စမ်း

ဝီကီပီးဒီးယား မှ
ဩစတေးလျနိုင်ငံ ဝိတိုရိယပြည်နယ်မှ စမ်းချောင်းတစ်ခု

မိုးရွာသောအခါ မိုးရေအချို့သည် မြေအောက်သို့ စိမ့်ဝင် သွားကြသည်။ ထိုရေသည် မြေအောက်တွင် မြင့်ရာမှ နိမ့်ရာသို့ မြေပွများကို ထိုးဖောက်ကာ၊ ကျောက်လွှာထပ်အထိရောက်သွား ၏။ ကျောက်လွှာသို့ ရောက်သောအခါ၊ ကျောက်လွှာကို ထိုး ဖောက်ရန် မလွယ်ကူသောကြောင့် ကျောက်လွှာအပြင်တွင် တစ်နေရာမှ တစ်နေရာသို့ ရွေ့ရှားစီးသွားလျက်ရှိသည်။ ယင်း သို့ စီးသွားနေရာဝယ် မြေပြင်သို့ ထွက်ပေါက်ကို တွေ့သော အခါ၊ နောက်မှာ ရေ၏ဖိနှိပ်အားနည်းသည့် နေရာများတွင် အပြင်သို့ယိုစီး၍ ကျရုံမျှကျ၏။ အချို့ နေရာများ၌ကား ဖိနှိပ် အားပြင်းထန်လှသဖြင့် နောက်မှ ပြွန်နှင့် ထိုးပေးသကဲ့သို့ ရေသည် အရှိန်နှင့် ပန်းထွက်လေ၏။ ထိုနည်းဖြင့် တစ်ဖြည်း ဖြည်းရေစိမ့်ထွက်သောအခါ စိမ့်ဟုခေါ်၍ ရေအားသန်သဖြင့် ပန်းထွက်သောအခါ စမ်းဟုခေါ်၏။

စမ်းရေများ၏ အပူအအေးသည် ဖြတ်သန်း၍ စီးသွား သော ကျောက်နှင့် မြေသားတို့၏ အပူအအေးပေါ်တွင် တည် သည်။ နွေရာသီ အပူနှင့် ဆောင်းရာသီ အအေးဓာတ်တို့သည် မြေအောက်သို့ ပေပေါင်းအနည်းငယ်လောက်သာ ရောက်သည်။ မြေမျက်နှာပြင်နှင့်ကပ်၍ စီးထွက်လာသော စမ်းရေတို့သည် နွေရာသီတွင်ပူ၍ ဆောင်းရာသီတွင် အေးနေတတ်သည်။ မြေ အောက် နက်သောနေရာမှ ထွက်သောစမ်းရေသည် အစဉ်မပြတ် အေး၍ နေတတ်၏။ မြေအောက်အလွန် နက်သောနေရာမှထွက် သော စမ်းရေသည် အစဉ်မပြတ်အေး၍ နေတတ်၏၊ မီးတောင် အရပ်ဒေသများတွင် ကျောက်များသည် မြေမျက်နှာပြင်နှင့် ကပ်လျက် တည်ရှိကြသော်လည်း ပူ၏။ ထို့ကြောင့် မြေ အောက်ပေပေါင်းများစွာနက်သော နေရာများနှင့် မီးတောင်အရပ် ဒေသများမှလာသော စမ်းရေများသည် ပူ၍နေတတ်လေသည်။ မြေအတွင်းမှဖြစ်စေ၊ တောင်ကြား၊ ကျောက်ကြားများမှဖြစ် စေ၊ တသွင်သွင်စိမ့်၍သော်လည်းကောင်း၊ ပန်း၍သော်လည်းကောင်း၊ ထွက်နေတတ် သော ရေစမ်းတစ်မျိုးရှိ၏။ ထိုစမ်းရေသည် အများအားဖြင့် ပူနွေးစွာရှိတတ်ခြင်းကြောင့် ရေပူစမ်းဟူ၍ အခေါ်များကြ၏။

သို့ရာတွင် မပူသောစမ်းများလည်းရှိ၏။ ထိုထူးခြားသော စမ်းများကား၊ ရေထဲ၌ မြေအောက်ရှိဓာတ်ဆေးများရောနှော ပါဝင်နေသော ဆေးစမ်းများပင် ဖြစ်ကြသည်။

ဆေးစမ်းရေတွင် ရောဂါဝေဒနာအချို့ကို ပျောက်ကင်းစေနိုင် သော သတ္တိရှိခြင်းကြောင့် လူအများသည် ထိုဆေးစမ်းများသို့ သွားရောက်၍ ရေချိုးလေ့ရှိကြ၏။ ရေပူနှင့် ရေအေးစမ်းဟူ၍ နှစ်မျိုးရှိရာတွင် ရေပူစမ်းက ရေအေးစမ်းထက်ပို၍ အကျိုးထူး လေ့ရှိပေသည်။

ဆေးစမ်းရေများတွင် များသောအားဖြင့် ဆိုဒီယမ်၊ ပိုတက် ဆီယမ်၊ လစ်သီယမ်၊ မက်ဂနီဇီယမ်၊ ကယ်လဆီယမ်၊ ကန့်၊ စိန်သတ္တု၊ သံ၊ မန်ဂနိ၊ ဖလူအိုရင်း၊ အိုင်အိုဒင်၊ ဗရိုမင်း၊ ရူဗီဒီယမ် စသော မြေအောက်ရှိ ဓာတ်သတ္တုများ အနည်းဆုံး ၁၅ မျိုးခန့် ပါဝင်နေတတ်သည်။ ထိုဓာတ်သတ္တုများအပြင် ကာဗွန်နစ်အက်ဆစ်၊ ဟိုက်ဒရိုဂျင်၊ နိုင်ထရိုဂျင်၊ အောက်စီဂျင် နှင့် အမ်မိုးနီးယား စသော ဓာတ်ငွေ့များလည်း ပါဝင်နေတတ် ကြရာ၊ ယင်းတို့ကြောင့် ရောဂါဘယများ ပျောက်ကင်းကြ ဟန်တူပေသည်။ တစ်ဖန် ဆေးစမ်းရေအများမှာပင် ရေဒီယမ် သတ္တိ ရှိသည်ကိုတွေ့ရရာ ဆေးစမ်းရေတို့၌ ထူးခြားသော အစွမ်းသတ္တိရှိခြင်းမှာ ထိုရေဒီယမ်းသတ္တိကြောင့်လည်း ဖြစ်နိုင် စရာအကြောင်းရှိသည်ဟု ယူဆရပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)