ပုသိမ်ထီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပုသိမ်ထီးများ

ပုသိမ်ထီးသည် ပုသိမ်မြို့မှထွက်သော ထီးဖြစ်၍ ပုသိမ်ထီးဟု ခေါ်ဆိုသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ခန့်က ဦးရွှေစာဆိုသူသည် သီပေါမင်း၏ နန်းတော်ထဲတွင် ထီးထုတ်လုပ်သူ ပညာရှင်ဖြစ်သည်။ ထိုအချိန်က အဝတ်ဖြင့်ပြုလုပ်ပြီး အထူးဒီဇိုင်းများဖြင့် ဖန်တီးထားသော ထီးများကို ဘုရင့်တောင်ဝင်မိသားစုနှင့် အခွင့်ထူးခံ လူအချို့သာ တရားဝင် အသုံးပြုခွင့်ရှိသည်။ ထီးကို အဆောင်အယောင် သင်္ကေတ တစ်ခုအဖြင့် အသုံးပြုကြသလို အခမ်အနားအပြင်အဆင်များ၊ ဧည့်သည်ကြိုဆိုခြင်း အခမ်းအနားများတွင် သုံးကြသည်။

၁၈၈၅ ခုနှစ် ရတနာပုံနန်းတော်ကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်ပြီးနောက် ဦးရွှေစာသည် ဧရာဝတီမြစ်ကို စုန်ဆင်းကာ တိမ်းရှောင်ခဲ့သည်။ ထိုသို့စုန်ဆင်းခဲ့ရာ ကီလိုမီတာ ၇ဝဝ ခန့်ကွာဝေးသော ဧရာဝတီ မြစ်ဝကျွန်းပေါ်မြို့တစ်မြို့ဖြစ်တဲ့ ပုသိမ်မြို့သို့ ရောက်ရှိခဲ့သည်။ ဦးရွှေစာသည် စားဝတ်နေရေးအတွက် ထီးလုပ်သော အလုပ်ရုံကလေးကို ပုသိမ်မြို့တွင် စတင်ခဲ့သည်။ နောင်အခါ ပုသိမ်ထီးဟု နာမည်ကျော်ကြားသော ထီးများကို စတင်ထုတ်လုပ်ခဲ့လေ၏။

ယခုအခါ ပုသိမ်မြို့ကလေး၏ သင်္ကေတမှာလည်း ဦးရွှေစာ စတင်ထုတ်လုပ်ခဲ့သော ၎င်းပုသိမ်ထီးပင် ဖြစ်သည်။ နောင်အခါ ဦးရွှေစာသည် ထီးလုပ်ငန်း နည်းပညာနှင့် လျှို့ဝှက်ချက်များကို သားဖြစ်သော ဦးစောထံ လက်ဆင့်ကမ်းသည်။ ဦးစောသည် အခြားသူများနှင့် စိတ်ဝင်စားသူများအား လက်ဆင့်ကမ်း သင်ကြားပေးပြီး ရိုးရာအမွေအနှစ်ကို ထိမ်းသိမ်းရန် စိတ်အားထက်သန်၏။

လက်ရှိအချိန်တွင် ဦးစောရဲ့သားဖြစ်သူ ကိုမင်းနိုင်မှ အဆိုပါ မိသားစုလုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင်လျက်ရှိသည်။ ရွှေစာ ပုသိမ်ထီးအလုပ်ရုံသည် လက်ရှိအချိန်အထိ ပုသိမ်တွင် အကြီးဆုံးနှင့် ပြည်တွင်းပြည်ပ ဈေးကွက်မှာ အကျော်ကြားဆုံး ထီးလုပ်ငန်းအဖြင့် ရပ်တည်နေဆဲ ဖြစ်သည်။

တပ်ဆင်ထုတ်လုပ်ခြင်း[ပြင်ဆင်ရန်]

ပုသိမ်ထီးတွေကို တပ်ဆင်ထုတ်လုပ်ရာတွင် အဆင့်ပေါင်း ၅၆ ဆင့်ရှိပြီး အချိန်ကာလ တစ်ပတ်အထိကြာလေ့ရှိသည်။ ထုတ်လုပ်ရာတွင် အဓိကအရေးကြီးသော အစိတ်အပိုင်းနှစ်ခုမှာ ဝါးဖြင့်ပုံစံသွင်းရာတွင် သေသပ်မှုနှင့် အသုံးပြုသည့် အဝတ်ပိတ်စ အမျိုးအစားပေါ်တွင် မူတည်သည်။ ဝါးများကို ရွေးချယ်ရာမှာတွင်လည်း မိုးရာသီ၌ ခုတ်ထားသော ဝါးများကို အသုံးပြုခြင်းဖြင့် အကောင်းဆုံး အခြေအနေကို ရရှိနိုင်သည်။ အသုံးမည့် သစ်များကိုလည်း သဘာဝအတိုင်း နှစ်လခန့် ရေစိမ်ထားကာ အရောင်ချွတ်ရသည်။ ထိုနှစ်ဆင့်စလုံးသည် သစ်၊ ဝါးများမှာရှိသော ပိုးမွှားများကို ဖယ်ရှားနိုင်ရန်အတွက် ဖြစ်သည်။

ထီးလုပ်ရာတွင် အသုံးပြုသည့်ကော်ကို နဂိုမူလနည်းပညာအတိုင်း ပီလောပီနံ၊ တည်သီးအရည်၊ ကောက်ညင်းအမှုန့်တို့ကို ရောစပ်အသုံးပြုသည်။ နောက်ဆုံးအဆင့် နေလှမ်းအခြောက်ခံပြီးသော ထီးအသစ်များကို အရောင်တင်ရန်အတွက် နှမ်းဆီကို အသုံးပြုသည်။

တင်ပို့ရောင်းချမည့် နေရာဒေသပေါ်မူတည်ပြီး ထီးအပေါ်မှာ ရေးချယ်ရသည့် အရောင်ဒီဇိုင်းများလည်း ကွဲပြားသည်။ မန္တလေးဘက်သို့ ပို့မည့် ပုသိမ်ထီးများကို အရောင် ၂ ရောင် သို့မဟုတ် ၃ ရောင်၊ ပန်းပုံလေးများ၊ လိပ်ပြာပုံများ စသည်ဖြင့် ဒီဇိုင်းရေးဆွဲသည်။ တော်ဝင်နန်းတွင်းတွင်သုံးသည့် အရောင်ဒီဇိုင်းပုံစံဖြစ်သည်။ ပုဂံဘက်သို့ပို့မည့် ထီးများအတွက် ရှေးဆန်သည့် အရောင်မှိုင်းမှိုင်းများကို ရေးခြယ်သည်။ ထိုဒီဇိုင်းမှာ ရေပန်းအစားဆုံး ဒီဇိုင်းလည်း ဖြစ်သည်။ အနီရောင်၊ အညိုရောင်နှင့် အဖြူဆွတ်ဆွတ်တို့မှာ ပုဂံဘုရား နံရံဆေးရေးတွေမှာ တွေ့ရလေ့ရှိသော အရောင်အတွဲအစပ်များ ဖြစ်သည်။

အဝတ်ပိတ်စ သုံးသောထီးများကို ဘုန်းတော်ကြီးသုံးထီးအဖြစ် ယနေ့အချိန်ထိ သုံးစွဲနေကြဆဲဖြစ်သည်။ သာမန်အားဖြင့် ပုသိမ်ထီးကို မိုးဒဏ် လေဒဏ်မှ ကာကွယ်ရန်အတွက် အသုံးပြုကြခြင်းမဟုတ်ပဲ နေအိမ်၊ ဟိုတယ်နှင့် အပန်းဖြေရာဥယျာဉ် ပန်းခြံများတွင် အလှဆင်ကြရန်အတွက် အဓိက အသုံးပြုကြသည်။ မြန်မာပြည်သို့လာရောက် လည်ပတ်ကြသော နိုင်ငံခြားသားများအကြား ပုသိမ်ထီးသည် အလွန်နာမည်ကျော်ကြားသော ဝယ်ယူရန် လက်ဆောင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]