သိပ္ပံပညာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

သိပ္ပံပညာ[ပြင်​ဆင်​ရန်​]

သိပ္ပံပညာဆိုသည်မှာ သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏အကြောင်းအကျိုးအမှန်တို့ကို နည်းစံနစ်ကျနစွာလေ့လာအသုံးချနိုင်သောပညာရပ်ကို ဆိုလိုသည်။ သိပ္ပံပညာသည်နည်းစံနစ်ကျန၍ခိုင်မြဲတိကျရ၏။ ကျွန်ုပ်တို့သည်မွေးကတည်းကစ၍ ပတ်ဝန်းကျင်၌ဖြစ်ပျက်လျက် ရှိသောဒြဗ်တို့၏အလယ်၌ နေခဲ့ရသည်ဖြစ်၍ အာရုံခံစားတတ်သည့်အရွွယ်တွင်ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ကို အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့၊ အထိတည်းဟူသော အာရုံငါးပါးနှင့် တဖြည်းဖြည်းခံစားတတ်လာကြလေသည်။

ထိုအတူပင် ကမ္ဘာဦးကတည်းက လူတို့သည် ကမ္ဘာ လောက ကြီးအတွင်း ဖြစ်ပျက်နေသမျှသော အကြောင်းအရာ တို့ကို အာရုံငါးပါးနှင့် ခံစားတတ်လာကြသောအခါ တဖြည်းဖြည်းနှင့် သူတို့၏ပတ်ဝန်းကျင်ရှိ အရာဝတ္ထုဒြဗ်တို့၏ ဂုဏ်သတ္တိတို့ကို နားလည်သိရှိလာခဲ့ကြလေသည်။ အို နှင်းဆီပန်းကလေးနှယ်လှလိုက်တာဟု ဆိုလိုက်သောစကားလုံးများမှာ နှင်းဆီပန်း၏အလှကို စက္ခုအာရုံနှင့်ခံစားမိရာမှဖြစ်ပေါ်လာသော စကားလုံးများပင် ဖြစ်လေသည်။ နှင်းဆီပန်း၏ရနံ့သည်မွှေးမှန်းသိသကဲ့သို့ပင် နှင်းဆီပန်းအခက်မှ ဆူးတို့သည်နာကျင်စေတတ်သည်ကိုလည်း ခံစားနိုင်ခဲ့ကြသည်။ သစ်သီးပင်မှသစ်သီးသည်ချိုမြိန်မှန်းကို လည်းသိရှိလာခဲ့ကြ၏။ သောတအာရုံအားဖြင့်ခြင်္သေ့ဟောက်သံ၊ ကျားဟိန်းသံ စသည်တို့ကိုလည်း သိလာခဲ့ကြလေသည်။ ဌိုအခါလူသည် ထိုအာရုံငါးပါးနှင့်ခံစားမိသည့်အချက်တို့ကို စုပေါင်း၍ သူ့၌အသိဉာဏ်ကိုရရှိလာလေသည်။

ဘောလုံးငယ်တစ်လုံးကို စားပွဲအစွန်းတဘက်သို့ လှိမ့်လိုက်ပါက စားပွဲစွန်းလွန်သည့်တစ်ခဏ၌ ဘောလုံးသည် ဆက်လက်၍လိမ့်မသွားဘဲအောက်သို့ကျသွားသည်ကိုတွေ့ရမည်။ ထိုအခြင်းအရာမှာ အမှန်ဖြစ်တတ်သောအခြင်းအရာမျိုး ဖြစ်၍ ထိုအခြင်းအရာမျိုးကို သိရှိလာသူသည်သူ၏အသိတရားကို တဖြည်းဖြည်းနှင့် စွဲမြဲယုံကြည်လာ၏။

လှိမ့်လိုက်သောဘောလုံးငယ်ကို စားပွဲအစွန်းတစ်ဖက်၌ ပျောက်ကွယ်သွားသောအခါတွင် ထိုသူသည်ဘောလုံးကို အိမ်ခေါင်မိုးဆီသို့ မော့ကြည့်ရှာဖွေမနေဘဲကြမ်းပြင်သို့သာ ငုံ့ကြည့်ရှာဖွေမည်ဖြစ်၏။ဤသို့ပြုလုပ်ခြင်းမှာ သူ၏အသိတရား ကို ယုံကြည်စွဲမြဲလျက်ရှိသောကြောင့်ဖြစ်လေသည်။

ထိုနောက်မှို့စကလေးတစ်စသည် အောက်သို့မကျပဲ လေထဲ၌စီးလိုက်ပါသွားသည်ကို တွေ့ကြရသောအခါ၌ အဘယ်ကြောင့်ဤသို့ဖြစ်ရသည်ကို စုံစမ်းလိုစိတ်ပေါ်လာကြ ပေမည်။ ထိုအခြင်းအရာကို လေ့လာကြည့်ကြသောအခါ လေထက်ပေါ့သောအရာဝတ္ထုတို့သည် လေထဲ၌ပျံဝဲခြင်း၊ သို့မဟုတ် ပျံတက်ခြင်းတို့ကို ပြုလုပ်နိုင်သည်ကို သိရှိလာကြ လေသည်။ ထိုအခါ မူလက အရာဝတ္ထုတို့၏ အောက်သို့ကျ တတ်သောသဘောကိုနားလည်းထားသူတွင် အသိတစ်ခုတိုးလာ လေတော့သည်။ ထိုအသိသစ်မှာ ထိုသူအဖို့သိပ္ပံပညာ တစ်ရပ်ဖြစ်လေသည်။ ဤသိပ္ပံပညာရပ်ကား ရူပဗေဒ သိပ္ပံပညာပေတည်း။ ထိုနောက် လူတို့အားများစွာ အသုံးဝင်စေသော တိရစ္ဆာန်နှင့် သစ်ပင်တို့ကို သတိပြုမိလာ ကြ၍ ထိုအကြောင်းအရာတို့ကို လေ့လာကြသောအခါ ဇီဝဗေဒဆိုင်ရာ သိပ္ပံပညာ စတင်ပေါ်ထွန်းလာလေသည်။

သိပ္ပံပညာတိုးတက်လာမှုမှာမြေကြီးထဲမှ ရုတ်တရက်ပေါ်ထွက်လာသည့်ပဒေသာပင်ကဲ့သို့မဟုတ်ပေ။ အရာဝတ္ထုနှင့်သက်ဆိုင်သော နိယာမများကိုလေ့လာရှာဖွေရာမှ တဖြည်းဖြည်းနှင့် သိပ္ပံပညာနယ်သည် ကျယ်ဝန်းသည်ထက် ကျယ်ဝန်းလာခြင်းသာဖြစ်သည်။ ယခုအခါတွင် သိပ္ပံပညာသည် မည်မျှနက်နဲကျယ်ဝန်းလာသနည်းဟူမူ မည်သည့်လူတစ်ဦးတယောက်မျှ သိပ္ပံပညာအားလုံးကုန်အောင် နှံ့စပ်စွာတတ်ကျွမ်း နားလည်နိုင်မည်မဟုတ်ချေ။အဘယ်ကြောင့် ဆိုသော်သိပ္ပံပညာတွင် ပညာရပ်အမျိုးမျိုးပါဝင်၍ ပညာရပ်တစ်ခုစီသည်ပင်ကျယ်ဝန်းလှသဖြင့်သီးခြားလေ့လာသင် ကြားရန် လိုအပ်သောကြောင့်ဖြစ်ပေသည်။ ဇီဝဗေဒကို တိရစ္ဆာန်တို့နှင့်ဆိုင်သော ပါဏဗေဒနှင့် သစ်ပင်တို့နှင့်ဆိုင်သောရုက္ခဗေဒဟူ၍ နှစ်ပိိုင်းခွဲခြားထားသည်။ ပါဏဗေဒအောက်တွင် တစ်ဖန် ငှက်များနှင့်သာဆိုင်သော ငှက်အမျိုးမျိုးအကြောင်းပညာဟူ၍ သီးခြားတစ်ဘာသာ ခွဲထားရပြန်လေသည်။

သိပ္ပံပညာရပ်များတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ နက္ခတ္တဗေဒ၊ စသည့်ဒြဗ်နှင့်ဆိုင်သော သိပ္ပံပညာရပ်များ ပါဝင်သည်။ ရူပဗေဒသည် အပူ၊ လျှပ်စစ်ဓာတ်၊ အလင်း စသည်တို့၏အကြောင်းများနှင့် ဒြပ်တို့၏အကြောင်းအရာများ ကိုပြဆိုသော သိပ္ပံပညာရပ်ဖြစ်လေသည်။ သိပ္ပံပညာတွင်ပါဏဗေဒ၊ ရူပဗေဒ၊ ဓါတုဗေဒ၊စသည့် ပညာရပ်များမှာ သီးခြားအကြောင်းအရာများဖြစ်သည့် ပညာရပ်များဖြစ်၍ သင်္ချာနှင့် ယုတ္တိဗေဒတို့မှာ အကြောင်းအရာ အမျိုးမျိုးနျင့်သက်ဆိုင်သည့် ပညာရပ်များဖြစ်သည်။

ထိုပညာရပ်နှစ်မျိုးအား အခြားပညာရပ်များနှင့် ဆက်သွယ်ပေးနိုင်ပေသည်။ အသုံးချမှုသင်္ချာပညာမှာ ရူပဗေဒနှင့် သင်္ချာတို့ကိုဆက်သွယ်ပေးထားသောပညာရပ် ဖြစ်၏။ အမှန်စင်စစ် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒစသည့် သိပ္ပံပညာရပ်အားလုံးတို့သည်လည်း တစ်ခုနှင့်တစ်ခု ဆက်သွယ်လျက်ရှိကြလေသည်။

အထက်ပါပညာရပ်များအပြင် ဘူမိဗေဒ၊ မနုဿဗေဒစသည့် သိပ္ပံပညာရပ်များလည်း ရှိသေးရာ ထိုပညာရပ်အားလုံးကို ကုန်စင်အောင်ဖေါ်ပြရလျှင်အလွန်ရှည်လျားပေသည်။ စက်မှုလက်မှုများတိုးတက်လာသောအခါ သိပ္ပံပညာ၏နိယာမများကို စက်မှုလက်မှုတို့တွင်ယှဉ်တွဲ အသုံးချခြင်းဖြင့် အသုံးချသိပ္ပံပညာဟူ၍ပညာသစ်တစ်ရပ် ပေါက်ဖွားလာပြန်လေသည်။ အသုံးချသိပ္ပံပညာတွင် အင်ဂျင်နီယာပညာ၊ ဆေးပညာ၊ စိုက်ပျိုးရေးပညာ၊ စသည်တို့ပါဝင်သည်။

သိပ္ပံပညာတွင်အကြောင်းအရာတစ်ခုကိုလေ့လာရာ၌ နည်းစံနစ်ကျဖို့အလွန်အရေးကြီးပေသည်။ ပထမလေ့လာလိုသော အကြောင်းအရာတစ်ခုနှင့် သက်ဆိုင်သမျှသောအကျိုးအကြောင်း အချက်အလက်တို့ကို စုဆောင်း၍ ထိုအချက်အလက်တို့ကို အခြေတည်ကာစဉ်းစားပြီးလျှင် မိမိ၏မှန်းဆယူမှတ်ချက်တစ်ခု ကို ဆုံးဖြတ်ရ၏။ ထိုဆုံးဖြတ်ချက်ကိုမှတစ်ဖန် အတည်ဖြစ်စေရန် လက်တွေ့စမ်းသပ်မှုများ ထပ်တလဲလဲပြုလုပ် ပြီးလျှင်ခိုင်လုံသောအကြောင်းအချက်တို့ကိုရရှိသောအခါတွင် တိကျပြတ်သားသောဆုံးဖြတ်ချက်ကို ပြုလုပ်ရသည်။

ဤသို့နည်းစံနစ်ကျမှသာသိပ္ပံပညာအစစ်ဖြစ်လာနိုင်ပေသည်။[၁]


သိပ္ပံ (လက်တင်ဘာသာအရ "scientia" , အဓိပ္ပာယ် " ဗဟုသုတ " လို့ခေါ်သည်။) သည် မည်သည့် စနစ်ကျသော အသိပညာ သို့မဟုတ် လက်တွေ့နည်းစဉ် ကိုမဆို ရည်ညွန်းပြီး ၎င်းတို့ဖြင့် ကြိုတင်တွက်ချက်ထားသော သေချာသော ဖြစ်ရပ် သို့ရအောင် စွမ်းဆောင်နိုင်သည်။ သိပ္ပံ ဟူသည် လေ့လာစမ်းသပ်မှုများမှ ထွက်လာသော လက်တွေ့ နည်းပညာ ပင်ဖြစ်သည်။

ပို၍တင်းကျပ်သော ယခုခတ်အမြင်တွင် သိပ္ပံသည် သိပ္ပံ နည်းစဉ် (scientific method) ကို အခြေခံ၍ ရရှိလာသော အသိပညာနှင့် သုသေသန မှ ရလာသော အသိပညာများကို စုစည်းထားခြင်းဟု မြင်သည်။ ဤတွင် ဖေါ်ပြသော သိပ္ပံမှာ လက်တွေ့ သိပ္ပံ (experimental science) ဟုခေါ်ပြီး လူသားတို့ လိုလားချက်အတွက် အသုံးပြုသော အသုံးချ သိပ္ပံ (applied science) လဲ ရှိသေးသည်။

သိပ္ပံသည် စနစ်ကျသော သုသေသနများမှ နားလည်လာသည့် အသိပညာများ ဆက်ဆက်တိုးနေသော မပြီးဆုံးနိုင်သည့် ကြိုးပမ်းမှု့ပင်ဖြစ်သည်။ တမင် ထိမ်ချုပ်ထားသော လက်တွေ့ပြုရပ်များကို သုံး၍ သိပ္ပံပညာရှင်များသည် သဘာဝ သို့မဟုတ် လူမှု ဖြစ်စဉ်များကို တိုင်းတာပြီး ရလဒ်များကို သိမ်းစည်းကာ ထပ်မံ တွက်ချက်မှုများပြုပြီး မည်သို့ကြောင့်ဖြစ်ပျက်သည်ကို သီအိုရီများ သုံး၍ ရှင်းလင်းသည်။ ၎င်းတွင် အဆိုပြုချက် (hypothesis) များပါရှိပြီး၊ ၎င်းအဆိုပြုချက်ကို ထိမ်ချုပ်ထားသော လက်တွေ့ပြုရပ်များသုံး၍ စမ်းစစ်သည်။

သိပ္ပံပညာ အခြေခံ ကိုင်းခွဲများ[ပြင်​ဆင်​ရန်​]

နှစ်ပင်လိမ် ဒီအန်အေ တည်ဆောက်ပုံ ပုံကြမ်း

သိပ္ပံပညာ နယ်ပယ်များကို အဓိကအားဖြင့် (ဇီဝ ဖြစ်စဉ် စသည့်) သဘာဝ ဖြစ်ရပ်များကို လေ့လာသော သဘာဝ သိပ္ပံပညာ (natural sciences) နှင့် လူ အပြုအမူ များကိုလေ့လာသော လူမှု သိပ္ပံပညာ (social sciences) ဟု၍ နှစ်ခု ကွဲသည်။ ၎င်းနှစ်ခုစလုံးသည် လက်တွေ့ သိပ္ပံပညာဖြစ်သောကြောင့် လေ့လာတွေ့ရှိချက်များအပေါ်မှ စမ်းသပ်ခံနိုင်သော အသိပညာတွင် အခြေခံသည်။ သိပ္ပံပညာနှင့် ဆက်စပ်နေသော အသုံးချ သိပ္ပံပညာများဖြစ်သည့် အင်ဂျင်နီယာ နှင့် ဆေးပညာ တို့လည်း ရှိကြသည်။ ၎င်းအတွင်းမှာပင် ထပ်မံ၍ ခွဲခြားမှုများ ရှိသည်။

သိပ္ပံပညာ၏ တတိယ ကိုင်းခွဲဖြစ်သော မူရင်း သိပ္ပံပညာ ခေါ် သင်္ချာသည် သဘာဝ သိပ္ပံပညာလူမှု သိပ္ပံပညာ နှစ်ခုလုံးနှင့်ပင် တူညီမှုရှိသလို ကွဲပြားမှုများလည်းရှိသည်။ လက်တွေ့ သိပ္ပံပညာကဲ့သို့ ယထဘုယ ကြမှုကို အခြေခံပြီး စနစ်ကြသော လေ့လာမှုများမှ ရရှိလာသော အသိပညာ ဖြစ်သည်မှာ တူညီကြသည်။ ကွာခြားချက်မှာ ဖြစ်ရပ်ကို သုံးသပ်ရာတွင် လက်တွေ့ ဖြစ်ရပ်ကို မသုံးပဲ မူလ အဆိုပြုချက် ကိုသာသုံးသည်။

သိပ္ပံနည်းကျ နည်းစဉ်[ပြင်​ဆင်​ရန်​]


နေဘိုးအက်တန် ပုံစံ။ များစွာသော သိပ္ပံအတွေး များကဲ့သို့ပင် အစပိုင်းတွင်ကျယ်ခဲ့ပြီး နောက်ပိုင်းတွင် လက်တွေ့ စမ်းသပ်မှုများဖြင့် အချို့အပိုင်းများကို ပယ်ခဲ့သည်။

သိပ္ပံနည်းကျ နည်းစဉ်များသည် သဘာဝ ဖြစ်ရပ်များကို ပြန်လည်ပြုလုပ်နိုင်သော (reproducible) သက္ကာရများဖြင့် ရှင်းလင်းရန် ကြိုးစားပြီး အသုံးဝင်သော မှန်းဆခြင်းများလည်း ပြုလုပ်နိုင်သည်။ ၎င်းတို့ကို သဘာဝ ဖြစ်စဉ်များကို လေ့လာခြင်း၊ သို့မဟုတ် သဘာဝ ဖြစ်စဉ် ထိန်းချုပ်၍ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်၍ ဆန်းစစ်ခြင်းဖြစ်သည်။ ၎င်းနည်းစဉ်များသည်သည် သိပ္ပံ နှင့် နည်းပညာ နယ်ပယ်တို့တွင် ယထာဘူတ ကျကျ အဖြေရရန် အသုံးပြုသည်။

သင်္ချာ[ပြင်​ဆင်​ရန်​]

နာမည်ကြီး Michelson–Morley experiment မှ အချက်အလက်များ

သင်္ချာသည် သိပ္ပံပညာတွင် အဓိကဖြစ်သည်။ သိပ္ပံပညာတွင် သင်္ချာ၏ အရေးပါသော အချက်မှာ 'ပုံစံ' ထုတ်ခြင်းပင်ဖြစ်သည်။ လေ့လာတွေ့ရှိချက်၊ တိုင်းတာချက်များကို လေ့လာရန်တွင်လည်း သင်္ချာနည်းစဉ်များကို အသုံးပြုရန် မကြာခဏ လိုအပ်တတ်သည်။ ဂဏန်းသင်္ချာအက္ခရာသင်္ချာဂျီဩမေတြီ နှင့် ကဲကုလပ် တို့မှာ ရူပဗေဒ တွင် အမြဲသုံးသည်။ သင်္ချာ ကိုင်းကွဲ အားလုံးလိုလိုကို သိပ္ပံပညာတွင် သုံးသည်။ သင်္ချာစစ်စစ် (pure mathematics) များဖြစ်သော ကိန်းသင်္ချာ (number theory) နှင့် တိုပိုလိုဂျီ တို့ပင် အသုံးရှိသည်။

ဖီလိုဆိုဖီ[ပြင်​ဆင်​ရန်​]

သိပ္ပံ ဖီလိုဆိုဖီ (philosophy of science) သည် သဘာဝကို အမှန်အတိုင်း နားလည်ရန်နှင့် သိပ္ပံနားလည်မှုများ မှန်မမှန်း ဆုံးဖြတ်ရန် ကြိုးစားသည်။ သိပ္ပံနည်းကျ နည်းစဉ်ကို သုံး၍ပင်လျှင် သိပ္ပံ နှင့် သိပ္ပံ မဟုတ်သည်ကို ခွဲခြားရန် ခက်ခဲ့သည်မှာ အသိပင်ဖြစ်သည်။ သိပ္ပံ နှင့် သိပ္ပံ မဟုတ်သည် နှစ်ခုအကြား တိတိကျကျ ခွဲခြားနိုင်ရန် မှန်ကန်သော တွေးခေါ်မှု့များ ရှိရပေမည်။ ၎င်းနှင့်ပတ်သက်၍ များစွာသော အဆိုပြုချက်များ ရှိခဲ့ပြီး ယခုတွင် သိပ္ပံသမားများ အကြား အများအားဖြင့် သဘောတူညီမှုရှိပေသည်။ ဥပမာအားဖြင့် အများလက်ခံထားသည်မှာ သိပ္ပံတွေးခေါ်မှု နှင့် သီအိုရီများသည် အခြားတစ်ယောက်မှ ပြန်လည် စမ်းသပ်နိုင်မှသာ ၎င်းတို့သည် အတည် ဖြစ်သည်။

သိပ္ပံနည်းကျ နည်းစဉ်နှင့် ပတ်သက်၍ ဖီလိုဆိုဖီ သမားများတွင် အတွေးများစွာရှိသည်။ လက်တွေ့သမား (Methodological naturalism) များက သိပ္ပံနည်းကျ စမ်းစစ်ရာတွင် မြင်တွေ့နိုင်သော (observable) ဖြစ်ရပ်များကို ရှင်းလင်းရာတွင် လက်တွေ့ကျကျ လေ့လာပြီး အခြားသူကလဲ ပြန်လည် စမ်းသပ်နိုင်မှသာ ဖြစ်ရမည်ဟု ဆိုသည်။ ထို့ကြောင့် လက်တွေ့သမားများက သဘာဝလွန် ဖြစ်ရပ်များ၊ အာဏာရ အဖွဲ့အစည်း၏ အဆိုပြုချက်များ၊ ဘက်လိုက်သော လေ့လာမှုများကို လက်မခံပေ။ အမှန်တရားသမားများ (critical rationalism) ကမူ လေ့လာမှုများတွင် ဘက်မလိုက်အောင် လုပ်၍မရ ထို့အပြင် သဘာဝလွန်ဟုပြောသည်မှာ မည်မျှလွန်လျှင် သဘာဝမှ လွန်သည်ခေါ်မည်မှာ တိကျမှုမရှိဟု ငြင်းဆိုသည်။ ထို့ကြောင့် အမှန်တရားသမားများက မှားကြောင်း ထောက်မပြနိုင်လျှင် အမှန်ဖြစ်သည် ဆိုသည်။ အမှန်တရားသမားသည် လက်တွေ့သမားများ တွေးခေါ်သည်နိုင်ထပ် ပိုမို ကျယ်ပြန့်သော နေရာများကိုပါ လေ့လာနိုင်ပြီး တချိုန်တည်းမှာပင် အာဏာပိုင်များကို ဖီဆန်သည်။ အမှန်တရားသမားများက သိပ္ပံဆိုသည်မှာ လက်တွေ့ပြနိုင်မှုထက် အမှား မပါမှုက အရေးကြီးသည်ဟု ဆိုသည်။ တိုင်းတာမှုသမားများ (instrumentalism) ကမူ တိုင်းတာမှုများသည် အမှားအမှန်ထက် ဖြစ်ရပ်များကို ကြိုတင်တွက်ချက်ရန်သာ ဖြစ်သည်ဟု ဆိုသည်။

သိပ္ပံပညာ နှင့် မြန်မာ့ အမြင်[ပြင်​ဆင်​ရန်​]

မြန်မာမှုနယ်တွင် တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ ဆရာဝတ် တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။

၃၈ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိပါသည်။

ရုပ်ဝတ္တုပစ္စည်းတို့နှင့် စွမ်းအင်တို့၏ အခြေခံသဘောသဘာဝများကို စနစ်တကျ လက်တွေ့လေ့လာဆန်းစစ်ပြီး လူတို့အသုံးချရန် အသစ်အသစ်သော ရုပ်ဝတ္တုပစ္စည်းများ ဖန်တီးခြင်း၊ စွမ်းအင်များပြောင်းလဲထုတ်ဖေါ်ခြင်းနှင့် ထိုသို့ဖန်တီးထုတ်လုပ် နိုင်ရန် တိုးချဲ့လေ့လာခြင်းတို့ကို သိပ္ပံပညာ ဟု ခေါ်ဆိုခဲ့ကြဟန်တူသည်။

ရုပ်ဝတ္တုအသစ်ဖန်တီးရန်တိုက်ရိုက်အထောက်အကူမပြုသောအတွေးအခေါ်၊ ယဉ်ကျေးမှု စသော ပညာတို့ကို ရှေးအခါက သိပ္ပ ဟုခေါ်ဆိုလိုဟန်မတွေ့ရပေ။

ယခုအခါတွင်မူ လူမှုရေးသိပ္ပံ စသောဝေါဟာရအသုံးအနှုန်းများပါ ပေါ်ပေါက်သုံးစွဲလျက်ရှိကြပြီး တိကျသေချာသောနည်းစနစ်များဖြင့် လူဘောင်ဘဝအား ကောင်းကျိုးတစ်စုံတရာပြုပေးနိုင်သည့်ပညာအားလုံးကို သိပ္ပံပညာဟု ခေါ်လိုဟန်ရှိသည်။

သိပ္ပံပညာရှင်[ပြင်​ဆင်​ရန်​]

သိပ္ပံပညာရှင်ဆိုတဲ့ စကားလုံးဟာ သိပ်ကို ကျယ်ပြန့်ပါတယ်။ အငြင်းပွားစရာတွေလဲ အများကြီးရှိပါတယ်။ ရုရှက သိပ္ပံပညာရှင်တစ်ယောက်က သူ့ကျောင်းသားများကို ရှင်းပြဘူးပါတယ်။ သိပ္ပံပညာရှင်ဆိုတာ ကိုယ့်ဘာသာကိုယ် နံမည်တပ်ပေးလို့ မရဘူး။ အခြားပညာရှင်များက လက်ခံ အသိအမှတ်ပြုပြီး အများသဘောတူ စတင်ခေါ်ဆိုကြခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက သိပ္ပံနဲ့ ပီအိပ်ချ်ဒီ ရထားရုံနဲ့ သိပ္ပံပညာရှင်လို့ ခေါ်ဆိုဖို့ ခက်တယ်ဆိုတာပါပဲ။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)