သင်္ကန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သင်္ကန်း[ပြင်ဆင်ရန်]

ရဟန်းတို့ ဝတ်ရုံသုံးဆောင်ခြင်းငှာ အပ်သောသင်္ကန်းသည် အမျိုးအစားအား ဖြင့်ခြောက်မျိုးရှိသည်။ ယင်းတို့မှာ
(၁)ခေါမခြည်ဖြင့်ရက်သောသင်္ကန်း၊
(၂)ဝါခြည်ဖြင့် ရက်သော သင်္ကန်း၊
(၃)ပိုးခြည်ဖြင့်ရက်သော သင်္ကန်း၊
(၄)လူမွေး၊သားရဲမွေးတို့မှတစ်ပါးကြွင်းသော သားမွေးတို့ဖြင့်ရက်သော သက္ကလတ်သင်္ကန်း၊
(၅)ပိုက်ဆန်လျှော်ဖြင့် ရက်သောသင်္ကန်း၊
(၆)ခေါမစသောခြည် ငါး မျိုးဖြင့် ရက်သောသင်္ကန်းတို့ဖြစ်သည်။
ထိုပြင်
(၁)ဒုကူလဟုဆိုအပ်သောတစ်စုံတစ်ခုသော လျှော်အထူးဖြင့်ရက်သောဘွဲ့ဖြူသင်္ကန်း၊
(၂) ပဓုဏ္ဏတိုင်းဖြစ် ပိုးခြည်သင်္ကန်း၊
(၃)သောမာရတိုင်းဖြစ်ပိုးခြည်သင်္ကန်း၊
(၄)စိန့်တိုင်းဖြစ်ပိုးခြည် သင်္ကန်း၊
(၅)တန်ခိုးဖြင့်ပြီးသောသင်္ကန်း၊
(၆)နတ်လှူသောသင်္ကန်း၊
ဤခြောက်မျိုးသောသင်္ကန်း တို့သည်လည်းဖေါ်ပြခဲ့ပြီးသော ခေါမစသောသင်္ကန်းမျိုးအားလျော်သည်ဖြစ်သောကြောင့်ရဟန်းတို့ ဝတ်ရုံသုံးဆောင်ခြင်းငှာ အပ်သောသင်္ကန်းများဖြစ်ကြသည်။ ဖော်ပြခဲ့ပြီးသောသင်္ကန်း ၁၂ထည်အနက် ပထမ ခြောက်ထည်ကိုဇာတိ (အမျိုးအစား)သင်္ကန်း၊ ဒုတိယ ခြောက်ထည်ကို အနုလောမ (အလျော်)သင်္ကန်းဟုခေါ်ဆိုကြ သည်။

အနုလောမသင်္ကန်းခြောက်ထည်တွင် ဘွဲ့ဖြူသင်္ကန်းသည် ပိုက်ဆန်လျော်သင်္ကန်းအားလျော်သည်။ ပဓုဏ္ဏ၊သောမာရ၊စိန ဤသုံးထည်သောသင်္ကန်းသည် ပိုးခြည်သင်္ကန်းအားလျော်သည်။ တန်ခိုးဖြင့်ဖြစ်သောသင်္ကန်း၊ နတ်လှူသောသင်္ကန်း၊ ဤသင်္ကန်း နှစ်ထည်သည် ခေါမစသောသင်္ကန်း ခြောက်မျိုးအားလျော်သည်။ စီဝရ(သင်္ကန်း)ဟူသောအမည်သည် သင်းပိုင်၊ ဧကသီ၊ နှစ်ထပ်သင်္ကန်းကြီး ဤသုံးထည်၏ အမည်သာမဟုတ်၊ ရဟန်းအသုံးအဆောင်အဝတ်အထည်မှန်သမျှ စီဝရမည်သည်သာ ဖြစ်၏။

အဓိဋ္ဌာန် (မြဲစွဲစွာဆောက်တည်ခြင်း) ဟုဆိုအပ်သော ဝိနည်းမှု၊ သို့မဟုတ်ဝိကပ္ပနာ (မိမိဥစ္စာ အဖြစ်မှ ကင်းအောင်ပြုခြင်း)ဟုဆိုအပ်သော ဝိနည်းမှုတစ်ခုခုပြုလုပ်၍ သုံးဆောင်ဝတ်ရုံရသော သင်္ကန်းသည် အရွယ်ပမာဏအားဖြင့် ကိုးထည်ရှိသည်။
ယင်းတို့မှာ
(၁)အိပ်ရာခင်း၊
(၂)မျက်နှာသုတ်ပုဝါ၊
(၃)ပရိက္ခာရစောဠ (ထိုထိုကိစ္စ၌သုံးစွဲရန် ပိတ်စ၊ဖျင်စ စသောအဝတ်)၊
(၄)နိသီဒိုင်၊
(၅)အမာလွှမ်း သင်္ကန်း၊
(၆) မိုးရေခံသင်္ကန်း၊
(ရ)သင်းပိုင်၊
(၈)ဧကသီ၊
(၉)နှစ်ထပ်သင်္ကန်းကြီးတို့ဖြစ်ကြသည်။
သင်္ကန်းကိုးထည်အနက် (၁)အိပ်ယာခင်း၊ (၂)မျက်နှာ သုတ်ပုဝါ၊ (၃)ပရိက္ခာစောဠ၊ဤသုံးထည်တို့၌ အကြီးဆုံး အရွယ်ပမာဏသည်မည်မျှရှိရမည်ဟု သတ်မှတ်ချက်မရှိ။ အသေးဆုံးမူကားလက်သမားတောင် (ကိုက်တောင်) အားဖြင့် အလျားတစ်တောင်၊ အနံတစ်ထွာရှိရသည်။ သို့မှသာအဓိဋ္ဌာန်၊ ဝိကပ္ပနာလောက်သည်။ အရေအတွက်အားဖြင့် အိပ်ယာခင်းသည်တစ်တည်သာအပ်သည်။ မျက်နှာသုတ် ပုဝါသည် နှစ်ထည်အပ်သည်။ အပရေဝါဒအားဖြင့် အထည်များစွာအပ်သည်ဟုဆိုသည်။ ပရိက္ခရာ စောဠသည် အရေအတွက်အကန့်အသတ်မရှိ၊အပ်သည်။ (၄)နိသီဒိုင်၊ ရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ်အာဟာရတို့ကို သုံးဆောင်ကြပြီးနောက် သတိသမ္ပဇဉ်ကင်းလျက်အိပ်ပျော်ကြ သည့်အခါ အိမ်မက်မက်၍ သုက်လွှတ်သဖြင့်ကိုယ်ခန္ဓာ၊ သင်္ကန်း၊ကျောင်း၊ အိပ်ရာနေရာတို့ကို သုက်အညစ်အကြေးများ ဖြင့်လူးပေလိမ်းကျံမိကြသည်။ ယင်းကိုမြတ်စွာဘုရားမြင်တော်မူ၍ ကိုယ်ကိုစောင့်ရှောက်စေခြင်း၊ သင်္ကန်းကိုစောင့်ရှောက်စေခြင်း၊ ကျောင်းအိပ်ရာနေရာကိုစောင့်ရှောက်စေခြင်းငှာ နိသီဒိုင်ကို ခွင့်ပြုတော် မူသည်။

နိသီဒိုင်ကိုအိပ်ရာခင်း၊ အိပ်ရာလွှမ်းကဲ့သို့လည်း ခင်း၍လည်းထိုင်နိုင်၊အိပ်နိုင်သည်။ ဆွမ်းစား သည့်အခါ ဆွမ်းဟင်းစက်များမပေမကျံစေရန် တစ်ပိုင်းကိုခင်း၍ အမြိတ်အဆာတို့ကို တင်ပလ္လင်ပေါ်၌ တင်ကာအသုံးပြုကြသည်။ အထူးအားဖြင့်သင်းပိုင်အတွင်း ရှေ့တည့်တည့်ကခံ၍ ဝတ်ဖို့ရန်ဖြစ်သည်။ ဝတ်သည့်အခါ ရှေ့ဘက်ကခံဝတ်လျှင် အလယ်က အမြိတ်စကိုနောက်သို့ ခါးတောင်းကျိုက်သကဲ့သို့လည်းကောင်း၊ နောက်ဘက်ကခံ ဝတ်လျှင်ယင်းအလယ်မြိတ်စကိုပေါင်ကြားမှရှေ့သို့ယူ၍ကြိုး ငယ်ဖြင့်ချည်ကာဝတ်ရသည်။

နိသီဒိုင်၏အကြီးဆုံးအရွယ်ပမာဏမှာ မြတ်စွာဘုရား၏ အထွာတော်ဖြင့်အလျားနှစ်ထွာ၊ အနံ တစ်ထွာခွဲ၊ အမြိတ် အဆာတစ်ထွာရှိရမည်ဟုသတ်မှတ်ချက်ရှိသည်။ မြတ်စွာဘုရား၏အထွာသည် ရှင်စောတစ်ထွာ၊ မဇ်သုံးထွာဟုဆိုသည့်အတိုင်း မဇ္ဈိမပုရိသလူ လတ်တန်းစား၏ သုံးထွာနှင့်ညီမျှသည်။ မဇ္ဈိမပုရိသ၏အထွာ တစ်တောင်သည် လက်သမားတို့၏ အထွာ၊ အတောင် (ကိုက်ထွာ၊ ကိုက်တောင်)နှင့်တူညီသည်။ နိသီဒိုင်သင်္ကန်းသည် ဆရာတော်ဦးဗုဓ်ခေတ်ကပင် သုံးစွဲရိုးအစဉ်အလာကင်းပြတ်ဟန်ရှိသည်။ ဆရာတော်သည် ခုဒ္ဒသိက္ခာနိဿယတွင် ဤနိသီဒိုင်နကားယခုပြုလုပ်ရိုး သုံးဆောင်ရိုး ပြတ်လေပြီဟု မှာတော်မူသည်။ (၅)အမာလွှမ်းသင်္ကန်း၊ ခါးနှင့်ဒူးဆစ်အကြား၌ယားနာ၊ ဝဲနာ၊ သွေးစုနာစသောအရည်ထွက်သည့် အနာများပေါက်လျှင် သင်းပိုင်ကိုပေကျံမည်စိုးသောကြောင့် ထိုအနာများကိုဖုံးလွှမ်း ကာကွယ်ဖို့ ရန်သုံးဆောင်ခွင့်ပြုသောသင်္ကန်းမျိုးဖြစ်သည်။ အမာလွှမ်းသင်္ကန်း၏ အကြီးဆုံးအရွယ်ပမာဏမှာ မြတ်စွာဘုရား အထွာတော်ဖြင့်အလျားလေးထွာ၊ အနံနှစ်ထွာရှိရသည်။ (၆)မိုးရေခံသင်္ကန်း၊ မိုးအခါ၌ ဝဿိကာသာဋိကာ ဟူသောအမည်ဖြင့် အဓိဋ္ဌာန်တင်၍အခြားကာ လ၌ဝိကပ္ပနာ ပြု၍ဖြစ်စေ၊ ပရိက္ခာစောဠ(အသုံးအဆောင်အဝတ်) အဓိဋ္ဌာန် တင်၍ဖြစ်စေ ဆောင်အပ် သောသင်္ကန်းကို မိုးရေခံသင်္ကန်းဟုခေါ်သည်။ ယင်းကိုမိုးရွာသည့်အခါဝတ်၍ (ရေသနုပ်ကဲ့သို့အသုံးချ၍) မိုးရေကိုခံခြင်း၊ ချိုးခြင်းဖြင့် အသုံးပြုရသည်။ မိုးရေခံသင်္ကန်း၏ အကြီးဆုံးအရွယ်ပမာဏမှာ ကိုက်တောင်ဖြင့်အလျားကိုးတောင်၊ အနံခုနစ်တောင်ရှိရသည်။ ယင်းကိုသင်္ကန်းဟုဆိုသော်လည်း သင်္ကန်းရောင်ထွက်အေင် ဆိုးမှအပ်သည်မဟုတ်၊ အဆင်းပျက်ရုံဆိုးကာမျှဖြင့်အပ်သည်။ (ရ)သင်းပိုင်၊(၈)ဧကသီ၊(၉)နှစ်ထပ်သင်္ကန်းကြီး၊ ဤသင်္ကန်းသုံးထည်ကိုတိစီဝရိက်သင်္ကန်း ဟုခေါ်သည်။ တိစီဝရိက်သင်္ကန်းကို ရဟန်းတို့ဝတ်ရုံ သုံးဆောင်ရန် ဘုရားသခင်ခွင့်မပြုမီရှေးအခါကရဟန်းတို့သည် ပံသုကူ သင်္ကန်းများကိုသာဝတ်ရုံသုံးဆောင်ကြသည်။ ရဟန်းတိုအား လူဒါယကာတို့လှူဒါန်းသည့် သင်္ကန်းကိုဝတ်ရုံ သုံးဆောင်ခွင့်ပြုရန် ဆရာဇီဝက ကလျှောက်ထားေ တာင်းပန်ရသည်။ ထိုအခါမှ ရဟန်းတို့သည် ပံသုကူ သင်္ကန်းကိုလည်းကောင်း၊ လူဒါယကာတို့လှူဒါန်းသော သင်္ကန်းကိုလည်းကောင်းဝတ်ရုံသုံးဆောင်ကြသည်။ သို့ရာတွင် ထိုစဉ်က စံနစ်တကျဖြတ်ချုပ်၍ ဝတ်ရုံသုံးဆောင်ကြ သည်မဟုတ်သေးပေ။

စံနစ်တကျချုပ်ခြင်း[ပြင်ဆင်ရန်]

အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့မှ ဒက္ခိဏဂိရိဇနပုဒ်သို့ ဒေသစာရီကြွချီတော်မူသည်။ လမ်းခရီးအကြားတွင် လေးထောင့် လယ်ကန်သင်းဖွဲ့သောအလျားမှလည်းကောင်း၊ အနံမှ လည်းကောင်း ရှည်စွာလယ်ကန်သင်းထုတ်ချင်းထွင်း၍ ခရီးလေးဆုံကဲ့သို့ လယ်ကန်သင်းဖွဲ့သောမဂဓ တိုင်းသားတို့၏ လယ်ကွင်းကိုမြင်တော်မူသည်။ ထိုအခါ မြတ်စွာဘုရားက အရှင်အာနန္ဒာအား လယ်ကွင်းပုံစံနည်းပေး ၍ချုပ်လုပ်စီရင် စေတော်မူသည်။

အရှင်အာနန္ဒာသည် မြတ်စွာဘုရား ခိုင်းစေတော်မူ ချက်အရ ရဟန်းများဝတ်ရုံ သုံးဆောင်ရန်အတွက်မြောင်းရှည်၊ မြောင်းတို၊ အိမ်ဝန်းကြီး၊ အိမ်ဝန်းငယ်၊ အလယ်ခေါင်၊ ခေါင်ရံ၊အနားပတ်တို့ကို ဖြတ်သင့်သည်ကိုဖြတ်၊ စပ်သင့်သည်ကို စပ်၍ စံနစ်တကျချုပ်လုပ်စီရင်လေသည်။ ထိုအချိန်မှစ၍ မြောင်း၊ အိမ်စသည်ဖြင့် ဖွဲ့ချုပ်သောသင်္ကန်းကို ရဟန်းတို့ဝတ်ရုံ သုံးဆောင်ကြသည်။

ရဟန်းတို့သည် စံနစ်တကျဖွဲ့ချုပ်သော သင်္ကန်းကို ဝတ်ရုံခွင့်ရပြီးသည့်နောက်ပိုင်း၌ အထည်အရေအတွက် ကန့်သတ်ချက်မရှိသေးသည်ဖြစ်ရကား ရရှိသမျှသင်္ကန်းများကို ဆောင်ကြ၊ ဝတ်ကြသည်။ သို့ဖြစ်၍ မြတ်စွာဘုရားသည် ဝေသာလီပြည် ဂေါတမကမည်သောစေတီပညောင်ပင်၌ သီတင်းသုံး နေတော်မူစဉ် ချမ်းအေးသော ဆောင်းဥတု အခါဖြစ်သည့် တပို့တွဲ၊ တပေါင်းနှစ်လတို့အကြားဖြစ်သော ရှစ်ညဉ့်တို့၌ ဆီးနှင်းကျသည့်ညဉ့်အခါဝယ် လွင်တီးခေါင်၌ ပထမအကြိမ် တစ်ထည်တည်း ခြုံရုံလျက် လည်းကောင်း၊ ဒုတိယအကြိမ်နှစ်ထည်ခြုံရုံလျက်လည်းကောင်း၊ တတိယအကြိမ် သုံးထည်ခြုံရုံလျက်လည်းကောင်း၊ စတုတ္ထအကြိမ် လေးထည် ခြုံရုံလျက်လည်းကောင်း ဆောင်းဥတုအအေးဒဏ်ကို ကိုယ်တော်တိုင်စမ်းသပ်တော်မူသည်။ ထိုနောက် ချမ်းတတ်သော ရဟန်းတို့အတွက် သင်္ကန်းသုံးထည် (လေးထပ်)ရှိလျှင် မျှတနိုင်ပြီဟုအကြံဖြစ်ကာ နှစ်ထပ်သောသင်္ကန်းကြီး၊ တစ်ထပ်သောဧကသီ၊ တစ်ထပ်သောသင်းပိုင် ဤသင်္ကန်း သုံးထည် (တိစီဝရိက်) တို့ကိုခွင့်ပြုတော်မူသည်။ သင်္ကန်းသုံးထည်အနက် သင်းပိုင်၏အရွယ်ပမာဏမှာ (အငယ်ဆုံး) အလျားငါးတောင်ဆုပ်၊ အနံနှစ်တောင်ထွာ၊ သို့မဟုတ် နှစ်တောင်၊ ဧကသီနှင့်သင်္ကန်းကြီး၏ အရွယ်ပမာဏမှာ အလျားငါး တောင်ဆုပ်၊ အနံသုံးတောင်ဆုပ် ရှိရသည်။

ဤသို့ပြဆိုခဲ့သော အတိုင်းအထွာများမှာ သင်္ကန်း ပိုင်ရှင်၏ အတိုင်းအထွာများဖြစ်သည်။ တောင်ဆုပ်ဟူရာ၌ လေးတောင်ကို အပြည့်တောင်၍ နောက်ဆုံးအတောင်ကိုသာ လက်သီးဆုပ်၍ တောင်ရသည်ဟူ၍လည်းကောင်း၊ အတောင် အားလုံးကိုပင် လက်သီးဆုပ်၍ တောင်ရသည်ဟူ၍ လည်းကောင်း၊အယူအဆနှစ်မျိုးရှိသည်။ အကြီးဆုံးအရွယ်ပမာဏမှာ ဘုရားရှင်၏ သင်္ကန်းတော် ပမာဏအောက် လျော့စေရမည်။ ဘုရားရှင်၏ သင်္ကန်းတော်အရွယ်ပမာဏမှာ ဘုရား အတိုင်းအထွာတော်ဖြင့် အလျားလေး တောင်ထွာ၊ အနံသုံးတောင်ရှိသည်။

အခန်း[ပြင်ဆင်ရန်]

သင်္ကန်းချုပ်ရာ၌ ငါးခန်း သော်လည်းကောင်း၊ ငါးခန်းထက် အလွန်သော်လည်းကောင်း ကောင်းစွာဖြတ်တောက်၍ အိမ်ဝန်းကြိီး၊ အိမ်ဝန်းငယ် ဖွဲ့ကာချုပ်ရသည်ဟုဝိနည်းမဟာဝါပါဠိတော်တွင်လာသည်။ ထိုကြောင့်ကြီးသော အနံရှိသောအဝတ်ကိုမဖြတ်ဘဲ ချုပ်ရိုးချုပ် ကြောင်းသာပြ၍မချုပ်ရ။ နှစ်ခန်း၊သုံးခန်း လေးခန်းဖွဲ့ သဖြင့်လည်း မချုပ်ရ။ ငါးခန်း၊ ငါးခန်းထက်အလွန်ဖွဲ့ကာ တလုပ်မြောင်းငယ် စသည်တို့၌ ဖြတ်၍ချုပ်ရသည်။ မူရင်း ပါဠိတော်၌ငါးခန်း၊ ငါးခန်းထက်အလွန်ဟုလာသည်။ အဋ္ဌကထာ ၌ငါးခန်း၊ခုနစ်ခန်း၊ကိုးခန်း၊၁၁ ခန်းဟုပြသည်။ ယောဇနာ၌ကား ဝါသဒ္ဒါဖြင့် ၁၁ခန်း ထက်အလွန် ၁၃ခန်းစသည် တို့ကိုလည်းချုပ်နိုင်ကြောင်းပြဆိုထားသည်။

ဆိုးရည်[ပြင်ဆင်ရန်]

သင်္ကန်းဆိုးရာ၌ အပ်သော ဆိုးရည်တို့မှာ
(၁) နနွင်းဥမှတစ်ပါး အမြစ်ဆိုးရည်အားလုံး၊
(၂)ထန်းကျင့်၊ ပိန်းနဲနွယ်တို့မှတစ်ပါး ပင်စည်ဆိုးရည်အားလုံး၊
(၃)မည်းရွက် ဒန်းရွက်တို့မှတစ်ပါး အရွက်ဆိုးရည်အားလုံး၊
(၄)တောက်ရပ်၊ ကြာပိုင်ခေါက်တို့မှတစ်ပါး အခေါက် ဆိုးရည်အားလုံး၊
(၅)ဝတ်ပန်းပွင့်၊ပေါက်ပွင့်တို့မှတစ်ပါး အပွင့်ဆိုးရည်အားလုံး၊
(၆) အသီးဆိုးရည်အားလုံး ဤဆိုးရည်များသည်အပ်သောဆိုးရည်များဖြစ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)