ငပုတောမြို့

ဝီကီပီးဒီးယား မှ
ငပုတောမြို့
မြို့
ငပုတောမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ငပုတောမြို့
ငပုတောမြို့
ကိုဩဒိနိတ်: 16°32′16″N 94°41′37″E / 16.53778°N 94.69361°E / 16.53778; 94.69361ကိုဩဒိနိတ်: 16°32′16″N 94°41′37″E / 16.53778°N 94.69361°E / 16.53778; 94.69361
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်ပုသိမ်ခရိုင်
မြို့နယ်ငပုတောမြို့နယ်
လူဦးရေ (၂၀၁၄)၁၀,၆၈၂[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ငပုတောမြို့သည် မြန်မာနိုင်ငံဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အနောက်တောင်စွန်းရှိ ပုသိမ်ခရိုင်ပုသိမ်မြို့မှတောင်ဘက်သို့ ၁၆ မိုင် ကွာဝေး၍ ငဝန်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ မြို့ပိုင်ရုံးစိုက်ရာ မြို့ဖြစ်၍ မြို့နယ်မှာ ၁၄၀၄.၁၈၅ စတုရန်းမိုင် ကျယ်ဝန်း၏။ မြို့နယ်၏ အနောက်နှင့်တောင်ပိုင်းသည် ပင်လယ်နှင့် ဆက်စပ်လျက်ရှိသည်။ နေထိုင်ကြသောသူများသည် ဗုဒ္ဓအယူဝါဒီ မြန်မာ လူမျိုးများဖြစ်ကြသည်။

ဒုတိယအကြိမ် အင်္ဂလိပ်တို့က ပဲခူးစသော မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပိုက်လိုက်သော အခါ ပုသိမ်ခရိုင်ထဲတွင် ကျိန်တစ်လီ အပါအဝင်ဖြစ်သော ချောင်းသာမြို့နယ်ဟူ၍ ရှိသည်။ ထို့နောက် ယင်းမြို့နယ်ကို ပယ်ဖျက်၍ ငန်ချောင်းနှင့် ငရုတ်ကောင်းတိုက်နယ်နှစ်နယ်ကို ငပုတောမြို့နယ်ထဲသို့ သွတ်သွင်းခဲ့သည်။ ထိုနောက်၌ကား ငပုတောမြို့နယ်၏ နယ်နိမိတ်သည် အကြိမ်ကြိမ် အဖန်ဖန် ပြောင်းလဲခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ငပုတောဟူသော အမည်မှာ ရှေးအခါက ငပုအမည်ရှိ မုဆိုးတစ်ယောက် နေထိုင်ခဲ့သော တောဖြစ်၍ ငပုတောဖြစ်လာကြောင်း အဆိုရှိသည်။ မုဆိုးငပုသည် သားကောင်များကို ပစ်ခတ်ဖမ်းဆီး၍ ထိုသားကောင်များ၏ အရိုးများကို စုပုံထားရာအရပ်သည် 'အရိုးထားရွာ'ဟူ၍လည်းကောင်း၊ သားကောင်များကို ကျပ်တင်သောစင်ရှိရာ အရပ်သည် 'ကျပ်စင်ချောင်းရွာ'ဟူ၍လည်းကောင်း ခေါ်တွင်ကြောင်းဖြင့် ဆိုလေသည်။ ယင်း အရိုးထားရွာနှင့် ကျပ်စင်ချောင်းရွာများမှာ ငပုတောမြို့ တောင်ဘက်တွင် ရှိကြသည်။

ငပုတောမြို့သည် ပုဂံခေတ်အတွင်း ဆပဒရွာဟု အမည်တွင်ကြောင်း၊ ပုဂံနရပတိစည်သူမင်း လက်ထက် သီဟိုဠ်ကျွန်းသို့ ကြွရောက်သီတင်းသုံးပြီးနောက် ပုဂံပြည်သို့ပြန်အရောက်တွင် ပစ္ဆိမသဃာဂိုဏ်း သီးခြား တည်ထောင်သော ဆပဒမထေရ်မှာ ထိုရွာသားပင်ဖြစ်ကြောင်း အဆိုရှိလေသည်။

လူမှုပထဝီဝင်[ပြင်ဆင်ရန်]

ငပုတောမြို့နယ်အတွင်း ဆန်စပါး၊ ဆား၊ သစ်နှင့် ငါးပိငါးခြောက်လုပ်ငန်းများ ရှိသည်။ ထို့ပြင် ကျောက်ပွင့်ခူးခြင်းနှင့် ငါးမန်းဖမ်းသောလုပ်ငန်းများလည်း ရှိ၏။ မြို့နယ်အတွင်းရှိ ပြင်ခရိုင်ကျေးရွာသည် ငါးပိလုပ်ငန်းဖြင့်နာမည်ကြီး၍ မိန်းမလှကျွန်းသည် လိပ်ဥများစွာထွက်သော လိပ်သောင်အဖြစ် ထင်ရှားသည်။ အထက်ပါ ထွက်ကုန်များကို ပုသိမ်နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြသည်။ ရွှေမြင်တင်စေတီနှင့် ရဟန္တာသိမ်တို့မှာ ငပုတောမြို့၏ ထင်ရှားသော အဆောက်အအုံများဖြစ်သည်။ အလောင်းဘုရား ဦးအောင်ဇေယျ လက်ထက်က မြန်မာများ၏ လက်ချက်ဖြင့် ကိုလိုနီတည်ထောင်သူ အင်္ဂလိပ်များ သုတ်သင်ခြင်းခံခဲ့ရသော နေရာဖြစ်သည့် ဟိုင်းကြီးကျွန်းမှာ ငပုတောမှ မော်တင်ဘုရားသို့ သွားရာလမ်းတွင်ရှိသည်။ အလောင်းစည်သူမင်းကြီး တည်ထားခဲ့သည်ဆိုသော မော်တင်ဘုရားမှာ ငပုတောနယ်၌ ထင်ရှားသော စေတီတော်ဖြစ်သည်။ မော်တင်ဘုရားသည် ငပုတောမြို့မှ မိုင် ၄ဝ ခန့် ကွာဝေးသော မော်တင်စွန်းအငူအနီးတွင် တည်ရှိ၍ ဘုရားပွဲကို နှစ်စဉ်တပေါင်းလ၌ သိုက်မြိုက်စည်ကားစွာ ကျင်းပသည်။ ငပုတောမြို့နယ်နှင့်တကွ ပုသိမ်၊ မြောင်းမြ၊ ဂွစသော မြို့နယ်များမှ ဘုရားပွဲတော်သို့ လာကြသည်။ မော်တင်စွန်းသည် လှိုင်းတံပိုးများ၊ ခရုများဖြင့် သာယာသော ပင်လယ် ကမ်းခြေရှုခင်း ဖြစ်သဖြင့် စာဆိုတော် ဦးကြင်ဥသည် မော်တင်စွန်း အကြောင်းကို 'ကြုံစဖူးမြင်ဘူးမှယုံစဖွယ်' အစချီသော လေးဆစ်ချိုးကို စပ်ဆိုခဲ့ဘူးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၆။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)