မာတိကာသို့ ခုန်သွားရန်

သဘာဝပတ်ဝန်းကျင်

ဤဆောင်းပါးသည် ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်သည်။ အသေးစိတ်သိရှိရန် ဤနေရာတွင်နှိပ်ပါ။
ဝီကီပီးဒီးယား မှ

ဩစတြေးလျနိုင်ငံရှိ Hopetoun Falls ရေတံခွန်များ၏ သဘာဝပတ်ဝန်းကျင် လက္ခဏာရပ်များကို မြေယာစီမံခန့်ခွဲမှုဖြင့် ထိန်းသိမ်းထားနိုင်သဖြင့် ခရီးသွားဧည့်သည်များအား လုံလောက်စွာ ဝင်ရောက်လည်ပတ်ခွင့်ပေးထား၏။
ဂြိုဟ်တုမှရိုက်ကူးထားသော ဆာဟာရသဲကန္တာရ ပုံ - ကမ္ဘာ့အကြီးဆုံး အပူပိုင်းသဲကန္တာရ နှင့် ဝင်ရိုးစွန်း ကန္တာရပြီးနောက် ကမ္ဘာ့တတိယအကြီးဆုံး ကန္တာရဖြစ်သည်။

သဘာဝပတ်ဝန်းကျင် သို့မဟုတ် သဘာဝလောကသည် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် သက်ရှိများနှင့် သက်ရှိ-မဟုတ်သည်များ အားလုံးအပါအဝင် အရာခပ်သိမ်းအပေါ် လွှမ်းခြုံထားသည့် လူသားများ ဖန်တီးပြုလုပ်ထားခြင်း-မဟုတ်သော အရာများကို ခေါ်ဆိုခြင်းဖြစ်သည်။ ဤဝေါဟာရအား ကမ္ဘာမြေ သို့မဟုတ် ကမ္ဘာမြေ၏ အချို့သောအစိတ်အပိုင်းများအပေါ် ရည်ညွှန်းသုံးနှုန်းလေ့ရှိသည်။ ထိုပတ်ဝန်းကျင်သည် သက်ရှိမျိုးစိတ်များရာသီဥတုမိုးလေဝသ နှင့် သဘာဝရင်းမြစ်များ စသည့်အရာအားလုံးတို့၏ အပြန်အလှန် အကျိုးသက်ရောက်မှုအပေါ် လွှမ်းခြုံနေပြီး လူသားတို့၏ ရှင်သန်ရေးနှင့် စီးပွားရေးလုပ်ငန်းများအပေါ်သို့လည်း သက်ရောက်မှုရှိလေသည်။[၁]

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အယူအဆအား အစိတ်အပိုင်းများအဖြစ် အောက်ပါအတိုင်းခွဲခြမ်းကြည့်နိုင်သည် -

  • ၎င်းတို့၏ သက်ဆိုင်ရာ သဘာဝနှင့် နယ်နိမိတ်များအတွင်း ဖြစ်ပေါ်နေသည့် သဘာဝပေါက်ပင်များ၊ အဏုဇီဝသက်ရှိများ၊ မြေဆီလွှာ၊ ကျောက်စိုင်ကျောက်သားများလေထု နှင့် သဘာဝဖြစ်စဉ်များ အားလုံးအပါအဝင် ယဉ်ကျေးမှုထွန်းကားပြီး လူသားများ၏ ကြီးကြီးမားမား ဝင်ရောက်စွက်ဖက်မှုမရှိဘဲ သဘာဝအလျောက်ဖြစ်ပေါ်နေသည့် စနစ်များဖြစ်သော ပြီးပြည့်စုံသည့် ဂေဟစနစ်ယူနစ်များ။
  • လေ၊ ရေ၊ ရာသီဥတုတို့သာမက ယဉ်ကျေးမှုထွန်းကားပြီး လူသားတို့၏ လုပ်ဆောင်မှုများမှ ကနဦးအစပြုခဲ့ခြင်းမဟုတ်သော စွမ်းအင်ဓာတ်ရောင်ခြည်လျှပ်စစ်ဓာတ်အားနှင့် သံလိုက်ဓာတ်တို့ကဲ့သို့ ၎င်းတို့၏ သက်ဆိုင်ရာနယ်နိမိတ် တိတိကျကျ ပိုင်းခြားသတ်မှတ်ထားခြင်းမရှိသည့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်ရိုးဖြစ်စဉ်များ နှင့် တလောကလုံးနှင့်သက်ဆိုင်သည့် သဘာဝရင်းမြစ်များ။

သဘာဝပတ်​ဝန်းကျင်​၏ ဆန့်ကျင်ဘက်အရာသည် လုပ်ယူဖန်တီးထားသော ပတ်​ဝန်းကျင်​ဖြစ်​သည်​။ စိုက်ပျိုးမြေများနှင့် မြို့ပြနေရာများအဖြစ် ပြောင်းလဲခြင်းကဲ့သို့သော လုပ်ယူဖန်တီးထားသည့် ပတ်ဝန်းကျင်များကြောင့် သဘာဝပတ်ဝန်းကျင် ရှုခင်းများသည် အခြေခံကျကျ ပြောင်းလဲထားသည့် ရိုးရှင်းသော လူ့ပတ်ဝန်းကျင်အဖြစ်သို့ ပြောင်းလဲသွားပါသည်။ သဲကန္တာရတွင် ရွှံ့တဲ (သို့) နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် ဆောက်လုပ်ခြင်းကဲ့သို့ အလွန်အကျွံပြုလုပ်ထားမှု နည်းပါးသည်ဟု ထင်ရသော လုပ်ရပ်များသည်ပင် ပြုပြင်ထားသော ပတ်ဝန်းကျင်သည် အသွင်ယောင်ဖြစ်လာသည်။ တိရစ္ဆာန်များစွာသည် ၎င်းတို့အတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကိုပေးစွမ်းနိုင်သည့် အရာများကို ဖန်တီးကြသော်လည်း ၎င်းတို့သည် လူသားများမဟုတ်သောကြောင့် ဘီဗာရှဉ့်ဝံများ၏ ရေကာတာများ နှင့် ခြတောင်ပို့များ ကဲ့သို့သော အရာများအား သဘာဝအတိုင်းဖြစ်တည်မှုအဖြစ်သာ ယူဆကြသည်။

လူတို့သည် ကမ္ဘာမြေပေါ်တွင် အလုံးစုံ သဘာဝအတိုင်းဖြစ်တည်နေသည့် ပတ်ဝန်းကျင်ကို ရှာဖွေတွေ့ရှိနိုင်ရန် မဖြစ်နိုင်သောကြောင့် အများအားဖြင့် သဘာဝတရား၏ ဖြစ်တည်မှုသည် ၁၀၀% မှ ၀% အစွန်းတစ်ဖက်ဆီအထိ ကွဲပြားလေသည်။ အန်သရိုပေါ့ဆင်း(န်) (Anthropocene) အဏုယုဂ် ကာလမှ စတင်ခဲ့သည့် လူသားမျိုးနွယ်၏ ကြီးမားသော ပတ်ဝန်းကျင်ပြောင်းလဲမှုများသည် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှု၊ လေထု နှင့် ရေထုများအား ညစ်ညမ်းမှု ဖြစ်စေသော ပလတ်စတစ် ညစ်ညမ်းမှု နှင့် အခြားဓာတုပစ္စည်းများမှ ညစ်ညမ်းမှုများအပါအဝင် သဘာဝပတ်ဝန်းကျင်အားလုံးကို အကျိုးသက်ရောက်စေခဲ့သည်။ ပို၍တိကျစွာဆိုရလျှင် ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်တစ်ခု၏ မတူညီသောသွင်ပြင်လက္ခဏာများ သို့မဟုတ် အစိတ်အပိုင်းများကို သုံးသပ်နိုင်ပြီး ၎င်းတို့၏ သဘာဝအတိုင်းဖြစ်တည်နေမှုသည် တပြေးညီမဟုတ်ကြောင်း သိမြင်နိုင်သည်။[၂] ဥပမာအားဖြင့်၊ စိုက်ပျိုးရေးနယ်ပယ်တစ်ခုတွင် ၎င်း၏ မြေဆီလွှာဖွဲ့စည်းပုံ နှင့် ဓာတ်သတ္တုဖွဲ့စည်းပုံသည် အနှောက်အယှက်ကင်းသော သစ်တောတစ်ခု၏ မြေဆီလွှာနှင့် ဆင်တူသော်လည်း တည်ဆောက်ပုံမှာ အလွန်ကွာခြား၏။

ဖွဲ့စည်းဖြစ်တည်ပုံ[ပြင်ဆင်ရန်]

မီးတောင်ပေါက်ကွဲမှု နှင့် ချော်ရည်စီးကြောင်းတစ်ခုပုံ
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကမ္ဘာမြေ သိပ္ပံ
ကမ္ဘာ့အလွှာ ဖွဲ့စည်းပုံ။ ။ (၁) အတွင်းအူတိုင်၊ (၂) အပြင်အူတိုင်၊ (၃) အောက်ပိုင်း အကာ၊ (၄) အပေါ်ပိုင်း အကာ၊ (၅) ကျောက်သားထု၊ (၆) အပေါ်ယံ မြေမျက်နှာပြင်။

ကမ္ဘာမြေ သိပ္ပံ ပညာရပ်တွင် ယေဘူယျအားဖြင့် ကျောက်ဆောင်ရေလေ နှင့် သက်ရှိ တစ်ခုစီကို ကိုယ်စားပြုသည့် ကျောက်သားထု (Lithosphere)၊ ရေထု (Hydrosphere)၊ လေထု (Atmosphere) နှင့် ဇီဝရပ်ဝန်း (Biosphere) ဟူ၍ ရပ်ဝန်းကြီး လေးခုအနေဖြင့် အသိအမှတ်ပြု သတ်မှတ်ထားသည်။[၃] အချို့သော သိပ္ပံပညာရှင်များက ရေခဲထု (Cryosphere) အား ရေထု (hydrosphere) ၏ ထူးခြားသော အစိတ်အပိုင်းတစ်ခုအဖြစ်လည်းကောင်း၊ မြေထု (သို့) မြေဆီလွှာ (Pedosphere) အား လှုပ်ရှားမှုရှိပြီး ရောနှောနေသော ရပ်ဝန်းအဖြစ်လည်းကောင်း ကမ္ဘာမြေ၏ ရပ်ဝန်း အစိတ်အပိုင်းများအဖြစ် သတ်မှတ်ကြသည်။ ကမ္ဘာမြေသိပ္ပံ (ပထဝီသိပ္ပံ၊ ပထဝီဝင်သိပ္ပံ ဟုလည်း သိရှိထား) သည် ကမ္ဘာဂြိုဟ်နှင့်သက်ဆိုင်သည့် အလုံးစုံသော သိပ္ပံပညာများအတွက် ဝေါဟာရဖြစ်သည်။[၄] ပထဝီဝင်ဘူမိဗေဒဘူမိရူပဗေဒ နှင့် ပထဝီတိုင်းတာခြင်းနှင့် သရုပ်ဖော်ပညာရပ် ဟူ၍ နယ်ပယ်ကြီး လေးခုရှိသည်။ ဤအဓိကပညာရပ်များသည် ရူပဗေဒဓာတုဗေဒဇီဝဗေဒ၊ သက္ကရာဇ်ဗေဒ နှင့် သင်္ချာပညာရပ်တို့ကို အသုံးပြု၍ ကမ္ဘာမြေကြီး၏ အဓိကနေရာများ သို့မဟုတ် ရပ်ဝန်းများနှင့်ပတ်သက်ပြီး အရည်အသွေးနှင့် အရေအတွက်ဆိုင်ရာ နားလည်နိုင်စွမ်းကို တည်ဆောက်ရာတွင် အသုံးပြုကြသည်။

ဘူမိသက်ဝင်လှုပ်ရှားမှု[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပထဝီဝင်

ကမ္ဘာ၏ အပေါ်ယံအခွံမာအလွှာ သို့မဟုတ် လစ်သိုစဖီးယား (Lithosphere) ဟုခေါ်သော ကျောက်သားထုသည် ကမ္ဘာဂြိုဟ်၏ အပြင်ဘက်ဆုံး အစိုင်အခဲ မျက်နှာပြင်ဖြစ်ပြီး ၎င်းနှင့် အောက်ခံအကာသားအလွှာတို့သည် ဓာတုဗေဒနည်းအရရော လည်ပတ်မှုအရပါ ကွဲပြားသည်။ ၎င်းကို ချော်ရည်မှ အေးခဲလာ၍ အစိုင်အခဲ ကျောက်သားထုကို ဖြစ်ပေါ်စေသည့် မီးသင့်ကျောက်ဖြစ်စဉ်များဖြင့် ကြီးမားစွာ ထုတ်လုပ်ထားသည်။ ကျောက်သားထု၏ အောက်တွင် ရေဒီယိုသတ္တိကြွဒြပ်စင်များ ယိုယွင်းပျက်စီးမှုကြောင့် အပူပေးထားသော အကျိတ်အမိုးရှိသည်။ အကာသားအလွှာသည် အစိုင်အခဲဖြစ်သော်ငြား ရောထွေးနေသော အနေအထားတွင်ရှိသည်။ ဤပြောင်းလဲမှုဖြစ်စဉ်သည် ကျောက်သားထု၏ ကျောက်ထုအလွှာများကို ဖြည်းညှင်းစွာရွေ့လျားစေပြီး ၎င်းရလဒ်ကို ဘူမိကျောက်ဖျာများ (Plate Tectonics) ဟုခေါ်သည်။ မီးတောင်များသည် အဓိကအားဖြင့် နုတ်ယူထားသည့် အပေါ်ယံမြေလွှာများ အရည်ပျော်ခြင်း သို့မဟုတ် သမုဒ္ဒရာအလယ်ရှိ ရေအောက်တောင်တန်းများမှ အကာသားအလွှာ တိုးထွက်လာခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ ရေ[ပြင်ဆင်ရန်]

သန္တာကျောက်တန်းများတွင် သိသာထင်ရှားသော အဏ္ဏဝါ ဇီဝမျိုးကွဲများ တည်ရှိသည်။

ရေအများစုကို သဘာဝအတိုင်းတည်ရှိနေသာ ရေထု ပုံစံအမျိုးအစား မျိုးစုံဖြင့် တွေ့ရှိရသည်။

သမုဒ္ဒရာများ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သမုဒ္ဒရာ

သမုဒ္ဒရာသည် ဆားငန်ရေ၏ အဓိကကိုယ်ထည်ဖြစ်ပြီး ရေထု (Hydrosphere) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကမ္ဘာမြေမျက်နှာပြင်၏ ခန့်မှန်းခြေအားဖြင့် ၇၁% (ဧရိယာစတုရန်းကီလိုမီတာ ၃၆၂ သန်းခန့်) သည် သမုဒ္ဒရာများဖြင့် ဖုံးလွှမ်းထားပြီး အစဉ်အလာအတိုင်း အဓိက သမုဒ္ဒရာများစွာနှင့် သေးငယ်သော ပင်လယ်များအဖြစ် ပိုင်းခြားသတ်မှတ်ထားသည့် တစ်ဆက်ဆက်တည်း တည်ရှိနေသာ ရေထုကြီးတစ်ခုပင်ဖြစ်သည်။ ဤဧရိယာ၏ ထက်ဝက်ကျော်သည် ပေ ၉,၈၀၀ ကျော် (မီတာ ၃၀၀၀ ကျော်) နက်ရှိုင်းလေသည်။ ပျမ်းမျှအားဖြင့် ပင်လယ်ရေ၏ အငန်ဓာတ် သည် တစ်ထောင်လျှင် ၃၅ ပိုင်း (parts per thousand - ppt) (၃.၅%) ဝန်းကျင်ရှိပြီး ပင်လယ်ရေအားလုံးနီးပါးတွင် ဆားငန်ပါဝင်မှု ၃၀ မှ ၃၈ ppt အထိရှိသည်။ ယေဘုယျအားဖြင့် သီးခြားသမုဒ္ဒရာများစွာအဖြစ် အသိအမှတ်ပြုလက်ခံထားကြသော်လည်း၊ ၎င်းတို့အားလုံးသည် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ထားသော ဆားငန်ရေကိုယ်ထည်တစ်ခုပင်ဖြစ်၍ ကမ္ဘာ့သမုဒ္ဒရာ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ သမုဒ္ဒရာဟု မကြာခဏ ရည်ညွှန်းကြလေ့ရှိသည်။[၅][၆] နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်များသည် ကမ္ဘာမြေမျက်နှာပြင်ထက်ဝက်ကျော်ရှိပြီး ၎င်းတို့သည် ပြုပြင်မွမ်းမံခံရမှု အနည်းဆုံးသဘာဝပတ်ဝန်းကျင်များထဲတွင် ပါဝင်သည်။ သမုဒ္ဒရာပိုင်းခြားမှုကို တိုက်ကြီးများ၊ ကျွန်းစု အမျိုးမျိုးနှင့် အခြားသတ်မှတ်ချက်များဖြင့် သတ်မှတ်ထားပြီး - ၎င်းတို့မှာ (အရွယ်အစားကြီးစဉ်ငယ်လိုက်အားဖြင့်) ပစိဖိတ်သမုဒ္ဒရာအတ္တလန္တိတ်သမုဒ္ဒရာအိန္ဒိယသမုဒ္ဒရာတောင်ပိုင်းသမုဒ္ဒရာနှင့် အာတိတ်သမုဒ္ဒရာတို့ဖြစ်သည်။

မြစ်ချောင်းများ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြစ်

မြစ်သည် သဘာဝရေစီးကြောင်းတစ်ခုဖြစ်သည်။[၇] များသောအားဖြင့် ရေချိုသည် စမ်းသမုဒ္ဒရာအင်းအိုင်ပင်လယ် သို့မဟုတ် အခြားမြစ်ဆီသို့ စီးဆင်းသွားသည်။ အချို့သော မြစ်များမှာမူ မြေကြီးထဲသို့ ရိုးရိုးရှင်းရှင်း စီးဆင်းသွားပြီး အခြားရေ၏ ထုအတွင်းသို့ မရောက်ဘဲ လုံးဝခန်းခြောက်သွားသည်။

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီပြည်နယ်ရှိ ရော့ကီချောင်း

မြစ်တစ်စင်းမှ ရေထုသည် အများအားဖြင့် ကမ်းနှစ်ခုကြားရှိ မြစ်ကြမ်းပြင်တစ်ခုဖြင့် ဖွဲ့စည်းထားသော ရေစီးကြောင်းတစ်ခုပင်ဖြစ်သည်။ မြစ်ကြီးများတွင် ရေစီးကြောင်းမှ ရေများဖြင့် ပုံဖော်ခြင်းခံထားရသည့် ပိုမိုကျယ်ပြန့်သော ရေလွှမ်းလွင်ပြင် တစ်ခုလည်း ရှိတတ်သည်။ မြစ်ရေစီးကြောင်း၏ အရွယ်အစားနှင့် ဆက်စပ်၍ ရေလွှမ်းလွင်ပြင်များသည် အလွန်ကျယ်ပြန့်နိုင်သည်။ မြစ်များသည် ရေ သံသရာလည်မှု၏ တစိတ်တဒေသဖြစ်သည်။ မြစ်တွင်းရှိ ရေများသည် မိုးရွာသွန်းမှုမှရရှိသော ရေများ၏ မျက်နှာပြင် စီးဆင်းမှုမြေအောက်ရေ ပြန်လည်ဖြည့်တင်းမှု၊ စိမ့်စမ်းများ၊ ရေခဲမြစ်များနှင့် ဆီးနှင်းများစုပုံနေမှုများမှ အရည်ပျော်၍ ရေများထုတ်လွှတ်မှုများမှတစ်ဆင့် ယေဘုယျအားဖြင့် စုဆောင်းလာကြခြင်းဖြစ်သည်။

မြစ်ငယ်များကို စမ်း၊ ချောင်း စသည်ဖြင့် အခြားအမည်များစွာဖြင့်လည်း ခေါ်ဝေါ်နိုင်သည်။ ၎င်းတို့၏ ရေစီးဆင်းရာလမ်းကြောင်းအား ရေအောက်ကြမ်းပြင်နှင့် ကမ်းပါးများဖြင့် သတ်သတ်မှတ်မှတ်ဖြစ်ပေါ်နေလေသည်။ ရေစီးကြောင်းများသည် အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲနေသော သက်ရှိများ နေထိုင်ရာအရပ်များကို ချိတ်ဆက်ရာ၌လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်လည်းကောင်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ယေဘုယျအားဖြင့် ချောင်းများနှင့် ရေလမ်းကြောင်းများကို လေ့လာခြင်းအား အပေါ်ယံမျက်နှာပြင် ဇလဗေဒ ဟုခေါ်သည်။[၈]

နောက်ထပ် အချက်အလက်များ။ စမ်း

ရေကန်များ[ပြင်ဆင်ရန်]

အာဂျင်တီးနားနိုင်ငံ၊ Neuquén ပြည်နယ်ရှိ ရေခဲမြစ်မူလတည်ရှိရာ Lácar Lake ရေကန်။
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကန်

ရေကန်သည် မြေမျက်နှာပြင် ဖြစ်တည်မှု အသွင်အပြင်တစ်မျိုးဖြစ်သည်။ ရေ၏ ကိုယ်ထည်သည် သမုဒ္ဒရာ၏ အစိတ်အပိုင်းမဟုတ်ဘဲ ကုန်းတွင်းပိုင်းတွင် တည်ရှိနေကာ ရေအိုင်ထက် ပိုကျယ်၊ ပိုနက်ပါက ရေကန်ဟု သတ်မှတ်ကြခြင်းဖြစ်သည်။[၉][၁၀]

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်အဲဗားဂလိတ် အမျိုးသားဥယျာဉ်ရှိ ပြားတော ရေဝပ်မြေ ဧရိယာ

ကမ္ဘာပေါ်ရှိ သဘာဝရေကန်များကို တောင်ထူထပ်သော နေရာများ၊ မြေပြင်အက်ကွဲကြောင်း ဇုန်များနှင့် ဆက်လက်ဖြစ်ပေါ်နေလျက်ရှိသော သို့မဟုတ် မကြာသေးမီက ဖြစ်တည်နေသော ရေခဲမြစ်များရှိသည့်နေရာများတွင် ယေဘုယျအားဖြင့် တွေ့ရှိရသည်။ အချို့သော ရေကန်များကို မြစ်ကျိုးအင်း သို့မဟုတ် သက်တမ်းရင့် မြစ်များတစ်လျှောက်တွင်လည်း တွေ့နိုင်သည်။ ကမ္ဘာ့နေရာအချို့တွင် နောက်ဆုံး ရေခဲခေတ်မှ ကျန်ရစ်ခဲ့သည့် ဖရိုဖရဲ ရေစီးကြောင်းပုံစံများကြောင့် ရေကန်များစွာရှိလေသည်။ ရေကန်များအားလုံးသည် ဘူမိဗေဒအချိန်အတိုင်းအတာအရ ယာယီဖြစ်တည်နေမှုသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အနည်များ တဖြည်းဖြည်းထိုင်လာခြင်း သို့မဟုတ် ကမ်းစပ်နေရာများမှတဆင့် ရေထွက်ပေါက်ဖြစ်ပေါ်စေခြင်းတို့ကြောင့်ဖြစ်သည်။

ရေအိုင်များ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အိုင်

ရေအိုင်သည် အများအားဖြင့် ရေကန်ထက် သေးငယ်သော သဘာဝအလျောက်ဖြစ်စေ သို့မဟုတ် လူလုပ်၍ဖြစ်စေ တည်ရှိနေသော ရေ၏ အလုံးအထည်ပင် ဖြစ်သည်။ ရေပန်းမျိုးစုံကို အနုပညာအလှဆင်ရန် ဒီဇိုင်းထုတ်ထားသည့် ရေပန်းဥယျာဉ်များ၊ စီးပွားဖြစ် ငါးမွေးမြူရန်အတွက် ဒီဇိုင်းထုတ်ထားသည့် ငါးမွေးကန်များ နှင့် အပူစွမ်းအင်ကို သိုလှောင်ရန် ဒီဇိုင်းထုတ်ထားသည့် နေရောင်ခြည်သုံး ရေအိုင်များ အပါအဝင် လူလုပ်ဖန်တီးထားမှု အများအပြားကို ရေအိုင်များအဖြစ် ခွဲခြားသတ်မှတ်ထားသည်။ ရေအိုင်များနှင့် ရေကန်များကို ၎င်းတို့၏ စီးဆင်းမှု အရှိန်ရှိသော စမ်းချောင်းများနှင့် ခွဲခြားထားသည်။ စမ်းချောင်းများရှိ ရေစီးကြောင်းများကို အလွယ်တကူ ကြည့်ရှုနိုင်သော်လည်း ရေအိုင်များနှင့် ရေကန်များသည် အပူဖြင့် မောင်းနှင်သော အဏု-ရေစီးကြောင်းများနှင့် လေတိုက်ခတ်၍ ဖြစ်ပေါ်လာသည့် ရေစီးကြောင်းများရှိလေသည်။ ဤအင်္ဂါရပ်များသည် ရေအိုင်တစ်ခုအား အငွေ့ပျံသော ရေအိုင်များနှင့် လှိုင်းရိုက်ခတ်သော ရေအိုင်များ စသည်ဖြင့် အခြားသော ရေနေ မြေမျက်နှာသွင်ပြင်လက္ခဏာများနှင့် ခွဲခြားထားသည်။

လူသားများ၏ ရေအပေါ် သက်ရောက်မှု[ပြင်ဆင်ရန်]

လူသားများသည် မြစ်များကို ပြုပြင်မွမ်းမံခြင်း (ဆည်များ နှင့် မြောင်းများမှတဆင့် ရေစီးကြောင်းကို ပြောင်းလဲခြင်း)၊ မြို့ပြ နှင့် သစ်တောပြုန်းတီးခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် ရေအပေါ် သက်ရောက်နေကြသည်။ ယင်းတို့သည် ရေကန် အတိမ်အနက်၊ မြေအောက်ရေအခြေအနေ၊ ရေထုညစ်ညမ်းမှု၊ အပူပိုင်းညစ်ညမ်းမှုနှင့် ပင်လယ်ရေထုညစ်ညမ်းမှုတို့ကို သက်ရောက်မှုရှိလေသည်။ လူသားများသည် တိုက်ရိုက်လမ်းကြောင်းကို ခြယ်လှယ်ခြင်းဖြင့် မြစ်များကို ပြုပြင်ကြသည်။[၁၁] ကျွန်ုပ်တို့သည် ဆည်များနှင့် ရေလှောင်ကန်များကို တည်ဆောက်ပြီး မြစ်များနှင့် ရေစီးကြောင်း လမ်းကြောင်း၏ လားရာကို ကြိုးကိုင်ချယ်လှယ်ကြသည်။ ဆည်များသည် ရေလှောင်ကန်များနှင့် ရေအားလျှပ်စစ်ဓာတ်အားကို အသုံးဝင်စွာ ဖန်တီးနိုင်သည်။ သို့သော်လည်း ရေလှောင်ကန်များနှင့် ဆည်များသည် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များကို ထိခိုက်စေနိုင်သည်။ ဆည်များသည် ငါးများ၏ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ရေအောက်ပိုင်းရှိ သက်ရှိများ၏ ရွေ့လျားမှုကို ရပ်တန့်စေသည်။ သစ်တောပြုန်းတီးမှုနှင့် ရေကန် အတိမ်အနက်၊ မြေအောက်ရေ အခြေအနေများ ပြောင်းလဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်။ သစ်တောပြုန်းတီးမှုနှင့် မြို့ပြဖန်တီးမှုသည် ဒွန်တွဲနေသည်။ သစ်တောပြုန်းတီးခြင်းသည် ရေလွှမ်းမိုးခြင်း၊ စီးဆင်းမှု ကျဆင်းခြင်းနှင့် မြစ်ကမ်းစပ်ရှိ သဘာဝပေါက်ပင်များ အပြောင်းအလဲကို ဖြစ်စေနိုင်သည်။ သစ်ပင်များ လုံလောက်စွာ ရေမရသောအခါ အပင်များ ဆွေးမြေ့လာပြီး တောရိုင်းတိရိစ္ဆာန်များအတွက် စားရေရိက္ခာ ပံ့ပိုးမှု လျော့နည်းသွားခြင်းကို ဖြစ်ပေါ်လာစေသည်။[၁၁]

လေထု၊ ရာသီဥတု နှင့် မိုးလေဝသ[ပြင်ဆင်ရန်]

လေထုထဲရှိ ဓာတ်ငွေ့များသည် အခြားလှိုင်းအလျားများထက် အပြာရောင်အလင်းကို ပိုမိုဖြန့်ကျက်စေပြီး အာကာသမှ ကြည့်သည့်အခါ အပြာရောင် ထီးဆောင်းထားသည့် ပုံစံမျိုးကို ဖန်တီးလေသည်။
လေယာဉ်ပေါ်မှ မြင်တွေ့ရသော ကမ္ဘာမြေကြီး၏ ထရိုပိုစဖီးယား အလွှာ မြင်ကွင်း
လျှပ်ပြက်ခြင်းသည် လေထုအတွင်းမှ လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုတစ်ခုဖြစ်ပြီး လေမုန်တိုင်းများနှင့် အခြားသော သဘာဝအခြေအနေအချို့အရ ဖြစ်ပေါ်လေ့ရှိသည့် မိုးချုန်းသံပါ ပေါင်းစပ်ထွက်ပေါ်လေ့ရှိသည်။[၁၂]

ကမ္ဘာ့လေထုသည် ဂြိုဟ်ဂေဟစနစ်ကို တည်တံ့စေရန်အတွက် အဓိကကျသောအချက်တစ်ခုဖြစ်သည်။ ကမ္ဘာမြေကို ဖုံးလွှမ်းနေသော ဓာတ်ငွေ့အလွှာလွှာကို ဂြိုဟ်၏ ဆွဲငင်အားဖြင့် ထိန်းထားသည်။ ခြောက်သွေ့သော လေတွင် နိုက်ထရိုဂျင် ၇၈%၊ အောက်ဆီဂျင် ၂၁%၊ အာဂွန် ၁% နှင့် အခြားသော နိုဘယ်လ် ဓာတ်ငွေ့များနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ ပါဝင်သည်။ ကျန်ဓာတ်ငွေ့များကို ခြေရာခံဓာတ်ငွေ့များဟု ရည်ညွှန်းသုံးနှုန်းလေ့ရှိကြသည်။[၁၃] လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်အောက်ဆိုဒ်နှင့် အိုဇုန်း ဓာတ်ငွေ့များ ပါဝင်သည်။ စစ်ထုတ်ထားသော လေထဲတွင် အခြား ဓာတုဒြပ်ပေါင်းများစွာ၏ သဲလွန်စ ပမာဏ ပါဝင်သည်။ လေထဲတွင် ကွဲပြားသော ရေခိုးရေငွေ့ ပမာဏ နှင့် ရေစက်များနှင့် တိမ်များအဖြစ် မြင်နိုင်သော ရေခဲပုံ ဆောင်များ ပါဝင်သည် ။ ဖုန်မှုန့်၊ ဝတ်မှုန် နှင့် ပိုးမွှားများ၊ ပင်လယ် ရေမှုန်ရေမွှားများ၊ မီးတောင်ပြာများနှင့် ဥက္ကာခဲများအပါအဝင် လေထု နမူနာတွင် ပမာဏအနည်းငယ်ဖြင့် သဘာဝဓာတ်များ ပါဝင်နေနိုင်သည်။ ကလိုရင်း (အခြေခံ (သို့) ဒြပ်ပေါင်းများ)၊ ဖလိုရင်း ဒြပ်ပေါင်းများ၊ ပြဒါးဒြပ်စင်နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) ကဲ့သို့ ဆာလဖာ ဒြပ်ပေါင်းများ စသည့် အမျိုးမျိုးသော စက်မှုလုပ်ငန်းဆိုင်ရာ ညစ်ညမ်းမှုများလည်း ရှိနေနိုင်သည်။

ကမ္ဘာ့လေထု၏ အိုဇုန်းလွှာသည် မျက်နှာပြင်ပေါ်သို့ ရောက်ရှိသည့် ခရမ်းလွန်ရောင်ခြည် (UV) ပမာဏကို လျှော့ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ဒီအန်အေ သည် ခရမ်းလွန်ရောင်ခြည်ပါသော အလင်းရောင်ကြောင့် အလွယ်တကူ ပျက်စီးနိုင်သောကြောင့် ၎င်းသည် မျက်နှာပြင်ရှိ သက်ရှိများကို ကာကွယ်ပေးသည်။ လေထုသည် ညဘက်တွင် အပူကို ထိန်းထားနိုင်သောကြောင့် နေ့စဉ်အပူချိန် လွန်ကဲမှုကိုလည်း လျှော့ချပေးလေသည်။

လေထု အလွှာများ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကမ္ဘာ့လေထု

အဓိက အလွှာများ[ပြင်ဆင်ရန်]

ကမ္ဘာ့လေထုကို အဓိကအလွှာ ငါးခု အနေဖြင့် ခွဲခြားနိုင်သည်။ ဤအလွှာများကို အမြင့်ဖြင့် အပူချိန်တိုးခြင်း သို့မဟုတ် လျော့ခြင်း ရှိ/မရှိကို အဓိကအားဖြင့် ဆုံးဖြတ်သည်။ အလွှာများအား အမြင့်ဆုံးမှ အနိမ့်ဆုံး အားဖြင့် အောက်ပါအတိုင်း သတ်မှတ်ထားသည် -

  • အိတ်ဇိုစဖီးယား အလွှာ (Exosphere)။ ။ ကမ္ဘာ့လေထု၏ အပြင်ဘက်ဆုံးအလွှာသည် အဓိကအားဖြင့် ဟိုက်ဒရိုဂျင် နှင့် ဟီလီယမ်တို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် ဤအလွှာ၏ အခြေ မှ အထက်ထိ ကျယ်ပြန့်သည်။
  • သာမိုစဖီးယား အလွှာ (Thermosphere)။ ။ သာမိုစဖီးယား၏ ထိပ်သည် exobase ဟုခေါ်သော အိတ်ဇိုစဖီးယားအလွှာ၏ အောက်ခြေဖြစ်သည်။ ၎င်း၏ အမြင့်သည် နေရောင်ခြည် လှုပ်ရှားမှုအရ ကွာခြားပြီး ၂၂၀–၅၀၀ မိုင် (၃၅၀–၈၀၀ ကီလိုမီတာ; ၁,၁၆၀,၀၀၀–၂,၆၄၀,၀၀၀ ပေ)ခန့်အထိ ရှိနိုင်သည်။ နိုင်ငံတကာ အာကာသ စခန်းသည် ဤအလွှာတွင် ၂၀၀ နှင့် ၂၄၀ မိုင် (၃၂၀ နှင့် ၃၉၀ ကီလိုမီတာ)ကြား ပတ်လမ်းတွင် တည်ရှိသည်။
  • မီဆိုစဖီးယား အလွှာ (Mesosphere)။ ။ Mesosphere သည် စထရာတိုဖီးယားအလွှာမှ ၅၀–၅၃ မိုင် (၈၀–၈၅ ကီလိုမီတာ; ၂၆၄,၀၀၀–၂၈၀,၀၀၀ ပေ) အထိ ကျယ်ပြန့်သည်။ ၎င်းသည် လေထုထဲသို့ ဝင်ရောက်သောအခါတွင် ဥက္ကာခဲအများစု လောင်ကျွမ်းမှုဖြစ်စေသည့် အလွှာဖြစ်သည်။
  • စထရာတိုစဖီးယား အလွှာ (Stratosphere)။ ။ စထရာတိုစဖီးယားသည် ထရိုပိုပေါ့စ် (Tropopause) မှ ၃၂ မိုင် (၅၁ ကီလိုမီတာ; ၁၆၉,၀၀၀ ပေ)အထိ ကျယ်ပြန့်သည်။ စထရာတိုစဖီးယား နှင့် မက်ဆိုစဖီးယားကြား နယ်နိမိတ်ဖြစ်သည့် စထရာတိုပေါ့စ်သည် ပုံမှန်အားဖြင့် ၃၁ မှ ၃၄ မိုင် (၅၀ မှ ၅၅ ကီလိုမီတာ; ၁၆၄,၀၀၀ မှ ၁၈၀,၀၀၀ ပေ) အတွင်း ဖြစ်သည်။
  • ထရိုပိုစဖီးယား အလွှာ (Troposphere)။ ။ ထရိုပိုစဖီးယားသည် ကမ္ဘာမြေ မျက်နှာပြင်မှ စတင်ကာ ဝင်ရိုးစွန်း ဒေသများတွင် ၇ ကီလိုမီတာ (၂၃,၀၀၀ ပေ) နှင့် အီကွေတာတွင် ၁၇ ကီလိုမီတာ (၅၆,၀၀၀ ပေ) အကြား ကျယ်ပြန့်ပြီး ရာသီဥတုအရ ကွဲလွဲမှုအချို့ရှိနိုင်သည်။ ထရိုပိုစဖီးယားသည် အများအားဖြင့် မျက်နှာပြင်မှ စွမ်းအင်လွှဲပြောင်းခြင်းဖြင့် အပူရှိသောကြောင့် ပျမ်းမျှအားဖြင့် ထရိုပိုစဖီးယား၏ အနိမ့်ဆုံး အပိုင်းသည် အပူဆုံးဖြစ်ပြီး အပူချိန်သည် အမြင့်မှ လျော့နည်းသွားသည်။ ထရိုပိုပေါ့စ် (Tropopause) သည် ထရိုပိုစဖီးယားနှင့် စထရာတိုစဖီးယားအကြား နယ်နိမိတ်ဖြစ်သည်။
အခြားအလွှာများ

အပူချိန်ဖြင့် သတ်မှတ်ထားသော အဓိကအလွှာ ငါးခုအတွင်းတွင် အခြားသောဂုဏ်သတ္တိများဖြင့် ဆုံးဖြတ်ထားသော အလွှာများစွာရှိသည်။

  • အိုဇုန်းလွှာသည် စထရာတိုစဖီးယားအတွင်း၌ ရှိသည်။ ၎င်းသည် အဓိကအားဖြင့် ၉.၃–၂၁.၇ မိုင် (၁၅.၀–၃၄.၉ ကီလိုမီတာ; ၄၉,၀၀၀–၁၁၅,၀၀၀ ပေ) ခန့်မှ စထရာတိုစဖီးယား၏ အောက်ပိုင်းအထိ တည်ရှိသည်။ အလွှာ၏ အထူသည် ရာသီအလိုက်နှင့် ပထဝီဝင်အနေအထားအရ ကွဲပြားသော်လည်း၊ ကျွန်ုပ်တို့၏ လေထုအတွင်းရှိ အိုဇုန်း၏ ၉၀% ခန့်သည် စထရာတိုစဖီးယားတွင် ပါဝင်သည်။
  • နေရောင်ခြည်ဖြင့် အိုင်ယွန်ဓာတ်ပြုသော လေထု၏ အစိတ်အပိုင်းဖြစ်သော အိုင်အိုနိုစဖီးယား အလွှာ (Ionosphere) သည် ၃၁ မှ ၆၂၁ မိုင် (၅၀ မှ ၉၉၉ ကီလိုမီတာ; ၁၆၄,၀၀၀ မှ ၃,၂၇၉,၀၀၀ ပေ) ဆန့်တန်းလျက်ရှိပြီး ပုံမှန်အားဖြင့် အိတ်ဇိုစဖီးယား နှင့် သာမိုစဖီးယား နှစ်ခုလုံးတွင် ထပ်နေသည်။ ၎င်းသည် မဂ္ဂနတ္တိုစဖီးယား (Magnetosphere) ၏ အတွင်းဘက်အစွန်းအနေဖြင့် ဖွဲ့စည်းတည်ရှိနေသည်။
  • ဟိုမိုစဖီးယား အလွှာ (Homosphere) နှင့် ဟတ္တရိုစဖီးယား အလွှာ (Heterosphere)။ ။ ဟိုမိုစဖီးယားတွင် ထရိုပိုစဖီးယား၊ စထရာတိုစဖီးယား နှင့် မီဆိုစဖီးယားတို့ ပါဝင်သည်။ ဟတ္တရိုစဖီးယား၏ အပေါ်ပိုင်းတွင် အပေါ့ပါးဆုံး ဒြပ်စင်ဖြစ်သော ဟိုက်ဒရိုဂျင်လုံးလုံးနီးပါးဖြင့် ဖွဲ့စည်းထားသည်။
  • ဂြိုဟ် နယ်နိမိတ် အလွှာသည် ကမ္ဘာမြေမျက်နှာပြင်နှင့် အနီးဆုံးရှိ ထရိုပိုစဖီးယား၏ အစိတ်အပိုင်းဖြစ်ပြီး ၎င်းကို တိုက်ရိုက်သက်ရောက်သည်၊ အဓိကအားဖြင့် လှိုင်းထန်သောပျံ့နှံ့မှုမှတဆင့် တိုက်ရိုက်သက်ရောက်ခြင်းဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်များ[ပြင်ဆင်ရန်]

ဆွစ်အဲလ်ပ်တောင်တန်းရှိ Aletsch ရေခဲမြစ်၏ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ၁၈၅၀ ခုနှစ်မှ စတင်၍ လျှော့နည်းလာမှုအား (၁၉၇၉၊ ၁၉၉၁ နှင့် ၂၀၀၂ ခုနှစ်အလိုက် အခြေအနေ) နှိုင်းယှဉ်ပြထားပုံ
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကမ္ဘာကြီး ပူနွေးလာမှု

ကမ္ဘာကြီးပူနွေးလာမှု၏ အန္တရာယ်များကို ကမ္ဘာလုံးဆိုင်ရာ သိပ္ပံပညာရှင်များ လုပ်ငန်းစုကြီးတစ်ခုက ပိုမိုလေ့လာလျက်ရှိသည်။[၁၄] ဤသိပ္ပံပညာရှင်များသည် ကျွန်ုပ်တို့၏ သဘာ၀ပတ်ဝန်းကျင်နှင့် ကမ္ဘာမြေပေါ်မှ ကမ္ဘာကြီးပူနွေးလာမှု၏ ရေရှည်အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ ပိုမိုစိုးရိမ်လာကြသည်။ အထူးစိုးရိမ်စရာမှာ ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့ လူလုပ် မှန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်ကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှု နှင့် ကမ္ဘာကြီးပူနွေးလာမှုသည် အပြန်အလှန်အကျိုးသက်ရောက်စေပြီး ကမ္ဘာဂြိုဟ်၊ ၎င်း၏ သဘာ၀ပတ်ဝန်းကျင်နှင့် လူသားများ တည်ရှိမှုအပေါ် မည်ကဲ့သို့ ဆိုးရွားသောသက်ရောက်မှုများရှိနိုင်သည်ကို အထူးစိုးရိမ်စရာဖြစ်လာစေသည်။ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ထိုပူနွေးလာမှုသည် လျင်မြန်စွာဖြစ်ပေါ်နေသည်မှာ အထင်အရှားပင်ဖြစ်သည်။ ယင်းသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းမှာ ဖန်လုံအိမ် အာနိသင်ကြောင့်ဖြစ်ပြီး၊ ယင်းတို့၏ ပိုမိုရှုပ်ထွေးသော မော်လီကျူးဖွဲ့စည်းပုံကြောင့် ကမ္ဘာ့လေထုအတွင်း အပူကို တုန်ခါစေပြီး ထို့နောက်တဖန် ၎င်းအပူကို လှောင်ပိတ်ကာ ကမ္ဘာမြေဆီသို့ ပြန်ထုတ်လွှတ်နိုင်ခြင်းကြောင့်ဖြစ်သည်။[၁၅] ဤပူနွေးလာမှုသည် သဘာဝတောရိုင်းတိရစ္ဆာန်များ တိုးပွားလာမှုကို လျော့ကျသွားစေနိုင်သည့် သဘာဝအလျောက် ရှင်သန်နေထိုင်ရာများတွင် မျိုးသုဉ်းပျောက်ကွယ်သွားစေခြင်းအတွက်လည်း အကြောင်းအရင်းဖြစ်လေသည်။ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစိုးရ အဖွဲ့ခွဲ (ကမ္ဘာ့ ထိပ်တန်း ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်အဖွဲ့) မှ နောက်ဆုံး အစီရင်ခံစာအရ ၁၉၉၀ ခုနှစ် မှ ၂၁၀၀ ခုနှစ်အတွင်း ကမ္ဘာမြေ သည် ၂.၇ ဒီဂရီ ဖာရင်ဟိုက် မှ ၁၁ ဒီဂရီ ဖာရင်ဟိုက် နီးပါး (၁.၅ မှ ၆ ဒီဂရီ စင်တီဂရိတ်) အတွင်း ကမ္ဘာမြေကြီး ပူနွေးမည်ဟု ကောက်ချက်ချခဲ့သည်။[၁၆]

ကမ္ဘာကြီးပူနွေးလာမှုကို လိုက်လျောညီထွေဖြစ်အောင် လိုက်လျောညီထွေဖြစ်အောင် မဟာဗျူဟာများ ရေးဆွဲခြင်း၊ လူသား၊ အခြားတိရစ္ဆာန်နှင့် အပင်မျိုးစိတ်များ၊ ဂေဟစနစ်များ၊ ဒေသများနှင့် နိုင်ငံများအား ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးသက်ရောက်မှုများကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရန် ဖန်လုံအိမ်ဓာတ်ငွေ့များ လျော့ပါးစေရန် ကြိုးပမ်းမှုများအား ပိုမိုအာရုံစိုက်လာခဲ့သည်။ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းရန် မကြာသေးမီက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် သာဓကအချို့မှာ -

ကမ္ဘာကြီးပူနွေးလာမှုကြောင့် လျော့ကျလာနေသည့် Swiss Alps ရှိ Aletsch ရေခဲမြစ်၏ နောက်ထပ်မြင်ကွင်း။
  • ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ မူဘောင်သဘောတူစာချုပ် နှင့် ကွန်ဗင်းရှင်းသည် ရာသီဥတုစနစ်အား အန္တရာယ်ရှိသော မနုဿဇီဝဗေဒဆိုင်ရာ နှောက်ယှက်မှုကို တားဆီးမည့် လေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ပါဝင်မှုအား အဆင့်တစ်ခု၌ တည်ငြိမ်စေရန်ဖြစ်သည်။[၁၇]
  • ဖန်လုံအိမ်ဓာတ်ငွေ့များ လျှော့ချရေး ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း စာချုပ်ပါ ပရိုတိုကောဖြစ်သည့် ကျိုတိုပရိုတိုကောသည် နောက်ထပ်သော မနုဿဇီဝဗေဒဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို တားဆီးရန် ကြိုးပမ်းမှုဖြစ်သည်။[၁၈]
  • အနောက်တိုင်း ရာသီဥတု ကမကထပြုမှုအဖွဲ့ (Western Climate Initiative) သည် ဒေသတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရန် စုပေါင်း ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းများကို ဖော်ထုတ်ရန်၊ အကဲဖြတ်ရန်နှင့် အကောင်အထည်ဖော်ရန်၊ ဈေးကွက်အခြေပြု ထုပ်ပိုးမှုနှင့် ကုန်သွယ်မှုစနစ်အား အာရုံစိုက်ရန်အတွက်ဖြစ်သည်။[၁၉]

သိသာထင်ရှားသည့် လေးနက်သော စိန်ခေါ်မှု တစ်ရပ်မှာ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများကို ခွဲခြားသတ်မှတ်ရန်ဖြစ်သည်။ ယေဘူယျဖြေရှင်းချက်မှာ သဘာဝအတိုင်း ကွဲလွဲမှုများကို လျစ်လျူရှုထားသည့် တည်ငြိမ်သော မြင်ကွင်းကို ပြုပြင်ရန်ဖြစ်သည်။ နည်းစနစ်ပိုင်းအရ၊ လေ့လာမှု၏ အရာဝတ္တုတွင် လျင်မြန်သော လုပ်ငန်းစဉ်များသည် မရှိမဖြစ်လိုအပ်သော မြန်ဆန်သောလုပ်ငန်းစဉ်များ ရောက်ရှိလာသောအခါတွင် နှေးကွေးပြီး အချိန်တိုအတွင်း ပြောင်းလဲနေသော လုပ်ငန်းစဉ်များကို ကြည့်ရှုသည့်အခါ ဤအမြင်ကို ခုခံကာကွယ်နိုင်သည်။

ရာသီဥတု[ပြင်ဆင်ရန်]

Map of world dividing climate zones, largely influenced by latitude. The zones, going from the equator upward (and downward) are Tropical, Dry, Moderate, Continental and Polar. There are subzones within these zones.
ကမ္ဘာတဝှမ်းရှိ ရာသီဥတုအမျိုးအစားများပြ မြေပုံ
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရာသီဥတု

ရာသီဥတုသည် အချိန်ကြာမြင့်စွာ သတ်မှတ်ထားသော ဒေသတစ်ခုရှိ အပူချိန်၊ စိုထိုင်းဆ၊ လေထုဖိအား၊ လေတိုက်နှုန်းမိုးရေချိန်၊ လေထုအမှုန်အမွှားများနှင့် အခြားသော မိုးလေဝသဆိုင်ရာ အခြေခံအချက်များ၏ စာရင်းအင်းများကို ကြည့်ရှုသုံးသပ်ခြင်းဖြစ်သည်။[၂၀] အခြားတစ်ဖက်တွင်မူ မိုးလေဝသဆိုသည်မှာ သီတင်းနှစ်ပတ်ကြာသည်အထိ ဤတူညီသော အခြေခံအချက်များ၏ လက်ရှိအခြေအနေပင်ဖြစ်သည်။[၂၀]

ရာသီဥတုများကို အများအားဖြင့် အပူချိန်နှင့် မိုးရွာသွန်းမှု အမျိုးမျိုးသော ကွဲပြားသော ပျမ်းမျှ ကွာခြားမှုများအလိုက် ခွဲခြားနိုင်သည်။ အသုံးအများဆုံး အမျိုးအစားခွဲခြားမှု အစီအစဉ်မှာ Wladimir Köppen မှ မူလ တီထွင်ထားသည့် တစ်ခု ဖြစ်သည်။ ၁၉၄၈ ခုနှစ်ကတည်းက အသုံးပြုနေသော Thornthwaite စနစ်[၂၁]သည် တိရစ္ဆာန် များ၏ ကွဲပြားမှုနှင့် ရာသီဥတုပြောင်းလဲမှုများ၏ ဖြစ်နိုင်ခြေ သက်ရောက်မှုများကို လေ့လာရန်အတွက် ရေငွေ့ပျံခြင်းအပြင် အပူချိန်နှင့် မိုးရွာသွန်းမှုဆိုင်ရာ အချက်အလက်များကို အသုံးပြုထားသည်။[၂၂]

မိုးလေဝသ[ပြင်ဆင်ရန်]

သက်တံ ဆိုသည်မှာ ကမ္ဘာ့လေထုအတွင်းရှိ အစိုဓာတ် အမှုန်အမွှားများပေါ်သို့ နေရောင်ခြည်ဖြာထွက်သောအခါ ကောင်းကင်တွင် ဖြစ်ပေါ်လာစေသော အလင်းတန်းတစ်ခုဖြစ်ပြီး မိုးလေဝသဖြစ်စဉ် တစ်ခုလည်းဖြစ်သည်။
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မိုးလေဝသ

မိုးလေဝသ ဆိုသည်မှာ သတ်မှတ်ထားသော အချိန်တစ်ခုအတွင်း သတ်မှတ်ထားသည့် လေထုဧရိယာအတွင်း၌ ဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေအားလုံးကို စုစည်းထားမှုဖြစ်သည်။[၂၃] မိုးလေဝသဖြစ်စဉ် အများစုသည် ထရိုပိုစဖီးယား အလွှာတွင် ဖြစ်ပေါ်ခြင်းဖြစ်ပြီး၊[၂၄][၂၅] စထရာတိုစဖီးယား အလွှာ၏ အောက်ဘက်တွင်ဖြစ်သည်။ ယေဘူယျအားဖြင့် မိုးလေဝသသည် နေ့စဉ်အပူချိန်နှင့် မိုးရွာသွန်းမှုတို့ကို ရည်ညွှန်းသော်လည်း ရာသီဥတုမှာမူ အချိန်ကာလကြာရှည်လာသည်နှင့်အမျှ လေထုထဲတွင် ဖြစ်ပေါ်လာမှု၏ ပျမ်းမျှ အခြေအနေအတွက် ဝေါဟာရဖြစ်သည်။[၂၆]

တစ်နေရာနှင့်တစ်နေရာကြားရှိ သိပ်သည်းဆ (အပူချိန်နှင့် အစိုဓာတ်) ကွာခြားမှုကြောင့် မိုးလေဝသ ဖြစ်ပေါ်လာသည်။ အပူပိုင်းဒေသမှ လတ္တီတွဒ်အပေါ် မူတည်၍ ကွဲပြားသည့် မည်သည့်နေရာ၌မဆို နေရောင်ခြည် ကျရောက်မှု ရိုက်ထောင့်ကြောင့် ဤကွဲပြားမှုများ ဖြစ်ပေါ်နိုင်သည်။ ဝင်ရိုးစွန်းနှင့် အပူပိုင်းလေထုအကြား ပြင်းထန်သော အပူချိန် ကွာခြားမှုသည် ဂျက်လေစီးကြောင်းကို မြင့်တက်စေသည်။ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းများကဲ့သို့သော အလယ်ပိုင်း လတ္တီတွဒ် ရှိ ရာသီဥတုစနစ်များသည် ဂျက်လေစီးကြောင်း၏ မတည်ငြိမ်မှုများကြောင့်ဖြစ်သည်။ ကမ္ဘာ၏ ဝင်ရိုးသည် ၎င်း၏ ပတ်လမ်းနှင့် ဆက်စပ်၍ စောင်းနေသောကြောင့် နေရောင်ခြည်သည် တစ်နှစ်တာ၏ မတူညီသော အချိန်များတွင် ရှုထောင့်အမျိုးမျိုးမှ ဖြစ်ပေါ်လာသည်။ ကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် နှစ်စဉ် အပူချိန်သည် များသောအားဖြင့် ±၄၀ ဒီဂရီစင်တီဂရိတ် (၁၀၀ ° ဖာရင်ဟိုက် မှ −၄၀ ° ဖာရင်ဟိုက်) ရှိလေသည်။ နှစ်ထောင်ပေါင်းများစွာကြာလာသည်နှင့်အမျှ၊ ကမ္ဘာ၏ ပတ်လမ်းပြောင်းလဲမှုများသည် ကမ္ဘာမှ ရရှိသောနေရောင်ခြည်စွမ်းအင်ပမာဏနှင့် ဖြန့်ဖြူးမှုပမာဏအပေါ် သက်ရောက်မှုရှိပြီး ရေရှည်ရာသီဥတုအပေါ် သက်ရောက်မှုရှိစေသည်။

သက်ရှိ[ပြင်ဆင်ရန်]

ကမ္ဘာပေါ်ရှိ အပင် မျိုးစိတ်များစွာအတွက် ဥပမာတစ်ခု
ကမ္ဘာပေါ်ရှိ တိရစ္ဆာန် မျိုးစိတ်များစွာအတွက် ဥပမာတစ်ခု
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - သက်ရှိ, ဇီဝဗေဒ, နှင့် ဇီဝရပ်ဝန်း

ကမ္ဘာမြေပေါ်ရှိ သက်ရှိများသည် လွန်ခဲ့သော နှစ်ပေါင်း ၃.၇ ဘီလီယံခန့်ကတည်းက တည်ရှိခဲ့ကြောင်း အထောက်အထားများအရ သိရှိရသည်။[၂၇] လူသိများသော သက်ရှိပုံစံများအားလုံးသည် အခြေခံမော်လီကျူးယန္တရားများကို တူညီစွာ မျှဝေကြပြီး ဤလေ့လာတွေ့ရှိချက်များအပေါ် အခြေခံ၍ သက်ရှိများ၏ မူလအစဆိုင်ရာ သီအိုရီများက သက်ရှိအားလုံး၏ မူလအစပြုသည့် ဆဲလ်တစ်ခုတည်း သက်ရှိများဖွဲ့စည်းပုံကို ရှင်းပြနိုင်သည့် ယန္တရားတစ်ခုကို ရှာဖွေရန် ကြိုးပမ်းလာကြခြင်းဖြစ်လေသည်။ ရိုးရှင်းသော အော်ဂဲနစ်မော်လီကျူးများမှ ပရိုတိုဆဲလ်များနှင့် ဇီဝဖြစ်ပျက်မှုဆီသို့ ဆဲလ်မတိုင်မီ အသက်တာမှတစ်ဆင့် ရိုးရှင်းသော အော်ဂဲနစ်မော်လီကျူးများမှ မူလအစပြုမှုဆီသို့ ဦးတည်သွားနိုင်သည့်လမ်းကြောင်းနှင့်ပတ်သက်၍ မတူညီသော ယူဆချက်များစွာရှိကြ၏။

သက်ရှိ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် တစ်လောကလုံးဆိုင်ရာ သဘောတူညီထားမှု မရှိသော်လည်း၊ သက်ရှိဇီဝဗေဒဆိုင်ရာ ထင်ရှားမှုကို သက်ရှိရုပ်စု၊ ဇီဝဖြစ်ပျက်မှု၊ ကြီးထွားမှု၊ လိုက်လျောညီထွေရှိမှု၊ လှုံ့ဆော်မှု နှင့် မျိုးပွားမှုဆိုင်ရာ တုံ့ပြန်မှု စသည့် လက္ခဏာရပ်များ ရှိကြောင်းကို သိပ္ပံပညာရှင်များက ယေဘုယျအားဖြင့် လက်ခံကြသည်။[၂၈] အသက် သည် သက်ရှိရုပ်စု၏ ရိုးရှင်းသော လက္ခဏာရပ်ဟုလည်း ဆိုနိုင်သည်။ သက်ရှိများနှင့်သက်ဆိုင်သည့် သိပ္ပံပညာရပ်ဖြစ်သော ဇီဝဗေဒတွင် "အသက်"ဟူသည် သက်ရှိများကို ကြီးထွားနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်း နှင့် မသေဆုံးမီ စဉ်ဆက်မပြတ် ပြောင်းလဲမှုများအပါအဝင် လှုပ်ရှားတက်ကြွမှုရှိခြင်းများသည် သက်ရှိများကို ခွဲခြားနိုင်သော အခြေအနေပင်ဖြစ်သည်။[၂၉][၃၀]

ဂေဟစနစ်များ[ပြင်ဆင်ရန်]

မိုးသစ်တောများတွင် အပင်နှင့် တိရစ္ဆာန် မျိုးစိတ်များစွာဖြင့် ဇီဝမျိုးစုံမျိုးကွဲ အများအပြားရှိသည်။ ဤဓာတ်ပုံသည် ဆီနီဂေါနိုင်ငံ၏ နီယိုကိုလို-ကိုဘာ အမျိုးသားဥယျာဉ်အတွင်း ဖြတ်သန်းစီးဆင်းသွားသော ဂမ်ဘီယာမြစ် ပုံ ဖြစ်သည်။
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဂေဟစနစ်

ဂေဟစနစ်သည် ပတ်ဝန်းကျင်ရှိ သက်ရှိမဟုတ်သော ရုပ်ပိုင်းဆိုင်ရာ (ဂေဟစနစ်) အချက်များအားလုံးနှင့် ပေါင်းစပ်လုပ်ဆောင်သော ဧရိယာအတွင်းရှိ အပင်များ၊ တိရစ္ဆာန်များနှင့် အဏုဇီဝသက်ရှိများ (ဇီဝဆိုင်ရာ အချက်များ) ပါဝင်သော သဘာဝယူနစ်တစ်ခုဖြစ်သည်။[၃၁]

ဂေဟစနစ်သဘောတရား၏ ဗဟိုချက်မှာ သက်ရှိများသည် ၎င်းတို့တည်ရှိနေသော ပတ်ဝန်းကျင်တွင် ဖွဲ့စည်းထားသည့် အခြားဒြပ်စင်များနှင့် အလွန်အမင်း ဆက်နွယ်နေသည့် ဆက်နွယ်မှုအစုအဝေးတစ်ခုတွင် အဆက်မပြတ်ပါဝင်နေသည်ဟူသော အယူအဆပင်ဖြစ်သည်။ ဂေဟဗေဒသိပ္ပံပညာကို စတင်ခဲ့သူတစ်ဦးဖြစ်သည့် ယူဂျင်း အိုဒမ် က "သက်ရှိအားလုံး ပါဝင်သော မည်သည့် ယူနစ်မဆို စွမ်းအင်စီးဆင်းမှု ကြည်လင်ပြတ်သားစွာ ဖြစ်ပေါ်လာစေရန် ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်နှင့် အပြန်အလှန် တုံ့ပြန်သည့် ဧရိယာရှိ၊ သတ်မှတ်ထားသော အာဟာရအဆင့် တည်ဆောက်ပုံ၊ ဇီဝမျိုးကွဲများနှင့် ပစ္စည်းလည်ပတ်မှု (ဥပမာ- သက်ရှိနှင့် သက်ရှိမဟုတ်သော အစိတ်အပိုင်းများအကြား ပစ္စည်းဖလှယ်မှု) သည် စနစ်အတွင်း ဂေဟစနစ်တစ်ခုဖြစ်သည်" ဟု ဖွင့်ဆိုထားသည်။[၃၂]

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ လာ့ချ် တောင်ပေါ် ရှိ စမ်းချောင်းတစ်ခုနှင့် ပေါက်ရောက်နေသော သစ်တောဟောင်းများ

လူသား၏ ဂေဟစနစ်အယူအဆသည် လူသား / သဘာ၀ ဒိုင်ခရိုတိုမီ (Dichotomy) ကို ဖြိုဖျက်ခြင်းတွင် အခြေခံထားပြီး မျိုးစိတ်အားလုံးသည် တစ်ခုနှင့်တစ်ခု ဂေဟဗေဒအရ ပေါင်းစပ်ထားသည့်အပြင် ၎င်းတို့ biotope ၏ ဂေဟစနစ်ဆိုင်ရာ ပါဝင်မှုများဖြင့် ပေါ်ပေါက်လာသော အခြေအမြစ်ဖြစ်သည်။

ပိုများသော မျိုးစိတ်အရေအတွက် သို့မဟုတ် ဂေဟစနစ်၏ ဇီဝမျိုးစုံမျိုးကွဲများပြားခြင်းသည် တည်နေရာတစ်ခုတွင် အပြောင်းအလဲကိုတုံ့ပြန်ရန် နောက်ထပ်မျိုးစိတ်များရှိနေသောကြောင့် ၎င်းဂေဟစနစ်၏ ခံနိုင်ရည်အားသည် ပိုမိုကောင်းမွန်လာစေပြီး၊ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ၎င်းစနစ်အပေါ်သို့ သက်ရောက်လာမှုများကို လျှော့ချနိုင်သောကြောင့်ဖြစ်သည်။ ၎င်းသည် ဂေဟစနစ်၏ ဖွဲ့စည်းပုံအား အခြေခံအားဖြင့် မတူညီသောအခြေအနေသို့ မပြောင်းလဲမီ အကျိုးသက်ရောက်မှုကိုလည်း လျော့နည်းစေသည်။ ဤသည်မှာ တလောကလုံးနှင့်ဆိုင်သော ကိစ္စတစ်ရပ် မဟုတ်ပေ။ ဂေဟစနစ်တစ်ခု၏ မျိုးစိတ်ကွဲပြားမှုနှင့် ရေရှည်တည်တံ့သောအဆင့်တွင် ကုန်စည်နှင့်ဝန်ဆောင်မှု ပေးဆောင်နိုင်မှုတို့အကြား သက်သေပြနိုင်သော ဆက်နွယ်ချက် မရှိပေ။

သဘာဝတောရိုင်း[ပြင်ဆင်ရန်]

ဆွစ် အယ်ဖ် (အမျိုးသားဥယျာဉ်) ရှိ ကော်နီဖာ သစ်တောတစ်ခု

ယေဘူယျအားဖြင့် သဘာဝတောရိုင်းကို လူသားတို့၏ လုပ်ဆောင်ချက်ဖြင့် သိသိသာသာ ပြုပြင်မွမ်းမံထားမှု-မရှိသော ကမ္ဘာပေါ်ရှိ သဘာဝပတ်ဝန်းကျင်တစ်ခုအဖြစ် သတ်မှတ်ကြသည်။ WILD ဖောင်ဒေးရှင်းသည် သဘာဝတောရိုင်းများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပိုမိုအသေးစိတ်ဖော်ပြထားပြီး၊ ၎င်းဖွင့်ဆိုချက်မှာ "ကျွန်ုပ်တို့၏ ကမ္ဘာမြေပေါ်တွင် ကျန်ရှိခဲ့သည့် အနှောက်အယှက်မရှိသော တောရိုင်းသဘာဝနယ်မြေများဖြစ်သည့် လူသားတို့ ထိန်းချုပ်နိုင်စွမ်း မရှိသော နောက်ဆုံး သဘာဝတောရိုင်းနေရာများမှာ လမ်းများ၊ ပိုက်လိုင်းများ သို့မဟုတ် အခြားစက်မှုလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦများဖြင့် ဖွံဖြိုးမှုရှိမနေသေးသော တောရိုင်းများပင်ဖြစ်သည်" ဟူ၍ဖြစ်သည်။[၃၃]

အမေရိကန် Alaska ပြည်နယ်ရှိ Togiak အမျိုးသား တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်းရှိ အက်ခလန် တောင်များ နှင့် Togiak သဘာဝတောရိုင်း

တောရိုင်းဧရိယာများနှင့် ဘေးမဲ့တော ဥယျာဉ်များသည် အချို့သော မျိုးစိတ်များ ၊ ဂေဟဗေဒ လေ့လာမှုများ၊ ထိန်းသိမ်းစောင့်ရှောက်ရေး၊ သီးသန့်တည်ရှိမှု နှင့် အပန်းဖြေမှုအတွက် အရေးကြီးသည်ဟု ယူဆထားသည်။ ယဉ်ကျေးမှု၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရား၊ နှင့် အနုသယ ဆိုင်ရာ အကြောင်းပြချက်များကြောင့် သဘာဝတောရိုင်းများသည် အလွန်နက်ရှိုင်းစွာ တန်ဖိုးရှိကြသည်။ အချို့သော သဘာဝဆိုင်ရာ စာရေးဆရာများက တောရိုင်းဒေသများသည် လူသားတို့၏ စိတ်ဓာတ်နှင့် တီထွင်ဖန်တီးနိုင်မှုတို့အတွက် အရေးကြီးသည်ဟုလည်း ယုံကြည်ကြသည်။[၃၄]

အက်စ်တိုးနီးယားရှိ သဘာဝတောရိုင်း မြင်ကွင်းတစ်ခု

.

စိန်ခေါ်မှုများ[ပြင်ဆင်ရန်]

နယူးမက္ကဆီကိုရှိ ဤဓာတ်အားပေးစက်ရုံတွင် ဆာလဖာ ဖြိုခွဲမှုစနစ် မတပ်ဆင်မီ အချိန်က ၎င်း၏ ဓာတ်ငွေ့ထုတ်လွှတ်မှုတွင် လေထုညစ်ညမ်းစေသော ဆာလဖာဒိုင်အောက်ဆိုဒ် ပမာဏ အလွန်အကျွံပါဝင်လေသည်။
ဘရာဇီး ရှိ အမေဇုန်မိုးသစ်တော ။ တောင်အမေရိက၏ အပူပိုင်းမိုးသစ်တောများသည် လွန်ခဲ့သည့်နှစ်ပေါင်း ရာထောင်အနည်းငယ်အတွင်း ဖြစ်ထွန်းလာသော အချို့သောမျိုးစိတ်များအပါအဝင် ကမ္ဘာပေါ်တွင် ဇီဝမျိုးကြွယ်ဝမှု အကြီးမားဆုံးအဖြစ် တည်ရှိသည်။[၃၅][၃၆]

ဤသည်မှာ သဘာဝပတ်ဝန်းကျင်တွင် တည်ရှိနေသောအရာများကို ကာကွယ်ရန် သို့မဟုတ် သဘာဝ၏ အခန်းကဏ္ဍကိုပြန်လည်ထူထောင်ခြင်း သို့မဟုတ် ချဲ့ထွင်ခြင်း သို့မဟုတ် ကျယ်ပြန့်သော နိုင်ငံရေးလူမှုရေး နှင့် အတွေးအခေါ်ဆိုင်ရာ လှုပ်ရှားမှုများဖြစ်သော သဘာဝပတ်ဝန်းကျင်ကိုအခြေခံသော သဘာဝပတ်ဝန်းကျင် ၏ ဘုံနားလည်မှုဖြစ်သည်။ တောရိုင်းအစစ်အမှန်သည် ပို၍ရှားပါးလာပြီး တောရိုင်း သဘာဝများ (ဥပမာ- စီမံခန့်ခွဲမထားသော သစ်တောများ နှင့် စိုက်ပျိုးမွေးမြူထားခြင်း မဟုတ်သည့် မြက်ခင်းများ၊ တောရိုင်းတိရစ္ဆာန်များ ၊ တောရိုင်းပန်းများ) ကို ယခင်က လူတို့နေထိုင်ရာ နေရာများစွာတွင် တွေ့ရှိနိုင်ခဲ့ကြသည်။

ပတ်ဝန်းကျင် သိပ္ပံပညာရှင်များ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ဖော်ပြလေ့ရှိသော လူများနှင့် သဘာဝစနစ်များ၏ အကျိုးအတွက် ရည်မှန်းချက်များတွင် အောက်ပါအချက်များ ပါဝင်သည် -

  • လေ၊ ရေ၊ မြေဆီလွှာ၊ အဆောက်အဦ၊ ထုတ်လုပ်သော ကုန်ပစ္စည်းများနှင့် အစားအစာများတွင် ညစ်ညမ်းမှု နှင့် အဆိပ်အတောက်များ ပပျောက်ရေး။
  • ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းနှင့် မျိုးသုဉ်းလုနီးပါးမျိုးစိတ်များကို အကာအကွယ်ပေးရေး။
  • ရေ၊ မြေ၊ လေ၊ စွမ်းအင်၊ ကုန်ကြမ်းနှင့် သဘာဝအရင်းအမြစ်များ[၃၇]ကဲ့သို့သော အရင်းအမြစ်များကို ထိန်းသိမ်းရေး နှင့် ရေရှည်တည်တံ့စွာ အသုံးပြုရေး။
  • လေထုညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲများကို ခြိမ်းခြောက်မှုနှင့် လူသားဦးရေအတွက် ခြိမ်းခြောက်မှုတို့ကို ကိုယ်စားပြုသည့် လူသားများကြောင့် ဖြစ်ပေါ်စေသော ကမ္ဘာကြီး ပူနွေးလာမှုကို ရပ်တန့်စေရေး။
  • ညစ်ညမ်းမှု၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရေရှည်တည်တံ့မှုကို ကိုင်တွယ်ဖြေရှင်းသည့် လျှပ်စစ်၊ အပူပေးအအေးပေးမှုနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ရုပ်ကြွင်းလောင်စာများမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်း အသုံးချရေး။
  • ဇီဝမျိုးစုံ မျိုးကွဲများ ဆုံးရှုံးခြင်း နှင့် ရာသီဥတုပြောင်းလဲခြင်းတို့ကို လျော့ပါးစေရန်အတွက် အသားများပါဝင်သော အစားအစာများမှ အပင်အခြေခံအစားအစာများ စားသုံးခြင်း အလေ့အကျင့်သို့ ကူးပြောင်းရေး။[၃၈]
  • အပန်းဖြေရန်နှင့် ဂေဟစနစ်ထိန်းသိမ်းရန် ရည်ရွယ်ချက်များဖြင့် သဘာဝကြိုးဝိုင်းများ တည်ထောင်ရေး။
  • စွန့်ပစ် အမှိုက်လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ မြေဆွေး၊ အမှိုက်မှ စွမ်းအင် နှင့် မိလ္လာအညစ်အကြေး များကို စွန့်ထုတ်ခြင်း အပါအဝင် ရေရှည်တည်တံ့ပြီး ညစ်ညမ်းမှုနည်းသော စွန့်ပစ် အမှိုက် စီမံခန့်ခွဲမှု ရှိစေရေး။
  • တရားမဝင် ငါးဖမ်းခြင်း နှင့် သစ်ခုတ်ခြင်းတို့ကို လျှော့ချရေး။[၃၉]
  • လူဦးရေ တိုးတက်လာမှုအား ဖြည်းဖြည်းနှင့် မှန်မှန် တည်ငြိမ်မှု ရှိစေရေး။[၄၀]

ကိုးကား[ပြင်ဆင်ရန်]

  1. "Meanings of Environmental Terms" (1997). Journal of Environmental Quality 26 (3): 581–589. doi:10.2134/jeq1997.00472425002600030002x. 
  2. Symons၊ Donald (1979)။ The Evolution of Human Sexuality။ New York: Oxford University Press။ p. 31ISBN 0-19-502535-0
  3. Earth's Spheres Archived 2007-08-31 at the Wayback Machine.. Wheeling Jesuit University/NASA Classroom of the Future. Retrieved November 11, 2007.
  4. What is Earth Science? | Geology Buzz
  5. "Page Jaffna | Srilanka's Top Tamil Online News Paper။ 2012-07-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-07-15 တွင် ပြန်စစ်ပြီး။". The Columbia Encyclopedia. 2002. New York: Columbia University Press
  6. "Distribution of land and water on the planet Archived May 31, 2008, at the Wayback Machine.". UN Atlas of the Oceans Archived September 15, 2008, at the Wayback Machine.
  7. River {definition} from Merriam-Webster. Accessed February 2010.
  8. What is hydrology and what do hydrologists do?။ United States Geological Survey။ April 27, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 27, 2021 တွင် ပြန်စစ်ပြီး။
  9. Britannica Online။ Lake (physical feature)။ 2008-06-25 တွင် ပြန်စစ်ပြီး။ “[a Lake is] any relatively large body of slowly moving or standing water that occupies an inland basin of appreciable size. Definitions that precisely distinguish lakes, ponds, swamps, and even rivers and other bodies of nonoceanic water are not established. It may be said, however, that rivers and streams are relatively fast moving; marshes and swamps contain relatively large quantities of grasses, trees, or shrubs; and ponds are relatively small in comparison to lakes. Geologically defined, lakes are temporary bodies of water.”
  10. Dictionary.com definition။ 2008-06-25 တွင် ပြန်စစ်ပြီး။ “a body of fresh or salt water of considerable size, surrounded by land.”
  11. ၁၁.၀ ၁၁.၁ Goudie၊ Andrew (2000)။ The Human Impact on the Natural Environment။ Cambridge, Massachusetts: This MIT Press။ pp. 203–239ISBN 0-262-57138-2
  12. NGDC – NOAA။ Volcanic Lightning။ National Geophysical Data Center – NOAA။ September 21, 2007 တွင် ပြန်စစ်ပြီး။
  13. Joe Buchdahl။ Atmosphere, Climate & Environment Information Programme။ Ace.mmu.ac.uk။ 2010-10-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-03-09 တွင် ပြန်စစ်ပြီး။
  14. World's Space Agencies Unite To Face The Climate Challenge – ISRO။ 25 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-12-10 တွင် ပြန်စစ်ပြီး။
  15. Climate Change။ 2019-01-08 တွင် ပြန်စစ်ပြီး။
  16. Forthofer၊ Ron။ It's Time To Act On Global Warming။ Boulder Daily Camera။ 2013-06-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-10-28 တွင် ပြန်စစ်ပြီး။
  17. United Nations Framework Convention on Climate Change Retrieved August 2008.
  18. Kyoto Protocol from United Nations Framework Convention on Climate Change, Retrieved August 2008.
  19. Western Climate Initiative Archived 2008-04-23 at the Wayback Machine., Retrieved on Feb 12, 2009.
  20. ၂၀.၀ ၂၀.၁ What's the Difference Between Weather and Climate? (in en) (2018-03-09)။ 2021-04-22 တွင် ပြန်စစ်ပြီး။
  21. Thornthwaite, C. W. (1948). "An Approach toward a Rational Classification of Climate": 55–94. 
  22. García၊ Carmen Isabel Luján (2013-06-19)။ English for geographers။ Editorial Club Universitario။ ISBN 9788499485676
  23. Merriam-Webster Dictionary. Weather. Retrieved on 2008-06-27.
  24. Glossary of Meteorology. Hydrosphere. Archived 2012-03-15 at the Wayback Machine. Retrieved on 2008-06-27.
  25. Glossary of Meteorology. Troposphere. Archived 2012-09-28 at the Wayback Machine. Retrieved on 2008-06-27.
  26. "Climate"Glossary of MeteorologyAmerican Meteorological Society2008-05-14 တွင် ပြန်စစ်ပြီး
  27. "History of life through time". University of California Museum of Paleontology.
  28. Definition of Life။ California Academy of Sciences (2006)။ 2007-02-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-01-07 တွင် ပြန်စစ်ပြီး။
  29. The Concise Oxford Dictionary. English Edition 1991
  30. Merriam-Webster Dictionary။ Merriam-Webster Dictionary။ 2009-06-21 တွင် ပြန်စစ်ပြီး။
  31. Christopherson၊ Robert W. (1996)။ Geosystems: An Introduction to Physical Geography။ Prentice Hall။ ISBN 0-13-505314-5
  32. Odum၊ E. P. (1971)။ Fundamentals of Ecology (Third ed.)။ New York: Saunders။ ISBN 0-7216-6941-7
  33. The WILD Foundation။ Wild.org။ 2012-12-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-03-09 တွင် ပြန်စစ်ပြီး။
  34. Botkin, Daniel B. (2001)။ No Man's Garden: Thoreau And A New Vision For Civilization And Nature။ Island Press။ pp. 155–157။ ISBN 978-1-55963-465-6
  35. Why the Amazon Rainforest is So Rich in Species : News။ Earthobservatory.nasa.gov (2005-12-05)။ 2011-02-25 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-03-09 တွင် ပြန်စစ်ပြီး။
  36. Why The Amazon Rainforest Is So Rich In Species။ Sciencedaily.com (2005-12-05)။ 2013-03-09 တွင် ပြန်စစ်ပြီး။
  37. "Diagnóstico y análisis de los factores que influyen en la vulnerabilidad de las fuentes de abastecimiento de agua potable a la Ciudad de México, México" (in es) (2016). Boletín de la Sociedad Geológica Mexicana 68 (3): 409–427. doi:10.18268/BSGM2016v68n3a3. 
  38. Drayer၊ Lisa။ "Change your diet to combat climate change in 2019"၊ CNN၊ January 2, 2019။ 
  39. Plumer၊ Brad။ "Humans Are Speeding Extinction and Altering the Natural World at an 'Unprecedented' Pace"၊ The New York Times၊ May 6, 2019။ 
  40. "World Scientists' Warning to Humanity: A Second Notice" (13 November 2017). BioScience 67 (12): 1026–1028. doi:10.1093/biosci/bix125. “It is also time to re-examine and change our individual behaviors, including limiting our own reproduction (ideally to replacement level at most)...” 

ပြင်ပလင့်များ[ပြင်ဆင်ရန်]