စွမ်းအင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လျှပ်စီးလက်ခြင်းသည် လေထုအတွင်းရှိ လျှပ်စစ် တည်မြဲစွမ်းအင်မှ အပူရွေ့လျားစွမ်းအင်၊ အလင်းစွမ်းအင်နှင့် အသံစွမ်းအင် အဖြစ် ပြောင်းလဲခြင်း ဖြစ်စဉ် ဖြစ်သည်။

စွမ်းအင်သည် ရူပဗေဒ ပညာရပ်တွင် အလုပ်လုပ်နိုင်စွမ်းကို ဖော်ပြသည့် ပမာဏ (quantity) တစ်ခုဖြစ်သည်။ စွမ်းအင်မှာ အသွင်အမျိုးမျိုးဖြင့် တည်ရှိပြီး ၎င်းတို့မှာ ရွေ့လျားစွမ်းအင်၊ တည်မြဲစွမ်းအင်၊ အပူစွမ်းအင်၊ အသံစွမ်းအင်၊ လျှပ်စစ်သံလိုက်စွမ်းအင်၊ ဓာတုစွမ်းအင် စသည်တို့ဖြစ်သည်။

ဂျာမန် ရူပဗေဒပညာရှင် Hermann von Helmholtz က စွမ်းအင် အသွင်အားလုံးမှာ တူညီပြီး စွမ်းအင် အသွင် တစ်မျိုး ပျောက်ကွယ် သွားသော်လည်း တူညီသည့် ပမာဏဖြင့် အခြားအသွင်သို့ ပြောင်းလဲသွားသည်ဟု အဆိုပြုခဲ့သည်။ ယင်းအဆိုကို နောင်တွင် စွမ်းအင်တည်မြဲမှု နိယာမဟု လူသိများလာသည်။


အပင်မှန်သမျှသည် ရှင်သန်ကြီးထွားရေးအတွက် ရေ၊ လေနှင့် မြေကြီးထဲမှ အခြားအာဟာရ ဓာတ်များအပြင် အထူး သဖြင့် နေ၏ အပူရှိန်ကို စုတ်ယူရန်လိုပေသည်။ သစ်ပင်ကြီး များထူထပ်သည့် တောနက်ကြီးများတွင် အချို့သော အပင်ငယ် များသည် နေရောင်ခြည်ကို လုံလောက်စွာ မရကြသဖြင့် ဆက် လက်၍ မကြီးပွားနိုင်ကြတော့ဘဲ၊ သေကြရလေသည်။ ကမ္ဘာဦး အခါမှစ၍ ဤသို့ကြိမ်ဖန်များစွာ ဖြစ်လာခဲ့ရာ ကာလကြာသော်၊ ကနဦးက သေကုန်ကြသော အပင်များသည် အဖြည်းဖြည်း မြေ ကြီးအောက်ထပ်သို့ ရောက်ရှိကြလေတော့သည်။

ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းစသော ပြင်းထန် သည့်လှုပ်ရှားမှုတို့ကြောင့် ကမ္ဘာ၏ အပေါ်ယံမြေလွှာသည် နေရာအမျိုးမျိုးပြောင်းခဲ့ရသည်။ တစ်ခါတစ်ရံ ရှေးကသစ်တော ကြီးများသည် ပင်လယ်ပြင်အောက်သို့ ရောက်သွားတတ်၍ ပင်လယ်အောက်ခံမြေပြင်ကလည်း ကုန်းအဖြစ် ပေါ်လာတတ် လေသည်။

အထက်ပါ ဖြစ်ပျက်ပြောင်းလဲမှုတို့ကြောင့် နှစ်ပေါင်း ထောင်သောင်းကြာအောင် သဲမြေ၊ နုံးမြေနှင့် ရေတို့၏ အဖိ အနှိပ်ကို ခံရသောအခါ ရှေးပဝေသဏီက နေ၏စွမ်းအင်ဖြင့် အသက်ရှင်ခဲ့သည့် အပင်ကြီး များသည် မာကျောမည်းနက်သော ကျောက်မီးသွေးဖြစ်သွားကြတော့သည်။ ထို့ကြောင့် မီးရထား၊ မီးသင်္ဘောမှ စ၍ ယာဉ်အမျိုးမျိုး၊ စက်အမျိုးမျိုး၊ အလုပ်ရုံ အမျိုးမျိုးတွင် မသုံးမဖြစ်အောင် အရေးကြီးသည့် ကျောက်မီးသွေးဟူသည်မှာ အခြားမဟုတ်၊ နေ၏အလင်းနှင့် အပူကိုစု ဆောင်းကာ၊ နေပူရှိန်စွမ်းအင်ကို သိုလှောင်ထားသည့် ပစ္စည်း ပင် ဖြစ်သည်ဟု ကျွန်ုပ်တို့နားလည်အပ်ပေသည်။


ကျောက်မီးသွေးတွင်သာမဟုတ်၊ အပင်မှန်သမျှတွင်လည်း နေပူရှိန်စွမ်းအင် အနည်းနှင့်အများ ပါရှိသည်ချည်းသာ ဖြစ်၏။ လူတို့စားသုံးသော အသီးအပင်အရွက်တို့၌ နေပူရှိန်စွမ်းအင် သည် အာစာရ၏ ဓာတ်စွမ်းအင်အဖြစ်ဖြင့် ပြောင်းလဲပါဝင် သည်။ လူနှင့် တိရစ္ဆာန်တို့သည် အစာအာဟာရကို မမှီဝဲဘဲ အလုပ် မလုပ်နိုင်။


ထို့ကြောင့်အစာအာဟာရကို စားသုံးရာတွင် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည်နေပူရှိန်စွမ်းအင်မှ ဖြစ်သော အာဟာရ၏ ဓာတ်စွမ်းအင်ကိုလှုပ်ရှားလျက်အလုပ်လုပ်နိုင်သည့် ကြွက်သားစွမ်းအင်သို့ပြောင်းလဲပေးလိုက်သည်။ ရေနွေးငွေ့ဖြင့်လည်သော စက်များတွင်၊ ဗွိုင်လာ ရေနွေး အိုးကို အပူတိုက်ပေးရန်အတွက် ကျောက်မီး သွေးနှင့် ထင်းကို အသုံးပြုကြသည်။ ကျောက်မီးသွေးကိုဖြစ်စေ၊ ထင်းကိုဖြစ်စေ၊ မီးရှို့လိုက်သောအခါ ထိုပစ္စည်းတို့တွင်ရှိသည့် နေပူရှိန် စွမ်းအင် သည် အပူစွမ်းအင်ဖြစ်လာသည်။


မီးပူရှိန်ကြောင့်ရေမှ ရေနွေးငွေ့ ဖြစ်လာသောအခါ၊ ရေအဖြစ်တွင်ရှိသည့်အရွယ်ပမာဏထက် အဆပေါင်း ၇ဝဝ ခန့်ကျယ်ပြန့်လာသည်။

ထို့ကြောင့် ရေနွေးငွေ့တွင် အလွန်ပြင်းထန်ကြီးမားသော ဖိအား ကန်အားရှိသည့်အတွက် တစ်ခါတစ်ရံ ဗွိုင်လာအိုးပင် ပေါက်ကွဲ တတ်သည်။ ရေနွေးငွေ့ဖြင့် စက်များလည်သောအခါ ကျောက် မီးသွေးမှ ထွက်လာသည့် အပူစွမ်းအင်သည် စက်စွမ်းအင် ဖြစ် သွားသည်။ စက်စွမ်းအင်ဆိုသည်မှာ ဝတ္ထုပစ္စည်း၏ တည်နေရာ ကို၎င်း၊ ရွေ့ရှားမှုကို၎င်း၊ အခြေအနေကို၎င်း အကြောင်းပြု၍ ဖြစ်သော စွမ်းအင်ကို ဆိုလိုသည်။ အကယ်၍ ရေနွေးငွေ့ဖြင့် လျှပ်စစ်ဓာတ်ဖြစ်ထွန်းစေသည့် ဒိုင်နမိုကို လည်စေလျှင် ကျောက်မီးသွေးမှ အပူစွမ်းအင်သည် လျှပ်စစ်စွမ်းအင်ဖြစ်သွား ၍၊ လျှပ်စစ်ဓာတ်ဖြင့် မီးပူတိုက်ခြင်း၊ ဓာတ်မီးထွန်းခြင်းကိစ္စ များကို ပြုလုပ်လျှင်ကား၊ အပူ စွမ်းအင်၊ အလင်းစွမ်းအင် ဖြစ်သွားပြန်လေသည်။

မြစ်ရေ၊ ကန်ရေ၊ ရေတံခွန်တို့မှ ရေအားဖြင့်လည်သော စက်များ၊ လေအားဖြင့်သွားသော ရွက်လှေများကို ကြည့်လျှင် နေ၏စွမ်းအင်အပြင် အခြားစွမ်းအင်များလည်း ရှိသေးသည်ကို တွေ့ရပေမည်။ သို့ရာတွင် နေရှိ၍သာလျှင် ပင်လယ်သမုဒ္ဒရာ ရှိရေသည်အငွေ့ပျံကာ မိုး၊ ဆီးနှင်းအဖြစ် ရွာသွန်းသောကြောင့် မြစ်ချောင်း၊ ရေတံခွန်စသည်တို့ဖြစ်ပေါ်နိုင်ခြင်း၊ နေရှိ၍သာလျှင် လေတိုက်ခတ်မှု ဖြစ်ပေါ်နိုင်ခြင်းတို့ကို စဉ်းစားသော်၊ နေသည် ကျွန်ုပ်တို့ကမ္ဘာသုံး သဘာဝစွမ်းအင်ကို အများဆုံးဖန်တီးသည် ကို သတိမူအပ် ပေသည်။


နေ၏စွမ်းအင်မှ အပူစွမ်းအင်၊ အလင်းစွမ်းအင်၊ စက်စွမ်း အင်၊ လျှပ်စစ်စွမ်းအင်အစရှိသဖြင့် တစ်ခုမှတစ်ခုသို့ ကူးပြောင်း တတ်ပုံ၊ ကူးပြောင်းနိုင်ပုံကို ဖော်ပြခဲ့ပြီ၊ စွမ်းအင်တစ်ခုမှ စွမ်း အင်တစ်ခုသို့ ကူးပြောင်း ရာတွင် အလုံးစုံကူးပြောင်းခြင်းကား မရှိပေ။ ပုံစံအားဖြင့် ရေနွေးငွေ့စက်များတွင် ကျောက်မီးသွေးကို မီးရှို့ရာမှရရှိသော အပူစွမ်းအင်သည် စက်စွမ်းအင်အဖြစ်သို့ အားလုံးပြောင်းလဲသွားသည်မဟုတ်။ ဗွိုင်လာ အိုးကို ပူစေခြင်း၊ အနီးပတ်ဝန်းကျင်ရှိလကို ပူစေခြင်း စသည်တို့ဖြင့် အချို့တစ် ဝက် ဆုံးပါးသွားသေးသည်။ သို့သော် ထိုသို့ဆုံးပါးသွားသော စွမ်းအင်မှာ လုံးဝပျောက်ပျက်သွားခြင်းမဟုတ်၊ စွမ်းအင်တစ်မျိုး မှ စွမ်းအင် တစ်မျိုးသို့ပြောင်းလဲသွားခြင်းသာ ဖြစ်ပေသည်။

ရှေးခေတ် အဂ္ဂိရတ်ဆရာကြီးများ လက်ထက်မှစ၍ နောက်ပေါ်သိပ္ပံဆရာ အသီးသီးတို့ လက်ထက်တိုင်အောင် အပြင်အပက မည်သည့်စွမ်းအင်ကိုမျှ မသုံးဘဲ အလိုအလျှောက် ထားဝစဉ်လည်မည့် စက်မျိုးကို နှစ်ရှည်လများ အမျိုးမျိုးကြံ စည်ခဲ့ဘူးလေသည်။ အဓိပ္ပါယ်မှာ စွမ်းအင်ကို ဖန်တီးစက်မျိုးကို ကြံစည်ခြင်းပင် ဖြစ်သည်။ သို့သော် စွမ်းအင်ကို ဖန်တီးရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်သည့်အတိုင်း ထာဝစဉ်လည်မည့် စက်မှာ ရှေးကလည်းမဖြစ်နိုင်၊ ယခုလည်းမဖြစ်၊ နောင်ကိုလည်း ဖြစ်ပေါ်နိုင်စရာအကြောင်း မရှိချေ။ စွမ်းအင်ကို ဖန်တီး၍မရ နိုင်။ စွမ်းအင်သည် တစ်မျိုးမှတစ်မျိုးသို့ ကူးပြောင်းသွားသော် လည်း၊ ပျက်ပြုန်းကြေသုန်းသွားသည်ဟူ၍မရှိ ဆိုသည့်အချက် ကို သိပ္ပံပညာတွင် လက်ခံထားသည်။ ဤသဘာဝ သဘောကို 'စွမ်းအင်၏ မပြောင်းစည်း'ဟု ခေါ်လေသည်။

မကြာမီက ဒြဗ်၏ သဘောနှင့် စပ်လျဉ်း၍ အသိသစ် အတွေ့သစ်များ ရလာရာမှ စွမ်းအင်၏ သဘောသည်လည်း အနည်းငယ် ပြောင်းလဲသွားလေသည်။ အခြေခံလုံလောက်လျှင် ဒြဗ်သည် အကယ်ပင် ပျောက်ကွယ်သွား၍၊ ထိုဒြဗ်၏ နေရာ၌ စွမ်းအင်အချို့ ပေါ်ပေါက်လာနိုင်သည်။ ထိုအဖြစ်မျိုးကို အက် တမ်၏ နျူးကလီးယပ် (ဝတ်ဆံ)မှ စွမ်းအင်ထုတ်၍ အက်တမ် ဗုံးလုပ်ရာတွင် တွေ့ရသည်။ ဤစွမ်းအင်ကို အက်တမ်၏ နျူး ကလီးယပ်စွမ်းအင်ဟု ယခုအခေါ် ခေါ်တွင်လျက် ရှိသည်။


နေ၏အတွင်းပိုင်းတွင်လည်း ဤကဲ့သို့ပင်ဒြဗ်ဝတ္ထုအဖြစ်မှ စွမ်းအင်အဖြစ်သို့ ပြောင်းလဲမ့ကို တွေ့ရလေ သည်။ ယခုအခါ ဒြဗ်မှန်သမျှကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲ ရန် မတတ်နိုင်သေးချေ။ သို့ရာတွင် ဒြဗ်မှ စွမ်းအင်သို့၎င်း၊ စွမ်းအင်မှ ဒြဗ်သို့၎င်း ပြောင်းလဲနိုင်သည်ဟူသောအချက်ကို အခြေခံထားပါက၊ စွမ်းအင်ကို ဖန်တီး၍လည်းမရ၊ ဖျက်ဆီး၍ လည်းမရဟု ပထမနိယမ အရဆိုရမည့်အစား စကြာဝဠာတွင် ရှိသမျှဒြဗ်နှင့် စွမ်းအင်တို့၏ ပမာဏပေါင်းမှာ အမြဲတမ်း မပြောင်းလဲဘဲ ရှိသည်ဟု ဆိုမှပို၍ မှန်ကန်ရာရောက်ပေမည်။ စွမ်းအင်ပြောင်းလဲမှုနှင့် စပ်လျဉ်းသည့် ဒုတိယနိယမ အဆိုမှာ စွမ်းအင် တစ်မျိုးမှတစ်မျိုးသို့ ပြောင်းလဲတိုင်း စွမ်းအင်အချို့သည် အပူစွမ်းအင်အဖြစ်ဖြင့် အလဟဿ ဆုံးပါး လွတ်မြောက်သွားသည်ဟူ၍ ဖြစ်သည်။ ဤအတိုင်းသာမှန်ပါက တစ်ဖြည်းဖြည်း အပူစွမ်းအင် ဆုံးပါးမှုသည် များများလာသော ကြောင့် တစ်နေ့သော် စကြာဝဠာတစ်ခုလုံးသည် အပူသုန်း၍ ပျက်စီးသည့်ဘေးနှင့် တွေ့ကြုံရမည်မှာ သေချာနေပြီ။ သို့သော် ဤယူဆချက်ကို သိပ္ပံပညာရှင်ကြီးများအားလုံးက လက်မခံကြ သေးချေ။

ယခုအခါ စကြာဝဠာကြီး ပျက်စီးမည့်အရေးထက် စက် ကရိယာ အမျိုးမျိုးအတွက် အားကိုးနေရသော ကျောက်မီးသွေး နှင့် ရေနံများ ကုန်ခန်းသွားလျှင် ကြုံရမည့်အခက်အခဲကို ပို၍ ပူပန်ကြသူကများသည်။ ကျောက်မီးသွေးနှင့် ရေနံမှာ နေ၏ စွမ်းအင်ကို သိုလှောင်ထားသည့် ပစ္စည်းများပင်ဖြစ်ရာ ထို ပစ္စည်းများ ကုန်ခန်းသွားသည့်တိုင်အောင် နေမှာထွန်းလင်းမြဲ ထွန်းလင်းနေဦးမည်ဖြစ်၍ ဘာမျှစိုးရိမ်စရာမရှိဟု အချို့က ဆိုပေမည်။ သို့သော် ကျွန်ုပ်တို့သည် နေ၏စွမ်းအင်ကို တိုက် ရိုက်မဟုတ်ဘဲ သွယ်ဝိုက်သော နည်းဖြင့်သာလျှင် သုံးစွဲနိုင်ကြ သေးသည့်အတွက် အခက်နှင့်ကြုံရလေ။

ယခုအခါ နေပူရှိန်နှင့် နေလတို့၏ ဆွဲငင်မှုတို့ကြောင့် ဖြစ်ပေါ်လာသော လေနှင့်တကွ ရေစီး၊ ရေတံခွန်၊ လှိုင်း၊ ဒီရေ တို့၏ စွမ်းအင်ကို တစ်ကမ္ဘာလုံးအတွက် ထိထိရောက်ရောက် အသုံးချနိုင်မည့်နည်းများကို သိပ္ပံပညာရှင်အသီးသီးတို့ ရှာကြံ နေဆဲဖြစ်သည်။ သို့သော် ရှာဖွေစမ်းသပ်သည့် အဆင့်ကို မကျော်နိုင်ကြသေးပေ။


အချို့ကလည်း အခြားမည်သည့် အကြံအစည်မှ အထ မမြောက်လျှင် ကမ္ဘာ၏ အတွင်းပိုင်းရှိ အလွန်ပြင်းထန်သော အပူကို အသုံးချနိုင်ကောင်းစရာရှိသည်ဟု ဆိုကြသည်။ သို့သော် ကမ္ဘာ၏ အတွင်းပိုင်းရောက်အောင် တူးဖောက်ရမည့် ကိစ္စကို ယခုခေတ်လောကသားတို့ စွမ်းဆောင်နိုင်ဦးမည်မဟုတ် ဟု ယူဆရပေသည်။


အက်တမ်း၏ နျူးကလီးယပ်(ဝတ်ဆံ)အတွင်း ခိုအောင်း လျက်ရှိသည့် စွမ်းအင်ကို ကျွန်ုပ်တို့သည် တစ်နည်းတစ်လမ်း အသုံးပြုလာနိုင်ခဲ့ပေပြီ။ ဤစွမ်းအင်ကို ယူရေးနီးယမ်းနှင့် သိုရီ ယမ်ခေါ် ဒြဗ်စင်တို့မှ အဓိိကထုတ်နုတ် အသုံးချနိုင်ခဲ့ပြီး ဖြစ် သည်။ ယခုအခါ ဟိုက်ဒရိုဂျင်ဗုံးများပင် လုပ်နေပြီဟူသော သတင်း ကို ထောက်လျှင် ဟိုက်ဒရိုဂျင်မှလည်း စွမ်းအင်ကို ထုတ်ယူနိုင်ပြီဟု ဆိုရပေမည်။

အက်တမ်၏ နျူးကလီးယပ်မှ စွမ်းအင်ကို ထုတ်ယူအသုံး ချမှုမှာ ယခုအခါ အစမျှသာ ရှိသေးသည်။ သို့ရာတွင် ရေတစ် စက်၊ သဲတစ်ပွင့်မှပင်ဖြစ်စေ စွမ်းအင်ကို လွယ်လင့်တကူ ထုတ် ယူနိုင်သည့် အချိန်သို့ကား တစ်နေ့ကျလျှင် ရောက်လာရမည်မှာ သေချာသလောက်ရှိလေပြီ။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)