မြစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

တောင်များပေါ်မှ စီးဆင်းလာသော ရေများစုပေါင်း၍ ချောင်းများဖြစ်ပေါ်လာကာ ချောင်းများပေါင်းစုံ စီးဆင်းလာသော အခါ မြစ်ဖြစ်ပေါ်လာ၏။ မြစ်သည် ချောင်းထက်ကြီးပြီး သမုဒ္ဒရာထဲသို့ စီးဆင်းသွား၏။ ကမ္ဘာပေါ်တွင် မြစ်ပေါင်း ၉၂၅-စင်းရှိသည်။ အမေရိကန်ပြည် ကိုလိုရာဒိုမြစ်၊ တရုတ်ပြည် မြစ်ဝါမြစ်၊ အိန္ဒိယပြည် ဂင်္ဂါမြစ်၊ အနောက်အာဖရိက နိုင်ဂျာမြစ်တို့သည် ကမ္ဘာမြစ်ကြီးများ ဖြစ်ပေသည်။

မြစ်[ပြင်​ဆင်​ရန်​]

မြစ်များ ဖြစ်ပေါ်လာပုံကို ဖုံများရှိသည့် လမ်းတစ်လမ်းပေါ်၌ မိုးရွာအပြီးတွင် ရေစီးကြောင်းများ ဖြစ်ပေါ်လာပုံကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ ပထမတွင် မိုးပေါက်များစုဝေးကာ ချောင်းကလေးဖြစ်ပေါ်လာ၏။ ထိုချောင်းကလေးသည် အခြား ချောင်းကလေးများနှင့် ပေါင်းမိကာပို၍ ကြီးမားသော ချောင်းတစ်ခုဖြစ်လာသည်။ ချောင်းကလေးတစ်ခုစီသည် ယင်းတို့၏ အောက်ခင်းများအား တိုက်စားသွားသည်ကိုတွေ့ရသည်။ ချောင်းကလေးများ စီးဆင်းသွားကြရာတွင် တစ်ခုစီကို ကုန်းရိုးကလေးများက ခြားပေးထားသည်ကို တွေ့နိုင်သည်။ ထိုကုန်းရိုးကလေးများ၏ ထိပ်ပိုင်းများကို ရေဝေကုန်းတန်း သို့မဟုတ် ရေဝေကြောဟု ခေါ်သည်။

မြစ်သည် အများအားဖြင့် တောင်များ၊ သို့မဟုတ် တောင်ကုန်းများတွင် မြစ်ဖျားခံလေ့ ရှိ၏။ တောင်များပေါ်ရှိ စမ်း၊ သို့မဟုတ် အရည်ပျော်နေသော ရေခဲမြစ်မှ အစပြု၍ မြစ်ဖျားခံလေ့ရှိသည်။ ထိုသို့ မြစ်ဖျားခံပြီးနောက် နိမ့်ရာသို့စီးဆင်းသွားရာ အခြားချောင်းများလည်း ပေါင်းလာကြကာ မြစ်ရေပြင်သည် ပို၍ ကျယ်သွားသည် ။ ထိုသို့ စီးဆင်းသွားသည့် ရေစီးကြောင်းက ရေလမ်းကြောင်းကို ဖြစ်ပေါ်စေသည်။ ထိုရေလမ်းကြောင်းသည် နှစ်ဖက်ရှိ ကုန်းများထက် နိမ့်နေ၏။ ထိုရေလမ်းကြောင်း၏ အောက်ခြေကို အောက်ခင်းဟု ခေါ်သည်။ မြစ်၏ ဘေးနှစ်ဖက်ကို ကမ်းပါးဟု ခေါ်သည်။ မြစ်ရေစီးဆင်းရာတွင် လက်ျာဖက်ရှိ ကမ်းကို လက်ျာဖက်ကမ်းဟု ခေါ်၍ လက်ဝဲဖက်ရှိ ကမ်းကို လက်ဝဲဖက်ကမ်းဟု ခေါ်သည် ။ ထိုနည်းဖြင့် မည်သည့် မြို့သည် မည်သည့် မြစ်၏ မည်သည့် ဖက်ကမ်းတွင် တည်ရှိသည်ဟု ပြောလေ့ရှိကြသည်။ မြစ်တမြစ် အတွင်းသို့ စီးဝင်သည့် မြစ်လက်တက် အားလုံးနှင့် မြစ်မကြီးကို မြစ်စဉ်စုဟု ခေါ် မြစ်လက်တက် အားလုံးနှင့် မြစ်မကြီးကို မြစ်စဉ်စုဟု ခေါ်သည်။ မြစ်မကြီးမှ ခွဲထွက်၍ ထိုမြစ်မကြီးအတွင်းသို့ ပြန်၍မစီဝင်တော့သော မြစ်ကို မြစ်ခွဲဟု ခေါ်သည် မြစ်စဉ်စုတစ်ခု စီးဆင်းနေသော ဒေသကို မြစ်ဝှမ်းဟု ခေါ်သည်။

မြစ်တစ်မြစ်ကို အများအားဖြင့် သုံးပိုင်းပိုင်း၍ လေ့လာလေ့ ရှိကြသည်။ ထိုအပိုင်းများသည် တစ်ပိုင်းနှင့် တစ်ပိုင်း အရည်အချင်းချင်းတွင် မတူတတ်ကြချေ။ ထိုပြင် ယင်းတို့၏ ဝိသေသဂုဏ်များလည် မတူတတ်ကြချေ။ ထို အပိုင်းများမှာ အထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းများ ဖြစ်ကြ၏။ အထက်ပိုင်းတွင် ရေလမ်းကြောင်းနက်၍ ရေစီးသန်သည်။ ရေလမ်းကြောင်းသည် ရေ၏တိုက်စားခြင်းကိုခံရသဖြင့် လျင်မြန်စွာ နက်ရှိုင်းသွားတတ်သည်။ ကမ်းပါးများသည်လည်း မတ်စောက်၍ နေတတ်သည်။ မြစ်များ၏ အထက်ပိုင်း ကမ်းပါးများသည် မျဉ်းမတ်ကဲ့သို့ မတ်စောက်လျက်ပင် ရှိတတ်ကြသည်။ ရေစီးကြောင်းကလည်း သဲအမြောက်အမြားနှင့် ကျောက်စရစ်များကို သယ်ဆောင်သွားသည်။ တစ်ခါတစ်ရံတွင် အတော်ကြီး၍ လေးလံသော ကျောက်တုံးကြီးများကိုပင် သယ်ဆောင်သွားတတ်ကြသည်။ ရေစီးသည်လည်း သန်လှသဖြင့် ရေစီး ကြောင်းလမ်းရှိ ပစ္စည်းမှန်သမျှကို သယ်ဆောင် သွားလေ့ ရှိသည်။ ရေစီးကြောင်းသည်လည်း အများအားဖြင့် ဖြောင့်တန်း နေတတ်သည် ။ မြစ်မ အတွင်းသို့ စီးဝင်လာသော မြစ်လက်တက်များ၏ ရေလမ်းကြောင်းများသည် မြစ်မကြီး၏ ရေလမ်းကြောင်း လောက်ပင် နက်တတ်ကြသည်။ မြစ်၏ အလယ်ပိုင်းသည် မြစ်ဖျားခံရာ တောင်များကိုကျော်လွန်လာပြီဖြစ်သဖြင့် ရေစီးသည် နှေးသွားလေသည်။ ထိုအပိုင်းတွင် ရေစီးသည် မသန်လှတော့သဖြင့် အထက်ပိုင်းမှ သယ်ဆောင်လာသော ကျောက်စရစ်များသည် ထိုအပိုင်းတွင် ကျကျန်ရစ်ခဲ့ကြသည်။ ထိုအပိုင်းတွင် ရေစီးသည် နှေးသွားပြီဖြစ်သဖြင့် မြစ်သည် ပို၍ ကျယ်သွားလေသည်။ ရေစီးကြောင်းကလည်း လမ်းရှိအခုအခံများကို သယ်ဆောင်မသွားနိုင်ကြတော့သဖြင့် ထိုအခုအခံများကို ကွေ့ကောက်၍ သွားကြသည်။ မြောက်အမေရိကတိုက်ရှိ မစ္စစ္စပီမြစ်၏ အလယ်ပိုင်းတွင် ထိုနည်းအတိုင်း ဖြစ်ပေါ်နေသည်ကို တွေ့နိုင်ပေသည်။ မြစ်၏ အလယ်ပိုင်းတွင် နုံးနုနှင့် ရွှံ့များသည် ရေစီးကြောင်းရှိ အခုခအခံများကြောင့် အောက်သို့ အနည်ထိုင်သွားကြပြီးလျှင် နောက်ဆုံးတွင် မျက်နှာပြင်သို့ မြင့်တက်လာကာ ကျွန်းများပင် ဖြစ်ပေါ်လာကြသည်။ မြစ်၏ အထက်ပိုင်းရှိ ကျွန်းမျာသည် မြစ်၏ လျင်မြန်သော ရေစီးကြောင်း၏ တိုက်စားမှုကြောင့် ရေမစားနိုင်သော ကျောက်များသာ ဖြစ်ကြသည်။မြစ်၏ အောက်ပိုင်းသည် မြစ်၏ အလယ်ပိုင်းနှင့် မထူးခြားလှချေ။ ရေစီးကြောင်းသည် အနည်းငယ်ပို၍ နှေးသွား၍၊ နုံးနုများ ပို၍ အနည်ထိုင်ကြသဖြင့် ရေသည်လည်း ပို၍ တိမ်သွားသည်။ ထိုနောက်တွင် ရေသည် ကမ်းပါးများကို တိမ်သွားသည်။ ထိုနောက်တွင် ရေသည် ကမ်းပါးများကို လျှံတက်ကာ ရေလွှမ်းမိုးလေ့ရှိကြသည်။ ထိုကဲ့သို့ ရေလွှမ်းမိုးသည့် ရေများ သွေ့ခြောက်သွားသောအခါတွင် မြေဩဇာကောင်းမွန်သော လယ်ယာများဖြစ်သွားကြသည်။ အောက်မြန်မာပြည်ရှိ မြောင်းမြခရိုင်ကဲ့သို့သော မြစ်ဝကျွန်းပေါ်ဒေသ၌ မြေဩဇာကောင်းခြင်းမှာ ဧရာဝတီမြစ်သည် ထိုကဲ့သို့ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ မြစ်၏ ရေစီးကြောင်းသည် ကျောက်များကို ဖြတ်၍ စီးလေ့ရှိကြသဖြင့် ကျောက်၏ မမာလှသော အစိတ်အပိုင်းများသည် ရေစီးကြောင်း၏ တိုက်စားခြင်းကို ခံကြရသည်။ မာသည့် ကျောက်အစိတ်အပိုင်းများသာ အခုအခံများအနေဖြင့် ကျန်ရစ်တတ်ကြသည်။ အထူးသဖြင့် ရေစီးသန်သော မြစ်များတွင် ထိုကဲ့သို့ဖြစ်ပေါ်သည်ကို တွေ့ရသည်။ ထိုအခါတွင် ရေမော်များအဖြစ် ကျန်ရစ်သည်။ကျောက်မာများ အောက်တွင် ကျောက်ပျော့များ ရှိနေလျှင် ရေစီးကြောင်းက ကျောက်ပျော့များကို တိုက်စားသွားသဖြင့် နိုင်အာဂရာ ရေတံခွန်ကြီးကဲ့သို့သော ရေတံခွန်များဖြစ်ပေါ် နေတတ်သည်။

မြစ်များသည် ကူးသန်းသွားလာရန်အတွက် များစွာ အသုံးဝင်သည်။ လူတို့သည် မြစ်များအတွင်း၌ တစ်နေရာမှ တစ်နေရာသို့ လှေသင်္ဘောများဖြင့် သွားလာနိုင်သည် ။ ကုန်ပစ္စည်းများကို သယ်ယူနိုင်သည် ။ တိုင်းပြည် စည်ပင်ဖွံ့ဖြိုးရေးတွင် မြစ်များသည် အရေးပါ အရာရောက်သော လမ်းကြောင်းများ ဖြစ်ကြပေသည်။ မြစ်၏ ရေများဖြင့် လယ်ယာများကို ရေပေးနိုင်ရုံမက စက်မှုလုပ်ငန်းများတွင် လျှပ်စစ်အား ရစေရန်လည်း ဖန်တီးပေးနိုင်သည်။ မြစ်သည် မြေမျက်နှာပြင်၏ အနေအထားကိုလည်း ပြောင်းလဲပေးနိုင်သည်။ မြင့်မားသည့် ကုန်းပြင်မြင့်ကို ဖြတ်၍ စီးခြင်းဖြင့် ခန့်ညား၍ မညီညာသော တောင်များကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော် မြစ်များ၏ အသုံးဝင်ပုံမှာ ယင်းတို့၏အကျယ်အဝန်း၊ ဖြတ်သန်းစီးဆင်းသည့် အရပ်ဒေသ အစရှိသော အချက်များပေါ်တွင်တည်သည်။ မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် ဧရာဝတီမြစ်တစ်ခုသာလျှင် ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် အသုံးဝင်သည်။ သံလွင်မြစ်မှာ အလွန်ရှည်လျားသော်လည်း ကျောက်ဆောင် ထူထပ်ပေါများ၍ လူဦးရေနည်းပါးသော အရပ်ဒေသများကို ဖြတ်သန်းစီးဆင်းရခြင်းကြောင့် သစ်ဝါးမျှောရန်မှအပ များစွာအသုံးမဝင်လှချေ။မြစ်တစ်ခု၏ ရေစီးသည့် နှုန်းသည် ရေစီးဆင်းရာ မြေပြင်၏ အနိမ့်အမြင့်ကိုလိုက်၍ ဆုံးဖြတ်ရသည် မှန်သော်လည်း မြေအနိမ့်အမြင့်ချင်း တူညီက ကြီးသော မြစ်သည် ငယ်သောမြစ်ထက်ပို၍ ရေစီးမြန်သည်။ အပူပိုင်းဒေသများတွင် မိုးအခါများ၌ မြစ်ရေလျှံတက်ပြီးလျှင်၊ အခြားအခါများ၌ မြစ်စရေ ကျသွားတတ်သည်။ သမပိုင်းဒေသများ၌မူ မိုးမှာ တစ်နှစ်ပတ်လုံး ညီညာမျှတစွာ ရွာသဖြင့် နွေရာသီလများတွင် ရေမှာ အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီးလျှင် မြစ်ရေ ကျသွားတတ်သည်။ သမပိုင်းဒေသများ၌မူ မိုးမှာ တစ်နှစ်ပတ်လုံး လီညာမျှတစွာ ရွာသဖြင့် နွေရာသီလများတွင် ရေမှာအခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီးလျှင် မြစ်ရေနည်းပါးသွားသည်။ သို့ဖြစ်၍ နွေလများ၌ ရေကျပြီးလျှင် ဆောင်းလများတွင် မြစ်ရေလျှံတက်တတ်သည်။ပင်လယ် သမုဒ္ဒရာများ၌ ရေခိုးရေငွေ့များသည် ကောင်းကင်သို့ တက်ကာ ကုန်းရှိရာ အရပ်သို့ လေနှင့် ပါသွားကြသည်။ အအေးဓာတ်နှင့် တွေ့ဆုံမိသောအခါ မိုးရေဖြစ်ပြီးလျှင်အောက်သို့ရွာချ၏။ ထိုမိုးရေသည် တောင်များ၊ ကုန်းမြေမြင့်များ ပေါ်သို့ကျရောက်သောအခါ နိမ့်သောနေရာသို့ မြောင်းငယ်ကလေးများ အဖြစ်ဖြင့် စီးဆင်းသည် ။ ဤအကြောင်းရပ် အစ၌ ဖော်ပြခဲ့သည့် အတိုင်း ထိုမြောင်းငယ်များ စုဝေးပေါင်းစပ်မိသောအခါ ချောင်းကြီး မြောင်းကြီးတစ်ခုဖြစ်ကာ နောက်ဆုံး၌ မြစ်ကြီးတစ်ခုအဖြစ်သို့ ရောက်သွားပြီးလျှင် ပင်လယ်ထဲသို့ စီးဆင်းသွားလေသည်။ ဤသို့လျှင် မြစ်များသည် ပင်လယ်ထဲမှ ရေကို ပင်လယ်ထဲသို့ ပြန်၍ သယ်ဆောင်သွားပုံကို ကျွနု်ပ်တို့တွေ့ရပေသည်။ကမ္ဘာတွင် ထင်ရှားသော မြစ်ကြီးအချို့ကို ယင်းတို့တည် ရှိရာဒေသ၊ ယင်းတို့၏ ခန့်မှန်းမိုင် အရှည်နှင့်တစ်ကွ အောက်တွင်ဖော်ပြထားသည်။

ကမ္ဘာပေါ်ရှိ မြစ်များ[ပြင်​ဆင်​ရန်​]

အမည် တည်နေရာ အရှည်(မိုင်) စီးဝင်ရာနေရာ
နိုင်းမြစ် အာဖရိကတိုက်မြောက်ပိုင်း ၄, ၁၃၂ မြေထဲပင်လယ်
အမေဇုံမြစ် တောင်အမေရိကတိုက် ၃,၉၇၆ အတ္တလန္တိတ်သမုဒ္ဒရာ
ယန်ဇီမြစ် အာရှတိုက် ၃,၉၁၇ အရှေ့တရုတ်ပင်လယ်
မစ္စစ္စပီမြစ် မြောက်အမေရိကတိုက် ၃,၉၁၇ မက္ကဆီကိုပင်လယ်ကွေ့
ယင်နစ်ဆီမြစ် အာရှ ၃,၄၄၅ ကာရာပင်လယ်
မြစ်ဝါမြစ် အာရှ ၃,၃၉၅ ဘိုဟိုင်းပင်လယ်
အော့မြစ် အာရှ ၃,၃၆၄ အော့ပင်လယ်ကွေ့
ပရာနားမြစ် တောင်အမေရိက ၃,၀၃၀ ရိုင်ယိုဒီလာ ပလာတာ
ကွန်ဂိုမြစ် အာဖရိက ၂,၉၂၂ အတ္တလန္တိတ်သမုဒ္ဒရာ
အေမူမြစ် အာရှ ၂,၇၆၃ အော့ဟောက်ပင်လယ်
လီနာမြစ် အာရှ ၂,၇၃၆ လက်တပ်ပင်လယ်
မဲခေါင်မြစ် အာရှ ၂,၇၀၅ တောင်တရုတ်ပင်လယ်
မက္ကင်ဇီမြစ် မြောက်အမေရိက ၂,၆၃၇ ဗျူးဖို့တ်ပင်လယ်
နိုင်ဂျာမြစ် အာဖရိက ၂,၆၁၁ ဂီနီပင်လယ်ကွေ့
မာရေးမြစ် ဩစတေးလျ ၂,၂၈၂ တောင်သမုဒ္ဒရာ
တိုကန်တင်မြစ် တောင်အမေရိက ၂,၂၇၀ အတ္တလန္တိတ်သမုဒ္ဒရာ
ဗော်လဂါမြစ် အာရှ ၂,၂၆၆ ကက်စပီယံပင်လယ်
ယူဖရေးတီးမြစ် အာရှ ၂,၂၃၆ ပါရှန်းပင်လယ်ကွေ့
မဒီးရမြစ် တောင်အမေရိက ၂,၁၀၀ အမေဇုန်
ပူးရုမြစ် တောင်အမေရိက ၁,၉၉၅ အမေဇုန်
ယူးကွန်းမြစ် မြောက်အမေရိက ၁,၉၈၀ ဘယ်ရင်းပင်လယ်
အိန္ဒုမြစ် အာရှ ၁,၉၇၆ အာရပ်ပင်လယ်
ဆောဖရန်စစ်စကိုမြစ် တောင်အမေရိက ၁,၉၇၆ အတ္တလန္တိတ်သမုဒ္ဒရာ
နာရင်မြစ် အာရှ ၁,၉၁၃ အေရယ်ပင်လယ်
သံလွင်မြစ် အာရှ ၁,၉၀၁ ကပ္ပလီပင်လယ်
စိန့်လောရင့်မြစ် မြောက်အမေရိက ၁,၉၀၀ ကပ္ပလီပင်လယ်


ဒန်းညု ဥရောပတိုက် ၁,၇၂၅ ။ ယူဖရေးတီး အာရှတိုက် ၁,၇ဝဝ။ ဧရာဝတီ အာရှတိုက်(မြန်မာနိုင်ငံ) ၁,၂၅ဝ ။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)