လျှပ်စစ်ဓာတ်အား

ဝီကီပီးဒီးယား မှ
Multiple lightning strikes on a city at night
မိုးကြိုးပစ်ခြင်းလျှပ်စစ်ဓာတ်အားတည်နေပုံ၏နမူနာတစ်ခုဖြစ်သည်။

လျှပ်စစ်ဓာတ်အား (ဝါ)လျှပ်စစ်စွမ်းအင်(Electricity) သည် ပွတ်တိုက်မှုအားကြောင့် သော်လည်းကောင်း၊ လျှပ်စစ်သံလိုက် ညှို့ခြင်းကြောင့် သော်လည်းကောင်း၊ အခြား စွမ်းအင်တစ်ခုခုမှ အသွင်ပြောင်း၍ သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်သည်။ လျှပ်စစ်နှင့် သက်ဆိုင်သော ဖြစ်စဉ်များကို ရှေးပဝေသဏီမှ စတင်ကာ လေ့လာခဲ့ကြ သော်လည်း ၁၇ရာစု နှင့် ၁၈ရာစု လောက်မှသာ သိပ္ပံနည်းကျ ဖြေရှင်းနိုင်ခဲ့သည်။ လက်တွေ့ အသုံးချ လျှပ်စစ်ဓာတ်အားကိုမူ ၁၉ရာစု နှောင်းပိုင်းတွင်မှ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိခဲ့ကာ လူနေအိမ်နှင့် စက်မှုလုပ်ငန်းများတွင်အသုံးပြုခဲ့ကြသည်။ တဟုန်ထိုး တိုးတက်ခဲ့သော လျှပ်စစ်နှင့်သက်ဆိုင်သည့် နည်းပညာများကြောင့် လူအဖွဲ့အစည်းများ၏ လူနေမှုအဆင့်အတန်းများနှင့် စက်မှုလုပ်ငန်းများလည်း များစွာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ယနေ့တွင်တော့ လျှပ်စစ်စွမ်းအားသည် ကျွန်ုပ်တို့ နေ့စဉ် ရှင်သန် နေထိုင်ရာဘဝတွင် လွန်စွာ အဓိကကျသော အခန်းမှ ပါဝင်နေပါသည်။

လျှပ်စစ်စွမ်းအင် (ဝါ) လျှပ်စစ်စွမ်းအင်၏သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

A bust of a bearded man with dishevelled hair
သေလိ,လျှပ်စစ်စွမ်းအင်ကိုကမ္ဘာတွင်အစောဆုံးတွေ့ရှိသူ

လျှပ်စစ်စွမ်းအင်၏အကြောင်းကို နကန်းတလုံးမှနားမလည်စဉ် ရှေးပဝေသဏီ ကပင် လျှပ်စစ်ငါးဟုခေါ်သည့် လျှပ်စစ်စက်ကွင်းကို ရုတ်တရက်ထုတ်လွတ်နိုင်သည့် ငါးမှတဆင့် Electric Shock ကိုလူသားတို့ သိရှိနားလည် ခံစားခဲ့ကြသည်။ ဘီစီ ၂၇၅ဝ တွင်တွေ့ရှိရသော ရှေးဟောင်းအီဂျစ်လူမျိုးတို့၏ မှတ်ရာမှတ်တမ်းများတွင် လျှပ်စစ်ငါးတို့ကို နိုင်းမြစ်ဝှမ်းမှ မိုးကြိုးပစ်သူများဟု ဖော်ပြထားသည်။ ထိုငါးများကို ငါးအပေါင်းတို့၏ဘုရင်ဟုတောင် တင်စားထားသည်။ ထိုလျှပ်စစ်ငါးများနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာများကို ရှေးခေါမမှတ်တမ်းများတွင်လည်းကောင်း၊ ရောမမှတ်တမ်းများတွင်လည်းကောင်း၊ အာရေဗျမှတ်တမ်းများတွင်လည်း တွေ့မြင်နိုင်သည်။ Mediterranean ခေတ်ဝန်းကျင်တွင်ရှိခဲ့သော တချို့သောလူအဖွဲ့အစည်းများသည် ဖန်ချောင်းဖြင့်သိုးမွေးကိုပွတ်တိုင်ခြင်းဖြင့် တည်ငြိမ်လျှပ်စစ် ရကြောင်း ကိုလည်းသိရှိခဲ့ကြသည်။ ဂရိတွေးခေါ်ပညာရှင် သေလိ သည် တည်ငြိမ်လျှပ်စစ်နှင့် ပတ်သက်၍ စမ်းသပ်မှု အမျိုးမျိုးကိုပြုလုပ်ခဲ့ကာ ပွတ်တိုက်အား သည် ပယင်း ကို သံလိုက် အဖြစ်ပြောင်းလဲပေးသည်ဟုတွခေါ်ယူဆခဲ့လေသည်။

ပွတ်တိုက်မှုကြောင့် ဖန်ချောင်းသည် သံလိုက်ဖြစ်လာသည်ဟူ၍ ယူဆသော သေလိ၏အယူအဆသည် မှားသော်ငြားလည်း၊ နောက်ပိုင်းတွင်သံလိုက်နှင့် လျှပ်စစ်တို့ဆက်စပ်မှုရှိသည်ဟု သီအိုရီ များ သည်သက်သေများနှင့်တကွပေါ်ထွက်ခဲ့လေသည်။ ၁၉၃၆တွင် အီရတ်နိုင်ငံ ဘတ်ဒက်မြို့တော်အနီးရှိ Ctesiphon ရှေးဟောင်းတူးဖော်ရေးဆိုဒ် တွင် တွေ့ရှိခဲ့သော Baghdad Battery များကိုသုံးသပ်ခြင်းအားဖြင့် ရှေးဟောင်း ပါးရှန်း လူမျိုးများသည်လည်း ​ရွှေရည်စိမ်ခြင်း Electroplating ကို တတ်ကျွမ်းသည်ဟု ယူဆရသည်။ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး ခရစ်နှစ် ၁၆ဝဝ လောက်အထိ မည်သူမှ တိတိကျကျ ရေရေရာရာ မလေ့လာခဲ့ပေ။ ခရစ်နှစ် ၁၆ဝဝ လောက်တွင်မှ အင်္ဂလိပ်ဆရာဝန်William Gilbert သည် လျှပ်စစ်နှင်သံလိုက်ကို စတင်လေ့လာခဲ့ကာ Loadstone Effect နှင့် ပယင်း နှင့်သိုးမွေးပွတ်တိုက်မှုကြောင့်ဖြစ်သော တည်ငြိမ်လျှပ်စစ် တို့သည် မတူညီကြောင်းကို ခွဲခြားပြသခဲ့သည်။ Dr.Gilbert ရှာဖွေတွေ့ရှိသော တည်ငြိမ်လျှပ်စစ်သည် ပယင်းကို ပွတ်တိုက်သော အခါတွင် ယင်းတည်ငြိမ်လျှပ်စစ် ဖြစ်ပေါ်သည့်အတွက် လျှပ်စစ်ကို လက်တင်ဘာသာ ဖြင့် ပယင်းနှင့်တူသောအရာ electricus ဟု Dr.Gilbertမှ နာမည်ပေးကာ၊ ထိုမှတဆင့် အင်္ဂလိပ်ဘာသာ Electric ဟုပင်ခေါ်ဝေါ်ခဲ့သည်။

ထို့နောက်ပိုင်း ၁၇ရာစု မှ ၁၈ရာစုဦးအထိ Otto von GuerickeRobert BoyleStephen GrayC. F. du Fay စသောပညာရှင်များသည် ဆက်လက်လေ့လာခဲ့ကြသည်။ ၁၈ရာစုတွင် Benjamin Franklinသည် ရှိသမျှကိုရောင်းချပေါင်နှံကာ အရင်းပြုပြီး လျှပ်စစ် နှင့်ပတ်သက်သည့် သုသေသနလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သည်။ ၁၇၅၂ဇွန်လတွင် ဖရန်ကလင်းသည် စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့သည်။ ယင်းစမ်းသပ်မှုနှင့်ပတ်သက်ပြီး ဖရန်ကလင်း လည်းနာမည်ကြီးခဲ့သည်။ ဖရန်ကလင်းသည် စိုစွတ်နေသောစွန်တစ်ခု၏ကြိုးတွင် သော့တစ်ချောင်းကိုတပ်ဆင်ကာ မိုးတိမ်ရှိရာသို့လွတ်တင်ခဲ့သည်။ မီးဖွားများသည် ဆက်ခါဆက်ခါ စိုစွတ်သောကြိုးမှတဆင့် သော့သို့လည်းကောင်း ၊ ထို့နောက် လက်သို့လည်းကောင်း ကူးလာသည်။ တနည်းအားဖြင့် short circuit ဖြစ်လာခြင်းပင်ဖြစ်သည်။ ယင်းနည်းဖြင့် ဖရန်ကလင်းသည် လျှပ်စီးလက်ခြင်းသည် တည်ငြိမ် လျှပ်စစ်ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။

A half-length portrait of a bald, somewhat portly man in a three-piece suit.
Benjamin Franklin ဘင်ဂျမင် ဖရန်ကလင်း

၁၇၉၁တွင် Luigi Galvani သည် Bioelectricity ကိုရှာဖွေတွေ့ရှိခဲ့သည်။ နာဗ်ဆဲလ် (Nerve Cells) များမှ ကြွက်သား (Muscles) များသို့ အချက်ပြသတင်းပေးပို့ရာတွင် အသုံးပြုသည့် လျှပ်စစ်ဓာတ်အားကို Bioelectricity ဟုခေါ်သည်။ Alessandro Volta သည် ခရစ်နှစ် ၁၈ဝဝလောက်တွင် ကြေးနီ(Copper) နှင့် သွပ်(Zinc) များကို အသုံးပြုခြင်းအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွတ်နိုင်သော ပင်မဓာတ်အိုး (Primary Cell) အမျိုးအစားဖြစ်သည့် ဗိုလတိတ်ဓာတ်အိုး (Volta Cell) ကိုတည်ထွင်ခဲ့သည်။ လျှပ်စစ်သံလိုက် (Electromagnetism) သီအိုရီကို ၁၈၁၉ နှင့် ၁၈၂ဝ ဝန်းကျင်တွင် Hans Christian Orsted နှင့် အင်ဒရီး မယ်ရီ အမ်ပီယာ တို့ကဖော်ထုတ်ခဲ့သည်။ မိုက်ကယ် ဖာရာဒေး သည် ၁၈၂၁တွင် လျှပ်စစ်မော်တာ (Electric Motor) ကိုတည်ထွင်ခဲ့သည်။ ဂျော့ ဆိုင်မွန် အုမ်း သည်သင်္ချာ နည်းဖြင့် လျှပ်စစ်ပတ်လမ်း (Electric Circuit) များကို သရုပ်ခွဲနိုင်သည့် အုမ်းဥပဒေ (Ohm's Law) ကို ၁၈၂၇ တွင်ဖော်ထုတ်ခဲ့သည်။ ဂျိမ်းစ် မက်စ်ဝဲ သည် ၁၉၆၁ ဝန်းကျင်လောက်တွင် လျှပ်စစ် (Electricity) ၊အလင်း (Light) နှင့် သံလိုက်(Magnet) တို့၏ ဆက်စပ်မှုကိုဖော်ထုတ်ခဲ့သည်။ ၁၉ရာစုလောက်တွင်တော့ လျှပ်စစ်ဓာတ်အားကို ပညာရှင်တော်တော်များများမှ ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ကြသည်။

Half-length portrait oil painting of a man in a dark suit
မိုက်ကယ် ဖာရာဒေး လျှပ်စစ်မော်တာကိုတည်ထွင်ခဲ့သူ

လျှပ်စစ်ဓာတ်အား (ဝါ) လျှပ်စစ်စွမ်းအင်၏အယူအဆသဘော[ပြင်ဆင်ရန်]

လျှပ်မှုန်များ (Electric Charges)[ပြင်ဆင်ရန်]

လျှပ်မှုန်များသည် အက်တမ်ထက်သေးငယ်သောအမှုန်များ (Subatomic Particles) များပင်ဖြစ်သည်။ ၎င်းအမှုန်များသည် အခြေခံအားကြီးလေးမျိုး (Four Fundamental Forces) မှ လျှပ်စစ်သံလိုက်အား (Electromagnetic Force) နှင့် အပြန်အလှန်အကျိုးသက်ရောက်သည်။ ထင်ရှားသောလျှပ်မှုန်များမှာ ပရိုတွန်နျူထရွန် နှင့် အီလက်ထရွန် တို့ဖြစ်ပြီးယင်းတို့အားလုံးကိုအက်တမ် တိုင်းတွင်တွေ့ရှိရသည်။ လျှပ်မှုန်များသည် ပဋိပစ္စည်းတစ်ခုမှတစ်ခုသို့ တိုက်ရိုက်သော်လည်းကောင်း၊ လျှပ်ကူးပစ္စည်း (Conductor)များမှတဆင့်သော်လည်းကောင်း၊ ပိုတင်ရှယ်များရာမှနည်းရာသို့စီးဆင်းခြင်းဖြင့် ပိုတင်ရှယ်ခြားနားခြင်း (Potential Difference) or(Voltage,V) ဖြစ်ပေါ်လာသည်။

A clear glass dome has an external electrode which connects through the glass to a pair of gold leaves. A charged rod touches the external electrode and makes the leaves repel.
Gold Leaf Electroscope တွင်ရှိသော လျှပ်မှုန်များသည် ရွေရွက်နှစ်ရွက်ကို တွန်းထုတ်လိုက်သည် ကိုမျက်မြင်တွေ့ရှိနိုင်သည်။

လျှပ်မှုန်များသည် လျှပ်စစ်သံလိုက်အားကို မြှင့်တင်ပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် လျှပ်မှုန်များသည် တစ်ခုမှတစ်ခုပေါ်သို့ အား(Force)အပြန်အလှန်သက်ရောက်ခြင်းကြောင့်ဖြစ်သည်။ ယာဘက်ပုံကိုကြည့်ပါ။ လျှပ်မှုန်သွင်းထားသော ဖန်ချောင်းဖြင့် ဘောလုံးလေးကို လျှပ်မှုန်သွင်းစေခြင်းဖြင့် လျှပ်စစ်ဓာတ်ကိုဆောင်နိုင်စေသည်။ ယင်းဖန်ချောင်းကို သိုးမွေးစဖြင့်ပွတ်တိုက်ခြင်းဖြင့် တည်ငြိမ်လျှပ်စစ် ဖြစ်ပေါ်စေကာ ယင်းမှတဆင့် ဘောလုံးလေးတွင်လည်း လျှပ်စစ်ဓာတ်ကိုဖြစ်ပေါ်စေသည်။ နောက်ထပ်အလားတူ ဘောလုံးတစ်လုံးကို ယင်းဖန်ချောင်းဖြင့် လျှပ်စစ်ဓာတ်ကို ဆောင်စေပါက ယင်းတို့အချင်းချင်း တွန်းကန်မည်ဖြစ်ပြီး၊ အကယ်လို့ နောက်ထပ်ဘောလုံးကို ပယင်းဖြင့်ပွတ်တိုက်ကာ လျှပ်စစ်ဓာတ်ဆောင်စေကာမူ ယင်းတို့အချင်းချင်းပူးကပ်မည်ဖြစ်သည်။ နောက်ထပ်အလားတူ ဘောလုံးတစ်လုံးကို ယင်းဖန်ချောင်းဖြင့် လျှပ်စစ်ဓာတ်ကို ဆောင်စေပါက ယင်းတို့အချင်းချင်း တွန်းကန်မည်ဖြစ်ပြီး၊ အကယ်၍ နောက်ထပ်ဘောလုံးကို ပယင်းဖြင့်ပွတ်တိုက်ကာ လျှပ်စစ်ဓာတ်ဆောင်စေကာမူ ယင်းတို့အချင်းချင်းပူးကပ်မည်ဖြစ်သည်။ ယင်းအဖြစ်အပျက်ကိုပြင်သစ်ရူပဗေဒပညာရှင် Charles-Augustin de Coulomb က ၁၈ရာစုနှောင်းပိုင်းတွင်တွေ့ရှိခဲ့သည်။ ထိုတွေ့ရှိချက်ကို အခြေခံကာ အလွန်အရေးကြီးသည့် လျှပ်မှုန်များသည် မျိုးတူလျှင်တွန်းကန်ကာ၊ မျိုးမတူလျှင်ဆွဲငင်ကြောင်းကိုလည်း နောက်ပိုင်းတွင်တွေ့ရှိခဲ့ကြသည်။

စက်မှုလုပ်ငန်းများ၌ အရေးပါသည့် စွမ်းအင် လျှပ်စစ်ဓာတ်သဘောကို မည်သို့ စတင်တွေ့ရှိခဲ့ကြသနည်း။ လျှပ်စစ်ဓာတ်ဖိုနှင့် လျှပ်စစ်ဓာတ်မ၊ ဓာတ်လိုက်ပစ္စည်းနှင့် ဓာတ်မလိုက် ပစ္စည်း၊ လျှပ်စစ် ဓာတ်စီးတွင် သတ္တိအမျိုးမျိုးရှိပုံ၊ လျှပ်စစ် သံလိုက်သဘောစသည်တို့ကို ဖော်ပြထားသည်

လျှပ်စစ်ဓာတ် ။ ။ ကျွန်ုပ်တို့လူဖြစ်လာကြသည့် ယခုခေတ် ကြီးတွင် အထူးဆန်းဆုံး၊ အရှုပ်ထွေးဆုံးနှင့် အသုံးအဝင်ဆုံး သော လုပ်ငန်းကြီးများကို လျှပ်စစ် စွမ်းအင်၏ အကူအညီ ဖြင့် ဆောင်ရွက်ပြီးမြောက်နိုင်ခဲ့ကြပေသည်။ ယခုခေတ် သိပ္ပံပညာရှင်တို့၏ ပြောဆိုချက်အရ ကျွန်ုပ်တို့၏ အဝတ်အစား အသုံးအဆောင် မှန်သမျှနှင့် ကျွန်ုပ်တို့ ကိုယ်ခန္ဓာများ အပါအဝင်ဖြစ်သော ဤစကြဝဠာ တခုလုံးသည် လျှပ်စစ်ဓာတ်ဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်ဟု ဆိုလေသည်။ ကျွန်ုပ်တို့သည် လျှပ်စစ်ဓာတ်ကို အမျိုးမျိုးထုတ်ယူအသုံးချ၍ လျှပ်စစ်ဓာတ်၏ အကျိုးအာနိသင်တို့ကို ခံစားလျက်ရှိကြ သော်လည်း အမှန်စင်စစ် လျှပ်စစ်ဓာတ်သည် မည်သည့်အရာမျိုး ဖြစ်သည်ကို မည်သူ တဦးတယောက်မျှ ရေလည်တိကျစွာ ကျေနပ်လောက်အောင် အဖြေမပေးနိုင်သေးပေ။

လျှပ်စစ်ဓာတ်ကို လူတို့ တွေ့ရှိခဲ့သည်မှာ ရှေးပဝေဏီကပင် ဖြစ်သည်။ ထိုအခါက လူတို့သည် ပယင်းကို ပိုးထည်စ၊ သားမွေးစ စသည်တို့ဖြင့် ပွတ်တိုက်လိုက်လျှင် ပယင်း၌ စက္ကူစ၊ ဖော့စ စသော ပေါ့ပါးသည့် အစအနကလေးများကို ဆွဲငင်နိုင်သည့် သတ္တိဖြစ်ပေါ်လာသည်ကို သိခဲ့ကြသည်။ သို့သော် ထိုအကြောင်းကို အရေးတယူ ဂရုတစိုက် လေ့လာသူဆို၍ကား မရှိခဲ့ချေ။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၆ဝဝ ကျော်ကာလကျမှ ဂရိသိပ္ပံပညာရှင်ကြီး သေးလိက ထိုသတ္တိအကြောင်းကို ထုတ်ဖော် ကြေညာခဲ့လေသည်။ သူ၏အဆိုအရ ပယင်းထဲ၌ ထူးဆန်းသော နတ်ရှိ၍ ထိုနတ်၏တန်ခိုးကြောင့် ဤသို့ ဆွဲငင်သည့်ဓာတ် ဖြစ်ပေါ်လာသည်ဟု ဆိုလေသည်။ ပယင်းကို ဂရိဘာသာဖြင့် အီလက်ထရွန်ဟုခေါ်၍ အီလက်ထရစ်စစ်တီး (လျှပ်စစ်ဓာတ်) ဟူသော ဝေါဟာရမှာ ထိုစကားမှ ဖြစ်ပေါ် ဆင်းသက်လာခြင်းဖြစ် လေသည်။

လျှပ်စစ်ဓာတ် နှစ်မျိုး နှစ်စားရှိသည်။ ပယင်း၊ ဖန်၊ ကန့်၊ ချိပ်တောင့်စသော အရာဝတ္ထုတို့အပေါ်၌ ပိုးထည်စ၊ သားမွေးစ စသည်တို့ဖြင့် ပွတ်တိုက်၍ ဖြစ်ပေါ်လာသော ဆွဲငင်သည့်ဓာတ်ကို ပွတ်တိုက်မှု လျှပ်စစ်ဓာတ်၊ သို့မဟုတ် လျှပ်စစ်ဓာတ်ငြိမ် ဟုခေါ်သည်။ လျှပ်စစ်ဓာတ်အိုး၊ ဒိုင်နမို စသည်တို့မှစ၍ တစ်နေရာတည်းတွင် တည်မနေပဲ အဆက်မပြတ် ရွေ့ရှားနေသည့် ဓာတ်ကိုမူ လျှပ်စစ်ဓာတ်စီး ဟုခေါ်လေသည်။ ထိုနောက် လျှပ်စစ်ဓာတ်ငြိမ်ဆိုင်ရာ သိပ္ပံပညာကို အီလက်ထရိုစတက်တစ် (လျှပ်စစ်ဓာတ်ငြိမ်ပညာ) ဟူ၍လည်းကောင်း၊ လျှပ်စစ်ဓာတ်စီးဆိုင်ရာ သိပ္ပံပညာကို အီလက်ထရို ဒိုင်နမစ်၊ သို့မဟုတ် အီလက်ထရို ကိုင်နက်တစ် (လျှပ်စစ်ဓာတ်စီးပညာ) ဟူ၍လည်းကောင်း နှစ်ဘာသာ ခွဲထားလေသည်။ လျှပ်စစ်ဓာတ်ငြိမ်နှင့် လျှပ်စစ်ဓာတ်စီးတို့သည် အတူတူပင် ဖြစ်၍ ခြားနားချက်မှာ ကန်ရေနှင့် ချောင်းရေတို့ ကွဲလွဲပုံသဘောမျိုးသာ ဖြစ်လေသည်။

လျှပ်စစ်ဓာတ်ငြိမ်။ ။ ပွတ်တိုက်မှုကြောင့် ဖြစ်သော လျှပ်စစ်ဓာတ်ငြိမ်တွင် ဆွဲငင်မှုနှင့် တွန်းဖယ်မှု သတ္တိရှိခြင်း ကို ပထမဦးစွာ တွေ့ရသည်။ အင်ဗိုနိုက် (ကန့်နှင့် ကြက် ပေါင်စေးကို ရောပြီး ပြုလုပ်ထားသော ပစ္စည်း) တုတ် ချောင်းကို သားမွေးဖြင့် ပွတ်တိုက်ပြီးနောက် လျှပ်စစ်ဓာတ် သွင်းပေးထားသော ဖန်ချောင်းနှင့် ပြကြည့်ပါက ထိုအချောင်း နှစ်ခုသည် တစ်ခုကိုတစ်ခု ဆွဲငင်ကြသည်ကို တွေ့ရလိမ့်မည်။ သို့သော် အက်ဗိုနိုက်နှင့် ဖန်အစား အက်ဗိုနိုက်နှင့် အက်ဗိုနိုက်၊ သို့မဟုတ် ဖန်နှင့် ဖန်တို့ကို အသုံးပြု စမ်းသပ်ကြည့်ပါမူကား တစ်ခုနှင့်တစ်ခု တွန်းဖယ်ကြသည်ကို တွေ့ရပေလိမ့်မည်။

ထို့ကြောင့် ဖန်ချောင်းပေါ်တွင် ပိုးထည်စဖြင့် ပွတ်တိုက်ပေး၍ ရရှိသောလျှပ်စစ်ဓာတ်နှင့် အက်ဗိုနိုက်ချောင်းပေါ်တွင် သားမွေး စဖြင့် ပွတ်တိုက်ပေး၍ ရရှိသော လျှပ်စစ်ဓာတ်တို့သည် တစ်မျိုး နှင့်တစ်မျိုး မတူကြချေ။ မတူသည့်အတိုင်း ဖန်ပေါ်တွင် ပိုးထည်စဖြင့် ပွတ်တိုက်ပေး၍ ရရှိသောလျှပ်စစ်ဓာတ်ကို လျှပ်စစ်ဓာတ် ဖိုဟူ၍လည်းကောင်း၊ အက်ဗိုနိုက်ပေါ်တွင် သားမွေးစဖြင့် ပွတ်တိုက်ပေး၍ ရရှိသော လျှပ်စစ်ဓာတ်ကို လျှပ်စစ်ဓာတ်မဟူ၍လည်းကောင်း ခွဲခြားကာ အမည်ပေး ခေါ်ဝေါ်ကြလေသည်။ ဤနေရာ၌ ကျွန်ုပ်တို့ရရှိသော ဥပဒေသမှာ မျိုးတူလျှပ်စစ်ဓာတ်တို့သည် တစ်ခုနှင့်တစ်ခု တွန်းဖယ် ကြ၍ မျိုးကွဲလျှပ်စစ်ဓာတ်တို့သည် အချင်းချင်း ဆွဲငင်ကြသည် ဟူ၍ ဖြစ်လေသည်။

ပစ္စည်းနှစ်ခုတွင် တစ်ခု၌ လျှပ်စစ်ဓာတ်ဖိုကို ပေးသွင်း၍ ကျန်တစ်ခု ၌ ဓာတ်အားပမာဏ တူညီသော လျှပ်စစ်ဓာတ်မကို သွင်းပေပြီး နောက် ထိုပစ္စည်းနှစ်ခုကို လျှပ်စစ်ဓာတ်ကင်းသည့် တတိယပစ္စည်း နှင့် တို့ကြည့်ပါ။ ထိုအခါ အဆိုပါ တတိယပစ္စည်း၌ လျှပ်စစ်ဓာတ် ဖိုရှိကြောင်းကိုဖြစ်စေ၊ လျှပ်စစ်ဓာတ်မရှိကြောင်းကို ဖြစ်စေ မည်သို့မျှ မပြဘဲ ကြားနေဖြစ်နေသည်ကို တွေ့ရပေမည်။ ထိုသို့ဖြစ်ခြင်း မှာ တတိယပစ္စည်းမှာ လျှပ်စစ်ဓာတ်မရှိ၍မဟုတ် ရှိသော မျိုးကွဲဓာတ်နှစ်ခု အားချင်းမျှပြီး သမ နေခြင်းသာဖြစ်သည်။

အရာဝတ္ထုတစ်ခု၌ လျှပ်စစ်ဓာတ်ရှိမရှိကို လျှပ်စစ်ဓာတ်ငြိမ်၏ လက္ခဏာအားဖြင့် စမ်းသပ်ရှာဖွေနိုင်သည့် ကရိယာမျိုးကို အီလက်ထရိုစကုပ် (လျှပ်စစ်ဓာတ်ရှာ ကရိယာ) ဟုခေါ်သည်။ အလွယ်ဆုံး အီလက်ထရိုစကုပ်မှာ ပိုးချည်မျှင်ဖြင့် ဆွဲထားသော ဖော့လုံးကလေးဖြစ်သည်။ ထိုဖော့လုံးကလေးကို လျှပ်စစ်ဓာတ် ဝင်နေသည့် ပစ္စည်းအနီးသို့ ပြသောအခါ လျှပ်စစ်ဓာတ် ရှိးရိုး မှန်က ဖော့လုံးကလေးကို ဆွဲငင်ပေလိမ့်မည်။ အကောင်းဆုံးသော အီလက်စထရိုစကုပ်မှာ သတ္တုချောင်းတစ်ခု ထိပ်ဖျား၌ ရွှေမျက်ပါး နှစ်ရွက်ကို ဘေးတိုက်ယှဉ်ပြီး ဆွဲချိတ်ထားသည့် ကိရိယာဖြစ်သည်။

ရွှေမျက်ပါးတို့ကို လေမတိုက်ခိုက်နိုင်စေရန် ဖန်ဗူးထဲ၌ ထည့် ထားပြီးလျှင် သတ္တုရိုးတံ၏ အပေါ်ဘက်ထိပ်၌ ကြေးဝါပြား သို့မဟုတ် ကြေးဝါ ဖုလုံးတစ်ခု တပ်ဆင်ထားလေ့ရှိသည်။ ရွှေမျက်ပါးများတပ်ထားခြင်းကို အကြောင်းပြု၍ ထိုကရိယာကို ရွှေမျက်ပါး အီလက်ထရိုစကုပ် ဟုခေါ်ကြသည်။ အဆိုပါ ကြေးဝါဖုအနီးတွင် လျှပ်စစ်ဓာတ်ငြိမ် (အဖိုဖြစ်စေ၊ အမဖြစ်စေ) သွင်းပေးထားသော ပစ္စည်းတစ်ခုကို ပြသောအခါ ရွှေမျက်ပါး နှစ်ခု၌လည်း လျှပ်စစ်ဓာတ်ဖြစ်ပေါ်လာသည်။ သို့သော် ဤလျှပ်စစ်ဓာတ်မှာ မျိုးတူဖြစ်နေသဖြင့် မျိုးတူဓာတ်ခြင်း တွန်းဖယ် တတ်သည့်အတိုင်း ရွှေမျက်ပါးနှစ်ခုသည် ပူးနေရာမှ တစ်ခုစီ ကွဲပြီး ကားထွက်သွားလေသည်။ ရွှေမျက်ပါးတို့သည် လျှပ်စစ်ဓာတ် များလျှင် များသလို နည်းလျှင် နည်းသလို ကားထွက်ကြ၍ လျှပ်စစ်ဓာတ် ကုန်ခမ်းသွားသောအခါ ပြန်၍ ပူးမြဲပူးသွားပြန်လေသည်။ (ဤကရိယာတွင် ရွှေအစား အလျူမီနီယမ်ခေါ် ဒန်ကိုလည်း မျက်ပါးပြုလုပ်၍ အသုံးပြုနိုင်သည်။)

ကျွန်ုပ်တို့သည် တခါတရံ လျှပ်စစ်ဓာတ်စီးနေသော ဓာတ်ကြိုးနှင့် မတော်တဆ ထိမိသောအခါ တစ်ကိုယ်လုံးကျင်သွားလောက်အောင် ဓာတ်လိုက်တတ်သည်ကို တွေ့ကြုံဖူးကြပေမည်။ ဤသို့ ဓာတ်လိုက် ရာတွင် ဓာတ်အားကြီးလျှင် အသက်ဘေးကိုပင် ရန်ရှာနိုင်သည်။ ဤသို့လျှပ်စစ်ဓာတ်လိုက်သော ပစ္စည်း တနည်းအားဖြင့် လျှပ်စစ်ဓာတ်ကို စီးဖြတ်ခွင့်ပေးသည့် ပစ္စည်းမျိုးကို ကွန်ဒပ်တား (ဓာတ်လိုက်ပစ္စည်း) ဟုခေါ်သည်။ လျှပ်စစ်ဓာတ် စီးဖြတ်ခွင့်မပေးသည့် ပစ္စည်းမျိုးကိုမှု နန်းကွန်ဒပ်တား (ဓာတ်မလိုက်ပစ္စည်း) ဟုခေါ်၍ ဤပစ္စည်းမျိုးကို လျှပ်စစ်ဓာတ်မလိုက်အောင် ကာကွယ်သည့် နေရာ များ၌ အသုံးပြုရသဖြင့် အင်ဆူလေးတား (ဓာတ်ကာပစ္စည်း) ဟု လည်း ခေါ်သည်။ ကမ္ဘာပေါ်ရှိ ဒြဗ်ဝတ္ထုဟူသမျှတို့သည် ဤနှစ်မျိုး နှစ်စားတွင် တစ်မျိုးမျိုး၌ ပါဝင်ကြသည်။ သတ္တုအားလုံး လူ၏ ကိုယ်ခန္ဓာ၊ ကမ္ဘာမြေ၊ ရေ၊ စိုစွတ်သော အရာဝတ္ထု၊ စိုထိုင်းသောလေ စသည်တို့သည် ဓာတ်လိုက်ပစ္စည်းများဖြစ်ကြ၍ အက်ဗိုနိုက်၊ ဖန်၊ ကြက်ပေါင်စေး၊ ပိုး၊ ကန့်၊ ဖယောင်း၊ ကြွေ၊ စက္ကူ၊ ခြည်မျှင်၊ ခြောက်သွေ့သော သစ်သား၊ ခြောက်သွေ့သောလေ စသည်တို့သည် ဓာတ်မလိုက်ပစ္စည်း သို့မဟုတ် ဓာတ်ကာပစ္စည်းများ ဖြစ်ကြသည်။

ဓာတ်မလိုက်ပစ္စည်းများကို ပွတ်တိုက်ပေးသောအခါ လျှပ်စစ် ဓာတ်ဖြစ်ပေါ်လာပုံကို အခြေပြု၍ နောင်သော် အော့တို ဖွန်ဂေးရိကဲ၊ ဟို့၊ ဝင်းရှပ် စသော ပုဂ္ဂိုလ်ကြီးအသီးသီးက လျှပ်စစ်ဓာတ် ထုတ်စက်အမျိုးမျိုးကို တီထွင်လာကြသည်။ ထိုစက်မျိုးတွင် ဖန်၊ ကန့်၊ စသည့်ပစ္စည်းများကို ဘီးဝိုင်းပေါ်၌ တပ်ထား၍ လက်ကိုင်ကို လှည့်ပေးသောအခါ ဘီးဝိုင်းလည်ပြီးနောက် ဘီးဝိုင်းပေါ်ရှိ ပစ္စည်းများသည် အခြားသင့်တော်သော ပစ္စည်းတခုခုဖြင့် အပွတ်အတိုက် ခံရမှုကြောင့် လျှပ်စစ်ဓာတ်ငြိမ်ဖြစ်ပေါ်လာသည်။ သို့သော် ထိုစက်မျိုးမှ တခဏမျှ မီးပွင့်သော လျှပ်စစ်မီးပွားများကိုသာရ၍ အမြဲတမ်းဆက်တိုက်စီးသည့် လျှပ်စစ်ဓာတ်စီးကို မရပေ။

ထို့နောက် လျှပ်စစ်ပြက်ရာ၌ ဝင်းကနဲလက်သော အလင်းသည် လျှပ်စစ်မီးပွားပင် ဖြစ်သည်ကို ဗင်ဂျာမင် ဖရန်ကလင်က လက် တွေ့စမ်းသပ်ခဲ့၍ ထိုစမ်းသပ်မှုမှာ ယနေ့တိုင်အောင်ပင် ကျော် ကြားလျက်ရှိပေသည်။ ဖရန်ကလင်သည် ထစ်ချုန်းရွာသွန်းမည့် မိုးသားများတက်လာစဉ် စွန် (လေတံခွန်) ကို လွှတ်တင်ပြီးနောက် ကြိုးစအဖျားတွင် ချည်ထားသော သော့မှ လျှပ်စစ်မီးပွား ထွက်မ ထွက်ကို စမ်းသပ်ကြည့်ရာ မိမိထင်သည့်အတိုင်းပင် လျှပ်စစ်မီးပွား ထွက်သည်ကို တွေ့ရလေသည်။ မီးပွားထွက်ခြင်းမှာ တိမ်ထဲတွင်ရှိ သော လျှပ်စစ်ဓာတ်သည် စွန်ကြိုးမှ ဓာတ်လိုက်လာကာ သော့သို့ တဆင့် ကူးလာသောကြောင့် ဖြစ်သည်။ ( ဖရန်ကလင် ဗင်ဂျမင်။)

လျှပ်စစ်ဓာတ်စီး။ ။ ဆယ့်ရှစ်ရာစုနှစ်တွင် ဣတာလျံလူမျိုး သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ လွီဂျီ ဂယ်လဗားနီးသည် လျှပ်စစ် ဓာတ်ငြိမ်၏ သတ္တိကို တစ်မျိုး စမ်းသပ်ကြည့်ပြန်သည်။ သူသည် အရေခွာထားသော ဖားတကောင်၏ ခြေထောက်တစ်စုံ ကို ယူပြီးသော ခြေထောက်တစ်ဖက်ကို လျှပ်စစ်ဓာတ်ငြိမ်ထုတ်ပေး သည့်စက်ဖြင့် ဆက်၍ ကျန်တစ်ဖက်ကို မြေကြီးသို့ ဆက်ပေးသည်။ ထို့နောက် စက်ကိုလှည့်၍ပေးသောအခါ ဖားခြေထောက်ရှိ ကြွက်သား များတွန့်သွား၍ ဖားခြေထောက်ကလေးများ လှုပ်ရှားလာသည်ကို ထူးဆန်းစွာ တွေ့ရလေသည်။ တဖန် သူသည် ဖားခြေထောက် တစ်ဖက်ကို (အေရီယယ်) ကောင်းကင်ကြိုးနှင့်လည်းကောင်း၊ အခြားတဖက် ကို မြေကြီးသို့လည်းကောင်း ဆက်ပေး၍ ဖရန်ကလင်၏ စမ်းသပ်မှုကို အခြေပြုပြီးသော် စမ်းသပ်ကြည့်ပြန်ရာ မိုးထစ်ချုန်းရွာသွန်း နေစဉ် အချိန်တွင် ခြေထောက်ကလေးများ လှုပ်ရှားသည်ကို တွေ့ရလေသည်။ ( ဂယ်လဗာနီး အယ်)

သို့သော် ထိုကဲ့သို့ အမျိုးမျိုး စမ်းသပ်ကြည့်နေရာမှ အခြားထူးဆန်းသော အချက်တစ်ခုကို အောက်ပါအတိုင်း တွေ့ရလေသည်။

ဂယ်လဗာနီးနှင့် တပည့်များသည် ဖားခြေထောက်ကလေးများကို ကြေးနီချိတ်ဖြင့် ချိတ်ပြီးလျှင် ဝရန်တာသံကြိုးတန်းတွင် ချိတ်ဆွဲထားမိသည်။ ထိုအခါ လျှပ်ပြက်ခြင်း မိုးခြိမ်းခြင်း မရှိပါဘဲလျက် ဖားခြေထောက်နှင့် သံကြိုးတန်းထိမိသည့်အခါတိုင်း ခြေထောက်ကလေးများ လှုပ်ရှားသည်ကို အံ့အားသင့်စွာ တွေ့ရလေသည်။ ဖားခြေထောက်ကလေးများကို လှုပ်ရှားစေသည့် ဤလျှပ်စစ်ဓာတ်မှာ အဘယ်မျှ ဖြစ်ပေါ်လာသနည်း။ ဂယ်လဗာနီးက ဤလျှပ်စစ်ဓာတ် မှာ ကြွက်သား သို့မဟုတ် အကြောကို ကြေးဝါနှင့် သံတို့ ထိတွေ့ရမှ ဖြစ်ပေါ်လာသည်ဟု ယူဆလေသည်။ သို့သော် ထို ယူဆချက်သည် ပြည့်စုံမှန်ကန်ခြင်းမရှိသေးပေ။ မကြာမီပင် အခြားဣတာလျံလူမျိုး ပါမောက္ခ အယ်လက်ဇန္ဒြို ဗိုလတာ (ခရစ် ၁၇၄၅-၁၈၂၇) က ထိုထက်ကောင်းမွန်သော ယူဆချက်တခုကို ထုတ်ဖော်ရှင်းပြလေသည်။ သူ၏အဆိုအရ အထက်ပါလျှပ်စစ် ဓာတ်သည် ကြေးနီ၊ သံနှင့် ဖားကောင် ကြွက်သားအတွင်းရှိ အရည်တမျိုးတို့၏ အချင်းချင်း ဓာတ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ် လာသည်ဟု ဆိုလေသည်။ ထို့နောက် သူသည် ဤအယူအဆကို အခြေခံထား၍ အမျိုးမျိုး ကြိုးစား စမ်းသပ်ခဲ့ရာ နောက်ဆုံး၌ လျှပ်စစ်ဓာတ်အိုး တစ်မျိုးကို တီထွင်နိုင်ခဲ့လေသည်။ ထိုဓာတ်အိုး မှာ တီထွင်သူ ဗိုလတာကို အစွဲပြု၍ ဗို့လတိတ်ဓာတ်အိုးဟု အမည်တွင်လေသည်။ ထိုဓာတ်အိုးတွင် သွပ်ပြားတစ်ချပ်နှင့် ကြေးနီပြား တစ်ချပ်ကို ဆာလဖျူရစ်အက်ဆစ်ထဲ၌ နှစ်ထား၍ ထိုသွပ်ပြားနှင့် ကြေးနီပြားတို့ကို အိုးအပြင်ဘက်တွင် ကြေး နန်းကြိုးတစ်ပင်ဖြင့် ဆက်လိုက်သောအခါ ကြေးနီမှ သွပ်သို့ နန်းကြိုးတလျှောက် လျှပ်စစ်ဓာတ်စီးလေသည်။ ဤဓာတ်အိုး ကို တီထွင်နိုင်ခဲ့ခြင်းကြောင့် ဗိုလတာမှာ လျှပ်စစ်ဓာတ်စီးကို ပထမဦးစွာ ကြံဆောင်ထုတ်ယူနိုင်သူအဖြစ်ဖြင့် မှတ်တမ်းတင်ထား ခြင်းခံရလေသည်။ ( ဗိုလတာ ကောင့် အယ်လက်ဇန္ဒြို။)


ဗို့လတိတ် ဓာတ်အိုးအပြင် လျှပ်စစ်ဓာတ်အိုးအခြောက် (ဓာတ်ခဲ)၊ လက်ကလန့် ဓာတ်အိုး စသည်ဖြင့် အလားတူ ဓာတ်အိုးအမျိုး မျိုးရှိသေးသည်။ ထိုဓာတ်အိုးတို့မှာ ဗို့လတိတ်ဓာတ်အိုးနှင့် ဆင်တူ ကြသည်။ ထိုဓာတ်အိုးများကို လျှပ်စစ်ခေါင်းလောင်းနှင့် ကြေးနန်း ဆက်သွယ်ရေး ကိစ္စတို့၌ သုံးလေ့ရှိသည်။ ထိုဓာတ်အိုးမျိုးအပြင် အက်ကျူမူ လေးတားခေါ် လျှပ်စစ်ဓာတ်လှောင်အိုးဟူ၍လည်း တမျိုး ရှိသေးသည်။ ထိုအိုးမျိုးတွင် ကြေးနီနှင့် သွပ်တို့အစား ခဲပြားချပ်များ ကို အသုံးပြုထားသည်။ မော်တော်ကား၊ ရေဒီယို၊ အသံဖမ်းစက် စသည်တို့တွင် ကျွန်ုပ်တို့အသုံးပြုနေကြသော ဗက်ထရီအိုးများမှာ ဤအမျိုးအစားဖြစ်သည်။ ( ဗက်ထရီအိုး။)

အဆိုပါဓာတ်အိုးနှစ်မျိုး၏ ခြားနားချက်မှာ ဗို့လတိတ်ဓာတ် အိုးကဲ့သို့သော ပရိုင်မာရီဓာတ်အိုး (မူလဓာတ်အိုး) များသည် သုံးဖန်များသော အားကုန်သွား၍ အားကိုပြန်မသွင်းနိုင်ချေ။ အက်ကျူမူလေးတား (လျှပ်စစ်ဓာတ်လှောင်အိုး) ဟုခေါ်သော စကင်ဒရီဓာတ်အိုး (ဒုတိယဓာတ်အိုး) များမှာမူ အားကုန်ခမ်း သွားသောအခါ ဓာတ်အိုးအတွင်းသို့ အခြားမှ လျှပ်စစ်ဓာတ်ကို ပြောင်းပြန်စီးဖြတ်စေခြင်းဖြင့် အားပြန်သွင်းပေးနိုင်သည်။

လျှပ်စစ်ဓာတ်အိုးအမျိုးမျိုးတွင် ဆာလဖျူရစ်အက်ဆစ်ကဲ့သို့သော ပစ္စည်းကို အီလိုထရိုလိုက် (ဓာတ်လိုက်ရည်) ဟူ၍လည်းကောင်း၊ ကြေးနီ၊ သွပ်၊ ခဲစသည်တို့ကို 'အီလက်ထရုတ် (ဓာတ်ချောင်း) ဟူ၍လည်းကောင်း ခေါ်ကြသည်။

သီအိုရီများ။ ။ လျှပ်စစ်ဓာတ်နှင့် သက်ဆိုင်သော သီအိုရီတစ်ခုကို ပထမဦးဆုံး ကြံစည်ထုတ်ဖော်သူမှာ ၁၈ ရာစုနှစ် အလယ်လောက်တွင် ကောင်းကင်သို့ စွန်လွှတ်ပြီး လျှပ်စစ်ဓာတ်ကို ထုတ်ပြခဲ့သူ ဗင်ဂျမင် ဖရန်ကလင်ပင် ဖြစ်သည်။ သူ၏သီအိုရီအရ လျှပ်စစ်ဓာတ်သည် မျက်စိဖြင့် မမြင်နိုင် အလေးချိန်ဟုလည်း မရှိသည့် အရည်တမျိုး ဖြစ်၍ ထိုအရည်မှာ မည်သည့်ပစ္စည်း၌မဆို အထိုက်အလျောက် ပါဝင်သည်ဟု ဆိုလေသည်။ ထိုသီအိုရီကို ငွေ့ရည်သီအိုရီဟု ခေါ်စမှတ်ပြုကြသည်။ တဖန် ဖရန်ကလင်က လျှပ်စစ်ဓာတ်ဖိုနှင့် ဓာတ်မကို ဤသို့ ခွဲပြပြန်သည်။ အရာဝတ္ထုတိုင်း၌ လျှပ်စစ်ဓာတ် အရည် ပါမြဲဖြစ်ရာ အကယ်၍ ပါသင့်သမျှထက် ပိုနေခဲ့လျှင် ထိုအရာဝတ္ထု၌ လျှပ်စစ်ဓာတ်ဖို ဝင်သည်ဟု ဆိုရပြီးလျှင် ပါသင့်သမျှထက် လျော့ပါက လျှပ်စစ်ဓာတ်မ ဝင်သည်ဟု ဆိုရသည်။ ထို့နောက် လျှပ်စစ်ဓာတ်သည် ဓာတ်ဖိုဝင်နေသည့် ပစ္စည်းမှ ဓာတ်မဝင်နေသည့် ပစ္စည်းဖက်သို့ စီးသည်ဟု ဆို လေသည်။

သို့ရာတွင် နောက်နှစ်ပေါင်းတစ်ရာကျော်၌ ၁၉ ရာစုနှစ် ကုန်ဆုံး ကာနီးအချိန်တွင် ဖရန်ကလင်၏ သီအိုရီထက် သာလွန်ကောင်း မွန်ရုံမျှမက ယခုထက်တိုင် အကောင်းဆုံး အမှန်ဆုံး အဖြစ်နှင့် လက်ခံခဲ့ရသော သီအိုရီကို ဆာဂျေဂျေ သွန်မဆင်က ထုတ်ဖော် လိုက်လေသည်။ သွန်မဆင်သည် အီလက်ထရွန်ကို တွေ့ရှိတိုင်း တာပြီးနောက်မှ ထုတ်ဖော်လိုက်ခြင်းဖြစ်၍ ထိုသီအိုရီသည် အီ လက်ထရွန်သီအိုရီဟု တွင်လေသည်။

အီလက်ထရွန်သီအိုရီမှာ ဤသို့ဖြစ်သည်။ ကျွန်ုပ်တို့ စကြဝဠာ ကြီးအတွင်းရှိ အရာဝတ္ထုအားလုံးတွင် ဒြဗ်စင်ဟုခေါ်သော သီး သန့်ဓာတ်များ ရောထွေးပေါင်းစပ်ပြီး ပါဝင်လျက်ရှိသည်။ ဒြဗ် စင်ကို အသေးဆုံးစိတ်ပိုင်းလိုက်သောအခါ မော်လီကျူများကို ရရှိ၍ ထိုဖော်လီကျူတွင် တဖန် အက်တမ်များ ပါဝင်ပြန်သည်။ ထို့ကြောင့် အရာဝတ္ထုမှန်သမျှသည် အက်တမ်ဖြင့် ဖွဲ့စည်းထားသည့် အရာများသာဖြစ်သည်။ ဒြဗ်စင်ပေါင်းမှာ ၉ဝ ကျော်ရှိသည့်အတွက် အက်တမ်တို့မှာလည်း ဟိုက်ဒြိုဂျင်အက်တမ်၊ အောက်ဆီဂျင် အက်တမ် စသည်ဖြင့် အမျိုးပေါင်း ၉ဝ ကျော်ရှိသည့် အက်တမ် တို့၏ ဖွဲ့စည်း တည်ဆောက်နေပုံကို ကြည့်ပြန်သောအခါ အက် တမ်တွင် အီလက်ထရွန်များ ပါဝင်၍ ထိုအီလက်ထရွန်တို့ကို အက်တမ်၏ ဝတ်ဆံတွင်ရှိသည့် ပရိုတွန်တို့က ဆွဲငင်ထားပြီး အက်တမ်တွင် အီလက်ထရွန်နှင့် ပရိုတွန်တို့အပြင် လျှပ်စစ်ဓာတ် အားဖြင့် အဖိုလည်းမဟုတ် အမလည်းအမဟုတ်သည့် နျူထရွန် များလည်းရှိသေးသည်။ ထို့ကြောင့်လည်း သိပ္ပံပညာရှင်ကြီးများက အလုံးစုံသောဒြဗ်တို့သည် လျှပ်စစ်ဓာတ်ဖြင့် ပြီးကြ၍ ဒြဗ်နှင့် လျှပ်စစ်ဓာတ်မှာ အတူတူပင်ဖြစ်သည် ဟု ဆိုကြခြင်းဖြစ်သည်။

အက်တမ်ဖြင့် ပေါင်းစပ်ဖွဲ့စည်းလျက် ရှိသော အီလက်ထရွန်နှင့် ပရိုတွန်တို့၏ ဆွဲငင်ထားမှုကို ပြင်ပ စွမ်းအင်တစ်ခုခုက နှောင့်ရှက်လိုက်သောအခါ အဆိုပါဆွဲငင်မှုမှာ ပျက်ပြားသွားသော ကြောင့် အီလက်ထရွန်အချို့သည် မူလနေရာမှ လွတ်ထွက်လာပြီး သော အခြားအက်တမ်များရှိရာသို့ ရောက်သွားနိုင်သည်။ လျှပ် စစ်ဓာတ်စီးကြောင်းမှာ ဤကဲ့သို့ အီလက်ထရွန်များ နေရာပြောင်း ခြင်းပင်ဖြစ်သည်ဟု အီလက်ထရွန်သီအိုရီက ဖော်ပြလေသည်။

အီလက်ထရွန် အရေအတွက်ပိုလာလျှင် ဖြစ်စေ ယုတ်လျော့သွား လျှင်ဖြစ်စေ ထိုအက်တမ်မှာ အခြေမခိုင်တော့ပေ။ ပိုနေသော အီလက်ထရွန်တို့သည် အခွင့်ကြုံသည်နှင့်တပြိုင်နက် ထွက်ပြေး လွတ်မြောက်သွားမည်ဖြစ်သည်။ ထို့အတူ အီလက်ထရွန် လိုနေသာ အက်တမ်ကလည်း ရရာနေရာမှ အီလက်ထရွန်ကို ပြန်ယူမည်ဖြစ် သည်။ အီလက်ထရွန်အရေအတွက် ရှိသင့်သည်ထက် ပိုနေသော အက်တမ်ကို လျှပ်စစ်ဓာတ်မ အက်တမ်ဟုဆို၍ အီလက် ထရွန် အရေအတွက် ရှိသင့်သည်ထက် လျော့နေသော အက်တမ် ကို လျှပ်စစ်ဓာတ်ဖိုဝင်သော အက်တမ်ဟုဆိုသည်။

ပွတ်တိုက်မှုကြောင့်ဖြစ်စေ၊ သံလိုက်ဓာတ်ကြောင့်ဖြစ်စေ၊ အပူ၊ သို့မဟုတ် ဓာတ်လှုပ်ရှားမှုကြောင့် ဖြစ်စေ၊ အက်တမ်များတွင် အီလက်ထရွန်တို့ လွတ်မြောက်သွားနိုင်ကြသည်။ ယင်းသို့ လွတ်မြောက်သွားသော အီလက်ထရွန်တို့သည် မိမိတို့ထွက်ခွာ သွား၍ အဖိုဓာတ်ဖြင့် ကျန်ခဲ့သော မူလနေရာသို့ တပတ်လှည့် ပြီး ပြန်ရောက်လာနိုင်လျှင် ထိုအီလက်ထရွန်တို့ သွားရာလမ်း သည် လျှပ်စစ် ဆားကစ် ဖြစ်လေသည်။ ထိုလွတ်မြောက်သွား သော အီလက်ထရွန်တို့သည် အကယ်ပင် အစမှအဆုံးတိုင်အောင် ခရီးပြည့်သွားသည် မသွားသည်ဆိုသည်ကို သေချာစွာ မပြောနိုင်ပေ။ သို့ရာတွင် ဆားကစ်တလျှောက်တွင် အဆက်မပြတ် အီလက်ထရွန်တို့ ရွေ့လျားမှုရှိသည်မှာ အမှန်ပင်ဖြစ်သည်။ အီလက်ထရွန်သီအိုရီအရ လျှပ်စစ်ဓာတ်သည် အမမှ အဖိုဖက်သို့ စီးသည်ဟု ဆိုရပေမည်။ သို့သော် ဖရန်ကလင်၏ သီအိုရီကမှု လျှပ်စစ်ဓာတ်သည် အဖိုမှ အမဘက်သို့ စီးသည်ဟု ဆိုသဖြင့် ထိုသီအိုရီနှစ်ခုမှာ ဆန့်ကျင် လျက်ရှိလေသည်။ သို့ရာတွင် လျှပ်စစ်ဓာတ်နှင့် ဆက်လျဉ်းသည့် လက်တွေ့ကိစ္စများ၌ ဖရန်ကလင်၏ သီအိုရီကို မူတည်လာခဲ့ကြသည့် အတိုင်း ယခုလည်း ထိုအတိုင်းပင် ဆက်လက်၍ သုံးစွဲနေဆဲဖြစ် လေသည်။

အဖိုနှင့်အမဆိုရာ၌ အမှန်စင်စစ် အီလက်ထရွန်အနည်းအများကို နှိုင်းယှဉ်ပြီးလျှင် သုံးစွဲသည့်စကားများသာ ဖြစ်သည်။ ပုံပမာ- တနေရာတွင်ရှိသော အီလက်ထရွန်တို့သည် ရှိသင့်သည်ထက် လျော့နေသည်ဖြစ်စေ၊ ရှိသင့်သမျှအတိုင်း ရှိသည်ဖြစ်စေ၊ သို့ မဟုတ် ရှိသင့်သည်ထက် ပိုနေသည်ဖြစ်စေ၊ ပိုနေရာမှာထက် အခြားတနေရာတွင် ရှိသော အီလက်ထရွန်အရေအတွက်က များနေခဲ့သော ထိုများနေသည့်နေရာမှာ အမဖြစ်၍ နည်းနေသည့် နေရာမှာ အဖို ဖြစ်တော့သည်။ အီလက်ထရွန်၏ သဘောမှာ ကား လမ်းရှိခဲ့လျှင် အီလက်ထရွန်ပိုနေသည့် နေရာမှ အီလက် ထရွန်လျော့နေသည့် နေရာသို့ သွားမည်သာဖြစ်၍ ထိုကဲ့သို့ သွားသောအခါ လျှပ်စစ်ဓာတ်စီးသည် မည်ပေသည်။ ဤကဲ့သို့ အီလက်ထရွန်အပိုအလျှော့ ခြားနားမှုမရှိလျှင် လျှပ်စစ်ဓာတ်သည် လည်း မစီးနိုင်ပေ။

လျှပ်စစ်ဓာတ်အိုး (ဘက်ထရီ) အမျိုးမျိုးတွင် အီလက်ထရုတ် အတွက် သွပ်၊ ကြေး၊ ခဲဲ၊ ကာဗွန်စသည်တို့ကို၎င်း၊ အီလက် ထရိုလိုက်အတွက် အက်ဆစ်ရည်၊ ဇဝက်သာရည်၊ ဇဝက်သာ မှုန့် စသည်တို့ကို၎င်း သူ့နည်းနှင့်သူ အမျိုးမျိုး ကွဲပြီး အသုံး ချထားသည့် သဘောမှာ ဓာတ်လှုပ်ရှားမှုဖြင့် လျှပ်စစ်ဓာတ်ကို စီးစေသည့် သဘောတစ်ခုတည်းပင် ဖြစ်သည်။ ဓာတ်အိုးထဲ၌ ဓာတ်လှုပ်ရှားမှုဖြစ်ပေါ်လာသောအခါ ဓာတ်ခေါင်းတဖက်တွင် အီလက်ထရွန်ပိုလာ၍ ပြန်တဖက်တွင် လျော့သွားသည်။ ဓာတ် ခေါင်းနှစ်ခုကို နန်းကြိုးဖြင့် ဆက်လက်သောအခါ ပိုနေသော အီလက်ထရွန်များအဖို့ လျော့နည်းသည့် နေရာသို့သွားရန် လမ်းရသွားလေသည်။

ဓာတ်လှုပ်ရှားမှုကြောင့် အက်တမ်တို့လှုပ်ရှားပြီးလျှင် လျှပ်စစ် ဓာတ်ထွက်ပေါ်လာသည့်နည်းတူ လျှပ်စစ်ဓာတ်ကြောင့်လည်း အရာဝတ္ထုအတွင်းရှိ ဓာတ်များလှုပ်ရှားပြီး ကွဲထွက်နိုင်သည်။ ဤသို့ လျှပ်စစ်ဓာတ်ဖြင့် ဓာတ်ခွဲနည်းကို အီလက်ထိရို လစ်ဆစ်ဟုခေါ်သည်။ ( လျှပ်စစ်ဖြင့် ဓာတ်ခွဲခြင်း။)

လျှပ်စစ်ဓာတ်အိုးနှင့် ဒိုင်နမိုများအပြင် လျှပ်စစ်ဓာတ်စီး ကို ရရှိနိုင်စေသည့် တတိယနည်းရှိသေး၍ ဤနည်းတွင် သုံးသော ကရိယာကို သာမိုအီလက်ထရစ်ကာပယ် (အပူဖြင့် လျှပ်စစ်ဓာတ်ထုတ်ကရိယာ) ဟုခေါ်လေသည်။ ဤနည်းတွင် အခြေခံအားဖြင့် အမျိုးမတူသော သတ္တုနန်း ကြိုးပုံပမာ- ကြေးကြိုးနှင့် သံကြိုးနှစ်ပင်ကို အစွန်းနှစ်ဖက် စလုံးတွင် ဆက်ထားပြီးနောက် အဆက်တစ်ခုကို အပူတိုက် (မီးမြိုက်) ပေးရသည်။ သာမန်အပူချိန်တွင် အီလက်ထရွန် တို့သည် သံမှ ကြေးသို့ ကူးလိုသည့်လက္ခဏာရှိသည်။ သို့သော် အဆက်တနေရာတွင် ဤသို့ကူးဖြတ်လိုသည့်အတိုင်း ကျန်အဆက်တွင်လည်း ဤသိုပင်ဖြစ်သဖြင့် အီလက်ထရွန် တို့သည် ပတ်ပြည့်အောင် မသွားနိုင်ကြပေ။ သို့ရာတွင် အဆက်တခုကို အပူတိုက်ပေးလိုက်သော အခါ၌ကား ဤအဆက်တွင်ရှိသည့် အီလက်ထရွန်တို့၏ လှုပ်ရှားမှုမှာ ကျန်အဆက်ဖက်မှာထက် ပိုလာသည့်အတွက် ပတ်ပြည့် အောင် လှည့်သွားနိုင်လာလေသည်။ ဤနည်းဖြင့် ရရှိ သော လျှပ်စစ်ဓာတ်စီးမှာ အလွန်သေးငယ်၍ ဓာတ်မီးထွန်း ရန် မိုတာကို လည်စေရန်အတွက် မလုံလောက်ပေ။ သို့သော် အပူချိန်ကို သိလျှင် ဖြစ်ပေါ်လာသော လျှပ်စစ်ဓာတ်စီး ပမာဏ ကို သိနိုင်၍ လျှပ်စစ်ဓာတ်စီးကို သိလျှင် အပူချိန်ကို သိနိုင် သည့်အတွက် အဆိုပါ သာမိုအီလက်ထရစ်ကာပယ်များသည် အပူချိန်တိုင်း ကရိယာ (သာမိုမီတာများ) အဖြစ်ဖြင့် အလွန် အသုံးကျလေသည်။

ဂယ်လဗာနိုမီတာ။ ။ လျှပ်စစ်ဓာတ်စီးတွင် သတ္တိအမျိုးမျိုး ရှိသည့်အနက် အရေးကြီးဆုံးမှာ သံလိုက်ဓာတ်ဖြစ်ပေါ်စေသော သတ္တိဖြစ်သည်။ လျှပ်စစ်ဓာတ်စီးနေသည့် နန်းကြိုးအတွင်းသို့ အိမ်မြှောင်သံလိုက်အပ်ကို ပြကြည့်သောအခါ တောင်နှင်မြောက် တန်းနေသော မူလနေရာမှ တိမ်းစောင်းသွားသည်ကို တွေ့နိုင်သည်။ လျှပ်စစ်ဓာတ်စီးနည်းလျှင် အနည်းငယ်သာတိမ်းစောင်း၍ များလျှင် ပိုပြီး တိမ်းစောင်းသည်။ ဤသဘောကိုမူတည်၍ လျှပ်စစ်ဓာတ်စီး ကို စမ်းသပ်တိုင်းတာနိုင်အောင် နန်းကြိုးရစ်ခွေများနှင့် သံလိုက်အပ် ကို အသုံးပြုထားသည့် ကရိယာကို ဂယ်လဗာနိုမီတာ (လျှပ်စစ်ဓာတ် စီးတိုင်း ကရိယာ) ဟုခေါ်သည်။ ဂယ်လဗာနီးကို ဂုဏ်ပြုသောအားဖြင့် ခေါ်ဝေါ်ခြင်းဖြစ်လေသည်။ ( ဂယ်လဗားနီး အယ်။)

ဂယ်လဗာနိုမီတာ အမျိုးမျိုး အစားစားရှိသည်။ တမျိုးတွင် နန်းကြိုး ရစ်ခွေက အသေဖြစ်၍ သံလိုက်အပ်က လှုပ်ရှားနိုင်သည်။ အခြား တမျိုးတွင် သံလိုက်တုံး ခပ်ကြီးကြီးကို အသေပြုလုပ်ထား၍ နန်းကြိုး ရစ်ခွေကို ခပ်ငယ်ငယ်ပြုလုပ်ထားပြီးလျှင် လှုပ်ရှားတိမ်းစောင်း နိုင်အောင် ကြိုးဖြင့် တွဲလောင်း ဆွဲထားသည်။ အလွန်သေး ငယ်သော လျှပ်စစ်ဓာတ်စီးကို တိုင်းတာရန်အတွက် အရှင် ပြုလုပ်ထားသော သံလိုက်အပ်တွင် ဖြစ်စေ၊ နန်ကြိုးရစ်ခွေတွင် ဖြစ်စေ မှန်ဝိုင်းသေးသေးကလေးတပ်ထားသည့် အမျိုးလည်း ရှိသည်။ ဤကရိယာမျိုးတွင် အလင်းရောင်ခြည် အမျှင်ကလေး ကို မှန်ဝိုင်းပေါ်သို့ ထိုးပေးထားရ၍ မှန်ဝိုင်းကလေး လည်သော အခါ မှန်ဝိုင်းမှ ပြန်ဟပ်သည့် ရောင်ခြည်မျှင်ည်း လည်ပြီးလျှင် လျှပ်စစ်ဓာတ်စီး မည်မျှရှိကြောင်းကို အမှတ်စကေးပေါ်၌ ထိုးပြ လေသည်။ မော်တော်ကားတွင် တပ်ဆင်ထားသော အမ္မီတာ ခေါ် ကရိယာကလေးမှာ ဂယ်လဗာနိုမီတာတမျိုးပင်ဖြစ်သည်။

လျှပ်စစ်ဓာတ်ကြောင့် သံလိုက်ဓာတ်ဖြစ်ပေါ်လာကြောင်းကို အကြောင်းပြု၍ လျှပ်စစ်သံလိုက်များကို ပြုလုပ်ထားသည်။ ထိုလျှပ်စစ်သံလိုက်များတွင် တန်ချိန်များစွာ ရှိသည့် သံတုံး သံထည်များကို ချီမသယ်ယူနိုင်သော လျှပ်စစ်သံလိုက် မောင်း တံကြီးများလည်းရှိသည်။ လျှပ်စစ်သံလိုက်ပြုလုပ်ပုံ သဘောမှာ သံတုံးတစ်တုံးပေါ်တွင် နန်းကြိုးတစ်ပင်ကို အထပ်ထပ်ရစ်ပတ်ထား ပြီးနောက် နန်းကြိုးတလျှောက်ကို လျှပ်စစ်ဓာတ်စီးဖြတ်စေသည်။ ထိုအခါ သံတုံးသည် လျှပ်စစ်ဓာတ်စီးဖြတ်နေချိန်တွင် အခိုက်အ တန့်အားဖြင့် သံလိုက်ဖြစ်သွားလေသည်။

လျှပ်စစ်ဓာတ်စီးဆိုသည်မှာ အရာဝတ္ထုများအတွင်း၌ အီလက်ထရွန် များ တနေရာမှ တနေရာသို့ သွားခြင်းပင်ဖြစ်သည်ဟု တစ်နေရာတွင် ဆိုခဲ့ပြီ၊ သို့သော် အလွန်ကောင်းသည်ဟု ဆိုရသော ဓာတ်လိုက် ပစ္စည်းများတွင်ပင် အီလက်ထရွန်တို့သည် လွတ်လပ်စွာ သွား နိုင်ခြင်းမရှိပေ။ မည်သည့်ပစ္စည်းတွင်မဆို အဆီးအတား အနည်း နှင့်အများ ရှိပြီးလျှင် ထိုအဆီးအတားကြောင့် အီလက်ထရွန်တို့ ၏ စွမ်းအင်အချို့မှာ ကုန်ခမ်းသွားရလေသည်။ ဤတားဆီး အားကို ရီဇစ္စတန်ဟုခေါ်၍ ထိုတားဆီးအားသည် ပစ္စည်း တခုနှင့်တခုမတူပဲ အေးနေသောအခါ၌ ပူနေသောအခါထက် နည်းလေသည်။

ရီဇစ္စတန် (တားဆီးအား)နှင့် ဆန့်ကျင်ဘက်မှာ ကွန်ဒပ်တစ်ဗစ်တီး (ဓာတ်လိုက်အား)ဖြစ်သည်။ အဓိပ္ပာယ်မှာ တားဆီးအားများသော ပစ္စည်းတွင် ဓာတ်လိုက်အားနည်း၍ တားဆီးအားနည်းလျှင် ဓာတ်လိုက်အားများလေသည်။ အကယ်၍ ကြေးနီ၏ ဓာတ်လိုက် အားကို ၁ဝဝ ဟု ပြခဲ့သော ငွေ၊ ရွှေနှင့် ဒန်တို့၏ အားအသီးသီး မှာ ၁ဝ၄၊ ၇ဝ နှင့် ၆၄.၅ ဖြစ်လေသည်။

ဓာတ်မလိုက် ပစ္စည်းများမှာ ဓာတ်လိုက်အား အနည်းဆုံး ဖြစ်သည်။ သို့သော် ဓာတ်မလိုက်ပစ္စည်းဟု ဆိုရစေကာမူ လျှပ်စစ်ဓာတ်အားစီးသောအခါ အီလက်ထရွန် အချို့အဝက် ကို ဖြတ်သန်းခွင့်ပေးလေသည်။ ဓာတ်မလိုက်ပစ္စည်းတွင် ဓာတ်မလိုက်အောင် ကာကွယ်ထားနိုင်သည့် ပစ္စည်းမျိုးကို အင်ဆူလေးတား (ဓာတ်ကာပစ္စည်း)ဟုခေါ်၍ လျှပ်စစ် မီးပွားကို ကာကွယ်ထားနိုင်သည့် ပစ္စည်းမျိုးကို ဒိုင်အီ လက်ထရစ် (လျှပ်စစ်မီးပွားကာ) ပစ္စည်းဟုခေါ်သည်။ ဤပစ္စည်းနှစ်မျိုးကို အတူတူဟု ယူဆလေ့ရှိကြသော်လည်း အမှန်အားဖြင့် မတူပေ။ ပုံပမာ-ဖန်နှင့် လချေးတို့သည် ကြက်ပေါင်စေးနှင့် ဗေ့ကလိုက်တို့နှင့် စာသော် အင်ဆူလေး တားအဖြစ် ပိုညံ့၍ ဒိုင်အီလက်ထရစ်အဖြစ် ပိုကောင်းလေသည်။

လျှပ်စစ်ဓာတ်စီးသည် အပူကို ဖြစ်ပေါ်စေသည်။ ဓာတ်မီးခလုတ်ကို ဖွင့်လိုက်ချိန်၌ ဓာတ်မီးလင်းလာသဖြင့် လျှပ်စစ်ဓာတ်စီးကြောင့် ဓာတ်မီးလုံးအတွင်းရှိ နန်းကြိုးမျှင်ကလေးများ ပူလွန်းအားကြီးပြီး လင်းလာခြင်းဖြစ်သည်။ ဓာတ်မီးပူအိုး၊ ဓာတ်မီးဖို စသည်တို့မှာ လည်း ဤသဘောကိုမှီး၍ ပြုလုပ်ထားသည့် ကရိယာများဖြစ်သည်။ ကြေးနီနန်းကြိုးများမှာ တားဆီးအားနည်းသဖြင့် လျှပ်စစ်ဓာတ် စီးဖြတ်ချိန်တွင် အနည်းငယ်မျှသာ ပူလေ့ရှိသည်။ သို့သော် အကြောင်းတခုခုကြောင့် လျှပ်စစ်ဓာတ်စီးရာ များလာသည့်အခါ နန်းကြိုးတနေရာရာတွင် အပူအားကြီးပြီးလျှင် မီးဘေးကိစ္စများ ဖြစ်ပေါ်တတ်သည်။ သို့အတွက် လျှပ်စစ်ဓာတ်ဆိုင်ရာ အသုံး အဆောင်များတွင် ဖျူခေါ် ဓားစာခံ နန်းကြိုးတိုများကို သီးသန့် တပ်ဆင်ထားရမြဲဖြစ်သည်။ ဖျူသည် အရည်ပျော်လွယ်သည့်ပစ္စည်း (များသောအားဖြင့် ခဲနှင့်စပ်ထားသော သတ္တုရောဖြင့်) ပြုလုပ်ထားသော နန်းကြိုးဖြစ်သဖြင့် အပူလွန်၍ အရည်ပျော်စရာရှိသောအခါ ဖျူကသာ အလျင်ပျော်လေသည်။

လျှပ်စစ်ဓာတ်စီးအတိုင်းအတာ လျှပ်စစ်ဓာတ်စီးတွင် (၁)လျှပ်စစ်ကားရင့် (ဓာတ်စီး)၏ ပမာဏ၊ (၂) လျှပ်စစ်ပိုတင်ရှယ်ခြားနားမှု (လျှပ်စစ်ဓာတ်ပို့ဆောင်အား)၊ (၃) လျှပ်စစ်ဓာတ်ရီဇစ္စတန့် (တားဆီးအား) တို့သည် တခုနှင့်တခု ဆက်သွယ်လျက်ရှိလေသည်။

လျှပ်စစ်ကားရင့်ပမာဏ၏ ခုကိန်းမှာ အမ်ပီယာ ဖြစ်၍ ပြင်သစ် သိပ္ပံပညာရှင် အွန်ဒရေး မာရီ အမ်ပီယာကို အစွဲပြုကာ မှည့်ခေါ်သော အမည်ဖြစ်သည်။ အီလက်ထရိုမိုးတစ်ဖို့ခေါ် လျှပ်စစ်ဓာတ် ပိုတင်ရှယ် ခြားနားမှုကို လျှပ်စစ်ဖိအားဟုလည်း ခေါ်သည်။ ထိုအား၏ ခုကိန်းမှာ ဗို့ ဖြစ်၍ ထိုအမည်မှာ ဣတာလျံ သိပ္ပံပညာရှင် ဗိုလတာကို အစွဲပြု၍မှည့်ခေါ်သောအမည်ဖြစ်သည်။ ရီဇစ္စတန့်ခေါ် လျှပ်စစ်တား ဆီးအား ခုကိန်းမှာ အုမ်း ဟုခေါ်၍ ထိုအမည်မှာလည်း ဂျာမန် သိပ္ပံပညာရှင် ဂျော့ဆိုင်မွန် အုမ်းကို ဂုဏ်တင်ကာ ခေါ်ဝေါ်သည့် အမည်ဖြစ်လေသည်။ ဖိအား တစ်ဗို့ဆိုသည်မှာ တစ်အမ်ပီယာရှိသော ကားရင့်ကို တစ်အုမ်းရှိသော ရီဇစ္စတန့်ကို ကျော်လွန်စီးဖြတ်နိုင်အောင် ဖိပေးရသော လျှပ်စစ်ဖိအားဖြစ်သည်။

အထက်ပါ ခုကိန်း သုံးမျိုးနှင့် စပ်လျဉ်း၍ သိပ္ပံပညာရှင်ကြီး အုမ်းက ပုံသေနည်းတခု တီထွင်ထားခဲ့၍ ထိုပုံသေနည်းကို အုမ်းစည်း ဟု ခေါ်လေသည်။ ထိုစည်းအရ ပုံသေနည်းမှာ

  • V = IR ဖြစ်သည်။

ဤပုံသေနည်းတွင် :

  • I သည် ကားရန့် (current) ခေါ် လျှပ်စီးကြောင်း
  • V သည် ဗို့တေ့ချ် (Voltage) ခေါ် လျှပ်စစ်ဖိအား
  • R သည် ရစ်ဇစ္စတန့်စ် (resistance) ခေါ် ခုခံအားဖြစ်ပြီး

သက်ဆိုင်ရာယူနစ်များမှာ

  • I အတွက် အမ်ပီယာ (ampere)
  • V အတွက် ဗို့ (volt)
  • R အတွက် အုမ်း (ohm) တို့ဖြစ်ကြသည်။

လျှပ်စစ်ပါဝါကို သိလိုလျှင် ဝပ် ဖြင့် တိုင်းတာရသည်။ ထိုအမည်မှာ အင်္ဂလိပ် သိပ္ပံပညာရှင် ကြီးတစ်ဦးဖြစ်သူ ဂျိမ်းဝပ်ကို အစွဲပြု၍ မှည့်ခေါ်သော အမည်ဖြစ်သည်။ တစ်ဝပ်မှာ ဖိအား တစ်ဗို့နှင့် ဖိထားသော တစ်အမ်ပီယာ၏ စွမ်းအင်ဖြစ်သည်။ ထိုကြောင့် ဗို့အရေအတွက်ကို အမ်ပီယာ အရေအတွက်နှင့် မြောက်လျှင် ဝပ်အရေအတွက်ကို ရနိုင်လေသည်။ သို့သော် ဝပ်မှာ သေးငယ်လှသောကြောင့် လျှပ်စစ်ပါဝါကို များသောအားဖြင့် ဝပ် ၁ဝဝဝ နှင့် ညီသော ကီလိုဝပ်နှင့် တိုင်းတာလေ့ ရှိကြသည်။ မြင်းတကောင်အားသည် ဝပ်အရေအတွက် ၇၄၆ နှင့် ညီမျှသဖြင့် မြင်းကောင်ရေ အားနှင့်လည်း တိုင်းတာနိုင်သည်။ ( ပါဝါ။)

( ဝပ်ဂျိမ်း။)

ကွန်ဒင်ဆား။ ။ လျှပ်စစ်ပညာတွင် လျှပ်စစ်ဓာတ်ပမာဏကြီး လာအောင် သိုမှီးပေးသည့် ကရိယာကို ကွန်ဒင်ဆားဟုခေါ်သည်။ ကွန်ဒင်ဆားတွင် ဓာတ်လိုက်သတ္တုပြား နှစ်ခုကိုဖြစ်စေ၊ နှစ်ခု ထက်ပိုသော သတ္တုပြားများကို ဖြစ်စေ တခုနှင့်တခု အကြားတွင် ဒိုင်အီလက်ထရစ်တခုခုကို ခံပေးထားသည်။ များသောအားဖြင့် လချေးပြားများကို ဒိုင်အီလက်ထရစ်အဖြစ်ဖြင့် သုံးလေ့ရှိသည်။ ထိုနည်းဖြင့် လျှပ်စစ်ဓာတ်၏ ဗို့အားနှင့် စာသော် ပမာဏအား ဖြင့် အဆမတန် ကြီးမားသည့် လျှပ်စစ်ဓာတ်ကို စုဆောင်းပေး နိုင်လေသည်။ မည်မျှ စုဆောင်းပေးနိုင်သည်ဟူသော စွမ်းရည် ကို ထိုကွန်ဒင်ဆား၏ ကပက်စီးတီးဟုခေါ်၍ ထိုစွမ်းရည် မှာ ကွန်ဒင်ဆားအတွင်းရှိ ဓာတ်လိုက်သတ္တုပြားများ တခု နှင့်တခု နီးကပ်လေလေ၊ ကြီးလေလေဖြစ်သည်။ လျှပ်စစ် ဆာကစ်တစ်ခု၌ ကွန်ဒင်ဆားကို သွင်းထားသော အခါ ဆာကစ် တွင် စီးမည့် လျှပ်စစ်ဓာတ်၏ ပမာဏမှာ ကွန်ဒင်ဆား၏ ကပက်စီးတီး (စွမ်းရည်) ပေါ်၌ တည်လေသည်။ ထိုကြောင့် ကွန်ဒင်ဆားသည် တစ်ဖက်တစ်ပြန် လျှပ်စစ်စီးရာတွင် လျှပ်စစ် ဓာတ်ကြောင့် ဖြစ်ပေါ်လာသော လျှပ်စစ်တုန်ကြိမ်ကို ထိန်းပေးနိုင်သဖြင့် ဝိုင်ယာလက်နှင့် ရေဒီယိုများတွင် ရေဒီယို လှိုင်းများကို ညှိပေးရန်အတွက် ကွန်ဒင်ဆားများကို အသုံး ပြုရလေသည်။ ကပက်စီးတီးကို သိထားသော စံတွင် ကွန် ဒင်ဆားဖြင့် ဆာကစ်တစ်ခုအတွင်း စီးလျက်ရှိသည့် လျှပ်စစ် ကားရင့်တို့၏ ပမာဏကိုလည်း တိုင်းတာနိုင်လေသည်။

ဒိုင်နမို။ ။ လျှပ်စစ်ကားရင့်ကို စက်ဖြင့် ထုတ်ယူနိုင်ပုံကို ၁၈၃၁ ခုနှစ် ဩဂုတ်လတွင် ပထမ စတင်တွေ့ရှိသူမှာ ခေတ်သစ် လျှပ်စစ်ပညာ၏ ဖခင်ဟု အသိအမှတ်ပြုရသော အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင် မိုက်ကယ် ဖားရဒေးဖြစ်လေသည်။ ( ဖားရဒေး အမ်။)

ဂယ်လဗာနိုမီတာ အကြောင်းတွင် လျှပ်စစ်ကားရင့်ကြောင့် သံလိုက်ဓာတ်ဖြစ်ပေါ်လာပုံကို ဖော်ပြခဲ့ပြီ။ ဖားရဒေး တွေ့ ရှိသော အချက်မှာ သံလိုက်ဓာတ်ဖြင့် နန်းကြိုးတွင် လျှပ်စစ် ကားရင့် ဖြစ်ပေါ်လာအောင် ညှို့ယူနိုင်ခြင်းဖြစ်၍ အထက်ပါ သဘောနှင့် ပြောင်းပြန်ဖြစ်ပေသည်။ ဖားရဒေးသည် သံလိုက် ပိုစွန်းရှေ့၌ နန်းကြိုးခွေတစ်ခုကို လှုပ်ရှားပေးသောအခါ၊ တစ်နည်း နန်းကြိုးခွေကို အသေထား၍ သံလိုက်ကို လှုပ်ရှားပေးသောအခါ နန်းကြိုးခွေ၌ လျှပ်စစ်ကားရင့် ဖြစ်ပေါ်လာသည်ကို တွေ့ရှိသည်။ သို့သော် ဤလျှပ်စစ်ကားရင့်မှာ နန်းကြိုးခွေနှင့် သံလိုက်တစ်ခုခုကို လှုပ်ရှားပေးချိန်တွင်သာဖြစ်ပေါ်၍ လှုပ်မပေးပဲ တည်ငြိမ်ထားပါက လုံးဝဖြစ်ပေါ်ခြင်း မရှိပေ။

နန်းကြိုးတွင် လျှပ်စစ်ကားရင့် ဖြစ်ပေါ်လာခြင်းမှာ သံလိုက် ဓာတ်အား လမ်းကြောင်းများကို နန်းကြိုးက ဖြတ်တောက်မှု ကြောင့် ဖြစ်၍ လျှပ်စစ်ကားရင့်၏ ပမာဏမှာ တစ်စက္ကန့်အတွင်း ဖြတ်တောက်ခံရသည့် သံလိုက်ဓာတ်အား လမ်းကြောင်း အရေ အတွက်ပေါ်၌ မူတည်လေသည်။ ထိုကြောင့် သံလိုက်၏အား ကြီးလာလျှင်ဖြစ်စေ၊ သို့မဟုတ် သံလိုက်အားလမ်းကြောင်းကို နန်းကြိုးဖြတ်တောက်သည့် အကြိမ်ပေါင်း များလာလျှင်ဖြစ်စေ ဖြစ်ပေါ်လာသော လျှပ်စစ်ကားရင့်၏ ပမာဏမှာလည်း များလာလေသည်။ သို့ရာတွင် ဖြစ်ပေါ်လာသည့် လျှပ်စစ် ကားရင့်သည် စီးလိုရာစီးခြင်းမဟုတ်ပေ။ သံလိုက်၊ သို့မဟုတ် နန်းကြိုးခွေ လှုပ်ရှားသည့်ဖက်ကိုလိုက်ပြီး စီးခြင်းဖြစ်သည်။ ပုံပမာ နန်းကြိုးခွေထဲသို့ သံလိုက်ပိုစွန်းကို ထိုးသွင်းချိန်တွင် နန်းကြိုးခွေ၌ ဖြစ်ပေါ်လာသော လျှပ်စစ်ကားရင့်သည် ဝဲမှာယာ သှို စီးသည်ဆိုပါစို့။ ထိုအခါ သံလိုက်ပိုစွန်းကို ဆွဲထုတ် လိုက်ချိန်တွင် အဆိုပါ လျှပ်စစ်ကားရင့်သည် ယာမှ ဝဲသို့ ပြောင်းပြန်စီးလေသည်။

အထက်ပါ အခြေခံသဘောကို တွေ့ရှိပြီးနောက် ဖားရဒေးသည် သံလိုက်အားလမ်းကြောင်းများ ရှိသော သံလိုက်နယ်တွင် နန်း ကြိုးခွေကို အဆက်မပြတ်လည်စေနိုင်မည့်နည်းကို ကြံစည်ပြီးလျှင် ၁၈၃၁ ခုနှစ် အောက်တိုဘာလမှာပင် ပထမ ဒိုင်နမိုကို တီထွင်လိုက်လေသည်။ ( ဒိုင်နမို။)

ဒိုင်နမိုတွင် အရေးကြီးဆုံးအပိုင်းနှစ်ပိုင်းရှိသည်။ တစ်ပိုင်း မှာ အသေဖြစ်၍ တစ်ပိုင်းမှာ အရှင်ဖြစ်ကာ လှုပ်ရှားနိုင်သည်။ လှုပ်ရှားသောအပိုင်းသည် ထုလုံးရှည်သဏ္ဌာန် သံကိုယ်ထည် ပေါ်၌နန်းကြိုးများကို ရစ်ပစ်ထားသော အပိုင်းဖြစ်သည်။ ထို အပိုင်းကို အာမေချာ (နန်းကြိုးခွေ ရစ်လုံး) ဟုခေါ်သည်။ အသေဖြစ်သည့် အပိုင်းသည် အာမေချာကို ဝိုင်းရံထားသော သံကိုယ်ထည်ကြီးတခုဖြစ်၍ ထိုသံကိုယ်ထည်ပေါ်၌ အားကောင်း သော သံလိုက်များကို တပ်ဆင်ထားသည်။ ထိုသံလိုက်တို့မှာ သာမန်သံလိုက်များမဟုတ်ကြပေ။ သံပျော့ချောင်းများပေါ်တွင် နန်ကြိုးများ ရစ်ပစ်ထားသော လျှပ်စစ်သံလိုက်များဖြစ်ကြ၍ ထိုသံလိုက်များကို ဖီးမက်ဂနက် (အားပေးသံလိုက်) ဟု ခေါ်လေသည်။ ယခင်ကဆိုလျှင် လျှပ်စစ်သံလိုက်အစား သံမဏိသံလိုက်များကိုသာ သုံးခဲ့၍ ထိုဒိုင်နမိုမျိုးကို မက်ဂနက်တို (သံလိုက် လျှပ်စစ်စက်) ဟုခေါ်လေသည်။

အာမေချာတွင် နန်းကြိုးရစ်ခွေအားလုံးတို့၏ အဖျားများကို တခုနှင့်တခု ဆက်ထား၍ နောက်ဆုံး အစနှစ်ဖက်ကို အာမေ ချာဝင်ရိုးတံ၌ တပ်ဆင်ထားသော ကြေးဝါကွင်းနှစ်ခုသို့ ဆက်ထားသည်။ အာမေချာကို လည်စေသောအခါ အာမေချာ နန်းကြိုးရစ်ခွေများ၌ အားကောင်းသောလျှပ်စစ် ကားရင့် ဖြစ် ပေါ်လာသည်။ ကြေးဝါကွင်းများ၌ ကာဗွန်၊ သို့မဟုတ် ကြေးနီ ဖြင့် ပြုလုပ်ထားသော ဗရပ် (ပွတ်တံ) နှစ်ခု တပ်ထားသည်။ ထိုပွတ်တံတို့က နန်းကြိုးရစ်ခွေတွင် ဖြစ်ပေါ်လာသော လျှပ်စစ် ကားရင့်တို့ကို စုဆောင်းသိမ်းဆည်းပြီးနောက် မိမိတို့နှင့် ဆက်သွယ် လျက် ရှိသော နန်းကြိုးများသို့ ဖြန့်ချိပေးသည်။ သို့သော် ဤသို့ အာမေချာလည်စဉ် နန်းကြိုးရစ်ခွေများအတွင်း၌ စီးသောလျှပ်စစ် ကားရင့်တို့သည် အပတ်ဝက် တိုင်းတွင် တစ်ကြိမ်စီးရာအရပ် ပြောင်းကြသဖြင့် ဤစက်မျိုးမှ အေစီကားရင့်ခေါ် တဖက်ပြန်စီး လျှပ်စစ်ကားရင့်မျိုးကိုသာရလေသည်။ ထို့ကြောင့် ဤစက်မျိုးကို အော်လတာနိပ်တား၊ သို့မဟုတ် အေစီ ဒိုင်နမိုဟု ခေါ်လေ့ရှိ ကြသည်။ ဒီစီကားရင့်ခေါ် တဖက်သတ်စီး လျှပ်စစ်ကားရင့် ကို ပေးသောစက်မျိုးကိုသာ ဒိုင်နမိုဟု ခေါ်လေ့ရှိကြလေသည်။

အမှန်မှာ တစ်ဖက်တစ်ပြန်စီး လျှပ်စစ်ကားရင့်သည် တစ်ဖက်သတ်စီး လျှပ်စစ်ကားရင့်နည်းတူ အသုံးကျ၍ စရိတ်ပင်ပို၍ သက်သာ သေးသည်။ ထို့ကြောင့် အေစီဒိုင်နမိုကို အသုံးများကြသည်။ သို့ရာတွင် တစ်ဖက်သတ်စီး လျှပ်စစ်ကားရင့်ကိုသာ အသုံး ပြုလိုသောအခါများလည်း ရှိသေးရာထိုအခါမျိုးတွင် ဒိုင် နမို၌ ကွန်မျူတေးတားခေါ် ဓာတ်ပြောင်းကွင်းကို ကြေးဝါ ကွင်းအစား တပ်ဆင်ပေးရလေသည်။

ကွန်မျူတေးတားများလည်း ကြေးဝါကွင်းများပင်ဖြစ်သည်။ သို့သော် ကွင်းပြည့်မဟုတ်ဘဲ အမြောင်းများအဖြစ် အလျား လိုက် ခွဲစိတ်ထားပြီးနောက် အမြောင်းတစ်ခုနှင့်တစ်ခု စပ်ကြား တွင် ဓာတ်မလိုက်ပစ္စည်းဖြင့် ကြားခံထားသည်။ အာမေချာ နန်းကြိုးရစ်ခွေမျ အစနှစ်ဖက်စီကို ဆက်ထားရန်အတွက် အမြောင်းနှစ်ခုလိုသဖြင့် အမြောင်းအားလုံး၏ အရေအတွက် မှာ နန်းကြိုးရစ်ခွေရှိသမျှ၏ နှစ်ဆနှင့်ညီမျှလေသည်။

ကွင်းပြည့်ကြေးဝါကွင်း နှစ်ခုကို သုံးစဉ်က အာမေချာနှင့် အတူ လိုက်၍လည်သော ထိုအကွင်းနှစ်ခုမှာ လျှပ်စစ် ကားရင့် တစ်ဖက်တစ်ပြန် စီးမှုကြောင့် အဖိုတစ်လှည့် အမ တစ်လှည့်ဖြစ်နေရာ ကွင်းပေါ်တွင် ဖိနှိပ်ထားသော ပွတ်တံ နှစ်ခုမှလည်း အဖိုတစ်လှည့် အမတစ်လှည့် ဖြစ်၍နေလေသည်။ ကွန်မျူတေးတားကို သုံးစဉ်မှာလည်း ဤအတိုင်းပင်ဖြစ်သည်။ သို့သော် ကြေးဝါကွင်းကို အမြောင်းလိုက် စိတ်ထားသဖြင့် အမြောင်းတစ်ခုသည် အဖိုမှ အမသို့ဖြစ်စေ အမမှ အဖိုသို့ဖြစ်စေ ပြောင်းလဲချိန်တွင် ပွတ်တံနှင့် လွတ်သွားလေသည်။ ထို့ ကြောင့် ပွတ်တံတစ်ခုသည် အမြောင်းများတွင် ဓာတ်ဖို ပေါ်ချိန်၌သာ ပွတ်တိုက်မိ၍ ကျန်ပွတ်တံက ဓာတ်မ ပေါ်ချိန်၌သာ ပွတ်တိုက်မိသည့်အတိုင်း သွားပွတ်တံနှစ်ခု မှ ထွက်ပေါ်လာသော လျှပ်စစ်ကားရင့်သည် တစ်ဖက်သတ်စီး လျှပ်စစ်ကားရင့်ဖြစ်လေသည်။

ဒိုင်နမိုကို များသောအားဖြင့်မီးသွေးမီး၊ ထင်းမီးတို့ဖြင့် ရေကို ဆူစေပြီးနောက် ရရှိအပ်သော ရေနွေးငွေ့အားလုံးဖြင့် လည်စေကြသည်။ သို့သော် ဤနည်းမှာ စရိတ်ကြီးလေးသဖြင့် အင်ဂျင်နီယာကြီးအချို့က လေအားကို အသုံးချနိုင်မည့်နည်းကို ရှာကြံလျက် ရှိကြသည်။ လက်ရှိ အပေါဆုံးနည်းမှာမူ ရေအားကို သုံးသည့် နည်းပင်ဖြစ်သည်။ ဤနည်းတွင် ရေစီးနေသောမြစ် ရေတံခွန်တို့မှ ရေကို စီးပြီး သော ဆည်မှတဆင့် ရေကိုအရှိန်ပြင်းစွာ ကျဆင်းစေကာ ရေရဟတ်ကို လည်စေသည်။ ထို့နောက် ရေရဟတ်မှတဆင့် ဒိုင်နမိုကို လည်စေပြန်သည်။ ကမ္ဘာပေါ်၌ ရေတံခွန်ကြီးများ ရှိရာ နိုင်ငံအသီးသီးတွင် ရေအားနှင့် မောင်းနှင်သည့် လျှပ်စစ် ဓာတ်အားပေးရုံကြီးများ မြောက်မြားစွာရှိကြသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း လောပိတ ရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လုပ်ကိုင်ခဲ့ရာ ထိုစီမံကိန်းအောင်မြင်မှုသည် လျှပ်စစ် ဓာတ်အားကို သက်သာစွာနှင့် သုံးစွဲနိုင်ကြစေရန် အစပျိုးလိုက် ခြင်းပင်ဖြစ်ပေသည်။ ( ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်း)

ဒိုင်နမိုအပြင် ကျွန်ုပ်တို့နှင့်နီးစပ်၍ စက်ရုံ၊ မော်တော်ကားနှင့် အခြားစက်အမျိုးမျိုးတွင် အသုံးပြုထားသော လျှပ်စစ်မိုတာများ ဟူ၍လည်း ရှိသေးသည်။ ဒိုင်နမိုနှင့် မော်တာပြုလုပ်ထားပုံ ခြင်းမှာဆင်တူ၍ သဘောသာပြောင်းပြန်ဖြစ်သည်။ အဓိပ္ပာယ် မှာ ဒိုင်နမို၌ စက်လည်မှုကြောင့် လျှပ်စစ်ကားရင့်ဖြစ်ပေါ်လာ၍ မိုတာ၌မူ လျှပ်စစ်ကားရင့်ကြောင့် စက်လည်လေသည်။ မိုတာကို အသုံးပြုထားသော တွေ့နေကြ ကရိယာတစ်ခုမှာ လျှပ်စစ်ပန်ကာဖြစ်၍ ဓာတ်ရထား၊ ထရော်လီ၊ ဓာတ်လှေကားများနှင့် တကွ ခေတ်ပေါ်မီးရထား၊ ဂရမ်မိုဖုန်း ဓာတ်စက်၊ အပ်ချုပ်စက်၊ စသည်တို့မှာလည်း မိုတာကို သုံးထားသည့် စက်ပစ္စည်းများပင် ဖြစ်လေသည်။

လျှပ်စစ်ဓာတ်ပညာတွင် အရေးကြီးသည့်ကရိယာတခုရှိသေးသည် ထိုကရိယာမှာထရန်စဖောမား (ဓာတ်အားပြောင်းကရိယာ) ဖြစ်၍ ထိုကရိယာကို လျှပ်စစ်ဓာတ်အား၏ ဗို့အားတိုးစေလို၊ လျှော့စေလိုသည့် နေရာမျိုးတွင် အသုံးချရလေသည်။ ဥပမာ- ဓာတ်အားပေးရုံမှ မူလထွက် ပေါ်လာသော ဓာတ်အားသည် ခရီးဝေးသွားရန် အားနည်းနေသည်ဆို ပါဆို့ ထိုအခါ အားကြီးစေမည့် ထရန်စဖောမားကို သုံးခြင်းဖြင့် ဗို့ အားကိုလိုသလို ကြီးလာနိုင်စေသည်။ တဖန် အားများလျက် ရှိသော ထိုဓာတ်ကြိုးမျိုးမှ အိမ်သုံးဓာတ်မီးကြိုးများသို့ ဆက်သွယ်လိုသောအခါ အားလျော့ ထရန်စဖောမားကို သုံးရပြန်လေသည်။ ( ထရန်စဖောမား။)

ထရန်စဖောမားကို ပြုလုပ်ထားပုံသဘောမှာ လျှပ်စစ်သံလိုက် ဓာတ်ဖြင့် လျှပ်စစ်ဓာတ်ကို ညှို့ယူဖြစ်ပေါ်စေသည့် သဘော ပင်ဖြစ်သည်။ ထရန်စဖောမားတွင် အလယ်ဗဟို၌ လျှပ်စစ် သံလိုက်တုံးတခုရှိ၍ ထိုလျှပ်စစ်သံလိုက်တုံးဖက်တွင် ပရိုင်မရီ (မူလ) နှင့် စကင်ဒရီ (အညှို့ခံ) နန်းကြိုး ခွေ နှစ်ခုရှိသည်။ မူလနန်းကြိုးခွေတွင် လျှပ်စစ်ဓာတ်ကို ပြတ်တောင်းပြတ်တောင်း စီးဖြတ်စေသောအခါ လျှပ်စစ် သံလိုက်တုံးတွင်လည်း သံလိုက်ဓာတ်သည် ပြတ်တောင်း ပြတ်တောင်းဖြစ်ပေါ်သည်။ ထိုပြတ်တောင်းပြတ်တောင်း ဖြစ်ပေါ်သော သံလိုက်ဓာတ်ကြောင့် အညှို့ခံ နန်းကြိုးခွေ တွင်ရှိသော နန်းကြိုးရစ်၏ အရေအတွက်မှာ မူလနန်းကြိုး ခွေတွင်ရှိသည့် မူလအရေအတွက်ထက် များက လျှပ်စစ် ဓာတ်ဗို့အား များလာ၍ နန်းကြိုးရစ်အရေအတွက် နည်းက ဗို့အားနည်းသွားသည့် အချက်မှာ မှတ်သားဖွယ်ကောင်းလှသည်။ ဥပမာ- မူလနန်းကြိုးခွေတွင် အရစ်ပေါင်း တစ်ရာရှိ၍ အညှို့ခံ နန်းကြိုးခွေတွင် အရစ်ပေါင်း တစ်ထောင် ရှိသည်ဆိုပါစို့။ အညှို့ခံ နန်းကြိုးခွေတွင် ပေါ်လာသောဓာတ်အားသည် မူလနန်းကြိုးခွေ ရှိဓာတ်အားထက် ဆယ်ပြန်ကြီးလာလေသည်။ ထိုနည်းအတူပင် အကယ်၍ မူလဓာတ်ကြိုးကို အညှို့ခံနန်းကြိုးခွေသို့ ဆက်ပေးမည် ဆိုပါက မူလနန်းကြိုးခွေတွင်ပေါ်လာသော ဓာတ်အားမှာ မူလအား ၏ ဆယ်ပုံတပုံအထိ သေးငယ်သွားမည်ဖြစ်ပေသည်။ လျှပ်စစ် ဓာတ်ကို ပြတ်တောင်းပြတ်တောင်းစီးစေမည့်အစား တဖက်တပြန် စီးသည့် အေစီကားရင့်ကို သုံးလျှင်လည်းရရှိသည့်အကျိုးမှာ အတူတူပင်ဖြစ်သည်၊ ထို့ကြောင့်လည်း အေစီကားရင့်ခေါ် တဖက်တပြန်စီး လျှပ်စစ်ကားရင့်ကို ဒီစီကားရင့်ခေါ် တဖက်သတ် စီး လျှပ်စစ်ကားရင့်ထက်ပို၍ အသုံးများခြင်းဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)