လျှပ်ပြက်ခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တာမြို့တွင် လျှပ်ပြက်နေစဉ် ရိုက်ထားသောပုံ
အမေရိကန် ပြည်ထောင်စု ယူတားပြည်နယ်တွင် ရိုက်ကူးထားသော ၄ စက္ကန့် ဗွီဒီယို

လျှပ်ပြက်ခြင်း ဟူသည်မှာ လျှပ်စစ်ဓာတ်စီးကြောင့် ကောင်းကင်တွင် ဝင်းကနဲ လက်ကနဲမြင်ရခြင်းကို လျှပ်စစ်လက်သည်၊ လျှပ်ပြင်သည်ဟုဆိုကြသည်။ ဤလျှပ်စစ်ဓာတ်စီးသည် တိမ်တိုက် တစ်ခုမှတစ်ခုသို့ဖြစ်စေ၊ တိမ်တိုက်မှ မြေကြီးသို့ဖြစ်စေ ကူးဖြတ်သွားခြင်းဖြစ်၏။ ရှေးရောမလူမျိုးတို့ကမိုးခြိမ်းခြင်းနှင့် လျှပ်ပြက်ခြင်းတို့ကို ဂျူပီတာနတ်မင်း၏ လက်နက်များဖြစ်သည်ဟု အယူရှိကြသည်။ သို့သော် ယခုခေတ်သိပ္ပံပညာအရ လျှပ်ပြက်ခြင်းသည် အမှန်စင်စစ် ကောင်းကင်တွင် လျှပ်စစ်ဓာတ်ဖြစ်ပေါ်ခြင်းဖြစ်ကြောင်းကို သိကြပြီ ဖြစ်သည်။ လျှပ်ပြက်သည့်လျှပ်စစ်ဓာတ်သည် အလွန်အားကြီးမားသည်။ တစ်မိုင်မျှရှည်သော လျှပ်စစ်တခုတွင်ရှိသည့် လျှပ်စစ်ဓာတ်စီးကို အသုံးပြုနိုင်ခဲ့လျှင် ထိုလျှပ်စစ်ဓာတ်အားဖြင့် ဓာတ်မီးသီးပေါင်း တစ်သန်းမျှကိုပင် ထွန်းနိုင်လောက်အောင် အားကြီးပေသည်။


လျှပ်စစ်ဓာတ်နှင့် ကောင်းကင်တွင် လျှပ်ပြက်သည့်လျှပ်စစ်ဓာတ် တို့ တစ်ခုနှင့်တစ်ခု အဆက်အသွယ်ရှိပုံကို ဗင်ဂျမင်ဖရန်ကလင် ဆိုသူ က ခရစ် ၁၇၅၂ ခုနှစ်တွင် စွန့်လွှတ်စမ်းသပ်ခြင်းဖြင့် ပထမဦးဆုံး ပြသခဲ့သည်။ သူသည် လွှတ်ကစားသောစွန်တွင် ကြိုးရှည်ရှည်တစ်ပင်တပ်ပြီးနောက် ကြိုးအဆုံး၌ သံသော့တချောင်းကို ချည်ထားသည်။ ထို့နောက် သော့ကိုပိုးကြိုးတစ်ခုနှင့် ချည်ထားပြန်သည်။ ပိုးကြိုးမှာ လျှပ်စစ်ဓာတ်မလိုက်သော ပစ္စည်းဖြစ်သောကြောင့် အကယ်၍ လျှပ်စစ်ဓာတ်ရှိခဲ့လျှင်ထိုပိုးကြိုးကိုကိုင်ထားခြင်းဖြင့် စွန်လွှတ် သူအားလျှပ်စစ်ဓာတ်မလိုက်စေရန်ဖြစ်သည်။သူသည် မိုးထစ်ချုန်းနေစဉ်အတွင်း စွန်ကို လွှတ်တင်လိုက်သည်။ ထို့နောက် တိမ်များစွန် အနီးသို့ရောက်လာကာ သော့အနီးသို့ သူ့လက်ချောင်းကပ်ကြည့်ရာ လက်ချောင်းနှင့်သော့အကြားတွင် မီးပွင့်ပြီးလျှင် လက်ချောင်းကို ပြင်းထန်စွာဓာတ်လိုက်သည်ကို တွေ့ရှိခံစားလိုက်ရသည်။ ထိုအတွင်း မိုးသည်းထန်စွာ ရွာလာရာ စိုနေသောစွန်မှာ လျှပ်စစ်ဓာတ် အမြောက်အများစီးလာသဖြင့် လေဒင်ဂျာခေါ် လျှပ်စစ်ဓာတ်အိုးထဲ၌ပင် အချို့အဝက်စုဆောင်းမိသည်ကို တွေ့ရလေသည်။


အစိုင်အခဲတခုခုကို လျှပ်စစ်ဓာတ်သွင်းလိုက်သည့်အခါ လျှပ်စစ်ဓာတ် သည် ထိုအစိုင်အခဲ၏ မျက်နှာပြင်၌သာ တည်၏။ တိမ်တိုက်တစ်ခုတွင် လျှပ်စစ်ဓာတ်ဝင်နေသောအခါ၌မူ တိမ်တိုက်တခုလုံးမှာပင် လျှပ်စစ်ဓာတ် သည် တည်လျက်ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် တိမ်တိုက်သည် အလွန်သေးငယ်သော လျှပ်စစ်ဓာတ်ဖြင့်ပြီးသည့် အမှုန့်ကလေးများဖြင့် စုပေါင်းဖွဲ့စည်းထားသောကြောင့် ဖြစ်၏။ ထို့ကြောင့် တိမ်တိုက်တခု၏ လျှပ်စစ်ဓာတ်စွမ်းအားသည် အလွန်ကြီးမား၍ ထိုတိမ်တိုက်သည် ဆန့်ကျင်ဘက် လျှပ်စစ်ဓာတ်တစ်ခုနှင့် တွေ့ဆုံမိသောအခါ အလွန်ကြီးမားသော လျှပ်စစ်မီးပွားကို လွှတ်နိုင်သည်။ လျှပ်စစ်ဓာတ်ဖြင့်ပြီးသော တိမ်တိုက်နှင့် မြေကြီးအကြားတွင် ရှိသောလေက အင်ဆူလေးတား ခေါ် လျှပ်စစ်ဓာတ်ကာ ပစ္စည်းကဲ့သို့ ပြုမူ၍ ဆန့်ကျင်ဖက်လျှပ်စစ်ဓာတ်များကို တစ်ခုနှင့်တစ်ခု အပြင်းတိုးဝင်တွေ့ဆုံခြင်းမှ ကာကွယ်ထားသည်။ သို့ရာတွင် ယင်းသို့ ကာကွယ်ထားရာမှ ဆန့်ကျင်ဖက်လျှပ်စစ်ဓာတ်များသည် မကာကွယ်ထားနိုင်လောက်အောင် အလွန်အမင်းကြီးမားလာသောအခါ ဓာတ်လိုက်၍ ဝင်းကနဲလက်ကနဲ ဖြစ်သွားတော့၏။ ဤကားလျှပ်ပြက်ခြင်းပေတည်း။


တိမ်တိုက်နှင့် မြေကြီးအကြားတွင် ဖြစ်ပေါ်သော လျှပ်စစ်မီးပွားသည် တခါတရံ တစ်မိုင်ကျော်မျှ ရှည်လျား၏။ ဆန့်ကျင်ဘက် လျှပ်စစ်ဓာတ် ဝင်နေသည့် တိမ်တိုက်များအကြားတွင် ဖြစ်ပေါ်သော လျှပ်စစ်မီးပွားမှာမူ မိုင်၂ဝ လောက်ထိပင် ရှည်လျားတတ်ပေသည်။ တိမ်တိုက်များ အကြားတွင် ဖြစ်ပေါ်သော လျှက်စစ်စွမ်းအင်သည် လေထဲသို့ ရောက် သွားသောကြောင့် မြေပေါ်၌ရှိနေသူတို့အား ဘေးဥပဒ်မဖြစ်စေနိုင်ပေ။ သို့သော်တိမ်တိုက်နှင့် မြေကြီးအကြားတွင် လျှပ်ပြက်ရာ ဖြစ်ပေါ်သော လျှပ်စစ်ကြောင့် အသက်သေခြင်း၊ အိမ်မီးလောင်ခြင်းများ ဖြစ်နိုင်လေသည်။ လျှပ်ပြက်သည့်အခါ လျှပ်စစ်ဓာတ်သည် မိမိသွားရာလမ်းကြောင်းတွင်ရှိသော လေကို ရုတ်တရက် ပူသွားစေပြီးလျှင် ပတ်ဝန်းကျင်လေကို ပြင်းပြင်းထန်ထန် ကားထွက်စေသည်။ ကားထွက်သောလေက အဝေးတွင်ရှိသော လေအားကို ဖိညှစ်ပြန်သည်။ ဤသို့ဖြင့် လေထဲတွင် အလွန်ကြီးမားသော လှိုင်းကို ဖြစ်ပေါ်စေ၍ ထိုလေလှိုင်းကြောင့် မိုးခြိမ်းသံဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။ လျှပ်ပြက်ရာမှ ဖြစ်ပေါ်လာသော လျှပ်စစ်ဓာတ်သည် အတိုဆုံးနှင့်အလွယ် ဆုံးလမ်းကို လိုက်လေ့ရှိသည်။ ထိုကြောင့်အလံတိုင်၊ တောင်ထိပ်၊ ဘုရား ရှိခိုးကျောင်းထိပ်၊ သစ်ပင်ထိပ်၊အိမ်မိုးစသည်ဖြင့် မြင့်သောနေရာတို့သို့ လျှပ်စစ်ဓာတ်လိုက်တတ်၍ ထိုမှတဆင့် မြေကြီးထဲသို့ ဝင်ရောက်သွား လေသည်။ ထိုကြောင့် ဆောက်အအုံများတွင် ထိပ်၌ဖြစ်စေ၊ အမိုးပေါ်၌ဖြစ်စေ သံချောင်း၊ ကြေးနီချောင်းများကို စိုက်ထူထားပြီးနောက် ယင်းတို့ကို တဖန် ကြေးနန်းကြိုးနှင့်ဆက်၍ မြေကြီးအတွင်း နက်နက်မြှုပ်ထားရလေသည်။ ဤသို့ ကာကွယ်ထားသောအခါ လျှပ်စစ်သည် နန်းကြိုးတလျှောက်မြေကြီး သို့တိုက်ရိုက် ဝင်ရောင်သွားသောကြောင့် အဆောက်အအုံနှင့်တကွ အတွင်းရှိ လူများကိုပါ မည်သို့မျှ ဘေးဥပဒ်မပြုတော့ပေ။ ဤကိရိယာမျိုးကိုမိုးကြိုးလွှဲ ဟုခေါ်သည်။ မိုးကြိုးလွှဲထားနည်းကို ၁၇၅၂ ခုနှစ်မှာပင် ဗင်ဂျမင်ဖရန်ကလင်က စတင်၍ တီထွင်ခဲ့လေသည်။


လျှပ်ပြက်ခြင်း အမျိုးမျိုးရှိသည်။ တခါတရံ လျှပ်စစ်မီးပွားသည် ကွေ့ကောက်သော အလင်းရောင်ကြောင်းကြီးဖြစ်၍ တစ်ကြောင်းတည်းမှလည်း သစ်ကိုင်းသစ်ခက်များသဖွယ် ဖြာထွက်သွားတတ်သည်။ တခါတရံတွင် လျှပ်စစ်မီး ကြောင်းကို မမြင်ရပဲ မိုးကုတ်စက်ဝိုင်းအပေါ်နား ကောင်းကင်၌ လင်းထိန်သွားသည်ကိုသာ တွေ့ရသည်။ ထိုအရောင်မှာ မိုးကုတ်စက်ဝိုင်းအောက်ဖက်၌ ပြက်သောလျှပ်စစ်၏ အလင်းရောင်ပင်ဖြစ်သည်။ တခါတရံတွင်မူ လောင်မီးဟုခေါ်သည့် မီးလုံးကြီးမျိုးအဖြစ်ဖြင့် ကောင်းကင်မှ ကျလာ၍ပေါက်ကွဲသွား လေသည်။


အသံသည် လေထဲတွင်တစ်စက္ကန့်လျှင် ပေ ၁ဝဝ ခန့်နှုန်းဖြင့် သွား၍ အလင်းမှာ ဖြစ်ပေါ်သည့်အချိန်မှာပင် မြင်ရလောက်အောင် အသွားနှုန်း လျင်မြန်လှ၏။ ထိုကြောင့် လျှပ်ပြက်သည်ကို မြင်ရသည့်အချိန်မှ မိုခြိမ်းသံကို ကြားရသည့် အချိန်အထိ ကြားသောစက္ကန့်အချိန်ပိုင်းကို တစ်၊ နှစ်၊ သုံး၊ လေးဟူ၍ အကြမ်းအားဖြင့် ရေတွက်ထားလျှင် မည်မျှဝေးကွာသောအရပ်၌ လျှပ်ပြက်သည်ကို တွက်ချက်မှန်းဆ နိုင်ပေသည်။ ဥပမာ-ငါး စက္ကန့်ကြာသည် ဆိုပါစို့။ ထိုအခါ ပေ ၅၅ဝဝ၊ သို့မဟုတ် တစ်မိုင်ခန့်ဝေးသောအရပ်၌ လျှပ်ပြက်သည်ဟု သိရာသည်။ လူတစ်ယောက်သည် လျှပ်ပြက်ချိန်၊ မိုးကြိုးပစ်ချိန်များ၌ လမ်းပေါ်တွင် ဖြစ်စေ၊ ကွင်းပြင်တွင်ဖြစ်စေ ရောက်နေပါက ရပ်၍မနေပဲ သစ်ပင်ကြီးများရှိရာမှ ဝေးဝေးရှောင်၍ မြေကြီးပေါ်တွင် အလျားမှောက်ပြီး နေသင့်၏။ အိမ်ထဲတွင် ရှိနေခဲ့လျှင်လည်း အိမ်တံခါးများ ပိတ်ထားပြီးလျှင် လျှပ်စစ်ဓာတ်လိုက်တတ်သည့် ပစ္စည်းများမှ ခပ်ဝေးဝေး ရှောင်နေသင့်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)