မအူပင်မြို့

ဝီကီပီးဒီးယား မှ
မအူပင်မြို့
မြို့
မအူပင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မအူပင်မြို့
မအူပင်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 16°43′49″N 95°38′58″E / 16.73023°N 95.6494°E / 16.73023; 95.6494ကိုဩဒိနိတ်: 16°43′49″N 95°38′58″E / 16.73023°N 95.6494°E / 16.73023; 95.6494
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်မအူပင်ခရိုင်
မြို့နယ်မအူပင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မအူပင်မြို့သည် ဧရာဝတီတိုင်းဒေသကြီးတွင် ပါဝင်သော မအူပင်ခရိုင်မအူပင်မြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် တိုးမြစ်၏ လက်ယာဘက်ကမ်းပေါ်၌ တည်ရှိ၍၊ ရန်ကုန်မြို့မှ ၄၆ မိုင်မျှသာဝေးသောကြောင့် ရန်ကုန်နှင့် နေ့ချင်းပြန် ခရီးပေါက်ရကား အသင်းအဖွဲ့များသည် ရန်ကုန်မှ မအူပင်မြို့သို့ အပန်းဖြေ နေ့ချင်းပြန်ပျော်ပွဲစားယင်း ခရီးအဖြစ် တပျော်တပါးသွားလာတတ်ကြပေသည်။ မအူပင်မြို့သည် ခရိုင်ဝန် ရုံးစိုက်သောမြို့ဖြစ်သည့်အလျောက် ခရိုင်အုပ်ချုပ်ရေး အရာရှိကြီးများ၏ ရုံးများ၊ ဆေးရုံ၊ အထက်တန်းကျောင်းများနှင့် အကျဉ်းထောင် စသည်တို့ရှိသည်။ မအူပင်မြို့၏ မြူနီစီပယ်အုပ်ချုပ်ရေးကို ခရစ် ၁၈၈၈ ခုနှစ်တွင် စတင်ခဲ့၍ မြို့ရွာသန့်ရှင်း စည်ပင်ရေးကို ဆောင်ရွက်ခဲ့သည်။ မအူပင် ဆိပ်ကမ်းတွင် များသောအားဖြင့် မြစ်ဝကျွန်းပေါ်ရှိ မြို့ကြီးများသို့သွားသောသင်္ဘောများသည် လည်းကောင်း၊ မန္တလေးသို့သွားသော သင်္ဘောများသည် လည်းကောင်း ဆိုက်ကပ်သောကြောင့် စည်ကားသော ဆိပ်ကမ်းမြို့ဖြစ်သည်။

မအူပင်မြို့မှ ငှက်ပျောသီးသင်္ဘောသီး စသည့် ဟင်းသီးဟင်းရွက်များနှင့် ပုဇွန်ငါးသလောက် စသည့်သားငါးများ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ၏။ ဆန်စပါးလုပ်ငန်းနှင့် ငါးပိငါးခြောက် လုပ်ငန်းလည်း ထွန်းကား၏။ သို့သော် ရှေးကတည်းကပင် မအူပင်မြို့သည် ခြင်ပေါသည်ဟု နာမည်ရသောမြို့ဖြစ်၏။

မအူပင်မြို့မှ ခရိုင်အတွင်းရှိ မြို့များသို့ သွားလာရာတွင် ရေလမ်းကို အားကိုးရ၏။ မအူပင်မှ အနောက်ဘက် ၉ မိုင်ကွာဝေး သည့် ရေလဲကလေးရွာသို့ ကျောက်ခင်းလမ်းရှိ၏။

မအူပင်မြို့၏ လူဦးရေမှာ ၁၉၆၂ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်းအရ ၂၄၂၄၁ ဖြစ်၏။ ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးမှာ အများစုဖြစ်သည်။ မအူပင်မြို့တွင် ထင်ရှားသော ဘုရားမှာ ရွှေဘုန်းမြင့်စေတီ ဖြစ်၏။ မအူပင်မြို့သည် ရှေးအခါက တံငါရွာကလေးမျှသာဖြစ်၏။ ခရစ် ၁၈၇၆ ခုနှစ်တွင် မအူပင်ကို သုံးခွခရိုင်၏ ရုံးစိုက်မြို့အဖြစ် ရွေးချယ်လိုက်သည်။ ၁၉ဝ၃ ခုနှစ်တွင် ခရိုင်နယ်ပယ်များ ပြန် လည်ဖွဲ့စည်း၍ သုံးခွခရိုင်ကို မအူပင်ခရိုင်ဟု အမည်ပြောင်း လိုက်သောအခါ မအူပင်ခရိုင်၏ ရုံးစိုက်မြို့ဖြစ်လာသည်။ ထိုနောက်တွင် မြို့သည်လည်း တဖြည်းဖြည်း စည်ကားတိုးတက် လာခဲ့၏။

မအူပင်မြို့ဟု အမည်တွင်ရခြင်းအကြောင်းမှာ မြို့တွင်းရှိ မအူပင်ကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်သည်ဟု ဆို၏။ ထိုအပင်သည် ရှေးဂျင်မခါနာကလပ်အနီးတွင် ရှိ၏။ မူရင်းအပင်မှာ ညောင်ပင်တစ်ပင်က မျိုလိုက်သောကြောင့် သေသွားခဲ့၏။ သို့သော် ၁၉ဝဝ ပြည့်နှစ်တွင် ထိုစဉ်ကအရေးပိုင်ဖြစ်သော မေဂျာ အေ၊ အက်စ်၊ ရောဗတ်က ထိုအပင်ဟောင်းအနီးတွင် မအူပင်သစ်တစ်ပင်ကို ထပ် ၍စိုက်စေသည်။ ထိုမအူပင်၏ အရိပ်အောက်တွင် မြို့စောင့်နတ် ကွန်းရှိလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)