မာတိကာသို့ ခုန်သွားရန်

ကနောင်မြို့

ဝီကီပီးဒီးယား မှ
ကနောင်မြို့
မြို့
ကနောင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကနောင်မြို့
ကနောင်မြို့
ကိုဩဒိနိတ်: 18°10′54″N 95°22′04″E / 18.181648°N 95.367782°E / 18.181648; 95.367782
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ဧရာဝတီ
ခရိုင်မြန်အောင်ခရိုင်
မြို့နယ်မြန်အောင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကနောင်မြို့ သည် မြန်မာနိုင်ငံအနောက်တောင်ပိုင်း ဧရာဝတီတိုင်းဒေသကြီးတွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်ပြီး မြန်အောင်ခရိုင်မြန်အောင်မြို့နယ်တွင် ပါဝင်သည်။ ကနောင်မြို့သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်ရှိလျက် မြန်အောင်မြို့၏ တောင်ဘက် ခြောက်မိုင်အကွာတွင်ရှိသော မြို့ကလေးတစ် မြို့ ဖြစ်သည်။ ရန်ကုန်မြို့မှ မိုင် (၂၀၀) ကွာဝေးသည်။ ကနောင်မြို့ ၏ တစ်ဖက်ကမ်းတွင် ပိုးစာတောရွာ ရှိသည်။ ဤကနောင်မြို့သည် ကုန်းဘောင်ခေတ်က မြန်မာ့အမျိုးသားရေးကို ကမ္ဘာနှင့် တန်းတူဖြစ်အောင် ကြိုးပမ်းခဲ့သော အိမ်ရှေ့စံ ကနောင်မင်းသားကြီး နောက်ဆုံးအုပ်ချုပ်ခဲ့သော မြို့ ဖြစ်ပေသည်။ ကနောင်ဒေသတွင် ရှေးအခါက အခြေချကြသော အခါ မွန်တို့သည် စိန်ပန်းပင်အသားမျိုးရှိလျက် ကုက္ကိုပင်တစ်မျှကြီးမားသော မြစ်ကမ်းတွင် ပေါက်ရောက်နေသည့်အပင်ကို အစွဲပြုလျက် ထိုအရပ်ကို မွန်ဘာသာဖြင့်'ကန' (အသံထွက် ကနောင်) ဟု ခေါ်ခဲ့ကြသည်။ မြန်မာတို့က ထိုအပင်ကို 'စစ်ပင်' ဟု ခေါ် သော်လည်း ထိုအရပ်ကိုကား 'ကနောင်' ဟူ၍ပင် လိုက်ခေါ်ခဲ့ကြသည်။

ယခု ကနောင်မြို့နှင့် မှော်ဝန်ချောင်း ချောင်းလက်တက်တစ်ခုပေါ်တွင် ကနောင်ဟူသော ရွာရှိခြင်းက ထိုအချက်ကို ခိုင်လုံစေသည်။ ထိုအပင်၏ အသားကို ဒေသခံများက လှည်း၊ လှည်းဘီး၊ လှေ၊ တက် စသည့်အသုံးအဆောင်များ လုပ်ကြသည်။ ကနောင်မြို့ဟောင်းသည် ရှေးအခါက ပုသိမ် (၃၂) မြို့ အဝင် ဖြစ်ခဲ့သည်။ ပထမအမည်မှာ ကျိုက်တော်၊ ဒုတိယအမည်မှာ ကျိုက်တောသုံးမြိုင်ဆိုင်၊ တတိယအမည်မှာ ကနောင်ဟူ၍ မာဃာ၏'ပုသိမ်ရာဇဝင်' စာအုပ်တွင်ပြဆိုသော်လည်း ရှေးအမည်နှစ်ခုမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ကနောင်မြို့ အမည်နှင့် ခေတ်ပြိုင်အထောက်အထား တို့ကို ရှာဖွေကြသည်တွင် အစောဆုံးအထောက်အထားအဖြစ် ခရစ်နှစ် ၁၅၈၈ ခု၌ ထုတ်ပြန်သော အမိန့်တော်တစ်ခုတွင် ကနောင်မြို့အကြောင်း တစ်စေ့တစ်စောင်း တွေ့ရှိရသည်။ ထိုအမိန့်တော်မှာ အဝနေပြည်တော်မှ အောက်မြစ်စဉ်တစ်လျှောက် သူကြီးတို့ကို ပေးအပ်သည့် အမိန့်တော် ဖြစ်သည်။ ထိုအမိန့်တော်အရ ကနောင် မြို့သည် ပုသိမ်(၃၂) မြို့အဝင် ဖြစ်ခဲ့ခြင်း၊ မြို့သူကြီး သို့မဟုတ် မြို့စုသူကြီး အအုပ်ချုပ်ခံနယ်မြေဖြစ်ခဲ့ခြင်း၊ အခွန်ဆက် နယ်မြေအဝင်ဖြစ်ခဲ့ခြင်း၊ ကင်းခွန် ထားရှိခဲ့ခြင်း တို့ကို သိရသည်။


၁၆၀၇ ခု ၌ညောင်ရမ်းမင်းတရားကြီးသည် အစုအငန်းလုပ်မြေ၊ နေမြေ၊ စားမြေ၊ ပယ်ခြားနယ်ခြားလေးရပ်၊ သစ်စည်းဝါးစည်း နယ်နိမိတ်များ သတ်မှတ်သည်တွင် ကနောင် ပါဝင်သည်။ သာလွန်မင်းလက်ထက်ရောက်သောအခါ ၁၆၃၇ ခု ၌ အမိန့်တော်ပြန်တမ်းတစ်ခု ထုတ်၍ မြို့ရွာ အပိုင်းအခြား သတ်မှတ်သည်တွင် အောက်မြစ်စဉ်တစ်လျှောက်ဝယ် ပါဝင်သော ကနောင်မြို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက် နှစ်တိုင်စီထား၍ နယ်လေးရပ် သတ်မှတ်ကြောင်း တွေ့ရှိရသည်။ စီရင်ပိုင်ခွင့်အာဏာကိုကား မြိုလတ်ဝန်တစ်ဦးထံ အပ်နှင်းသည်။ မြန်မာမင်းများ လက်ထက်က မြို့ကြီး၊ ရွာကြီး၊ မြို့လတ်၊ ရွာလတ်၊ မြို့ငယ်၊ ရွာငယ် သတ်မှတ်ချက်ရှိရာ ကနောင်မှာ မြို့လတ်အဆင့်ဝင် ဖြစ်သည်။ ထိုခေတ် ၌ မြို့လတ်ဝန်အောက်ရှိ ဆိပ်၊ တည်၊ ပွဲ၊ ကင်း၊ ကူးတို့ ကြီးကြပ်ရသူတို့ရှိ၍ ကင်းကို ကြီးကြပ်ရသောသူကို ကင်းစားဟူ၍ ခေါ်သည်။ ကင်းစားရာထူးကို သားစဉ်မြေးဆက် ၁၇၃၃ ခုထိ ဆက်ခံတိုင်ဆော်ကြကြောင်း 'ဇမ္ဗုဒီပဥဆောင်းကျမ်း' တွင် ပြဆိုသည်။ ကင်းစားတို့သည် ယေဘုယျအားဖြင့် အရာတော် ခွန်ဝင်လယ်ပယ်၊ ကျွဲရှဉ်းလုပ်သား၊ ဓားမပုဆိန်၊ တူရွင်း၊ အစွတ်အခြောက် လုပ်သားသမျှအဖိုးတော်ကို စီရင်တိုင်ဆော်၍ ပယ်ငါးပယ်မျိုးကျကို လွတ်ရသည်။ ထို့ပြင် ကျီတော်ဝင်စပါး (၁၀) ထမ်း၊ တောကိုင်(၁) မတ်၊ ယာကိုင်(၁)မတ်၊ စပါး(၂)တင်း ကျကို တွက်၍ ဆက်သွင်းရရိုး ဖြစ်သည်။ ကင်း ဆိုသည်မှာ အခွန်အတုပ် ကောက်ခံရာ ရေဆိပ်ကို ဆိုလိုသည်။ သို့အားဖြင့် ညောင်ရမ်းခေတ်ကာလ၌ ကနောင်သည် မြို့လတ်အဆင့်ရှိနေကြောင်းနှင့် အောက်မြစ်စဉ်တစ်လျှောက်တွင် အရေးပါသော မြို့တစ်မြို့ဖြစ်ကြောင်း သိသာနိုင်သည်။ ညောင်ရမ်းမင်းဆက် နောက်ဆုံးဖြစ်သော မဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ကနောင်သည် တပ်မြို့အဆင့်သို့ ရောက်ခဲ့သည်။ ယခုအခါ ထိုတပ်မြို့တပ်ရာ အကြွင်းအကျန်များအဖြစ် ကနောင်မြို့မြောက်ဘက်ရှိ ရွှေမြင်တင်စေတီတည်ရာတစ်ဝိုက် ကျုံးဟုခေါ်သော နေရာတွင် တွေ့မြင်နိုင်သေးသည်။ ကျုံးမှာ အတွင်းကျုံး၊ အပြင်ကျုံး ဟူ၍နှစ်ထပ်ရှိသည်။ ဆင်ကျုံး၊ မြင်းကျုံးဟုလည်း ခေါ်ကြသည်။ ထိုကျုံးနှစ်ထပ်အကြား တာဟောင်း မှာ ယခင်က တပ်မြို့ဟောင်းရာဖြစ်သည်။ စစ်ရေးစစ်ရာအတွက် အရေးပါ၍ ကြည်းကြောင်းဘက်မှ လာသောရန်သူကို ခံနိုင်သကဲ့သို့ ကျုံးနှင့် မြစ်ကို တစ်ဆက်တည်း ထားသည်မှာလည်း ရေကြောင်းခံနိုင်ရန်ပြုပုံသဏ္ဌာန်ရှိရှိသည်။

အလောင်းမင်းတရားကြီး သည် အညာတစ်ခွင်ကို စည်းရုံးပြီး၍ ၁၇၅၅ခု၊ ဖေဖော်ဝါရီလ ၌ ပြည်မြို့မှ အဆင့်ဆင့် စုန်ဆင်းခဲ့ရာ မတ်လ(၄)ရက်နေ့ ၌ ကူထွက်ခေါ် လွန်ဆေးမြို့သို့ ရောက်သည်။ မြန်အောင်ဟု အမည်သစ်မှည့်ခေါ်ပြီး စံနေသောအခါ ကနောင်မှ မြို့လတ်ဝန်ဟောင်းက ကန်တော့လက်ဆောင်ဆက်သည်။ ဧပြီ (၈)ရက်နေ့ ၌မြန်အောင်မှ စုန်ဆင်းခဲ့ပြီး ကနောင်ကျွန်းကြီးတွင် ဇေယျာကျွန်းသမုတ်၍ စခန်းချကြောင်း 'ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး' နှင့် 'အလောင်းမင်းတရား အရေးတော်ပုံကျမ်း' တို့တွင် တွေ့ရသည်။ မင်းတရားကြီး စုန်ဆင်းချိန်မှာ နွေရာသီဖြစ်၍ ကနောင်ဘက်ကမ်းတွင် သောင်ထွန်းလျက်ရှိရာ ရေလမ်းသာ၍ မြေခံကာင်းသောကျွန်းကြီးဘက် ၌ ရပ်နားခဲ့ဟန်ရှိသည်။ ကနောင်ကို မြန်အောင်မြို့သူကြီးအား စီရင်လေသည်။ သို့ဖြင့် ထိုအချိန်မှစ၍ ကနောင်မှာ မြို့ဖြစ်သော်လည်း မြို့သူကြီးတစ်ဆင့်ခံ အုပ်ချုပ်သောနယ်မြေအဖြစ် ကျရောက်ခဲ့လေသည်။ ထိုစဉ်က အလောင်းမင်းတရားကြီးအား သွားရောက်ဖူးမြော်သော အိန္ဒိယရှိ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီမှ မြန်မာနိုင်ငံသို့ ရောက်ရှိသော အင်္ဂလိပ်လူမျိုး ဂျော့ဘေကာသည် မင်းတရားကြီးနှင့် နေပြည်တော်တွင်တွေ့ဆုံပြီးနောက် ဟိုင်းကြီးကျွန်းသို့ ဧရာဝတီမြစ်စဉ်အတိုင်း ပြန်စုန်ဆင်းခဲ့ရာ ၁၇၅၅ခု၊ အောက်တိုဘာလ(၁၇)ရက်နေ့ ၌ မြန်အောင်သို့ ရောက်ပြီးနောက်တစ်နေ့ အောင်လံသို့ စုန်သည်။ ထို့ကြောင်းကို မှတ်တမ်းတင်ခဲ့သည်တွင် မြန်အောင်နှင့် မြစ်ဝ (ဧရာဝတီမှ ခွဲထွက်သော ငဝန်မြစ်ဝ) အကြား အနောက်ကမ်းတွင် ရွာငယ်နှစ်ရွာရှိသည်ဟု 'အရှေ့တိုင်းမှတ်တမ်းစု' တွင်ဖော်ပြထားသည်။ အနောက်ဘက်ကမ်း တွင်ရှိနေသော 'ကနောင်နှင့် ငပိဆိပ်'ကို သူ့အမြင်ဖြင့် ရွာငယ်နှစ်ရွာဟု ဆိုခဲ့ခြင်းဖြစ်သည်။ ဘေကာအဆိုအရ ' ထိုဒေသကား အထက်ပိုင်းလောက်မမြင့်၊ နိမ့်သော်လည်း ညီညာသည်။ လူနေရန် ကွက်အကွင်းကောင်းသည်။ အခြားဒေသကဲ့သို့ တောမထူထပ်။ မြေအလွန်ကောင်းသည်။ စပါးကောင်းထွက်သည်။ ပြည်နှင့်မြစ်ဝအကြားတွင် ဤဒေသမှာ အလွန်မြေဩဇာကောင်းသောနေရာဖြစ်၍ တစ်နိုင်ငံလုံးရှိ မြေတွင် အကောင်းဆုံးမြေဖြစ်သည်ဟု ကျွန်ုပ်မှတ်ယူ၏' ဟူသည်။ ၁၇၅၇ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့၌ ရန်ကုန်မှ အလောင်းမင်းတရားကြီး နေပြည်တော် ပြန်သည်။ မင်းတရားကြီးအပြန်ကို တွေ့ရန်လာသော အင်္ဂလိပ်သံ ရောကတ်လတ်စတာသည် ဟိုင်းကြီးကျွန်းမှ မြန်အောင်အထိ ဆန်တက်ခဲ့သည်ကို မှတ်တမ်းတင်သောအခါ'မြန်အောင်ကိုဆန်သည်တွင် ဇူလိုင် လ(၂၈) ရက်နေ့ နေဝင်ချိန် ၌ မြို့ကြီးတစ်မြို့ကို ဖြတ်ရသည်။ မြစ်မှာလည်း ဟိုင်းကြီးကျွန်မှာကဲ့သို့ ကျယ်လှသည်။ အလွန်လည်း ဆန်တက်ရသည်' ဟု မှတ်တမ်းတင်ခဲ့သောနေရာမှာ ကနောင်မြို့ကို ဆိုခြင်းဖြစ်သည်။ ဤအချက်ကို ထောက်ထားလျှင် နှစ်နှစ်အတွင်း ကနောင်မြို့သစ်တည်၍ ပြီးဆုံးခဲ့ပြီး စည်စည်ပင်ပင်သိုက်သိုက်ဝန်းဝန်း ရှိနေပြီဖြစ်ကြောင်း မှန်းဆနိုင်လေသည်။


ကနောင်မှာ မြို့ကြီးအဖြစ် တည်ခဲ့သော်လည်း မြန်အောင်၊ ရေကင်းတို့ကဲ့သို့ အရာရှိကြီးငယ်တို့ ရုံးစိုက်ရာ မြို့ကြီးကား မဖြစ်ခဲ့ချေ။ မြန်အောင်တွင် မြို့ဝန်၊ စစ်ကဲ၊ နာခံများ ထားရှိကြောင်းသာ'အလောင်းမင်းတရားအမိန့်တော်များတွင်' တွေ့ရသည်။ ထိုအချိန်၌ နိုင်ငံတော်အတွင်း ကင်းစောင့်၊ ကင်းနေရာများ ခန့်ထားခဲ့ပြီးဖြစ်ရာကင်းစောင့်များကို ကင်းတွင်သာ နေစေသည်။ ကင်းအားလုံးကို အမတ်ကြီး ဘယသေန ကင်းဝန်အဖြစ် အုပ်ချုပ်သည်။ ကင်းခွန်ကောက်ခံသည်နှင့် စပ်လျဉ်း၍ တောင်းခံမှုများလာဖြင့် လှေသွားကုန်သည်တို့မှာ ဆယ်ခိုင်တစ်ခိုင် ကောက်ခံသည့်အရာသည် ဆင်းရဲကုန်သည်တို့ ကုန်သွားနိုင်မည် မဟုတ်။ ထုံးစံပင် ဖြစ်သော်လည်း ဆယ်ခိုင်တစ်ခိုင် မကောက်စေနှင့်။ လှေတွင် ကုန်တစ်ရာပါလျှင် ကောက်ခံရမည်မှာ ကုန်သည်တို့ အင်အားကို ထောက်ချင့်ဆင်ခြင်၍ သုံးစုစု၍ တစ်ခုလျော့ညံ့၍ ကောက်ခံစေဟု အမိန့်တော်ထုတ်ခဲ့ရသည်။ ကနောင်မြို့ သည် ဆင်ဖြူရှင်မင်းတရားလက်ထက်ရှေ့ကသို့ မြို့ကြီးအဆင့်၊ မြို့လတ်အဆင့် မရတော့ဘဲ ကင်းစားအုပ်သော အဆင့်သို့ ရောက်သွားချေသည်။ ဤသည်မှာ ရှေးမြန်မာမင်းများလက်ထက် အုပ်ချုပ်ရေး အပြောင်းအလဲ စီမံခန့်ခွဲရေး ပြုပြင်မှုသဘောကို အကဲခတ်နိုင်သော အချက်တစ်ခု ဖြစ်သည်။ ကင်းစားမောင်နိုးအုပ်သော ကနောင်မြို့တွင် စေတီပုထိုးတို့ကား များလှသည်။


ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်အထိ မြို့စားမင်းသား မထားခဲ့ချေ။ စဉ့်ကူးမင်းလက်ထက်၌လည်း ထို့အတူဖြစ်သည်။ ဗဒုံမင်း ခေါ် ဘိုးတော်ဘုရား နန်းတက်လာသောအခါ ကနောင်မြို့ကို တောင်ဆောင်တော် မိဖုရားနှင့်ရသော သမီးတော် သီရိသုမင်္ဂလာ ဒေဝီအား စားစေသည်။ ထိုမင်းသမီး ပုသိမ်မင်းသားနှင့် စုံဖက်သွားပြီးနောက် မင်းတရားသည် သားတော်ငယ် မောင်သာထွန်းအောင် (သီရိသုမဂင်္လာဒေဝီ၏ မောင်အငယ်ဆုံး)ကို ကနောင်မြို့အား စားစေသည်။ မောင်သာထွန်းအောင်သည် ကနောင်မင်းသား ဖြစ်လာကာ သတိုးမင်းလှကျော်ခေါင်ဘွဲ့ရသည်။ နောင်အခါ စလွယ်(၁၈) သွယ်ရမင်းသားကြီးဖြစ်လာကာ ဗဒုံမင်းကို ဆက်ခံသော စစ်ကိုင်းမင်း ခေါ် ဘြကီးတော်ဘုရားလက်ထက် ၌လည်း ကနောင်မြို့ကို သီရိဓမ္မရာဇာဘွဲ့နှင့် ဆက်စားခဲ့ရသည်။ စစ်ကိုင်းမင်းက သာယာဝတီမင်းအား ထီးနန်းလွဲပေးရသောအခါ ကနောင်မြို့စားဟောင်းဘဝ ကျရောက်သွားပြီး မင်းအမိန့်ဖြင့် နန်းကျဘုရင်အားခစားနေရလေသည်။


သာယာဝတီမင်းက နန်းသိမ်းပွဲတွင် မိဖုရားတစ်ဦးဖြစ်သူ ဟင်္သာတတိုက်စားအား ကနောင်မြို့ကို မြို့စားပေး၍ မြောက်ဆောင်တော် မိဖုရားအဖြစ် ထားရှိသည်။ ထိုမိဖုရားသည် မင်းတရားကြီးနှင့် ရန်ကုန်သို့ စုံဆင်းလာစဉ် ကံကုန်တော်မူခဲ့သည်။ ထိုအချိန်က ကနောင်မြို့နယ်မှာ တောင်ဘက်ရှိ ရွှေကျင်ရွာအနောက်ဘက်အထိ ပါဝင်သည်ဟု 'ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး' တွင် ဖော်ပြထားသည်။


သာယာဝတီမင်းတရား၏ တော်ဆောင်တော်မိဖုရားတွင် သားတော်နှစ်ပါးရှိရာ သားတော်အငယ်သည်နောင်သောအခါ မြန်မာရာဇဝင်၌ ထင်ရှားသော ကနောင်မင်းသားဖြစ်သည်။ မိဖုရား ကနောင်စားမရှိသည့် နောက် ပိုင်း၌ မင်းတရားသည် ထိုမင်းသားအား ကနောင်မြို့ စားပေးသည်။ သာယာဝတီမင်း နတ်ပြည်စံပြီးနောက် ပုဂံမင်းလက်ထက်၌ ကနောင်မင်းသားအား သတိုးမင်းရဲကျော်ထင်ဘွဲ့ ရှေးဦးစွာ ပေးလျက် မြကာမြင့်မီ သီရိသုမဟာဓမ္မရာဇာဘွဲ့ပေးသည်။ ၁၈၅၂ ခုနှစ်၌ မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့က ပုဂံမင်းကို ခြားနား၍ မင်းတုန်းမင်းသား နန်းတက်ခဲ့သည်။ ဤသည်ကိုကြည့်လျှင် ကုန်းဘောင်ခေတ်၌ ကနောင်မင်းသားနှစ်ပါးရှိသည်မှာ ဘိုးတော်ဘုရားနှင့် ဘြကီးတော်မင်းလက်ထက် ကနောင်မင်းသားနှင့် သာယာဝတီမင်း၊ ပုဂံမင်းတို့လက်ထက် ပေါ်ထွန်းသော ကနောင်မင်းသားတို့ ဖြစ်ကြသည်။ ပထမပုဂ္ဂိုလ်သည် ကနောင်မြို့ကို နှစ် (၃၀)ခန့် အပိုင်စားအုပ်ချုပ်ခဲ့ပြီး ဒုတိယပုဂ္ဂိုလ်သည် (၁၀) နှစ်ခန့် အုပ်ချုပ်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Google Earth