အိုရီဂွန်ပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဩရီဂန်ပြည်နယ်[ပြင်​ဆင်​ရန်​]

ဩရီဂန်ပြည်နယ်သည် အမေရိကန် ပြည်ထောင်စု အနောက်ဘက်ပင်လယ် ကမ်းခြေတွင် တည်ရှိ သည်။ စတုရန်းမိုင်ပေါင်း ၉၆၉၈၁ ကျယ်ဝန်း၍ မြောက် ဘက်တွင် ဝါရှင်တန်ပြည်နယ်၊ အရှေ့ဘက်တွင် အိုက်ဒဟိုး ပြည်နယ်၊ တောင်ဘက်တွင် ကာလီဖိုးနီးယားနှင့် နီဗားဒါး ပြည်နယ်၊ အနောက်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့ အသီးသီး တည်ရှိကြသည်။ လူဦးရေ ၂၂၂၅ဝဝဝ ယောက်(၁၉၇၃) ခန့် နေထိုင်သည်။

ဩရီဂန်ပြည်နယ်တွင် တောင်တန်းများ၊ ချိုင့်ဝှမ်းများ၊ ကုန်းပြင်မြင့်များရှိသဖြင့် မြေမျက်နှာပြင်မှာ မညီညာချေ။ ကမ်း ရိုးတန်းတစ်လျှောက်တွင် ကို့စရိန်းခေါ် ကမ်းရိုးတန်းတောင်များ က ကမ်းမြောင်ဒေသကို အတွင်းပိုင်းဒေသနှင့် ခြားနားထားလေ သည်။ ကမ်းရိုးတန်းတောင်များအရှေ့ဘက်တွင် မြေဩဇာ ထက်သန်သော ဝီလာမက်မြစ်ဝှမ်းနှင့် အမ်မကွားမြစ်ဝှမ်းတို့ တည်ရှိသည်။ ထိုမြစ်ဝှမ်းများ၏ အရှေ့ဘက်ရှိ ကက်စကိတ် တောင်တန်းသည် ကမ်းရိုးတန်းတောင်တန်းထက်မြင့်သည်။ ကက်စကိတ်တောင်တန်း အရှေ့ဘက်သည် များသောအားဖြင့် ကုန်းပြင်မြင့်ဒေသဖြစ်သည်။

ကိုလမ်ဗီးယားမြစ်သည် ဩရီဂန်ပြည်နယ်၏ အရေးပါ အရာရောက်ဆုံးမြစ်ဖြစ်သည်။ ကိုလမ်ဗီးယားမြစ်နှင့် ယင်း၏ မြစ်လက်တက်တို့မှ စိုက်ပျိုးရာမြေအတွက် ရေကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားကိုလည်းကောင်း ရရှိလေသည်။ ကိုလမ်ဗီးယား မြစ်နှင့် လက်တက်ဖြစ်သော ဝီလာမက်မြစ်တို့သည် ပြည်တွင်း ရေကြောင်းသွားလာရေးအတွက် အသုံးဝင်သည်။ ပြည်နယ်၏ အရှေ့ပိုင်းတွင် စနိတ်မြစ်နှင့် ယင်း၏ မြစ်လက်တက်တို့ကြောင့် ရေသွင်းစိုက်ပျိုးရေး ဖြစ်ထွန်းလေသည်။ ကိုလမ်ဗီးယားမြစ်တွင်း မှ ဆာမန်ငါး အမြောက်အမြား ဖမ်းဆီးရရှိလေသည်။

ကက်စကိတ်တောင်တန်းရှိ ကရေတာအိုင်နှင့် အပ်ပါးက လာမပ်အိုင်တို့သည် ရှုခင်းသာယာထင်ရှားသည်။ ဩရီဂန်ပြည်နယ်တွင် ကက်စကိတ်တောင်တန်း အနောက်ဘက်၌ ဂျပန်ရေစီးကြောင်းကြောင့် လည်းကောင်း၊ ပင်လယ်ဘက်မှတိုက်ခတ်သော လေကြောင့်လည်းကောင်း ရာသီ ဥတုမှာ မျှတညီညွတ်သည်။ ကမ်းရိုးတန်းတွင် တစ်နှစ်လျှင် မိုးရေချိန် ၇၅ လက်မမှ ၁၃၈ လက်မအထိ ရွာသွန်းသည်။ တောင်တန်းအရှေ့ဘက် အချို့ဒေသများတွင် နွေအခါအပူချိန် ဖာရင်ဟိုက် ၁၁ဝံ အထိတက်၍ ဆောင်းအခါ ၄ဝံ အထိကျ ဆင်းသည်။ တစ်နှစ်လျှင် ပျမ်းမျှမိုးရေချိန် ၁၇ လက်မခန့်မျှ သာ ရရှိသည်။

ဩရီဂန်ပြည်နယ်တွင် နွားနှင့်သိုးကို အကြီးအကျယ် မွေးမြူကြသည်။ ပြည်နယ်အနောက်မြောက်ပိုင်း၌ နွားနို့ထွက် ပစ်စည်းလုပ်ငန်းနှင့် ကြက်ငှက်မွေးမြူခြင်းတို့ကိုလုပ်ကိုင်သည်။ ဂျုံ၊ မြင်းစားဂျုံ၊ ဘီသွာလျှော်၊ အယ်လဖားဖားပင်နှင့် အခြား တိရစ်ဆာန်အစာပင်များ၊ ဟော့ပင်တို့ကိုစိုက်ပျိုးသည်။ ဩရီဂန် ပြည်နယ်သည် သစ်သီးမျိုးစုံ စိုက်ပျိုးသောပြည်နယ်ဖြစ်၍ ပန်းသီးများမှာထင်ရှားသည်။

သစ်တောများမှ ဖား ထင်းရှူးသစ်၊ ပိုင်း ထင်းရူးသစ်၊ စပရုထင်းရူးသစ် စသောအဖိုးတန်သစ်များ ရရှိသဖြင့် သစ် လုပ်ငန်းသည်လည်း ထင်ရှားသောလုပ်ငန်းဖြစ်သည်။ ရှှေ၊ ပြဒါး၊ ပလက်တီနမ်၊ ငွေ နှင့် ကြေးနီတို့ကို တူးဖော်ရရှိသည်။ ပြည်နယ်တွင်း၌ ရေအားကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားကို စရိတ်သက်သာစွာ ရနိုင်သောကြောင့် စက်ကူလုပ်ငန်း၊ သစ် လုပ်ငန်း၊ အစားအစာ စည်သွတ်လုပ်ငန်းတို့မှာ ထင်ရှားသော စက်မှုလုပ်ငန်းများဖြစ်သည်။ဩရီဂန်ပြည်နယ်တွင် မီးရထားလမ်းမိုင်ပေါင်း ၅,ဝဝဝ ကျော်ရှိသည်။ အာရှနိုင်ငံများနှင့်လည်း ပင်လယ်ခရီးဖြင့် ကုန် ကူးသန်းမှုရှိသည်။ ပြည်နယ်တွင်းလေယာဉ်ဆိပ် ၁ဝဝ ကျော် ခန့်ရှိသည်။

ဩရီဂန်ပြည်နယ်သည် မူလက တိုင်းရင်းသား အင်ဒီး ယန်းတို့ နေထိုင်ရာဒေသဖြစ်သည်။ ရှေးက ဗီဗာဖျံသားမွေး မြောက်မြားစွာ ထွက်သောဒေသဖြစ်ခြင်းကြောင့် ဩရီဂန်ပြည် နယ်ကို ဗီဗာပြည်နယ်ဟူ၍လည်း ခေါ်ကြသည်။ ၁၈၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဩရီဂန်ပြည်နယ်သည် အမေ ရိကန် ပြည်ထောင်စုထဲသို့ ပါဝင်ခဲ့လေသည်။ ဆာလမ်မြို့သည် ပြည်နယ်၏မြို့တော်ဖြစ်၍ လူဦးရေ ၆၈၈၅၆ ယောက်(၁၉၇ဝ) ရှိသည်။ သို့ရာတွင် လူဦးရေ ၃၈ဝ၅၅၅ ယောက် ရှိသော ပို့တလန်ဆိပ်ကမ်းမြို့သည် စီးပွား ကုန်သွယ်ရေး အချက်အခြာ မြို့ကြီးဖြစ်သည်။ အခြား ထင်ရှားသောမြို့ကြီးများမှာ ယူဂျင်းမြို့၊ အက်စတိုးရီးယားမြို့၊ အက်ဒဖို့မြို့နှင့် ကိုဗားလစ်မြို့များဖြစ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)