ရေခဲမြစ်

ဝီကီပီးဒီးယား မှ
ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း၊ ကက်ရှမီးယားဒေသ၊ ကာရာကိုရမ်ရှိ ဘော်လ်တိုရိုရေခဲမြစ်ကို အပေါ်စီးမှ တွေ့ရစဉ်။ ၆၂ ကီလိုမီတာမျှ ရှည်လျားသဖြင့် ကမ္ဘာပေါ်တွင် အရှည်ဆုံးသော ရေခဲမြစ်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။
အယ်လ်ပ် တောင်တန်းပေါ်တွင် အကြီးဆုံး ရေခဲမြစ်ဖြစ်သော အဲလတ်စ် ရေခဲမြစ်၊ ဆွစ်ဇာလန်နိုင်ငံ

အလွန်အေးသော ဒေသများတွင် မြင့်မားသောတောင်များ ပေါ်၌ ဆောင်းရာသီနှင်းများ အကျများသဖြင့် နွေရာသီတွင် ပူသည့်နေ၏ အပူရှိန်သည် ထိုနှင်းများအားလုံးကို အရည်မပျော် စေနိုင်ချေ။ ထိုနည်းအတိုင်း တစ်နှစ်ပြီးတစ်နှစ် လွန်လာသော အခါ တောင်ရှိ ချိုင့်ဝှမ်း၏ထိပ်ပိုင်းတွင် နှင်းထုကြီးသည် လွန်စွာကြီးမားလာလေသည်။ တစ်နှစ်ပြီးတစ်နှစ် နှင်းများ အရည်မပျော်ဘဲ တည်ရှိသောဒေသကို နှင်းကွင်းပြင်ဟု ခေါ် သည်။ နွေရာသီ၌နေပူသောအခါတွင် နှင်းကွင်းပြင်၏ မျက်နှာ ပြင်သည် နေပူဒဏ်ကြောင့် အရည်ပျော်ပြီးလျှင် အောက်ဘက် သို့ ရောက်ရှိသွားလေသည်။ ထိုအခါတွင် ခဲသွားပြီးလျှင် နှင်းမှ ရေခဲအဖြစ်သို့ ပြောင်းလဲခြင်းကို အကူအညီ ဖြစ်စေသည်။ အပေါ်ရှိ နှင်း၏ အလေးချိန်ဖိအားကြောင့် နှင်းမှ ရေခဲဖြစ်ခြင်း သည်လည်း ဆက်၍ ဖြစ်ပေါ်နေလေသည်။ ထိုနည်းအတိုင်း အစဉ်တစိုက် ဖြစ်ပေါ်နေခြင်းကြောင့် နှင်းကွင်းပြင်သည် တဖြည်းဖြည်း နှင်းအဖြစ်မှ ရေခဲအဖြစ်သို့ ပြောင်းလဲသွား လေသည်။ ထိပ်ဘက်ပိုင်း နှင်း၏အောက်ဘက်ရှိ ရေခဲသည် မမာလှသော်လည်း အောက်ဘက်အတော်ကျသော နေရာတွင် ရှိသည့် ရေခဲများမှာမူ အစိုင်အခဲကြီး ဖြစ်နေလေသည်။ ထိုကြောင့် နှင်းကွင်းပြင်ဆိုသည်မှာ အမှန်အားဖြင့် နှင်းများ ဖုံးလွှမ်းနေသော ရေခဲကွင်းပြင်သာ ဖြစ်လေသည်။

ရေခဲထပ် အတော်ထူလာသောအခါတွင် တောင်၏ ဆင်ခြေလျှောတွင် ရေခဲကွင်းပြင်ကြီးသည် ကမ္ဘာ့ဆွဲအားကြောင့် လျှောဆင်းစပြုလေသည်။ တောင်တစ်တောင်၏ ချိုင့်ဝှမ်းတွင် လျှောဆင်းသည့် ရေခဲမြစ်ကို ချိုင့်ဝှမ်းရေခဲမြစ်ဟု ခေါ်သည်။ မြစ်နှင့် တူသော်လည်း ရေခဲမြစ်သည် မြစ်ကဲ့သို့ ရေစီးမမြန် ချေ။ တစ်နေ့လျှင် လက်မအနည်းငယ်၊ သို့မဟုတ် ပေအနည်း ငယ်မျှသာ ရွေ့ရှားလေသည်။ နှေးကွေးလွန်းသဖြင့် တစ်ခါ တစ်ရံ စီးဆင်းနေကြောင်းကိုပင် မသိနိုင်ချေ။ ရေခဲမြစ် လျှော ဆင်းသော မျက်နှာပြင် မညီညာလျှင် ရေခဲမြစ်တွင် အက်ကွဲ ကြောင်းများ ရှိလာတတ်သည်။ အချို့အက်ကွဲကြောင်းများတွင် နှင်းများရှိနေတတ်၍ ယင်းတို့ကို မြင်ရန်ခဲယဉ်းသည်။ ထိုကြောင့် ရေခဲမြစ်များကိုဖြတ်ကူးရန်မှာ တစ်ခါတစ်ရံတွင် ဘေးအန္တရာယ် နှင့် မကင်းချေ။

ရေခဲမြစ်သည် အေးသည့်အပိုင်းမှ ပူသည့်အပိုင်းသို့ စီးဆင်းရောက်ရှိလာသည့်အခါ ရေအဖြစ်သို့ ပြောင်းလဲကာ မြစ် ကဲ့သို့ လျင်မြန်စွာ စီးဆင်းသွားသည်။ အချို့သောနေရာများတွင် အရည်မပျော်မီ ပင်လယ်နှင့် တွေ့သဖြင့် ကျိုးပဲ့ကွဲအက်ပြီးလျှင် ပင်လယ်ထဲသို့ ကျဆင်းကာ ရေခဲတောင်ကြီးများအဖြစ်ဖြင့် ပင်လယ်ရေပြင်ပေါ်၌ ပေါ်နေတတ်သည်။ အချို့သော ရေခဲ တောင်များသည် တန်ချိန်ထောင်ပေါင်းများစွာပင် လေးလံလေ သည်။ ( ရေခဲတောင်။) တောင်ပေါ်မှ တောင်အောက်သို့ တအိအိ လျှောကျစီးဆင်း လာသော ရေခဲမြစ်ကို ကြည့်ရသည်မှာ ကော်ရည်ပျစ်ပျစ်ကို လောင်းချလိုက်သည့်အခါ စီးဆင်းပုံနှင့် တူသည်။ အပေါ်ပိုင်း နှင့် အလယ်ပိုင်းမှ ရွေ့ရှားမှုများသည် လျင်မြန်၍ ဘေးနှင့် အောက်ပိုင်းက နှေးသည်။ ထိုသို့ဖြစ်ရသည်မှာ အောက်ဘက် နှင့် ဘေးဘက်တို့သည် ချိုင့်ဝှမ်း၏အောက်ဘက်နှင့် ဘေးဘက် များကို ပွတ်တိုက်သွားရခြင်းကြောင့် ဖြစ်သည်။ ရေခဲမြစ်တစ်ခု စီးဆင်းသည့်အချိန်ကို ယင်း၏မျက်နှာပြင်ပေါ်တွင် ပါလာသော အရာဝတ္ထုတစ်ခုကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ အချို့သည် တစ်နေ့လျှင် လက်မအနည်းငယ်ခန့်သာ ရွေ့ရှား၍ အချို့သည် ပေပေါင်းများစွာ ရွေ့ရှားကြသည်။ တစ်ခါတစ်ရံ တစ်နှစ်ပတ် လုံး တစ်နေရာတည်းမှာပင် ဝပ်၍ နေတတ်လေသည်။ ရေခဲမြစ်သည် စီးသွားရာလမ်းတစ်လျှောက်တွင် မြေကြီး၊ ကျောက်ခဲ၊ အမှိုက်သရိုက်များကို ပွတ်တိုက်၍ ဆောင်သွား တတ်သည်။ သို့ဖြစ်ရာ ရေခဲမြစ် စီးဆင်းရာလမ်းကြောင်းတွင် နက်ရှိုင်းသော ချိုင့်ဝှမ်းကြီးများ ပေါ်ထွန်းနေတတ်ပေသည်။ အချို့နေရာများတွင် ရေခဲမြစ်၏ တိုက်စားခြင်းကို ခံရသဖြင့် သဏ္ဌာန် ချိုင့် ဝှမ်းကြီးများ ဖြစ်နေသည်ကို တွေ့နိုင်ပေ သည်။ ဥရောပတိုက်၏ အနောက်မြောက်ဘက်ပိုင်းနှင့် မြောက် အမေရိကတိုက် မြောက်ဘက်ပိုင်းရှိ အင်းအိုင်များသည် များ သောအားဖြင့် ရေခဲမြစ်များ ရွေ့ရှားမှုကြောင့် ချိုင့်ဝှမ်းကြီးများ ဖြစ်ပေါ်ကာ နောင်တွင် ရေများစုလာရာမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပေသည်။

ကမ္ဘာပေါ်၌ ထင်ရှားသော ရေခဲမြစ်များကို ဥရောပတိုက်ရှိ အဲ့လပတောင်တန်း၊ အလာစကာကျွန်းဆွယ်၊ ကနေဒါ၊ အမေရိ ကန်ပြည်ထောင်စုအနောက်ပိုင်းရှိ တောင်တန်းများနှင့် ဟိမဝန္တာ တောင်တန်းတို့တွင် တွေ့ရှိရပေသည်။[၁]

အာဂျင်တီးနားနိုင်ငံ၊ ပါတာဂိုးနီးယား အနောက်ပိုင်း၊ ပယ်ရီတို မိုရီနို ရေခဲမြစ်၏ အဆုံးတွင် ရေခဲများ ကွဲထွက်နေသည်ကို တွေ့ရစဉ်
အာဂျင်တီးနားနိုင်ငံ၊ ပါတာဂိုးနီးယား အနောက်ပိုင်း၊ ပယ်ရီတို မိုရီနို ရေခဲမြစ်၏ အဆုံးတွင် ရေခဲများ ကွဲထွက်နေသည်ကို တွေ့ရစဉ်

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)