ကျုံမငေးမြို့
| ကျုံမငေးမြို့ | |
|---|---|
| မြို့ | |
| ကျုံမငေးမြို့ တည်နေရာ၊ မြန်မာ။ | |
| ကိုဩဒိနိတ်: 16°26′06″N 95°07′54″E / 16.434917°N 95.131718°Eကိုဩဒိနိတ်: 16°26′06″N 95°07′54″E / 16.434917°N 95.131718°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | ဧရာဝတီတိုင်းဒေသကြီး |
| ခရိုင် | မြောင်းမြခရိုင် |
| မြို့နယ် | ဝါးခယ်မမြို့နယ် |
ကျုံမငေးမြို့ သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။ သီဟိုဠ်မှပင့်ဆောင်လာသောမြတ်စွယ်တော်ဘုရားရှိသည်။မြို့လမ်းများမှာကတ္တရာလမ်းများဖြစ်ပြီးလမ်းပန်းသင့်သည်။
ကျုံမငေးမြို့သမိုင်းအကျဉ်း - ကျုံမငေးမြို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ပါဝင်သော မြို့တစ်မြို့ ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး (၁၄ ရက်မြောက်နေ့) တွင် ဝါးခယ်မမြို့နယ်အပိုင် ကျုံမငေးအား မြို့အဖြစ် တရားဝင် သတ်မှတ်ခွင့်ပြုခဲ့သည်။
## အမည်ဆင်းသက်လာပုံ သမိုင်းကြောင်း
ကျုံမငေး ဟူသော အမည်သည် မွန်ဘာသာစကား "ကြုံမငေး" (ကရုံမငေး) မှ ဆင်းသက်လာသည်ဟု မှတ်သားရသည်။ မွန်ဘာသာဖြင့် "ကြုံ" သည် ချောင်း၊ "မငေး" သည် လုံခြုံရာအရပ် ဟု အဓိပ္ပာယ်ရသဖြင့် "ဘေးကင်းလုံခြုံသောချောင်း" ဟု ဆိုလိုသည်။ ပထဝီအနေအထားအရ ဧရာဝတီမြစ်၏ ညာဘက်ကမ်းတွင် ကျုံမငေးမြို့ရှိပြီး ဘယ်ဘက်ကမ်းတွင် ယခု မော်ကျွန်းမြို့နယ် ရွာသစ်ကျေးရွာနှင့် ကျွန်းကြားကြီးကျေးရွာ (သရက်တောကျေးရွာ တစ်ဖက်ကမ်း) တို့ တည်ရှိသည်။ ကျွန်းဒိပ်၊ သရက်တော၊ ကျွန်းပြဿဒ် စသည့် ကျေးရွာများ တည်ရှိရာ ကျွန်းကြီးသည် နောက်မှပေါ်လာသော ကျွန်းကြီးဖြစ်သည်။ ဤမျှကျယ်ဝန်းသောမြစ်တွင် ကျုံမငေးဈေးချောင်းသည် လှိုင်းလေလုံခြုံရာဒေသဖြစ်သောကြောင့် "ကြုံမငေး" ဟု ခေါ်ဆိုခဲ့သည်ဟု သမိုင်းမှတ်တမ်းအချို့က ဆိုသည်။[၁]
နောက်ထပ် အယူအဆတစ်ခုမှာ မြန်မာသက္ကရာဇ် ၇၄၈ မှ ၈၇၄ (ခရစ်နှစ် ၁၃၈၆ - ၁၄၂၂) အတွင်း ဖြစ်ပွားခဲ့သော ရာဇာဓိရာဇ်နှင့် ဘုရင်မင်းခေါင်တို့၏ အနှစ် (၄၀) ကြာ စစ်ပွဲကြောင့် ဘေးကင်းရာသို့ ရှောင်တိမ်းလိုသော မွန်အမျိုးသားတို့သည် ဧရာဝတီမြစ်၏ တောင်ဘက်အကျဆုံး ယခုဈေးချောင်းအတွင်း လာရောက်အခြေချ နေထိုင်ခဲ့ရာမှ ၎င်းနေရာအား လုံခြုံဘေးကင်းရာဒေသအဖြစ် အစွဲပြုခေါ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ ကျုံမငေးဒေသတွင် လွန်ခဲ့သော နှစ်ပေါင်း ၆၃၀ နီးပါးခန့်ကပင် စတင်အခြေချ နေထိုင်ခဲ့ကြသည်ဟု ယူဆရသည်။[၂]
ရှေးလူကြီးများ၏ ပြောစကားအရ "ကျုံမငေး" ဟူသော အမည်ကို မွန်လူမျိုးများက ပေးခဲ့ခြင်းဖြစ်ပြီး မွန်ဘာသာဖြင့် "ကျုံ" သည် ချောင်း၊ "မငေး" သည် မင်္ဂလာဟု အဓိပ္ပာယ်ရသဖြင့် "မင်္ဂလာရှိသောချောင်း" ဟုလည်း ဆိုကြသည်။ အခြားအဆိုတစ်ခုအရ မွန်ဘာသာတွင် "ကျုံ" သည် ချောင်း၊ "မငေး" သည် လယ်ဖြစ်ပြီး တချို့ကလည်း "မိကျောင်းရန်ကင်းသောချောင်း" ဟု ဆိုကြသည်။ ၎င်းအပြင် "ကျေလ်မငဲ့" ဟူသော မွန်ဘာသာစကားမှ ဆင်းသက်လာပြီး "ကျေလ်" မှာ ချောင်း၊ "မငဲ့" မှာ ကြီးမားသော ဟု အဓိပ္ပာယ်ရကြောင်း အယူအဆတစ်ရပ်လည်း ရှိသေးသည်။
မြို့ဖြစ်ပေါ်လာပုံ
ထိုသို့ နေထိုင်ခဲ့ကြရာမှ မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ် (ခရစ်နှစ် ၁၈၅၂) ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီးတွင် နယ်ချဲ့တို့က အောက်မြန်မာပြည်ကို သိမ်းပိုက်ထားစဉ် အထက်မြန်မာပြည်ရှိ မငြိမ်မသက်မှုများကြောင့် အညာဒေသမှ မိသားစုများသည် လှေကြီးများဖြင့် စုန်ဆင်းလာပြီး ကျုံမငေးတွင် ထပ်မံအခြေချလာခဲ့ကြသည်။ ထိုရွှေ့ပြောင်းလာသူများအနက် နေမျိုးသီရိကျော်စွာဘွဲ့ခံ ဦးမှုန်ဆိုသူ ပါဝင်လာခဲ့ရာ အင်္ဂလိပ်အစိုးရက တိုက်သူကြီးအဖြစ် တာဝန်ပေးအပ် အုပ်ချုပ်စေခဲ့သည်ဟု သိရသည်။
မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ် (ခရစ်နှစ် ၁၉၁၆ - ဝါးခယ်မမြို့အား တရားဝင် မြူနီစီပယ်မြို့အဖြစ် အသိအမှတ်ပြုပြီး ၁၀ နှစ်အကြာ) တွင် ကျွန်းပြဿဒ်ကျေးရွာ၌ ဂတ်တဲ (ရဲကင်း) စိုက်ခဲ့ပြီး၊ သက္ကရာဇ် ၁၂၇၉ ခုနှစ် (ခရစ်နှစ် ၁၉၁၇) တွင် ကျုံမငေးနှင့် အုန်းပင်ကျေးရွာစုတို့ကို သဲမှုတ်၍ တည်ဆောက်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၈၃ ခုနှစ် (ခရစ်နှစ် ၁၉၂၁) တွင် ကျွန်းပြဿဒ်ဂတ်ကို ဖျက်သိမ်းပြီး ကျုံမငေးတွင် ဂတ်ရုံး စတင်ဖွင့်လှစ် အုပ်ချုပ်ခဲ့သည်။ ခရစ်နှစ် ၁၉၂၂ (ဒိုင်အာခီ အုပ်ချုပ်ရေးခေတ်) တွင် မြောင်းမြခရိုင် ကောင်စီဘုတ်အဖွဲ့မှ စီမံခန့်ခွဲရေးလုပ်ငန်းများကို အင်္ဂလိပ်အစိုးရ ဆုတ်ခွာချိန် ၁၉၄၂ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။
ကျုံမငေးကို ကျွန်းပြဿဒ်ရွာမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကျွန်းပြဿဒ်ဘက်ကမ်းတွင် ရှေးဟောင်းစေတီပျက်များနှင့် ရွှေအစစ်ချထားသော တိုင်လုံးများဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများ ရှိခဲ့ဖူးကြောင်း သိရသည်။ နောင်တွင် ကျွန်းပြဿဒ်ဘက်၌ ကမ်းပါးများပြိုကျသဖြင့် ကိုင်းတောကြီးများသာရှိသော ကျုံမငေးဘက်တွင် ရှင်းလင်း၍ မြို့တည်ခဲ့ခြင်းဖြစ်သည်။
အေဒီ ၁၃ ရာစုခန့်က ဖြစ်ပွားခဲ့သော မွန်-မြန်မာ အနှစ် ၄၀ စစ်ပွဲတွင် မြောင်းမြမြို့စား လောက်ဖျား စစ်ရှုံးသောကြောင့် စစ်ပြေးဘဝဖြင့် ယခု ကျွန်းပြဿဒ်နေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် ရေမျောလာသော ကျွန်းတုံးကြီးများဖြင့် ပြဿဒ်တည်ကာ စံမြန်းခဲ့သောကြောင့် "ကျွန်းပြဿဒ်" ဟု ခေါ်ဆိုခဲ့ပြီး ယနေ့တိုင် ရှေးဟောင်းစေတီများက သက်သေအထင်အရှား ရှိနေသေးသည်။ ရှေးလူကြီးများက ကျွန်းပြဿဒ်ကို ရွာကြီးဘက်ကမ်းဟုလည်း ခေါ်ဆိုလေ့ရှိကြသည်။
ကိုးကား
* ဝါးခယ်မမြို့နယ် မှတ်တမ်း (SRoTUoM - Wakema Township Record)
* မွန်-မြန်မာ အဘိဓာန်
* ဒေသခံ ရှေးမှီနောက်မှီများ၏ ပြောကြားချက်များ
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝါးခယ်မမြို့နယ် – Wakema Township – Geographical Society of Myanmar (in en-US) (2024-11-04)။ 2026-05-28 တွင် ပြန်စစ်ပြီး။
- ↑ ဝါးခယ်မမြို့နယ် – Wakema Township – Geographical Society of Myanmar (in en-US) (2024-11-04)။ 2026-05-28 တွင် ပြန်စစ်ပြီး။
| ဤ ဧရာဝတီတိုင်းဒေသကြီး ပထဝီဝင် တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |