ဆံပင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဆံပင်အနက်ရောင်နှင့် အမျိုးသားတစ်ဦး

ဆံပင်သည် လူ၏ဦးခေါင်းအရေပြားရှိ တွင်းငယ်ကလေး များမှ ပေါက်သည်။ ထိုတွင်းငယ်၏ အောက်ခြေတွင် အဖုငယ် ကလေးရှိသည်။ ဆံပင်၏ အမြစ်သည် ထိုအဖုငယ်ကလေးတွင် တည်ရှိ၏။ ထိုအဖုငယ်ကလေးသည် အရောင်ဖြူ၍နူးညံ့၏။ ဆံပင်တွင်းငယ်၌ အတွင်းနှင့်အပြင်အထပ်များရှိသည်။ အတွင်း ထပ်သည် ဆံပင်အမြစ်နှင့် ကပ်လျက်ရှိပြီးလျှင် ယင်း၌အလွှာ နှစ်ခုရှိသည်။ ထိုအလွှာများကို အမြစ်၏ အပြင်နှင့်အတွင်း အစွပ်များဟု ခေါ်သည်။ အမြစ်မပါသော ဆံပင်၌အတွင်းဖက်မှ အပြင်ဖက်တိုင်အောင် ဆံပင်အူ၊ အကာ၊ အရေပါးရှိသည်။

ထိုအဖုငယ်ကလေးတွင် သွေးလွှတ်ကြောရှိသဖြင့် ဆံပင်ကို သန်အောင်လုပ်ပေးသော ပစ္စည်းသည် သွေးထဲတွင် ပါလာ သည်။ ထိုသွေးကပင် အညစ်အကြေးများကို သယ်ဆောင်သွား သည်။ ဆံပင်ကျွတ်သွားသောအခါ ထိုအဖုငယ်ကလေးမှ ဆံပင် ပြန်လည်ပေါက်လာသည်။ အစဉ်သဖြင့် ဆံပင်မပေါက်ဘဲ ထိပ် ပြောင်နေခြင်းသည် ထိုအဖုငယ်ကလေးများ ပျက်စီးသွားသော ကြောင့်ဖြစ်သည်။

ဆံပင်တွင်းငယ်တိုင်းတွင် အဆီဂလင်းရှိသည်။ ထိုဂလင်း မှ ဆီကဲ့သို့သောအရည်ကို ထုတ်ပေးသဖြင့် ဆံပင်သည် ချော မွတ်နေသည်။ ဆံပင်သည် ခိုင်မာ၍ပျော့ပျောင်း၏။ ထိုပြင် ရုန်းကန်သတ္တိလည်း ရှိသည်။ ဆံပင်တွင် ဆဲကလေးမြောက် မြားစွာ ရှိသည်။ ဆံပင်တွင်းငယ်၌ ကြွက်သားရှိသောကြောင့် ကြောက်လန့်သောအခါ ဆံပင်ထောင်လာနိုင်လေသည်။

ဆံပင်သည် အစဉ်သဖြင့် ကျွတ်ပြီးလျှင်ပြန်ပေါက်သည်။ လူ၏ခေါင်းမှ ဆံပင်သည် ၃ ၄ နှစ်လျှင်တစ်ကြိမ်ကျ အသစ် လဲသည်ဟု ဆိုသည်။ ခေါင်း၌ ဆံပင်မပေါက်ခြင်းသည် ရောဂါ ရှိခြင်းကြောင့်၎င်း၊ အရေပြားအခြေအနေ ညံ့ဖျင်းခြင်းကြောင့် ၎င်း၊ မျိုးရိုးဇာတိကို လိုက်ခြင်းကြောင့်၎င်း ဖြစ်နိုင်သည်။ ကွက်၍ ဆံပင်မပေါက်ခြင်းသည် အားကုန်ခန်းခြင်းကြောင့် လည်း ဖြစ်နိုင်သည်။

လူတစ်မျိုးနှင့်တစ်မျိုးတွင် ဆံပင်အမျိုးအစားချင်း ကွဲလွဲ သည်။ ပမာအားဖြင့် နီဂရိုးလူမျိုးတို့၏ ဆံပင်သည် သိုးမွေးကဲ့ သို့ လိပ်ခွေလျက်ရှိသည်။ မွန်ဂိုးလူမျိုးတို့တွင် ကြမ်း၍သေးငယ် သော ဆံပင်ရှိသည်။ ဩစတြေးလီးယန်း တိုင်းရင်းသားတို့၏ ဆံပင်သည် ထူးခြားစွာ တွန့်လိမ်လျက်ရှိသည်။ ကော်ကေးရှန်း လူမျိုးတို့၏ ဆံပင်သည် အများအားဖြင့် ချောမွှတ်တောက် ပြောင်၍ လှိုင်းကဲ့သို့တွန့်လျက်ရှိသည်။

ဆံပင်၏ လှပခြင်းသည် အထူးသဖြင့် လူ၏ကျန်းမာရေး ပေါ်တွင် တည်ပေသည်။ ဦးခေါင်းရေ သန့်ရှင်း၍ သွေးသည် ကောင်းစွာ လှည့်လည်လျက်ရှိလျှင် ဆံပင်ကောင်းတတ်သည်။ ရောဂါတစ်မျိုးမျိုးဆွဲကပ်သဖြင့် သွေးညစ်ညမ်းလာလျှင် ဆံပင်၌ ထိခိုက်ခြင်းရှိတတ်သည်။ ပမာအားဖြင့် သွေးအားနည်းသူ၏ ဆံပင်သည် အရောင်မရှိဖြစ်တတ်သည်။ ကျန်းမာရေးနှင့်ညီညွတ် စွာ နေထိုင်ခြင်း၊ အိမ်ပြင်ပတွင် ကိုယ်လက်အင်္ဂါလှုပ်ရှားကစား ခြင်း၊ အစားအသောက်ကို မှန်ကန်စွာစားသောက်ခြင်း၊ စိတ်ကို ရွှင်ရွှင်လန်းလန်း ထားခြင်းတို့သည် ကိုယ်ကိုကျန်းမာစေသဖြင့် ဆံပင်၏သဘာဝလှပခြင်းကို အားပေးလေသည်။

ဆံပင်၏ အသွေးအရောင် ခြောက်နေလျှင် ဦးခေါင်းရေကို နှိပ်ပေးသင့်သည်။ နှိပ်ပေးရာတွင် လက်မနှစ်ချောင်းကို နားရွက် နောက်တွင် ထောက်ထားပြီးလျှင် ကျန်လက်ချောင်းများကို ငယ်ထိပ်ပေါ်တွင် ဖြန့်၍ထားကာ၊ ဦးခေါင်းရေကို လှည့်ပေး ရေပေမည်။ ထိုသို့ပြုလုပ်ရာ၌ ဦးခေါင်းရေသာလှုပ်ရှားစေ၍ လက်ချောင်းထိပ်များ ရွေ့မသွားရန် သတိပြုရမည်။ ထိုနည်းဖြင့် ဦးခေါင်းရေ တစ်ခုလုံး၏ နေရာအနှံ့အပြားကို လှုပ်ရှားစေသင့် သည်။ ထိုပြင်လက်ဖဝါးများဖြင့်လည်း ဦးခေါင်းရေကို ဖိ၍နှိပ် ပေးသင့်သည်။ လျော့နေသော ဦးခေါင်းရေကသာ တစ်ရှူးများ တွင် သွေးကို လွတ်လပ်စွာ လှည့်လည်စေမည်။ ဦးခေါင်းရေ တင်းနေလျှင် သွေးသည် လွတ်လပ်စွာ မလှည့်လည်နိုင်သဖြင့် ဆံပင်သည် အမျှင်သေး၍ အားနည်းနေပေမည်။

ဦးခေါင်းရေနှင့် ဆံပင်တို့ သန့်ရှင်းနေစေရန် ခေါင်းကို လျှော်ပေးသင့်သည်။ ဖုံနှင့် မီးခိုးပေါများသည့် မြို့ကြီးများတွင် နေထိုင်သူတို့သည် သန့်ရှင်းသော တောရွာများတွင် နေထိုင်သူ တို့ထက် ပို၍အကြိမ်များများ ခေါင်းလျှော်သင့်ပေသည်။ ထိုပြင် ဆီများသော ဆံပင်ကိုလည်း ဆီခြောက်သော ဆံပင်ထက်ပို၍ အကြိမ်များများ ဆေးလျှော်သင့်ပေသည်။ မည်သို့ပင်ဖြစ်စေ၊ အနည်းဆုံး ရက်သတ္တစ်ပတ်နှစ်ပတ်လျှင် တစ်ကြိမ်ကျ ခေါင်း လျှော်နိုင်လျှင်ကောင်းသည်။ ခေါင်းလျှော်ရာ၌ တရော်ကင်းပွန်း ကို မရနိုင်လျှင် ရေနွေးနှင့် ဆပ်ပြာဖြင့်ပင် လျှော်နိုင်ပေသည်။ အရေးကြီးသည့်အချက်မှာ ဆံပင်နှင့် ဦးခေါင်းရေကို ရေဖြင့် စင်ကြယ်သည့်တိုင် အောင် ဆေးကြောပစ်ရမည်ဖြစ်သည်။ သို့မဟုတ်က ဆပ်ပြာ၌ဖြစ်စေ၊ အခြားကျန်ရစ်သည့် ပစ္စည်း တစ်ခုခု၌ဖြစ်စေ အညစ်အကြေးများ စုဝေးနေတတ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)