကျုံပျော်မြို့သည် ပုသိမ်ခရိုင်မြောက်ပိုင်း၊ ဒါးကမြစ်နှင့် ချင်းယားချောင်း ပေါင်းဆုံရာဒေသတွင် ရှိသည်။ မြစ်၏အရှေ့ ဖက်ကမ်းတွင် ခဲပေါင်၊ အရှေ့မြောက်ဖက်ကမ်းတွင် သန်လျက် စွန်း၊ အနောက်ဖက်ကမ်းတွင် ကျုံပျော်မြို့မတည်၍ ချင်းယား ချောင်းက သန်လျက်စွန်းနှင့် ခဲပေါင်ကို ခြားလျက် ကျုံပျော်ကို တူရှု ဦးတိုက်နေသည်။

မြို့မမှာ ဒါးကမြစ်အလိုက် တောင်နှင့်မြောက် ၃ မိုင်ခန့်၊ မော်တော်ကားလမ်းအလိုက် အရှေ့နှင့်အနောက် ၁ မိုင်ခန့် အိမ်ခြေစိုက်လျက်ရှိသည်။ ဈေးဟောင်း၊ ဈေးသစ်၊ မြို့သစ် ကုန်း၊ ဖန်ခါးကုန်း၊ အတီးပိုင်း၊ ကျုံးထောင့်၊ ထောင်လုံ၊ မြေရဲကွင်း ရပ်ကွက်တို့တွင် လမ်းပန်းယှက်သန်းနေသည်။ မြို့မတွင် သန်လျက်စွန်းနှင့် ခဲပေါင်တို့လည်း ပါဝင်သည်။ အကျယ်ဧရိယာမှာ စတုရန်း ၁ မိုင်ခန့် ရှိသည်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ ၁၉၄၁ ခုနှစ်တွင် အိမ်ခြေ ၁၂ဝဝ ကျော်၊ လူဦးရေ ၆ဝ၃ဝ မျှ ရှိသည်။ ၁၉၄၉ ခုနှစ် မပျက်စီးမီ အိမ်ခြေ ၂၅ဝဝ ခန့်၊ လူဦးရေ ၁၅ဝဝဝ ကျော်ကျော်အထိ တိုးတက်ခဲ့ သည်ဟု ခန့်မှန်းရသည်။ နယ်ပိုင်ဝန်ထောက်၊ ရာဘက်တရား သူကြီး၊ ရဲဝန်ထောက် ရုံးစိုက်ခဲ့သည်။ မြူနီစီပယ်အဖွဲ့က မြို့စည်ပင် သာယာရေးတွင် အုပ်ချုပ် သည်။

၁၉၄၈ ခု ဩဂုတ်လ ၂၇ ရက်နေ့တွင် သောင်းကျန်းသူ ရဲဘော်ဖြူများက အစိုးရထံမှ သိမ်းပိုက်၍ အုပ်စိုးနေစဉ်၊ ၁၉၄၉ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် သောင်းကျန်းသူ ကရင်များက မီးတိုက်၍ တစ်မြို့လုံး ပြာကျခဲ့သည်။ ၁၉၅၂ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် အစိုးရက ပြန်လည်သိမ်းပိုက် ခဲ့သည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၃၉၂ ယောက်ခန့် ရှိသည်။

ဘုရားပုထိုးများကို ဖော်ပြရသော် ချမ်းသာကြီးခေါ် မြတ်ချမ်းသာဘုရားသည် ဉာဏ်တော် ၄ ပေ ၂ လက်မရှိ အလွန်သပ္ပာယ်သော ရှေးဟောင်းဆင်းတုတော် ဖြစ်၏။ ဣန္ဒနီလာ ကျောက်ညိုတစ်မျိုးကို ထုလုပ်ထားသည်။ သီဟိုဠ် လက်ရာ ဖြစ်တန်ကောင်းသည်။ ကျိုက်ထိုမြို့၊ ကျိုက်ပေါလော ရုပ်ပွားနှင့် သွင်ပြင်သဘောချင်း တူသည်။ ရှေးပဝေသဏီအခါ၊ ပုသိမ်ဘုရင် သမုဒဃောသ၏ မိဖုရား ဥမ္မာဒန္ဒီသည် ရန်သူဘေးမှ ထွက်ပြေးတိမ်းရှောင်စဉ် ကျုံပျော်အနီး အင်းရဲကြီး ထောက်မနက်အိုင်တွင်း၌ ဝှက်ထားခဲ့သည်။ နောက်ကာလတွင် တံငါသည်တစ်ဦး၏ ပိုက်ကွန်၌ ငြိ၍ ငုပ်ရာမှ ရရှိခဲ့သည်။ ဘုရား၏အလိုတော်အရ ကျုံပျော်သို့ ပင့်ဆောင်ခဲ့သည်။ နောက်အိပ်မက်ရသဖြင့် ညီတော်ကို ပင့်ဆောင်ပြန်သည်။ ထို့ပြင် ရတနာရံသီ၊ ရှစ်မြှောင့်ချိုး၊ မိုးကောင်းစေတီ အသီးသီးနှင့် ပြည်လုံးပေါ် ရုပ်ပွားတော်လည်း ရှိသည်။ ထွက်ကုန်များမှာ ဆန်၊ ကြံ၊ ငှက်ပျော၊ ငါးဖြစ်၍ အင်းရဲကြီးငါးနှင့် အင်းရဲမျှင်ငပိတို့မှာ အတော် နာမည် ရသည်။

လမ်းပန်းအဆက်အသွယ် သုံးမျိုးရှိရာ၊ မော်တော်ကား လမ်းမှာ ကျုံပျော်မှ ဟင်္သာတသို့ ၃၆ မိုင်၊ ဓနုဖြူသို့ မိုင် ၃ဝ၊ ရေကြည်သို့ ၆ မိုင်၊ ငါးသိုင်းချောင်းသို့ ၁၂ မိုင်၊ အသုတ်သို့ ၁၁ မိုင်၊ ကျောင်းကုန်းသို့ ၂၈ မိုင်ခွဲ ဖြစ်သည်။ မီးရထား လမ်းမှာ ရေကြည်မှတစ်ဆင့် ပုသိမ်သို့၎င်း၊ ရေကြည်မှတစ်ဆင့် ဟင်္သာတနှင့် ရန်ကုန်သို့၎င်း ပေါက်၍ သင်္ဘောလမ်းမှာကား ကျောင်းကုန်းမြို့ကို ဖြတ်၍ ပုသိမ်၊ ရန်ကုန်အသီးသီးသို့ ပေါက်ရောက်သည်။

အတိတ်သမိုင်းနှင့် ရာဇဝင်အရ ဆိုသော် ကျုံပျော်မြို့ သည် ရှေးရှေးမွန်ဘုရင်များလက်ထက်အခါကပင် (ကုသိမ မဏ္ဍလ) ပုသိမ် ၃၂ မြို့တွင် အပါအဝင်ဖြစ်၍ နာမည် သုံးမျိုး ပြောင်းခဲ့သည်။ ယခုအမည်မှာ တတိယမြောက် ဖြစ်သည်။ ဤအမည်နှင့် စပ်လျဉ်း၍ (က) မွန်ဘာသာ၊ ကြုင်ပိ (ကြုင် ချောင်း၊ ပိ သုံး) ချောင်း သုံးခုအရပ်၊ ကြုင်ပိကို (ကရုံပွဲ)ဟု မွန်အသံထွက်ရာမှ မြန်မာတို့က မပီမသ ကျုံပျော်ဟု ခေါ်ဆို ရေးသားကြသည် ဟူ၍၎င်း (ခ) မွန်နှင့် သက္ကဋပျက်၊ ကြုင် တရော် (ကြုင်ချောင်း၊ တရော သုံး)မှ ကျုံပျော်ဖြစ်လာသည် ဟူ၍၎င်း (ဂ) မွန်မိဖုရားဥမ္မာဒန္ဒီ စခန်းစွဲရပ်စဉ်က ကျုံးပေါ များစွာ တူးလုပ်ခဲ့သဖြင့် ကျုံးပေါ၊ နောက်တစ်ဖန် ကျုံးပျော် ခေါ်တွင်သည်ဟူ၍၎င်း အမျိုးမျိုး ကြံဆကြသည်။ ကျုံပျော်မြို့ သည် ရှေးခေတ်အခါက မွန်တို့ဒေသ ဖြစ်လေသောကြောင့် ကြုင်ပိ (ကရုံပွဲ)မှ ကျုံပျော် ဖြစ်လာသည်ဟု ဆိုခြင်းက ယုတ္တိများစွာ တန်သည်။ အနီး အနားတဝိုက်တွင်လည်း ကျုံဓနီး၊ ကျုံကတွန်၊ ကျုံပတ်၊ ကျုံကတွတ်၊ ကျုံဒရယ်၊ ကျိုက်ပါ၊ ကျိုက်ပိဟူ၍ မွန်အမည်ခံ ရွာပေါင်းမြောက်မြားစွာ ရှိသည်။

ရာဇဝင်၌ ထင်ရှားသောအကြောင်းတစ်ရပ်မှာ မြန်မာ သက္ကရာဇ် ရ၇၆ ခုနှစ်တွင် မင်းရဲကျော်စွာမင်းသားသည် ကျုံပျော်မြို့အနောက်ဖက်ကမ်း၊ ခဲပေါင်မြို့ကို သုံးကြိမ် တိုင်တိုင် တိုက်ခိုက်သော်လည်း မအောင်မြင်ဘဲ လက်နက် လူသူ အဆုံးအပါးများလှသဖြင့်၊ ငဝန်မြစ်ဆီသို့ ခေတ္တဆုတ်ခွာ မည်ပြုသည်။ ထိုအခါ မွန်တို့က ထမီဖြင့် ယပ်ခပ်၍ စကောတီးကာ သရော်ပြောင်လှောင် ကြွေးကြော်ကြသည်။ မင်းရဲကျော်စွာသည် ရှက်ဒေါသ ဟုန်ပြင်းပြစွာနှင့် အတင်း ချွံချွံ ဝင်ရောက်တိုက်ဖျက်လေရာ ခဲပေါင်မြို့ကျလေသည်။ ထို့ပြင် ကျုံပျော်မြို့သည် နိုင်ငံကျော်ဇာတ်ဆရာ၊ မင်းသား ဝဏ္ဏကျော်ထင် ဦးဖိုးစိန် ထွက်ပေါ်ရာအရပ် ဖြစ်သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)