သမုဒ္ဒရာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ကမ္ဘာပေါ်ရှိ သမုဒ္ဒရာရေကို Animation ဖြင့် ပြထားသော မြေပုံ။ ကမ္ဘာကိုလွှမ်းခြုံထားသော ရေထု သို့မဟုတ် တကမ္ဘာလုံးနှင့်ဆိုင်သော သမုဒ္ဒရာကို ဒေသအချို့အနေဖြင့် ခွဲခြားထားသည်။ ပုံမှန်အားဖြင့် ပစိဖိတ်၊ အတ္တလန္တိတ်၊ အိန္ဒိယ၊ အာတိတ် နှင့် တောင်ပိုင်းသမုဒ္ဒရာ ဟူ၍ ၅ ပိုင်းခွဲခြားထားပြီး နောက်ဆုံး ၂ ခုကို တစ်ခါတစ်ရံ ပထမ ၃ ခု ထဲတွင် ပေါင်းစပ်ခေါ်ဝေါ်ကြသည်။

သမုဒ္ဒရာ (အင်္ဂလိပ်: Ocean; ရှေးဟောင်းဂရိ: Ωκεανός Okeanos (Oceanus)) သည် ပင်လယ်ရေ၏ အဓိကကိုယ်ထည် ဖြစ်ပြီး ဟိုက်ဒရိုစဖီးယား ခေါ် ကမ္ဘာပေါ်တွင်ရှိနေသော ရေအားလုံးတို့၏ အဓိက အစိတ်အပိုင်းလည်း ဖြစ်သည်။ ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်း (ခန့်မှန်းခြေအားဖြင့် စတုရန်းကီလိုမီတာ ၃၆၁ သန်း) ကို ပုံမှန်အားဖြင့် သမုဒ္ဒရာအချို့ နှင့် ပို၍ အရွယ်အစားငယ်သော ပင်လယ်တို့ဖြင့် ဖွဲ့စည်းထားသော သမုဒ္ဒရာထုက ဖုံးလွှမ်းထားသည်။ ထိုဒေသ၏ တစ်ဝက်ကျော်ခန့်သည် ပေပေါင်း ၉၈၀၀ (မီတာ ၃၀၀၀ ကျော်) နက်သည်။ သမုဒ္ဒရာဒေသ၏ ပျမ်းမျှ ဆားငံဓာတ်ပါဝင်နှုန်းသည် ၁၀၀၀ ပုံလျှင် ၃၅ ပုံခန့် သို့မဟုတ် ၃.၅ ရာခိုင်နှုန်းခန့်ရှိပြီး ပင်လယ်ရေအားလုံးနီးပါး၏ ဆားငံဓာတ်ပါဝင်မှုနှုန်းသည် ၁၀၀၀ ပုံလျှင် ၃၀ ပုံမှ ၃၈ ပုံ အထိရှိသည်။

ခြုံငုံသုံးသပ်ချက်[ပြင်​ဆင်​ရန်​]

ပုံမှန်အားဖြင့် ကွဲပြားခြားနားသော သမုဒ္ဒရာများ အနေဖြင့် ခွဲခြားသတ်မှတ်လေ့ရှိသော်လည်း ထိုသမုဒ္ဒရာရေများသည် အားလုံးဆက်စပ်လျှက်ရှိပြီး အားလုံးကိုစုပေါင်း၍ ကမ္ဘာ့သမုဒ္ဒရာ သို့မဟုတ် ကမ္ဘာလုံးနှင့်ဆိုင်သော သမုဒ္ဒရာ အနေနှင့် ရည်ညွှန်းလေ့ရှိကြသည်။ ထိုသို့ ရေထုအားလုံးဆက်စပ်နေပြီး အစိတ်အပိုင်း အသီးသီးတွင် အချင်းချင်းလွတ်လပ်စွာဖလှယ်နေကြခြင်း စသည့် တကမ္ဘာလုံးနှင့်ဆိုင်သော သမုဒ္ဒရာအယူအဆ သည် သမုဒ္ဒရာဗေဒအတွက် အရေးကြီးသော အခြေခံအချက်အလက်တစ်ခုဖြစ်သည်။ အဓိက သမုဒ္ဒရာ အစိတ်အပိုင်းများ ခွဲခြားမှု ကို တိုက်ကြီးများ၊ ကျွန်းစုများ နှင့် အခြားအချက်အလက်များပေါ် မူတည်၍ ခွဲခြားသတ်မှတ်ကြသည်။ ထိုခွဲခြားမှုများကို အရွယ်အစားလိုက် ကြီးစဉ်ငယ်လိုက် ကြည့်မည်ဆိုပါက ပစိဖိတ်သမုဒ္ဒရာအတ္တလန္တိတ်သမုဒ္ဒရာအိန္ဒိယသမုဒ္ဒရာတောင်ပိုင်း သမုဒ္ဒရာ ( တစ်ခါတစ်ရံတွင် ထိုသမုဒ္ဒရာဒေသကို ပစိဖိတ်၊ အတ္တလန္တိတ် နှင့် အိန္ဒိယသမုဒ္ဒရာ တို့၏ တောင်ပိုင်းအဖြစ် သတ်မှတ်ကြသည်။) နှင့် အာတိတ် သမုဒ္ဒရာ (တစ်ခါတစ်ရံတွင် အတ္တလန္တိတ် သမုဒ္ဒရာ၏ ပင်လယ်အဖြစ် သတ်မှတ်လေ့ရှိကြသည်။) စသည်ဖြင့်ဖြစ်သည်။ ပစိဖိတ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာတို့ကို အီကွေတာပေါ်မူတည်၍ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ထပ်မံခွဲခြား သတ်မှတ်နိုင်သည်။ သမုဒ္ဒရာ၏ အစိတ်အပိုင်း အသေးစားများကို ပင်လယ်များ၊ ပင်လယ်ကွေ့များ၊ ပင်လယ်အော်များနှင့် အခြားအမည်များဖြင့် ခေါ်ဝေါ်ကြသည်။ ထို့ပြင် ကုန်းမြေပေါ်တွင် သမုဒ္ဒရာနှင့် ဆက်စပ်မနေသော အာရယ်ပင်လယ် နှင့် မဟာ ဆားငန်ရေကန်ကြီးစသည့် အခြားသော ဆားငန်ရေထုများလည်း ရှိတတ်သည်။ ထိုအရာများကို ပင်လယ်အဖြစ် ရည်ညွှန်းခေါ်ဆိုကြသော်လည်း တကယ်တမ်းမှာ ဆားငန်ရေကန်များသာ ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာသည်အကြီးဆုံးဖြစ်၍ အာတိတ်သမုဒ္ဒရာသည်အငယ်ဆုံးဖြစ်သည်။

သမုဒ္ဒရာများသည် ကမ္ဘာ့မျက်နှာပြင်၏ ၄ပုံ ၃ပုံကို ဖုံးလွှမ်းထားပြီး ဇီဝစက်ဝန်းပေါ်တွင် လွန်စွာမှပင် အကျိုးသက်ရောက်မှု ရှိသည်။ ကျွန်ုပ်တို့ ရရှိနေသော မိုးရွာသွန်းမှုမှာ ထိုသမုဒ္ဒရာများမှ ရေငွေ့ပျံခြင်းမှတဆင့် ဖြစ်ပြီး ၄င်းတို့၏ အပူရှိန်သည် ကျွနု်ပ်တို့၏ ရာသီဥတု နှင့် လေတိုက်ခတ်ပုံကို အဆုံးအဖြတ်ပေးသည်။ သမုဒ္ဒရာ အတွင်းမှ သက်ရှိများသည် ကမ္ဘာပေါ်တွင် သတ္တဝါတို့ စတင်မရွေ့လျားမီနှင့် အပင်တို့ စတင်အသက်မရှိမီ နှစ်ပေါင်း ၃ ဘီလီယံအကျော်မှ စတင်ဖြစ်ထွန်းခဲ့သည်။

ကမ္ဘာ့သမုဒ္ဒရာများ[ပြင်​ဆင်​ရန်​]

သမုဒ္ဒရာငါးစင်းတို့သည် တစ်စင်းနှင့်တစ်စင်း သီးသန့်ခွဲခြား၍ တည်ရှိနေကြသည်မဟုတ်ဘဲ တစ်စင်းနှင့်တစ်စင်း ဆက်စပ်လျက်ရှိကြသည်။ အချို့နေရာတွင် တိုက်ကြီးများခြားနေသည့်အခါ တစ်စင်းမှ တစ်စင်းသို့ အလွယ်တကူကူးသန်းသွားလာနိုင်စေရန် မြေအကျဉ်းဆုံးနေရာကို ဖြတ်၍တူးမြောင်းများ တူးထားကြလေသည်။ အတ္တလန္တိတ်သမုဒ္ဒရာမှ အိန္ဒိယသမုဒ္ဒရာသို့ အလွယ်တကူဖြတ်ကူးနိုင်ရန် ဆူးအက်တူးမြောင်းကိုလည်းကောင်း၊ အတ္တလန္တိတ်သမုဒ္ဒရာမှ ပစိဖိတ်သမုဒ္ဒရာသို့ အလွယ်တကူဖြတ်ကူးနိုင်ရန် ပနားမားတူးမြောင်းကိုလည်းကောင်း ဖောက်လုပ်ထားလေသည်။

ပစိဖိတ်သမုဒ္ဒရာ[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပစိဖိတ်သမုဒ္ဒရာ

ပစိဖိတ်သမုဒ္ဒရာသည်အရှေ့ဘက်တွင်အမေရိကတိုက်နှစ်တိုက်၊ အနောက်ဘက်တွင် အာရှနှင့် ဩစတြေးလျတိုက်တို့အကြား၌ ခပ်ဝိုင်းဝိုင်း သဏ္ဌာန်ရှိသည်။ စတုရန်းမိုင်ပေါင်း ၆၈၆၃၄ဝဝဝ ကျယ်၍ ပျမ်းမျှခြင်းအားဖြင့် ပေ ၁၄ဝ၅ဝနက်သည်။ ဖိလစ်ပိုင်ကျွန်းစုတွင်ပါဝင်သော မင်ဒါနာအိုကျွန်းအလွန်တွင် အနက်ဆုံးဖြစ်၍ ထိုနေရာတွင်ပေ ၃၅၄၁ဝခန့် နက်သည်။ အီကွေတာမျဉ်း၏ မြောက်ပိုင်းကို မြောက်ပစိဖိတ်သမုဒ္ဒရာဟုခေါ်၍ တောင်ပိုင်းကိုတောင် ပစိဖိတ်သမုဒ္ဒရာဟုခေါ်သည်။

အတ္တလန္တိတ်သမုဒ္ဒရာ[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အတ္တလန္တိတ်သမုဒ္ဒရာ

အတ္တလန္တိတ်သမုဒ္ဒရာသည် အနောက်ဘက်တွင် အမေရိကတိုက်နှစ်တိုက်၊ အရှေ့ဘက်တွင် ဥရောပတိုက်နှင့် အာဖရိကတိုက်တို့အကြား၌ အင်္ဂလိပ်အက္ခရာ အက်(စ)ပုံသဏ္ဌာန် ခပ်ကောက်ကောက်တည်ရှိသည်။ စတုရန်းမိုင်ပေါင်း ၄၁၃၂၂ဝဝဝ ကျယ်၍ပျမ်းမျှခြင်းအားဖြင့် ပေ၁၂၈၈ဝနက်သည်။ အနောက်အိန္ဒိယကျွန်းစုတွင် ပါဝင်သော ပွားတိုးရီးကိုးကျွန်းအလွန်တွင် အနက်ဆုံးဖြစ်၍ ထိုနေရာ၌ ၂၇၉၆၅ ပေနက်သည်။ အီကွေတာမျဉ်းကြောင်း၏ မြောက်ပိုင်းကို မြောက်အတ္တလန္တိတ်သမုဒ္ဒရာဟု ခေါ်၍ တောင်ပိုင်းကို တောင်အတ္တလန္တိတ်သမုဒ္ဒရာဟု ခေါ်သည်။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာကို ဝန်းရံထားသောနိုင်ငံများသည် ကူးသန်းရောင်းဝယ်ရေးဖွံ့ဖြိုးသဖြင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာတွင် သင်္ဘောအသွားအလာအဖြတ်အသန်း များပြားစည်ကားသည်။

အိန္ဒိယသမုဒ္ဒရာ[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အိန္ဒိယသမုဒ္ဒရာ

အိန္ဒိယသမုဒ္ဒရာသည် မြောက်ဘက်တွင် အာရှတိုက်၊ အရှေ့ဘက်တွင် ဩစတြေးလျတိုက်၊ အနောက်ဘက်တွင် အာဖရိကတိုက်တို့အကြား၌ ခပ်ဝိုင်းဝိုင်းပုံသဏ္ဌာန်ရှိသည်။ စတုရန်းမိုင်ပေါင်း ၂၈၃၅ဝဝဝဝကျယ်၍ ပျမ်းမျှခြင်းအားဖြင့်ပေ ၁၃ဝဝဝနက်သည်။ ဂျားဗားကျွန်းတောင်ဘက် အလွန်တွင် အနက်ဆုံးဖြစ်၍ ထိုနေရာ၌ ပေ ၂၄၄၄ဝနက်သည်။

အန္တာတိတ်သမုဒ္ဒရာ[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အန္တာတိတ်သမုဒ္ဒရာ

အန္တာတိတ်သမုဒ္ဒရာသည် တောင်ဝင်ရိုးစွန်းတစ်ဝိုက် အန္တာတိကတိုက်ကို ဝန်းရံတည်ရှိသည်။ ပထဝီပညာရှင်အများက အန္တာတိတ်သမုဒ္ဒရာကို သီးခြားသမုဒ္ဒရာတစ်ခုအနေနှင့် မယူဆဘဲ အတ္တလန္တိတ်၊ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့၏ တောင်ဘက်အဖျားပိုင်းအဖြစ် ထားရှိကြသည်။ ယင်းသမုဒ္ဒရာကြီးများနှင့် ပိုင်းခြားထားသော ကုန်းမြေဟူ၍မရှိချေ။ အန္တာတိတ်သမုဒ္ဒရာသည် စတုရန်းမိုင်ပေါင်း ၇၅ဝဝဝဝဝ လုံးကျယ်သည်။ ရေမြေသစ်များ စူးစမ်းရှာဖွေသူတို့တိုင်းတာခြင်း မပြုနိုင်သေးသဖြင့် အတိမ်အနက်ကိုအတိအကျ မသိရသေးချေ။

အာတိတ်သမုဒ္ဒရာ[ပြင်​ဆင်​ရန်​]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အာတိတ်သမုဒ္ဒရာ

အာတိတ်သမုဒ္ဒရာသည် မြောက်ဝင်ရိုးစွန်းတစ်ဝိုက်တွင်တည်ရှိသောကြောင့် ကမ္ဘာလုံး၏ထိပ်တွင် ရှိနေသောသမုဒ္ဒရာဟု ယူဆကြသည်။ ယင်းသည် ပစိဖိတ်သမုဒ္ဒရာနှင့် ဗဲယားရင်းပင်လယ်ဖြင့် ခြားနေ၍ အတ္တလန္တိတ်သမုဒ္ဒရာ နှင့်မူ ဂရင်းလန်းကျွန်းနှင့် နော်ဝေးနိုင်ငံအကြား ရေပြင်နှင့် ခြားလျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၅၄၄ဝဝဝဝ ရှိ၍ ပျမ်းမျှခြင်း ၃၉၅၅ ပေနက်သည်။ မြောက်လတ္တီတွဒ် ၇၇၄၅ နှင့်အနောက်လောင်ဂျီတွဒ် ၁၇၅ နေရာတွင်အနက်ဆုံးဖြစ်၍ ထိုနေရာ၌ ၁၈၄၅၆ပေ နက်သည်။ အာတိတ်သမုဒ္ဒရာရေပြင်သည် အမြဲပင် ရေခဲနေလေသည်။

သမုဒ္ဒရာ အောက်ခြေမျက်နှာပြင်[ပြင်​ဆင်​ရန်​]

သမုဒ္ဒရာတို့ အောက်ခြေမြေမျက်နှာပြင်သည် တစ်ပြေးညီညာ ရှိသည်မဟုတ်ဘဲ ခွက်ကြီးသဖွယ် တစ်ဖြည်းဖြည်း အလယ်သို့ နိမ့်ဆင်းသွားလေသည်။ သမုဒ္ဒရာ၏ အနက်ဆုံးသောနေရာတွင် ကမ္ဘာပေါ်၌ အမြင့်ဆုံးဖြစ်သော ဧဝရက် တောင်ထိပ်ကို ချလိုက်လျှင် ထိုတောင်ထိပ်သည်ရေအောက်သို့စုံးစုံး မြုပ်သွားပေလိမ့်မည်။ သမုဒ္ဒရာ၏အောက်ခြေမြေပြင်တို့သည် ကမ္ဘာမြေပြင်ကဲ့သို့ ချောင်းမြောင်းလျှိုရိုးတို့မရှိဘဲ များသောအားဖြင့် ညီညာပြေပြစ်လျက်ရှိကြသည်။ သို့ရာတွင်အချို့နေရာ၌ တောင်တန်းကြီးများနှင့် ချိုင့်ဝှမ်းကြီးများရှိလေသည်။ အချို့တောင်တန်းတို့၏ ထိပ်များသည် ရေအောက်တွင် နစ်မြုပ်မနေဘဲ ရေမျက်နှာပြင်ပေါ်သို့ ထိုးထွက်ကာ ကျွန်းများဖြစ်လျက် ရှိကြသည်။ အချို့ကျွန်းများသည် သာမန်တောင်တန်းတို့၏ တောင်ထိပ်များ မဟုတ်ဘဲ မီးတောင်၏ ထိပ်များဖြစ်ကြသည်။

ဓာတ်သတ္တုများပါဝင်မှု[ပြင်​ဆင်​ရန်​]

သမုဒ္ဒရာ၏ရေနက်ပိုင်းတွင် တဖြည်းဖြည်းအနည်ထိုင်၍ အောက်သို့ ကျဆင်းသွားသော အမှိုက်သရိုက်အမှုန်ကလေးများနှင့် ရေသတ္တဝါကလေးများ၏ အခွံကလေးများပါသော အလွန်နူးညံ့ညက်ညောသည့် ရွှံ့ညွန်ရှိသည်။ ကမ်းခြေဒေသများ၌ ကျောက်စရစ်နှင့်သဲများကို အများအပြား တွေ့ရှိရသည်။ ကမ်းခြေနှင့်ရေနက်ပိုင်းကြား၌မူ ထုံးစသည်တို့ပါရှိသော ရွှံ့ညွန်များနှင့် ယင်းတို့မှဖြစ်သော သဲ၊ ကျောက်၊ ကျောက်ဖြုန်းစသည်တို့ကို တွေ့ရသည်။ သမုဒ္ဒရာရေသည် ဆားအမြောက်အများပါသဖြင့် အလွန်ငန်သည်။ သမုဒ္ဒရာရေတစ်ပိသာလျှင် ဆားငါးကျပ် သား၊ မက်ဂနီဆီယမ်၊ ကယ်လဆီယမ်ဗရိုမင်းစသည်တို့ အနည်းအကျဉ်းပါဝင်သည်။ ဤသို့ သမုဒ္ဒရာရေ၌ဆား များစွာပါဝင်ခြင်းမှာ ယင်းအတွင်းသို့ စီးဆင်းသောမြစ်များက ကုန်းမှဆားများကို ယူဆောင်လာခြင်း၊ ရေများသည် ရေခိုးရေငွေ့ဖြစ်သွားသောအခါ သမုဒ္ဒရာထဲ၌ ဆားများကြွင်းကျန်နေရစ်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု အချို့ကယူဆကြ၏။ သို့သော် သမုဒ္ဒရာမှ ရရှိသောဆားများသည် မီးတောင်များမှ ထွက်လာသည့် ချော်ရည်သတ္တုရည်များတွင် ပါသောဆားများနှင့်လွန်စွာတူလှသဖြင့် သမုဒ္ဒရာရေသည် ကမ္ဘာဦးကစ၍ ငန်လာခဲ့သည်ဟု အချို့က ယုံကြည်ကြသည်။

သမုဒ္ဒရာရေဆားငန်ခြင်းသည် တစ်နေရာနှင့် တစ်နေရာမတူချေ။ နေအလွန်ပူသဖြင့် ရေခိုးရေငွေ့အဖြစ်သို့ ပြောင်းလဲခြင်းကများ၍ ရေချိုများကို ယူဆောင်လာသည့်မြစ်များမှ စီးဝင်ခြင်းနည်းသောနေရာ၌ ရေပိုငန်သည်။ ကမ္ဘာပေါ်တွင် သုံးစွဲနေကြသော အိမ်သုံးဆားများ အမြောက်အမြားကို ပင်လယ်သမုဒ္ဒရာရေမှ ချက်ယူကြသည်။ သမုဒ္ဒရာရေတွင် ရှိသောဆားအားလုံးကို ကျိုချက်၍ ပုံလိုက်ပါက ဆားပုံကြီး၏အကျယ်အဝန်းသည် မြန်မာနိုင်ငံ ထက်အဆ ၄ဝ ကျော်မျှကျယ်ဝန်းမည်ဟု ဆိုသည်။ သမုဒ္ဒရာရေတွင် အထက်ပါဓာတ်သတ္တုများသာမက ရွှေလည်းရရှိနိုင်သည်။ သမုဒ္ဒရာအတွင်းမှ ရွှေအားလုံးကို ထုတ်ယူနိုင်ပါက ကမ္ဘာပေါ်ရှိ လူတိုင်းလူတိုင်းတစ်ဦးလျှင် ရွှေသုံးပိသာခန့်စီ ရရှိလိမ့်မည်ဟု တွတ်ဆကြသည်။ ထို့ကြောင့်အချို့ ပညာရှင်တို့က သမုဒ္ဒရာတို့သည် ဓာတ်သတ္တု အရည်တို့ဖြင့် ပြည့်နှက်နေသော သတ္တုတွင်းကြီးဖြစ်သည် ဟုဆိုကြခြင်းဖြစ်သည်။

သမုဒ္ဒရာ ရေစီးကြောင်း[ပြင်​ဆင်​ရန်​]

အီကွေတာနားနီးသော သမုဒ္ဒရာရေသည် ဝင်ရိုးစွန်းများနှင့် နီးကပ်သော သမုဒ္ဒရာရေထက် နွေးလေသည်။ ယင်းသို့တစ်နေရာနှင့်တစ်နေရာ ရေ၏အပူအအေးမတူမှုကြောင့် တစ်ကြောင်း၊ တိုက်ခတ်နေသော လေတို့၏လမ်းကြောင်းများကြောင့် တစ်ကြောင်း၊ ကမ္ဘာကြီးသည်ဝင်ရိုးပေါ်၌ လည်နေသောကြောင့် တစ်ကြောင်း သမုဒ္ဒရာတွင်ရေစီးကြောင်းများ ဖြစ်ပေါ်လျှက် ရှိကြသည်။

ယင်းတို့သည်များသောအားဖြစ် အီကွေတာအနီးတစ်ဝိုက်တွင် အရှေ့မှအနောက်သို့ စီးလေ့ရှိကြပြီးလျှင် ကမ်းခြေနားသို့ ရောက်သောအခါ ဝင်ရိုးစွန်းများဘက်သို့ လည်၍စီးသွားလေ့ရှိကြသည်။ သမုဒ္ဒရာတို့၏ အနောက်ဘက် ကမ်းခြေများတွင် ရေနွေးစီးကြောင်းများကို တွေ့ရ၍ကပ်စီးသွားရာကုန်းမြေ၏ ရာသီဥတုကို ပြောင်းလဲစေတတ်သည်။ ပင်လယ်ရေတိမ်အပိုင်း၌ မြစ်များ ယူဆောင်လာသည့် သဲများရွှံများရှိ၏။ ထိုထက်နက်သော အပိုင်း၌ သစ်ပင်များ၊ သတ္တဝါများ၏ အခွံအကြေးများဖြင့် ဖြစ်လာသော ဖြူယောင်ယောင် ညိုသန်းသန်း နုံးနှစ်များရှိ၏။ ထိုအမှုန်များမှာ အလွန်သေးငယ်၍ သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။

အပူချိန်[ပြင်​ဆင်​ရန်​]

အလွန်နက်သော အပိုင်းများ၌ကား ရွှံ့စေးနီများရှိ၏။ ထိုအောက်အနက်ဆုံးသော နေရာများ၌မူ ကျောက်သားအနှစ်များဖြင့် ပြီးလျက်နေသော မြေကိုတွေ့ရသဖြင့် ထိုမြေသည်ကား ကမ္ဘာဦးကစ၍ သမုဒ္ဒရာများနှင့်အတူ တည်ရှိလာဟန် လက္ခဏာရှိပေသည်။ နေရောင်သည် ရေမျက်နှာပြင်အောက်သို့ ပေပေါင်းအနည်းငယ်မျှသာ ရောက်ရှိနိုင်လေရာ ရေအနက်ပေ ၆ဝဝ အောက်၌ကား မြေပြင်တွင် ဖြစ်ပေါ်ပြောင်းလည်းနေသည့် ရာသီဥတုမျိုးကို မတွေ့ရတော့ချေ။ ထိုအပိုင်း၌ ရေသည် အစဉ်မပြတ်ရေခဲကဲ့သို့ အေးလျက်ရှိ၏။ သမုဒ္ဒရာရေ မျက်နှာပြင်တို့၌ များသောအားဖြင့် ရေ၏အပူချိန်သည် အမြင့်ဆုံး ၅၆ ဖာရင်ဟိုက်ခန့်ရှိ၏။ သမုဒ္ဒရာအားလုံး၏ ပျမ်းမျှခြင်းအပူချိန်မှာ ၃၉ ဖာရင်ဟိုက်ခန့်ရှိသည်။ ပေ ၃ဝဝဝ ခန့်နက်သောနေရာများ၌ ရေ၏အပူချိန်သည် ၂၂ ဖာရင်ဟိုက်ခန့်ရှိ၍ ပေ၄ဝဝဝ ခန့်ရောက်သောအခါ ၁၅ ဖာရင်ဟိုက်သာ အများဆုံးရှိပြီးလျှင် ပေ ၉ဝဝဝ အနက်တွင် ၇ ဖာရင်ဟိုက်ခန့်သာ ရှိတော့သည်။ နွေအခါ၌ သမုဒ္ဒရာ ရေပြင်သည် ကုန်းမြေပြင်ကဲ့သို့ လျင်မြန်စွာမပူတတ်ဘဲ ဆောင်းအခါ၌လည်း လျင်မြန်စွာမအေးတတ်ချေ။ သမုဒ္ဒရာရေ မျက်နှာပြင်၏ အပူအအေးသည်လည်းကောင်း၊ လှုပ်ရှားမှုသည်လည်းကောင်း၊ ထိုအောက်ဘက်ရှိ ရေနက်ပိုင်းကို ပြုပြင်ဖန်တီးနိုင်စွမ်း မရှိတော့ချေ။ ရေစီးကြောင်း၏ လှုပ်ရှားမှုများ မဆိုစလောက်သာရှိပြီးလျှင် ရေသည်ပကတိ ငြိမ် သက်လျက်ရှိ၏။

ရေဖိအား[ပြင်​ဆင်​ရန်​]

ရေ၏ဖိနှိပ်အားသည်ကား ရေ၏အနက်ကိုလိုက်ပြီးလျှင် တစ်ဖြည်းဖြည်းပိုမိုကြီးမားလာလေသည်။ တစ်မိုင်ခန့်နက်သောနေရာတွင် ရေ၏ဖိအားသည် တစ်စတုရန်းလက်မပေါ်၌ အလေးချိန်တစ်တန်မျှရှိ၏။ ခြောက်မိုင်နက်သောနေရာတွင် ရေ၏ဖိအားသည် တစ်စတုရန်းလက်မပေါ်၌ အလေးချိန်ခြောက်တန်မျှ ရှိလေသည်။ ယင်းသို့လျှင် ရေ၏ဖိအားသည် ရေ၏အနက်ကိုလိုက်၍ တိုးသွားလေသည်။

စူးစမ်းလေ့လာမှုများ[ပြင်​ဆင်​ရန်​]

ယခုအခါလူတို့သည် အလွန်နက်သော သမုဒ္ဒရာ အောက်ပိုင်းအကြောင်းကို နည်းအမျိုးမျိုးဖြင့်စုံစမ်း ပြီးဖြစ်၏။ အထူးပြုလုပ်ထားသောပိုက်များ၊ သံချိတ်များ၊ ပုလင်းများကို ရေအောက်မြေပြင်ရောက်အောင်ချ၍ ထိုမြေပြင်ပေါ်ရှိ သက်ရှိသက်မဲ့အရာဝတ္ထုများကို ဆယ်ယူကြ၏။ အထူးပြုလုပ်ထားသော ကရိယာများဖြင့် သမုဒ္ဒရာအောက်ရှိ ရေ၏အပူအအေးကို တိုင်းတာကြည့်ကြ၏။ ထိုသို့စုံစမ်းခဲ့သဖြင့် သမုဒ္ဒရာအောက်မြေပြင်ပေါ်၌ မရေတွက်နိုင်အောင်များပြားလှသော သတ္တဝါအမျိုးမျိုးရှိကြောင်းကို သိရှိရပေသည်။

သမုဒ္ဒရာ ဇီဝဗေဒ[ပြင်​ဆင်​ရန်​]

သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ မှန်ဘီလူးဖြင့် ကြည့်မှသာမြင်နိုင်သည့် သတ္တဝါကလေးများမှ ပေ ၈ဝ မျှရှည်လျားကြီးမားသော ဝေလငါးကြီးများအထိ သမုဒ္ဒရာထဲတွင် သတ္တဝါအမျိုးမျိုးရှိသည်။ ခရု၊ ကနန်း၊ ပုစွန်တို့ကဲ့သို့သော အခွံရှိသတ္တဝါများ၊ လိပ်ကဲ့သို့သောတွားသွား သတ္တဝါများ၊ ဝေလငါး၊ ပင်လယ်ဖျံတို့ကဲ့သို့သော နို့တိုက်သတ္တဝါများ၊ ငါးစသည်တို့ကဲ့သို့သော ဥအုသည့် ကိုယ်ရေအေးသတ္တဝါများ ရှိကြသည်။ သမုဒ္ဒရာ၏ အလွန်နက်သောအပိုင်း၌ နေကြသောသတ္တဝါများသည် မျက်စိကောင်းကောင်းမမြင်ကြချေ။ အားလုံးလိုလိုပင် မီးစုန်းအလင်းရောင်ထွက်သော သတ္တဝါများ ဖြစ်ကြ၏။ ထိုသို့ အလင်းရောင်ထွက်ခြင်းမှာ အပူဓာတ်မပါဘဲနှင့် အလင်းရောင်ထွက်နေခြင်း ဖြစ်၏။ ဤရေသတ္တဝါများ စားသောအစာများမှာ ဒိုင်အက်တမ်နှင့် ပလင့်ကတမ်ခေါ် ပိုးမွှားကောင်ကလေးများ ဖြစ်ကြ၏။ ထိုပိုးကောင်ကလေးများမှာ အလွန်သေးငယ်လှသဖြင့် အားကောင်းသောမှန်ဘီလူးဖြင့် ကြည့်မှသာ မြင်နိုင်၏။ ယင်းတို့သည် အံ့သြဖွယ်ကောင်းလောက်အောင် လျင်မြန်စွာတိုးပွားကြ၍ ရေသတ္တဝါများ၏ အသက်သခင်များဖြစ်ကြပေသည်။

သမုဒ္ဒရာတို့၏ရေတိမ်များ အထူးသဖြင့် ကမ်းခြေနှင့်မလှမ်းမကမ်းနေရာများ၌ အပင်တို့ ပေါက်ရောက်လျက်ရှိကြသည်။ အချို့အပင်များသည် မည်သည့်မြေကိုမျှ အမှီသဟဲမပြုပဲ ရေအလယ်တွင် ပေါက်လေ့ရှိကြသည်။ မည်သို့ပင်ပေါက်နေစေကာမူ အလင်းရောင်သည် ရေပြင်အတွင်းသို့ပေပေါင်း ၁၃၂ဝ ခန့်အထိလောက်သာ ထိုးဖောက်ဝင်နိုင်သဖြင့် အပင်တို့အဖို့ အလင်းရောင်ရမှ ရှင်နိုင်သည့်အလျောက် ထိုထက်နက်ရှိုင်းသောဒေသ၌ အပင်များမရှိနိုင်ဟု ယူဆကြသည်။ အပင်များမရှိကလည်း ယင်းတို့ကိုမှီတင်းနေထိုင်သော သတ္တဝါများ နေနိုင်မည်မဟုတ်ချေ။ သို့ရာတွင် တစ်ခါက မြေထဲပင်လယ် ကိုဖြတ်ကူးထားသော ကြေးနန်းကြိုးတစ်ချောင်းသည် ပင်လယ်ရေပြင် အောက်ပေ ၇ဝဝဝ အနက်လောက်၌ ရုတ်တရက် ပြတ်ကျသွားခဲ့ဖူး၏။ ထိုကြိုးစမှ အောက်သို့ မည်မျှနက်သည်အထိ ကျသွားသည်ကိုမသိရချေ။ သို့သော်ထိုကြိုးပြတ်ကို ဆယ်ယူသောအခါ ကြိုးအဖျား၌ အလွန်သေးငယ်သော ပိုးမွှားကောင်ကလေး အများအပြား ကပ်၍ ပါလာသည်ကို တွေ့ရသဖြင့် သမုဒ္ဒရာအောက် အလွန်နက်သောနေရာများ၌ ပိုးမွှားကလေးများရှိကြောင်းကို သိရှိကြရလေသည်။ သမုဒ္ဒရာသည် ကမ္ဘာ့ရိက္ခာဂိုဒေါင်ကြီးသဖွယ် ဖြစ်သည်။ လူတို့စားသောက်မှီဝဲရသော ငါး၊ ပုစွန်စသည်တို့ သည်ရေထဲတွင် မကုန်ခန်းနိုင်အောင် များလေသည်။ အတ္တလန္တိတ်သမုဒ္ဒရာ၏ အမေရိကန်ကမ်းခြေတစ်လျှောက်တွင် ကျက်စားပေါက်ပွားလေ့ရှိကြသော မင်ဟာဒင်ခေါ်ငါးတစ်မျိုးသည် စား၍မကောင်းသော်လည်း မြေသြဇာပြုလုပ်ရန်အတွက် အသုံးကျသည်။

ပန်းထိမ်သည်တို့အသုံးပြုသော စပန်းခေါ် ပင်လယ်ရေမြုပ်တစ်မျိုးကိုလည်း သမုဒ္ဒရာထဲမှပင် ရရှိသည်။ အလွန်အဖိုးထိုက်တန်လှသော ပုလဲရတနာအတွက် မုတ်ကောင်(ကမာကောင်)တို့ ကိုလည်း သမုဒ္ဒရာ ထဲ၌ပင်ဖမ်းယူရရှိနိုင်သည်။ ရှေးအခါက သမုဒ္ဒရာကြီးများသည် ရေမြေခြား၍ အလွန်ဝေးလံသော ဒေသကြီးများကို ကူးလူးဆက်ဆံရန် တံတိုင်းကြီးများသဖွယ်ဖြစ်ခဲ့သော်လည်း ရေကြောင်းခရီးသွားလာမှုအောင်မြင်လာသည်နှင့်အမျှ အသုံးဝင်သောခရီးလမ်းမကြီးများ ဖြစ်လာလေသည်။ ကမ္ဘာမြေပေါ်၌ ရွာသွန်းချသမျှ မိုးရေတို့သည် သမုဒ္ဒရာရေမှအရင်းတည်ခဲ့သည်။ ကမ္ဘာပေါ်တွင် တိုက်ခတ်သော လေတို့သည်သမုဒ္ဒရာမျက်နှာပြင်မှ ရေခိုးရေငွေ့များကို သယ်ဆောင်၍မိုးအဖြစ်ရွာချကြသည်။

အသုံးချမှုများ[ပြင်​ဆင်​ရန်​]

ပင်လယ်နီနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်စပ်ထားသည့်ရေလက်ကြားကျဉ်းကလေးကိုတာတမံတုတ်၍ ပင်လယ်နီတွင်းသို့ အိန္ဒိယသမုဒ္ဒရာထဲမှ စီးဝင်လာသော ရေအားကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်စက်များကိုမောင်းနှင်စေမည်ဆိုလျှင် လျှပ်စစ်ဓာတ်အား မြင်းကောင်ရေငါးသန်းမျှ ရနိုင်မည်ဟု ဆွီဒင်နိုင်ငံသား သိပ္ပံပညာရှင်ပါမောက္ခတစ်ဦးက ခန့်မှန်းလေသည်။ ဗြိတိသျှသိပ္ပံပညာရှင်ကြီးဟောလဒိန်းကမူ ဒီရေအတက် အကျကိုစေခိုင်း၍လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကြံစည်ခဲ့ဖူး၏။

သိပ္ပံပညာရှင်တို့သည် များပြားလှသော သမုဒ္ဒရာရေထုမှ နည်းသုံးနည်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်အသုံးချရန် ကြံစည်လျက်ရှိကြသည်။ ယင်းတို့မှာ (၁)ရေလှိုင်းအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်ခြင်း၊ (၂) တက်လာသောဒီရေကို သိုလှောင်ပိတ်ဆို့ထားပြီးလျှင် ထိုရေတို့ကို အတိုင်းအဆနှင့် ပြန်လွှတ်၍ လျှပ်စစ်ဓာတ်အားထုတ်ခြင်း၊ (၃)ပင်လယ်မျက်နှာပြင်ရေနှင့် ပင်လယ်အောက်ရေတို့၏ အပူခြားနားခြင်းကို အသုံးချကာ လျှပ်စစ်ဓာတ်အားထုတ်ခြင်း တို့ဖြစ်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)