လပွတ္တာမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
လပွတ္တာမြို့
မြို့
Laputta, Myanmar.jpg
လပွတ္တာမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လပွတ္တာမြို့
လပွတ္တာမြို့
ရေကြည်မြို့ တည်နေရာ
ကိုဩဒိနိတ်: 16°08′48″N 94°45′49″E / 16.14667°N 94.76361°E / 16.14667; 94.76361ကိုဩဒိနိတ်: 16°08′48″N 94°45′49″E / 16.14667°N 94.76361°E / 16.14667; 94.76361
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး
ခရိုင် လပွတ္တာခရိုင်
မြို့နယ် လပွတ္တာမြို့နယ်
လူဦးရေ (၂၀၁၀)[၁]
 • စုစုပေါင်း ၄၆၁၇၀
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6:30)

လပွတ္တာမြို့သည် ဧရာဝတီတိုင်းဒေသကြီးလပွတ္တာခရိုင်လပွတ္တာမြို့နယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။ ဧရာဝတီမြစ်မှ အဆင့်ဆင့် ခွဲထွက်လာသော ရွေးမြစ်၏ အနောက်ဘက်ကမ်း၌ မြောက် လတ္တီတွဒ် ၁၆ ဒီဂရီ ၈ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၉ မိနစ် ဆုံရာအရပ်တွင် အရှေ့နှင့်အနောက် အလျား လိုက် တည်ရှိသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တောင် ဘက် အစွန်ဆုံးကျသောမြို့ ဖြစ်သည်။ ရွေးမြစ်သည် လပွတ္တာ မြို့ တောင်ဘက်သို့ မိုင် ၂ဝ ခန့် စီးဆင်း၍ ဗင်္ဂလားပင်လယ် ၏ တစ်စိတ်တစ်ဒေသဖြစ်သော ကပ္ပလီပင်လယ်ထဲသို့ စီးဆင်း သည်။ လပွတ္တာမြို့နယ်၏ နယ်နိမိတ်မှာ မြောက်လားသော် ကန်ဘဲ့၊ အရှေ့လား သော် ပြင်စလူမြစ်၊ တောင်လားသော် ကပ္ပလီပင်လယ်၊ အနောက်လားသော် သက်ကယ်သောင်မြစ် ဖြစ်သည်။

အထွေထွေ စီရင်အုပ်ချုပ်ရေးအလို့ငှာ မြို့ပိုင်ရုံး၊ တရား စီရင်ရေးအလို့ငှာ တရားမနှင့် ၁-ရာဘက် ရာဇဝတ်တရားသူ ကြီးရုံးဟူ၍ ရုံးနှစ်ရုံးကို တစ်ပေါင်းတည်း ပြုထားသော လပွတ္တာမြို့နယ်ရုံးသည် မြို့မြောက်ပိုင်းတွင် တည်ရှိသည်။ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ တပ်ရင်း (၉၃)၏ တပ်ခွဲရုံး၊ ကြိုးမဲ့ ကြေးနန်းရုံး၊ စာတိုက်၊ ဆေးရုံ၊ အစိုးရ အထက်တန်းကျောင်း တို့လည်း အသီးအသီးရှိသည်။

ရှေးလူကြီးသူမများ လက်ထက်က စ၍ တည်ထောင်ထား သော ဘုန်းကြီးကျောင်းများမှာ အထက်(အရှေ့)ပိုင်းမှ စ၍ အောက်(အနောက်)ပိုင်းအထိ အစဉ်လိုက် ရေတွက်သော် ဗောဓိ ကျောင်း၊ ဝါးကျောင်း၊ ကမ္မဋ္ဌာန်း ကျောင်း၊ လေးထပ်ကျောင်း ဟူ၍ဖြစ်သည်။ လပွတ္တာမြို့အနောက်ဘက် လပွတ္တလုပ် သွားရာ လမ်း ဘုရားသုံးဆူအနီးရှိ တောရကျောင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်ခန့်က တည်ထောင်သည့်ကျောင်း ဖြစ် သည်။ အထက်ပိုင်း ဗောဓိကျောင်း၌ တာဝတိံသာ စင်္ကြံနှင့် ဘုရားရှိသည်။ ရှေးက ထိုကျောင်းဝင်းတွင် ဝါဆိုလျှင် တာဝတိံ သာတက်ပွဲ၊ ဝါကျွတ်လျှင် တာဝတိံသာဆင်းပွဲတို့ကို ကျင်းပ လေ့ ရှိသည်။ ယခု ဤဘုရားပွဲ ကျင်းပသော ဓလေ့မှာ တိမ် ကောစပြုလာပြီ။ သို့သော် အထက်ပိုင်း အောင်တော်မူ ဘုရားပွဲ နှင့် အောက်ပိုင်း သကျမာရဇိန် ဘုရားပွဲတို့မှာကား နှစ်စဉ် ကျင်းပမြဲ ကျင်းပလျက်ရှိသည်။

လပွတ္တာမြို့၏ ပဓာနစီးပွားရေးလုပ်ငန်းမှာ စပါးစိုက်ပျိုး ရေး ဖြစ်၏။ လွန်ခဲ့သော ၃၅ နှစ်ခန့်က လပွတ္တာမြို့အောက် ပိုင်း ဆားချင်း (ဆားကျင်း) ချောင်း တစ်ဖက်ကမ်းတွင် ဆန်စက်တစ်လုံးကို စတင် တည်ထောင်ခဲ့သည်။ ယခုမှာမူ လပွတ္တာမြို့အထက်ပိုင်း၊ အောက်ပိုင်း စသည်တို့တွင် ဆန်စက် ခြောက်လုံး ရှိသည်။ လပွတ္တာမြို့နယ်အတွင်း ဘီတွတ်၊ ကန်ဘဲ့ စသည့် အရပ်တို့၌လည်း ဆန်စက်အများရှိသည်။ ဆန်စပါး လုပ်ငန်းအပြင်၊ ငါးပိနှင့် ဆားလုပ်ငန်းများမှာလည်း ဒုတိယ အရေးကြီးသော လုပ်ငန်းများ ဖြစ်ကြ၏။ ယခုခေတ်၌ ငါးပိ လုပ်ငန်းကို လျှပ်စစ်အားဖြင့် မောင်းနှင်သော ငါးပိကြိတ်စက် များဖြင့် လုပ်ကိုင်လျက်ရှိရာ မြို့ပေါ်တွင် ငါးပိကြိတ်စက်အများ ရှိသည်။ဆားလုပ်ငန်းကို မြို့ပေါ်၌ ဆားဖိုသူကြီးတို့က ကြီးကြပ် အုပ်ချုပ် လုပ်ကိုင်ကြသည်။ ဆားချင်း(ဆားကျင်း)၊ သင်္ကန်း ကျွန်း၊ ပြင်စလူ၊ စလူဆိပ်၊ ဆားချက် စသည့် ဒေသတို့တွင် ဆားအမြောက်အမြား ချက်ကြသည်။

ရွေးမြစ်၊ ပြန်မလောမြစ်၊ ပြင်စလူမြစ်၊ ကကရန်မြစ် စသော မြစ်ဝဒေသများတွင် ကနစို၊ မြင်းက စသော သစ်တော များ ရှိသည်။ ထိုသစ်တောတို့ကို အမှီပြု၍ ထင်းလုပ်ငန်းလည်း ကြီးကျယ်သည်။ ကနစို ထင်း၊ မြင်းကထင်းတို့ကို ရှေးက ဧရာဝတီ မီးသင်္ဘောကုမ္ပဏီလီမိတက်၊ ယခု ပြည်တွင်း ရေ ကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့တို့က အများအပြား သုံးစွဲ သည်။ ထိုထင်းများကို ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချ သည်။ ယခုမှာမူ လပွတ္တာမြို့နယ်မှ ထွက်သော ထင်းကို ဆားဖိုများက အသုံးများသည်။

လပွတ္တာမြို့သည် မူလက ဆားချက်သော ရွာကလေး တစ်ရွာမျှသာ ဖြစ်သည်။ ဆားချက်လုပ်ငန်းနှင့် ယှဉ်၍ တံငါ အလုပ်ကိုလည်း လုပ်ကြသည်။ လပွတ္တာမြို့မှ အနောက်ဘက် ဆားချင်းချောင်းသည် ရှေးက အလွန်ရေငန်သောချောင်း ဖြစ် သည်။ ပင်လယ်ရေသည် လပွတ္တာမြို့အထက်သို့တိုင်အောင် ဝင်သည်။ထိုကြောင့် ရှေးလူကြီးများသည် ဆားချင်းချောင်းကို အမှီပြု၍ မြန်မာဆားအိုးကြီးများဖြင့် ဆားချက်ကြသည်။ နောင်အခါတွင် လယ်ကွင်းထဲ ဆားရေသွင်း၍ ဆားဖိုများနှင့် ဆားချက်ကြသည်။

ရွေးမြစ်သည် မိုးဥတုရာသီ၌ အလွန် လှိုင်းလေပြင်းထန် သည်။ သို့သော် ဆားချင်းချောင်းသည် လေမိုးခိုရန် ကောင်း သည်။ လပွတ္တာရွာတွင်းရှိ ကုန်းတန်းသည်လည်း ရေချို ရေ ကောင်း ရရာအရပ်ဖြစ်သည်။ ထိုကြောင့် ဤအရပ်ကို မှီ၍ ရွာသူရွာသားတို့သည် ပင်လယ်ငါး၊ ပုစွန်၊ မျှင် စသည်တို့ကို မောင်းထောင်ခြင်း၊ မြုံးထောင်ခြင်း၊ ပိုက်ချခြင်းတို့ဖြင့် ဖမ်းယူ ကြသည်။ ဤလုပ်ငန်းတို့သည် ဆားလုပ်ငန်းနှင့် ယှဉ်၍ ဖွံ့ဖြိုး လာသောအခါ လပွတ္တာငါးပိလုပ်ငန်းသည် ကြီးကျယ်လာလေ သည်။ ရှေးအခါက ရွာပေါ်မှာပင် ငါးပိလုပ်ကြသည်။ သို့သော် လပွတ္တာမြို့ဟု ကျေညာလိုက်သောအခါ ငါးပိလုပ်ငန်းသည် ဆားချင်းချောင်းတစ်ဖက်ရှိ ငါးပိဆိပ်သို့ ရွေ့ပြောင်းပေးရသည်။ ယခုခေတ်၌ ဓမင်းထောင်ခြင်း၊ မြုံးထောင်ခြင်းအလုပ်တို့ကို လပွတ္တာမြို့ တောင်ဘက် ရွေးမြစ်ဝရှိ ကျေးရွာများ၌ လုပ်ကြ သည်။

၁၈၆၉ ခုနှစ်တွင် ဆူးအက်တူးမြောင်း လမ်းပွင့်သောအခါ ငါးပိလုပ်ငန်းကိုသာ အဓိကထားခဲ့သော လပွတ္တာဒေသသည် စပါးစိုက်ပျိုးရေးကို ချဲ့ထွင်လုပ်ကိုင်လာသည်။ ၁၉၁၄-၁၈ ခုနှစ် ပထမ ကမ္ဘာစစ်အတွင်း ၌ ယင်းစပါးစိုက်ပျိုးရေးလုပ်ငန်း သည် အထူးတိုးတက်ဖွံ့ဖြိုးလာလေသည်။ မြေမှာ နုံးတင် မြေသစ် ဖြစ်လေရာ တာတမံလုံလျှင် အလွန်မြေဩဇာကောင်း သည်။ ထိုကြောင့် ထိုခေတ်မှ စ၍ တောင်သူလယ်သမားတို့ သည် မြေသစ်များကို ခုတ်ထွင်ရှင်းလင်း၍ လယ်သစ်တီကြ သည်။

ထိုသို့ လယ်သစ်တီရာမှ လပွတ္တာသည် တစ်စတစ်စ ကြီး ပွားတိုးတက်လာသည်။ ဗြိတိသျှအုပ်ချုပ်ရေး လက်ထက်တွင် လပွတ္တာရွာသည် ၁၈၇၆-၇၇ ခုနှစ်၌ ပထမဦးစွာ သန်းခေါင် စာရင်းကောက်ခြင်းကို ခံရသည်။ ထိုစဉ်က လပွတ္တာရွာ၏ လူဦးရေသည် ၁၂၁၁ ယောက် ဖြစ်သည်။ မြောင်းမြမြို့၏ လူဦးရေသည်ပင်လျှင် ၁၇၁၅ ယောက်မျှသာ ရှိသေးသည်။ ၁၉၁၂ ခုနှစ်ရောက်သော် လပွတ္တာရွာ၏ လူဦးရေမှာ ၁၅၂၅ ယောက် ဖြစ်လာသည်။ ထိုနောက် မြန်မာနိုင်ငံတွင် ဆယ်နှစ် တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ခံခြင်းသည် အတည်တကျ ဖြစ်လာသည်။ ၁၉၂၁ ခုနှစ်တွင် လပွတ္တာမြို့၏ လူဦးရေသည် ၁၉ဝ၇၊ ၁၉၃၁ ခုနှစ်တွင် ၂၆၈၄ ဟူ၍ ဖြစ်လေသည်။ ထိုနောက် ဒုတိယကမ္ဘာစစ်ကြောင့် သန်းခေါင်စာရင်း မရှိ ဖြစ်ခဲ့သည်။ သို့သော် ၁၉၅၃ ခုနှစ် စာရင်းအရမှာ လူဦးရေ ၁၂၈၄၃ ယောက်အထိ တိုးလာသည်။

မူလက လပွတ္တာရွာကို တည်သောအခါ ယခု တောရ ကျောင်းအနီးရှိ ဘုရားသုံးဆူအရပ်မှ စ၍ တည်သည်ဟု ယူဆ ရန် ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်ခန့်က ဘုရား သုံးဆူကို သိုက်သမားများ တူးသောအခါ မွန်ကျောက်စာများကို တွေ့ရသည်။ သို့သော် ထိုကျောက်စာများသည် အထိန်းအသိမ်း မရှိ၍ ပျောက်ပျက်သွားပြီ ဖြစ်သည်။ လပွတ္တာရွာသည် မွန်ရွာ ဖြစ်သည်။ လပွတ်ဟူသော စကားမှာ မွန်ဘာသာ လပတ်၏ ပုဒ်ပျက်ဖြစ်၍ မြစ်နှစ်သွယ်ကို ဆက်ထားသော ရေကျော်ဟု အဓိပ္ပာယ်ရသည်။မွန်ဘာသာ တာဟူသော စကားမှာ မြန်မာ လို ထန်းဖြစ်သည်။ ထိုစကားရပ်ပေါင်းသော် ထန်းပင်ရေကျော် ဟု အဓိပ္ပာယ်ရသည်။ ဗြိတိသျှတို့၏ မှတ်တမ်းတွင် ယခု ဆားချင်းချောင်းကိုပင် လပွတ္တာချောင်းဟု အမှတ်သညာ ပြု သည်။ ထိုလပွတ္တာချောင်းသည် အနောက်ဘက် သက်ကယ် သောင်မြစ်ကို အရှေ့ဘက် ရွေးမြစ်နှင့် ဆက်သွယ်ပေးသည်။ ထိုကြောင့် ထန်းပင်ကျော် (လပွတ္တာ)ဟူသော ဗျူပ္ပတ်သည် ယုတ္တိရှိသည်။ လပွတ္တာအနောက်ဘက် လေးမိုင်ကွာခန့်တွင် လပွတ္တလုပ်(ရှေးအခေါ် လပွတ္တာရုပ်) ရွာရှိသည်။ လပွတ္တာနှင့် လပွတ္တလုပ် အကြားတွင် ရှင်စောပု တည်ထားသည်ဟု ဆိုသော လပွတ္တလုပ်စေတီ ရှိသည်။

ဇမ္ဗူဒီပ ဥဆောင်းကျမ်းပါ စစ်တမ်းများတွင် ပန်းမဝတီ မြစ် အရှေ့ဘက်ကို မြောင်းမြနယ်၊ အနောက် ဘက်ကို ပုသိမ် နယ်ဟု မြန်မာမင်းအဆက်ဆက်တို့ သတ်မှတ်ကြောင်း ဆို သည်။ လပွတ္တာည် ပန်းမဝတီနှင့် ဆက်သွယ်သော သက်ကယ် သောင်၏ အရှေ့ဘက်ကျသဖြင့် မြန်မာမင်းများ လက်ထက် ကပင်လျှင် မြောင်းမြနယ်ထဲ၌ ပါဝင်ခဲ့ပေမည်။ ၁၈၅၆ ခုနှစ် ဗြိတိသျှတို့ မြန်မာနိုင်ငံ အောက်ပိုင်းကို သိမ်းပိုက်သောအခါ လပွတ္တာရွာသည် မြောင်းမြမြို့နယ်ထဲ၌ အကျုံးဝင်၍ ပုသိမ် ခရိုင်ထဲတွင် ပါဝင်သည်။ ၁၈၈၁ ခုနှစ်တွင် ယခု သင်္ဘောဆိပ် နေရာ၌ နယ်လှည့် မြို့အုပ်တို့ ရုံးထိုင်ရန် ရုံးအဆောက်အအုံကို တည်ဆောက်ခဲ့သည်။ ၁၈၉၂ ခုနှစ် လေကြီးမိုးကြီး လာသော အခါ ထိုရုံးသည် ပြိုလဲလေသည်။ ထိုကြောင့် ယခုဗိုလ်တဲဟု ခေါ်သော မင်းတဲကို နောက်ထပ်ဆောက်သည်။ မြောင်းမြ နယ်ကို ပုသိမ်ခရိုင်မှ ခွဲထုတ်၍ မြောင်းမြခရိုငု် ဖွဲ့စည်းသော အခါ လပွတ္တာရွာသည် မြောင်းမြမြို့အပိုင် ဖြစ်လာသည်။

၁၈၉၂-၉၃ ခုနှစ်တွင် လပွတ္တာရွာမြေကို စတင်သတ်မှတ် သည်။ ၁၉၁၇ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့စွဲ အထွေ ထွေဌာန အမိန့်ကြော်ငြာအမှတ် ၃၁၅ အရ လပွတ္တာကို မြောင်းမြမြို့နယ်မှ ခွဲထုတ်၍ လပွတ္တာမြို့နယ်ဟု သတ်မှတ် သည်။ ၁၉၁၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့စွဲ အထွေထွေ ဌာန အမိန့်ကြော်ငြာအမှတ် ၁၂၇ အရ (နောင်သောအခါ သတိုးသီရိသုဓမ္မဖာနီဗယ်ဟု တွင်သော) မြောင်းမြအရေးပိုင် မစ္စတာဂျေအက်(စ)ဖာနီဗယ် လက်ထက်တွင် လပွတ္တာရွာကို လပွတ္တာမြို့ဟု ကျေညာသည်။ မြို့တည်စက လပွတ္တာမြို့၏ အကျယ်အဝန်း ဝ.၉ စတုရန်းမိုင် ရှိသည်။ ၁၉၂၁ ခုနှစ်၌ ကျေးရွာကိုယ်ပိုင်အုပ်ချုပ်ရေး အက်ဥပဒေအရ လပွတ္တာဈေး၊ ဆေးရုံ၊ စာသင်ကျောင်းတို့ကို မြောင်းမြခရိုင် ကောင်စီနှင့် ကျောင်းဘုတ်အဖွဲ့တို့က အုပ်ချုပ်သည်၊ ၁၉၂၅ ခုနှစ် ယခု ရှိရင်းစွဲ မြို့နယ်ရုံးကို ဆောက်လုပ် ပြီးစီးသည်။ ၁၉၂၇ ခုနှစ် တွင် လပွတ္တာမြို့နယ်ထဲမှ ကန်ဘဲ့မြို့နယ်ကို ခွဲထုတ်သည်။ သို့သော် ၁၉၃၁ ခုနှစ်တွင် ကန်ဘဲ့မြို့နယ်ကို ပြန်လည် ဖျက်သိမ်း၍ လပွတ္တာမြို့နယ်ထဲသို့ ပြန်သွင်းသည်။ ၁၉၄၈ ခုနှစ်တွင် လပွတ္တာမြို့မြေကို ပြန်လည်သတ်မှတ်သောအခါ အကျယ်အဝန်းမှာ ဝ.၇၃ စတုရန်းမိုင် ဖြစ်လာလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Myanmar: largest cities and towns and statistics of their population:calculation 2010"။ Archived from the original on 2012-09-19။ World Gazetteer
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)