သစ်တော
cleanup|datNamakabrood င်ကြီးငယ် အများအပြား စုရုံးပေါက်ရောက်နေသော တောကို သဈေတာ ဟု ခေါ်သည်။ သစ်တောဟုဆိုလိုက်လျှင် ယေဘုယျအားဖြင့် လူသူမနီးသည့် တောကြီးမျက်မည်း ဟူ၍သာ ထင်မြင်ဖွယ်ရာ အကြောင်းရှိသော်လည်း လူသည် သစ်တောနှင့်ကင်းကွာ၍ မရနိုင်အောင် နီးကပ် ဆက်စပ်လျက် ရှိလေသည်။ သစ်တောများသာ မရှိခဲ့လျှင် ကမ္ဘာမြေပြင်နှင့်ရာသီဥတု၊ လူနေမှုစနစ် တို့သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားဖွယ်ရာ ရှိပေသည်။ များစွာသော တိုင်းပြည်နိုင်ငံတို့၏ ဧရိယာ အများအပြားသည် စိမ်းလန်း မှိုင်းညို့သော သစ်တောများဖြစ်ကြရာ သစ်နှင့် သစ်တောထွက် ပစ္စည်း များကို ရောင်းချခြင်းဖြင့် တိုင်းပြည်၏ဘဏ္ဍာတော်ကို များစွာ ဖြည့်တင်းနိုင်သည်ကား မှန်ပေသည်။ သို့သော် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သစ်တောများ၏ ကျေးဇူးပြုပုံ အခြားအချက် အလက်များလည်း ရှိသေးကြောင်းကိုမူ စိစစ် စဉ်းစားမိသူ နည်းပါးပေလိမ့်မည်။
ထိုအချက်အလက်များကား သစ်တောများသည် ရာသီဥတုကို မျှတစေခြင်း၊ မြေဆီလွှာ မပျက်မ ယွင်းရအောင် ကာကွယ်ပေးခြင်း၊ စိမ့်စမ်းအင်းအိုင်တို့၌ အနည်အနှစ်ပို့ချမှု နည်းပါးစေခြင်း၊ တိုင်းပြည် ၏ သယံဇာတဖြစ်သော တောရိုင်း သားငှက် တိရစ္ဆာန်တို့၏ ခိုအောင်းရာနေရာဖြစ်ခြင်း၊ လူသားတို့၏ စိတ်ကြည်နူးဖွယ် အပန်းဖြေရာ နေရာဖြစ်ခြင်း စသည်တို့ ဖြစ်ကြပေသည်။
သစ်တောများသည် နေနှင့်လေကို ကာကွယ်သဖြင့် သစ်တောရှိသောအရပ်ဒေသသည် ရာသီဥတု မျှတသည်။ ရာသီဥတုသင့်တင့်မျှတမှလည်း ကောက်ပဲသီးနှံတို့ ဖြစ်ထွန်းနိုင်ပေသည်။ တောင်ကုန်း များ၌ သစ်တောရှိလျှင် ထိုဒေသများ၌ မိုး ပိုမိုရွာသွန်းသည်။ အကြောင်းမှာ သစ်တောအပေါ်တွင် လေသည် အေးနေရာ လေထဲတွင် ပါလာသော ရေခိုးရေငွေ့များသည် လေအေးနှင့် တွေ့သောအခါ မိုးအဖြစ် ရွာချသဖြင့် သစ်တောများရှိရာ အရပ်တို့တွင် မိုးပိုမို ရွာခြင်းဖြစ်လေသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း၌ ရေရှားရခြင်း၏ အကြောင်းများတွင် ထိုဒေသ၌ သစ်တောနည်းပါးခြင်းသည် အဓိက အကြောင်းတစ်ရပ် အဖြစ် ပါဝင်လေသည်။
သစ်တောများနှင့် မြေဆီလွှာသည်ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဟူသကဲ့သို့ အပြန်အလှန် အမှီသဟဲပြုနေကြရသည်။ သစ်တောမှ သစ်ပင်များသည် ယင်းတို့၏ အစာ အာဟာရကို မြေဆီလွှာမှ ရရှိကြသည်။ လေအဟုန်ကြောင့်လည်းကောင်း၊ မိုးရေတိုက်ရိုက်ကျခြင်းကြောင့်လည်းကောင်း၊ ရေစီးခြင်းကြောင့်လည်းကောင်း မြေဆီ လွှာများ တိုက်စားခံရလေရာ ယင်းသို့ တိုက်စားခြင်းလျော့နည်းအောင် သစ်ပင် သစ်တောတို့က ထိန်းသိမ်း ပေးကြသည်။ ရွာချလိုက်သော မိုးရေသည် မြေသို့ တိုက်ရိုက်မထိဘဲ သစ်ရွက်သစ်ခက်များပေါ်မှ တဆင့်ကျရသဖြင့် အရှိန်မပြင်းတော့ချေ။ မြေပြင်ပေါ်တွင် ရေစီးခြင်းသည်လည်း ခလုတ်သဖွယ်ဖြစ်သော သစ်ပင်များရှိနေသဖြင့်လည်းကောင်း၊ သစ်ပင်အမြစ်များသို့ စီးဝင်သွားခြင်းကြောင့်လည်းကောင်း ရေစီးအရှိန် မသန်တော့ချေ။ လေပြင်းတိုက်ခတ်၍ မြူမှုန်များလွင့်ခြင်းသည်လည်း သစ်ပင်သစ်တောများရှိက လေကတုတ်သဖွယ် ကာကွယ်ထား နိုင်သဖြင့် မြေကို လေဖြင့်တိုက်စားမှုနည်းပါးလေသည်။ အိန္ဒိယနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် သစ်တောများမရှိသည့် အချို့ဒေသများ၌ မြေတိုက်စားသည့် ပြဿနာသည် အကြီးအကျယ် ဖြစ်နေသည်။ မြေတိုက်စားမှုများပြားလာက မြေဩဇာညံ့ဖျင်းကုန်ခန်း လာသဖြင့် စိုက်ပျိုးရေး မအောင်မြင် ဖြစ်ကာ အသီးအနှံထွက် ဆုတ်ယုတ်သောကြောင့် ထိုပြဿနာကို ငွေကြေး သိန်းသန်း အကုန်အကျခံလျှက် ဖြေရှင်းနေကြရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ၌လည်း ရှမ်းပြည်နယ်တွင် ရွှေ့ပြောင်း တောင်ယာလုပ်ငန်းအတွက် သစ်တောများကို စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ခဲ့ကြသဖြင့် သစ်တော များ ပြုန်းခဲ့လေရာ မြေဆီလွှာတိုက်စားခြင်း များပြားလာသဖြင့် သိန်းသောင်းမကသော မြေဧကပေါင်း များစွာတို့သည် စိုက်ပျိုး၍ မဖြစ်ထွန်းနိုင်သော မြေပျက် မြေကောများ ဖြစ်သွားကြလေသည်။
သစ်တောများသည် ရေကိုလည်း ထိန်းသိမ်းသိုလှောင်ပေးသည်။ သစ်တောများ အကာအကွယ် ရှိသည့်အတွက် မိုးရေတို့သည် မြေပေါ်တွင် စီးသွားခြင်း နည်းပါးကာ အမြစ်များမှတစ်ဆင့် မြေထဲသို့ စိမ့်ဝင်ကြသည်။ ယင်းသို့ဖြင့် စမ်းရေပေါက်များ၊ စမ်းချောင်းများ၊ ရေတွင်းများအတွက် သစ်တောများက ရေသိုလှောင်ပေးလေသည်။ မိုးရွာစဉ်သာရေရှိ၍ မိုးကုန်လျှင် ရေပြတ်သော ချောင်းများ၊ တစ်နှစ်ပတ်လုံး ရေမပြတ်သည့် ချောင်းများသည် မိမိတို့ မြစ်ဖျားခံရာ တောတောင်များ၏ အခြေအနေကိုမှီ၍ ဖြစ်ကြရ သည်။ ထိုကြောင့် မြစ်ဖျား၊ ချောင်းဖျားရှိ သစ်တောများကို သီးသန့် ကာကွယ်ကြရသည်။ သစ်ပင် များမရှိက စိုက်ပျိုးပြုစုရသည်။ သစ်တောများကို အရမ်းမဲ့ခုတ်က ချောင်းများ စမ်းများ ခန်းခြောက် သွားသည်။ ပုပ္ပါးတောငပတ်ဝန်းကျင်တွင် ရှေးက စမ်းပေါင်း ၃ဝ မျှ ရှိခဲ့သော် လည်း တောင်စွယ်မှ သစ် တောများကို ခုတ်ထွင်ခဲ့ကြခြင်းကြောင့် ယခုအခါ စမ်းရေပေါက် ၉ခုသာ ရှိတော့ခြင်းသည် သာဓက တစ်ရပ်ဖြစ်ပေသည်။
အချို့ဒေသတွင် ယင်းသို့ စမ်းများ ချောင်းများ ခန်းခြောက်သွားသဖြင့် ရွာများပင် ရွှေ့ပြောင်းကြရလေသည်။ လေပြင်းထန်ပါက အပင်များ၏ အဖူး၊ အငုံ၊ အပွင့်၊ အသီးတို့ ကြွေကျကုန်ကြသဖြင့် အသီး တင်သင့်သလောက် မတင်နိုင်ချေ။ အနောက်နိုင်ငံသစ်သီးခြံကြီးများတွင် လေ၏ဖျက်ဆီးမှုကြောင့် အသီးများကြွေခြင်းကိုကာကွယ်ရန် သစ်ပင်ကြီးများကို သစ်သီးခြံများ၏ပတ်လည်တွင် စိုက်ပျိုးထားကြ ရသည်။ ထို့ပြင် လေသည် လဟာပြင်ကို ဖြတ်လာရလျှင် ပို၍ အရှိန်ပြင်းထန်သဖြင့် ကနေဒါနိုင်ငံ ပရယ်ရီမြက်ခင်းဒေသ၊ ဆိုဗီယက်ယူနီယံ စတက်မြက်ခင်းဒေသ တို့၌ လယ်ယာ အိမ်ခြေတို့ကို လေပြင်းဒဏ်မှ ကာကွယ်ရန် လေကတုတ်သဖွယ် လေကာ သစ်ပင်တန်းကြီးများ စိုက်ပျိုးထားကြရသည်။
မြစ်ချောင်းများ၏အထက်ပိုင်း ရေဆင်းဒေသများတွင် သစ်တောများရှိနေပါက ရေတိုက်စားမှု နည်းပါးသဖြင့် အင်းအိုင် ရေကန်များအတွင်းသို့ ထိုမြစ်ချောင်းများ စီးဝင်သောအခါ အနည်အနှစ် အနည်းငယ်သာ ပါလေသည်။ မြစ်ဖျား ချောင်းဖျား၌ သစ်တောမရှိလျှင် ရေတိုက်စားမှုများပြားသဖြင့် အနည်အနှစ် အများအပြား ပါလာရာ ထိုမြစ်ချောင်းများ စီးဝင်သော အင်း အိုင် ရေကန်တို့တွင် အနည်ပို့ချမှု များပြားသောကြောင့် မကြာမီ ရေတိမ်လာရာမှ တဖြည်းဖြည်း ကောလာကြသည်။ ယင်းသို့ အင်း အိုင် ရေကန်တို့တွင် အနည်ပို့ချမှု များပြား၍ ကောလာပုံကို မင်္ဂလာကန်ကြီး၌ တွေ့မြင်နိုင်ပေသည်။
မြေဆီလွှာတိုက်စားမှု များပြား၍ မြစ်ချောင်းများတွင် အနည်အနှစ်များလာလျှင် ရေစီးရေလာ လည်း မမှန်တော့ချေ။ မြစ်များတွင် သောင်ထွန်းခြင်း၊ သင်္ဘောဆိပ်များ ပျက်စီးခြင်း ဖြစ်ရသည်။ အမေရိကန်ပြည်ထောင်စု စိန်ဂျိုးဇက်မြစ်ဝတွင် တည်ရှိသော ဗင်တန် သင်္ဘောဆိပ်သည် ဤနည်းအားဖြင့် ပျက်စီးလာသောကြောင့် ငွေကြေးများစွာ အကုန်အကျခံ၍ ပြုပြင်ခဲ့ရလေသည်။
သစ်တောများ၏ ကျေးဇူးပြုပုံကား ဤမျှသာမဟုတ် သေး ချေ။ မြို့ကြီး ပြကြီးများရှိ တိုက်တာ နေအိမ်၊ မိုးမျှော်အဆောက်အအုံကြီးများမှအစ ကျေးရွာဇနပုဒ်ရှိ တဲပုတ်များတိုင်အောင် သစ်တောများမှ ထွက်သည့် သစ်၊ ဝါးတို့ မပါလျှင် မပြီးနိုင်ချေ။ လူတို့ စားသောက် သုံးဆောင်ကြသော အစာအာဟာရ များတွင်လည်းကောင်း၊ ဆေးဝါးများတွင်လည်းကောင်း သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ သစ်ရွက်၊ သစ်မြစ်များသည် အရေးပါ သော အပိုင်းကဏ္ဍမှ ပါဝင်ကြသည်။ သစ်စေး သစ်ဆီ သစ်ရည်တို့သည်ည်း အရောင်တင်ဆီ၊ ကော် စသည့် လူ့အသုံးအဆောင်ပစ္စည်းများ လုပ်ကိုင်သည့် လုပ်ငန်းများ၌ ပဓာနထား၍ အသုံးပြုရသော သစ်တောထွက် ပစ္စည်းများ ဖြစ်ကြပေသည်။ ယခုအခါ အလွန်ခေတ်စား ထင်ရှားနေသော ပလတ်စတစ် လုပ်ငန်းတွင် ထည့်သွင်းအသုံးပြုကြရသည့် ဆဲလျူလို့သည် သစ်ပင်မှ ထုတ်ယူရရှိသော ပစ္စည်းတရပ် ဖြစ်ပေသည်။
ယဉ်ကျေးမှုသည်လည်း တစ်စိတ်တစ်ဒေသအားဖြင့် သစ်တောနှင့် ဆက်စပ်နေသည်ဆိုက မမှားနိုင် ချေ။ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်သော ပန်းပု အတတ်သည် ကျွန်းသစ် အစရှိသော သစ်ကောင်းများဖြင့် ပြုလုပ်ရသည်။ သစ်တောများမှ ထွက်ရှိသော ဝါးဖြင့်ပြုလုပ်၍ သစ်စေးသုတ်ထားသည့် ယွန်းထည် များသည်လည်း ယဉ်ကျေးမှုပစ္စည်းများ ဖြစ်ကြလေသည်။
သစ်တောများမှ လူသုံးပစ္စည်းများကို ရရှိနိုင်သဖြင့် ပြည်တွင်းသုံးပစ္စည်းများ ထုတ်လုပ်နိုင်ခြင်း၊ နိုင်ငံခြားသို့ သစ်များ တင်ပို့ရောင်းချနိုင်ခြင်းတို့ကြောင့် သစ်တောများသည် တိုင်းပြည်၏ဝင်ငွေကို တိုးတက်တောင့်တင်းစေသည်၊ သာဓကအားဖြင့် ပြရမည်ဆိုလျှင် မြန်မာနိုင်ငံ၏ အဓိက ထွက်ကုန်များတွင် သစ်သည် တစ်ခါတစ်ရံ ဒုတိယ၊ တစ်ခါတစ်ရံ တတိယ ဝင်ငွေအကောင်းဆုံးပစ္စည်း ဖြစ်လေသည်။
သစ်တောများ၏ အသုံးဝင်ပုံတစ်ရပ်မှာ မြို့ကြီးပြကြီးများ၌ နေထိုင်ကြသူများသည် မိမိတို့၏ ပတ်ဝန်းကျင်ကို ငြီးငွေ့လာသည့်အခါ သစ်တောများသည် အပန်းဖြေ အနားယူရာ စခန်းများလည်း ဖြစ်ကြပေသည်။ နိုင်ငံကြီးများ၌ သစ်တောကြီးများအတွင်းတွင် ဆိုခဲ့သော အပန်းဖြေစခန်းများ ထားရှိ ရာ သစ်တောကြီးများ၏ သာယာချမ်းမြေ့သော ရိပ်မြုံကို ကိုယ်စိတ်ပင်ပန်းလာသူများအား ခံစားစေ၍ အပန်းပြေစေလေသည်။ ရှားပါး၍အဖိုးတန်သော သားရဲတိရစ္ဆာန်နှင့် ကျေးငှက်တို့ ခိုမှီးရာဖြစ်သော သစ်တောအချို့ကို ဘေးမဲ့ကြိုးဝိုင်း သစ်တောများအဖြစ် သတ်မှတ်ပေးထားခြင်းဖြင့် ရှားပါးသော ကျေးငှက်နှင့် တိရစ္ဆာန်များ မျိုးပြုန်းခြင်းမှ ကာကွယ်ပေးသည့်ပြင် သိပ္ပံပညာဆိုင်ရာ သုတေသန လုပ်ငန်းများ အတွက်လည်း များစွာ အထောက်အကူ ပြုပေသည်။
သစ်တောများသည် ကမ္ဘာဦး ခေတ်ကပင် ရှိခဲ့၍ သမုဒ္ဒရာတို့မှလွဲလျှင် ကမ္ဘာမြေပြင်သည် ယေ ဘုယျအားဖြင့် သစ်တောများဖြင့်သာ ဖုံးလွှမ်းလျက် ရှိခဲ့သည်။ လူနေမှုအဆင့်အတန်း တိုးတက်လာ သောအခါ သစ်တောများကို တဖြည်းဖြည်း ခုတ်ထွင်ရှင်းလင်း၍ အိုးအိမ်တည်ဆောက်ကြသည်။ ထွန်ယက်စိုက်ပျိုးခြင်းကိုလည်း ပြုကြလေသည်။ သစ်တောထွက် ပစ္စည်းများ၏ အသုံးဝင်ပုံ၊ အဖိုးတန် ပုံကို တစ်စတစ်စ သိရှိလာကြ၍ သစ်တောရှိသစ်ပင်များကို ခုတ်ယူ အသုံးပြုမှုလည်း များပြား လာသဖြင့် သစ်တောများ တရွေ့ရွေ့ နည်းပါးလာလေသည်။ ထိုအခါ သစ်တောများ၏ အကျိုးပြုပုံများ ကိုလည်း သိရှိလာကြသဖြင့် သစ်တောများကို စည်းမဲ့ကမ်းမဲ့ အရမ်းခုတ်ထွင်ခြင်းမှ ကာကွယ်ထိန်းသိမ်းရေးကို လည်း ဆောင်ရွက်လာကြလေသည်။
သစ်တော ဧရိယာ
[ပြင်ဆင်ရန်]၂၀၀၈ | ၂၀၀၉ | ၂၀၁၀ | ၂၀၁၁ | ၂၀၁၂ | ||||||
---|---|---|---|---|---|---|---|---|---|---|
('000 စတုရန်းကီလိုမီတာ) | ('000 စတုရန်းမိုင်) | ('000 စတုရန်းကီလိုမီတာ) | ('000 စတုရန်းမိုင်) | ('000 စတုရန်းကီလိုမီတာ) | ('000 စတုရန်းမိုင်) | ('000 စတုရန်းကီလိုမီတာ) | ('000 စတုရန်းမိုင်) | ('000 စတုရန်းကီလိုမီတာ) | ('000 စတုရန်းမိုင်) | |
ဩစတြေးလျနိုင်ငံ | ၁,၅၁၁ | ၅၈၃ | ၁,၅၀၂ | ၅၈၀ | ၁,၄၉၃ | ၅၇၆ | ၁,၄၇၃ | ၅၆၉ | ၁,၄၆၇ | ၅၆၆ |
ဘရာဇီးနိုင်ငံ | ၅,၂၃၉ | ၂,၀၂၃ | ၅,၂၁၇ | ၂,၀၁၄ | ၅,၁၉၅ | ၂,၀၀၆ | ၅,၁၈၃ | ၂,၀၀၁ | ၅,၁၇၃ | ၁,၉၉၇ |
ကနေဒါနိုင်ငံ | ၃,၁၀၁ | ၁,၁၉၇ | ၃,၁၀၁ | ၁,၁၉၇ | ၃,၁၀၁ | ၁,၁၉၇ | ၃,၁၀၁ | ၁,၁၉၇ | ၃,၁၀၁ | ၁,၁၉၇ |
တရုတ်နိုင်ငံ | ၂,၀၁၃ | ၇၇၇ | ၂,၀၄၁ | ၇၈၈ | ၂,၀၆၉ | ၇၉၉ | ၂,၁၅၉ | ၈၃၄ | ၂,၁၆၈ | ၈၃၇ |
ဥရောပ သမ္မဂ္ဂ | ၁,၅၅၉ | ၆၀၂ | ၁,၅၆၄ | ၆၀၄ | ၁,၅၆၉ | ၆၀၆ | ၁,၅၇၃ | ၆၀၇ | ၁,၅၇၈ | ၆၀၉ |
ဂျာမနီနိုင်ငံ | ၁၁၁ | ၄၃ | ၁၁၁ | ၄၃ | ၁၁၁ | ၄၃ | ၁၁၃ | ၄၄ | ၁၁၃ | ၄၄ |
အိန္ဒိယနိုင်ငံ | ၆၈၁ | ၂၆၃ | ၆၈၃ | ၂၆၄ | ၆၈၄ | ၂၆၄ | ၆၉၃ | ၂၆၈ | ၆၉၃ | ၂၆၈ |
အင်ဒိုနီးရှားနိုင်ငံ | ၉၅၈ | ၃၇၀ | ၉၅၁ | ၃၆၇ | ၉၄၄ | ၃၆၄ | ၉၃၇ | ၃၆၂ | ၉၃၁ | ၃၅၉ |
ဂျပန်နိုင်ငံ | ၂၅၀ | ၉၇ | ၂၅၀ | ၉၇ | ၂၅၀ | ၉၇ | ၂၅၁ | ၉၇ | ၂၅၁ | ၉၇ |
ရုရှားနိုင်ငံ | ၈,၀၉၀ | ၃,၁၂၀ | ၈,၀၉၀ | ၃,၁၂၀ | ၈,၀၉၁ | ၃,၁၂၄ | ၈,၀၉၂ | ၃,၁၂၄ | ၈,၀၉၃ | ၃,၁၂၅ |
အမေရိကန် ပြည်ထောင်စု | ၃,၀၃၃ | ၁,၁၇၁ | ၃,၀၃၆ | ၁,၁၇၂ | ၃,၀၄၀ | ၁,၁၇၀ | ၃,၀၄၉ | ၁,၁၇၇ | ၃,၀၅၁ | ၁,၁၇၈ |
ကမ္ဘာ့စုစုပေါင်း | ၄၀,၃၁၈ | ၁၅,၅၆၇ | ၄၀,၂၆၁ | ၁၅,၅၄၅ | ၄၀,၂၀၄ | ၁၅,၅၂၃ | ၄၀,၁၈၄ | ၁၅,၅၁၅ | ၃၉,၅၁၉ | ၁၅,၂၅၈ |
သစ်တောများသည် ပေါက်ရောက်ရာဒေသ၏ အပူချိန်၊ မိုးရေချိန်၊ ကုန်းမြေအနိမ့်အမြင့်၊ မြေဆီ လွှာနှင့် အောက်ခံကျောက်မြေ အမျိုးအစားကိုလိုက်၍ ကမ္ဘာမြေပေါ်တွင်
သစ်တော အမျိုးမျိုးအစားစား ကွဲပြားပေါက်ရောက်လေသည်။ အချို့တိုင်းပြည်ဒေသတို့၏ သစ်တောများတွင် တစ်တောလုံး၌ သစ်ပင် တစ်မျိုးတည်းသာ ပေါက်ရောက်သော်လည်း မြန်မာနိုင်ငံကဲ့သို့သော အချို့တိုင်းပြည်များ၏ သစ်တောများ တွင်မူ သစ်တောတစ်တောတည်း၌ သစ်ပင်အမျိုးအစား အတော်စုံလင်စွာ တွေ့ကြရလေသည်။
ကမ္ဘာ့သစ်တောများ အမျိုးမျိုးအစားစားရှိသည့်အနက် အကြမ်းဖျင်းအားဖြင့် လေးမျိုးခွဲခြားနိုင် သည်။ ယင်းတို့ကား (၁)ကွန်နီဖားတော (၂) ရွက်ပြတ်တော (၃) ရွက်ထူတော နှင့် (၄)တောစို ဟူ၍ ဖြစ်သည်။
ကွန်နီဖားတောများတွင် ထင်းရှူးပင် အမျိုးမျိုးအစားစားတို့ ပေါက်ရောက်သည်။ များသောအားဖြင့် အရွက်တို့သည် အပ်ချောင်းကဲ့သို့ သေးမျှင်သည်။ အရွက်များသည် နှစ်နှစ်တခါ၊ သုံးနှစ်တခါကြွေ ကျလေ့ရှိ၍ သစ်ပင်သည် အရွက်လုံးဝမရှိသည့်အချိန် မရှိပဲ စိန်းလန်းနေသဖြင့် သမပိုင်းဒေသ အမြဲစိမ်းတောဟုလည်း ခေါ်ဆိုလေ့ရှိသည်။ ထိုတောမျိုးမှ အပင်တို့၏အသီးများသည် ဒကုန်းဒဟု ခေါ် သော အပေါ်ကား အောက်ရှူးသည့် ကတော့ပုံအသီးမျိုး ဖြစ်ကြပြီးလျှင် များသောအားဖြင့် မျိုးစေ့ဖော် အစေ့မျိုးရှိကြသည်။ ထိုအပင်မျိုးတို့၏ သစ်သားသည် အသားပွ၍ အဖိုးတန်သစ်များ မဟုတ်ချေ။ ထင်းရှူးတောတို့သည် အအေးဒဏ်ခံနိုင်ရည် ရှိကြသဖြင့် တောင်ကုန်းဒေသနှင့် အအေးပိုင်းဒေသများ၌ တွေ့ရှိကြရာ၊ မြောက်အမေရိကတိုက်ရှိ ကနေဒါနိုင်ငံ အရှေ့နှင့်အနောက် ကမ်းရိုးတန်းဒေသများ၌လည်းကောင်း၊ ဥရောပနှင့် အာရှတိုက် မြောက်ဘက်ပိုင်းဖြစ်သော ယူရေးရှား၌လည်းကောင်း ပေါက်ရောက်လေသည်။ ရွက်ပြတ်တော အမျိုးမျိုးရှိသည့်အနက် သမပိုင်းဒေသများ၌ပေါက်ရောက်သော ရွက်ပြတ်တော များရှိ အပင်များသည် ဆောင်းရာသီ၌ အရွက်ကြွေ၍ ထိုအပင်များမှ သစ်မာမျိုးကို ရနိုင်သည်။ ထင်းရှူးပင်များနှင့်နှိုင်းစာလျှင် အပင်ပေါက်နှေး၍ အအေးဒဏ်ကိုခံနိုင်ရည် မရှိလှချေ။ သမပိုင်းဒေသ ရွက်ပြတ်တောမျိုးကို ဥရောပအနောက်ပိုင်း၊ အာရှတိုက်အရှေ့ပိုင်းနှင့် မြောက်အမေရိကတိုက်အရှေ့ပိုင်း တို့၌ တွေ့ရလေသည်။
မုတ်သုန်တောများမှာ အပူပိုင်းဒေသရှိ ရွက်ပြတ်တောများဖြစ်၍ ထိုတောများရှိ အပင်များသည် နွေရာသီ၌ အရွက်ကြွေလေ့ရှိသည်။ ယင်းတို့သည် ကာလအပိုင်းအခြားဖြင့် မိုး များပြားစွာ ရွာသွန်းသော ဒေသများဖြစ်သည့် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ မြန်မာနိုင်ငံ၊ ဩစတြေးလျတိုက်၏ ဦးချို နှစ်ခုနှင့်တူသော မြောက်ဘက်စွန်း နှစ်စွန်းနှင့် အာဖရိကတိုက်၏ အနောက်ဘက် ကမ်းရိုးတန်း တစ်စိတ် တစ်ဒေသတို့၌ ပေါက်ရောက်ကြသည်။ ထိုတောမျိုးတွင် အီကွေတာသစ်တော များနှင့် အနည်းငယ် ခြားနား ချက်မှာ သစ်ပင်ကြီးများ အလွန်မမြင့်မားလှခြင်း၊ မြန်မာကျွန်းပင်နှင့် ကုလားအင်ကြင်း တို့ကဲ့သို့ နွေ ရာသီ၌ အရွက်ကြွေခြင်း၊ ချုံနွယ် ပိတ်ပေါင်း နည်းပါး၍ လူသူ အရောက်အပေါက် မနည်းလှခြင်းတို့ ဖြစ်၏။ ထိုတောများတွင် စားပင်များလည်း ပေါက်ရောက်လေသည်။
ရွက်ထူတောများကို ဆောင်းတွင်း မိုးရွာ၍ နွေရာသီ၌ ခြောက်သွေ့သော မြေထဲပင်လယ် ကမ်းရိုးတန်းဒေသ၊ ချီလီ စသည့်နိုင်ငံတို့၌ ပေါက်ရောက်သည်ကို တွေ့ကြရသည်။ ပေါက်ရောက်သော အပင်များ၏ အရွက်များသည် မာကျော ထူထဲပြီးလျှင် အရွက်မကြွေဘဲ အမြဲစိမ်းနေသည်။ မိုးခေါင်သည့် ဒဏ်ကိုလည်း ခံနိုင်ရည်ရှိလေသည်။ တောစိုများသည် မိုးများပြားသည့် အီကွေတာနှင့် အပူပိုင်းဇုန် ဒေသများဖြစ်သော မက္ကဆီကို၊ အမေရိကတိုက် အလယ်ပိုင်း၊ အရှေ့အိန္ဒိယကျွန်းစု၊ အမ္မဇုန်နှင့် ကွန်ဂိုမြစ်ဝှန်းတို့၌ ပေါက်သည်။ ထို တောများတွင် သစ်ပင် အမျိုးအမည်များစွာ ရောနှော ပေါက်သည်သာမက ကြိမ်တော ဝါးတောများ လည်း ပါဝင်သေးသည်။ ထိုတောမျိုးတွင် အောက်ပေါင်းရှုပ်၍ နွယ်ပင်ပေါသည်။ သစ်ပင်များ အလွန် ကြီးမား၍ ပေ ၁၅ဝ ခန့် မြင့်သည့် အပင်ကြီးများ ပေါက်ရောက်သည်။ မြစ်ပျဉ်းရှိသော အပင်ကြီး မျိုးလည်း များပြားသည်။ အရွက်များ ထူထပ်သိပ်သည်းစွာ ပေါက်ရောက်သဖြင့် နေရောင်မသန်းနိုင် အောင် ထူထပ်ပိတ်ဆီးသော စိမ့်ကြီးမြိုင်ကြီးများလည်း ဖြစ်၍ အပူပိုင်းဒေသ အမြဲစိမ်းတောဟုလည်း ခေါ်ဆိုလေ့ ရှိကြသည်။ ထိုတောစိုမျိုးသည် ဆင်၊ ကျား၊ ကျားသစ်၊ ကြံ့၊ တောဝက်၊ ဝက်ဝံ၊ မျောက် စသော သားရဲတိရစ္ဆာန်များ ခိုအောင်းရာလည်း ဖြစ်လေသည်။
သမပိုင်းနှင့် အပူပိုင်းစပ်ကြားဒေသများ၌ ပေါက်ရောက်သော သစ်တောများလည်း ရှိသေးသည်။ ထိုဒေသများတွင် ကွန်နီဖားတောနှင့် ရွက်ပြတ်တောများ၊ အောက်ပေါင်း ရှုပ်သော တောများကို ရောနှော တွေ့ကြရသည်။ မြောက်အမေရိကတိုက်တွင် ထိုတောမျိုးသည် ရွက်ပြတ်တောဒေသ၏ အရှေ့တောင် နယ်နိမိတ်အစပ်၌ ပေါက်ရောက်သည်။ ဂျပန်နိုင်ငံတောင်ပိုင်းတွင် ထင်းရှူး၊ ဝက်သစ်ချနှင့် တတိုင်းမွှေး တို့ကဲ့သို့ အမြဲစိမ်းနှင့် ရွက်ပြတ်ပင်တို့ ရောနှော ပေါက်ရောက်သည့် အောက်ပေါင်းရှုပ်သောတောမျိုးကို တွေ့ကြရသည်။ မြောက်အမေရိကတိုက်တွင် ကနေဒါနိုင်ငံသည် သစ်ထွက် အများဆုံးဖြစ်သည်။ ထိုနိုင်ငံတွင် သစ်တော ဧက သန်းပေါင်း ရ၈ဝ ရှိသည်။ ထိုသစ်တောဧရိယာ တစ်ဝက်ခန့်မှထွက်သော သစ်နှင့် သစ်ပျော့ဖတ်များကို နိုင်ငံတွင်းသုံးအပြင် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ရလေသည်။ အမေရိကန် ပြည်ထောင်စုတွင် သစ်ထုတ်လုပ်လျက် ရှိသော သစ်တောများ၏ ဧကသည် ၄၆၁ သန်း ဖြစ်သည်။ အလာစကာပြည်နယ်၏ သစ်တော ဧရိယာသည် ဧက ၉၅ သန်းရှိသည်။ သို့သော် ထူထပ်သော သစ်တောများမဟုတ်ချေ။ အရှေ့တောင်ပိုင်းတွင်မူ သစ်ထုတ်လုပ်ခြင်း မပြုရသေးသော ထင်းရှူးတောများ ထူထပ်စွာ ရှိလေသည်။ အမေရိကန်ပြည်ထောင်စုသည် သစ်တောများကို အသုံးများလွန်းသဖြင့် ယခုအခါ သစ်တောထိန်းသိမ်းစောင့်ရှောက်ရေး၊ စိုက်ပျိုးပြုစုရေးတို့ကို ဂရုတစိုက် ဆောင်ရွက်နေကြ ရလေသည်။ အာဖရိကတိုက် တောင်ပိုင်းတွင် မြေဧက ၄၅ ရာခိုင်နှုန်း သည် သစ်တောဖြစ်သည်။ ထိုတိုက်ရှိ နိုင်ငံအများတွင် ပြည်တွင်းသုံးအတွက် သစ်အလုံအလောက်ရရှိရုံသာမက နိင်ငံခြားသို့ပင် တင်ပို့ ရောင်းချရလေသည်။
အခြားတိုက်ကြီးများနှင့်နှိုင်းစာလျှင် အာဖရိကတိုက်၏ သစ်တောဧရိယာသည် နည်းနေသည်။ အမေရိကန်ပြည်ထောင်စု နီးပါးရှိသော ဆဟားရား သဲကန္တာရကြီးတွင် သစ်တောများ မရှိချေ။ ကွန်ဂို မြစ်ဝှမ်းမှာမူ သစ်တော ထူထပ်သည်။ အာဖရိက မဟောဂနီနှင့် အခြား အဖိုးတန်သစ်မာများ ထွက် သည်။ မဟော်ဂနီအစစ်ကို အနောက်အိန္ဒိယကျွန်းစုနှင့် အမေရိကတိုက် အလယ်ပိုင်းဒေသများမှသာ ရရှိနိုင်လေသည်။ ဥရောပတိုက်တွင် ဖင်လန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဥရောပဘက်ကျသော ဆိုဗီယက်ယူနီယံတို့သည် သစ်တော ထူထပ်သောဒေသများ ဖြစ်သည်။ ဆိုဗီယက်ယူနီယံတွင် သစ်တော ဧက သန်းပေါင်း ၄ဝဝ ကျော်ရှိသည်။ သို့သော် မြောက်ဘက်ပိုင်းမှ သစ်တောများသည် လူသူပေါက်ရောက်ရန် ခဲယဉ်းလေ သည်။ ဖင်းလန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့သည် သစ်အများအပြားထုတ်လုပ်နိုင်၍ ဥရောပ တစ်တိုက်လုံး အတွက် ထိုနှစ်နိုင်ငံက သစ်များ တင်ပို့နိုင်သည်။ ဖင်လန်နိုင်ငံ၏ မြေဧက ၆ဝ ရာခိုနှုန်းသည်လည်းကောင်း၊ ဆွီဒင်နိုင်ငံ၏ မြေဧက ၄၅ ရာခိုင်နှုန်း သည်လည်းကောင်း သစ်တောများ ဖြစ်လေသည်။
အာရှတိုက်၏ မြေဧက ၂၁ ရာခိုင်နှုန်းသာလျှင် သစ်တောများဖြစ်၍ သစ်တော နည်းပါးသည်။ ရှေးရှေးအခါကမူ သစ်တောထူထပ်ပေါများခဲ့ဖူးသည်ဟု ဆိုကြသည်။ အချို့ဒေသများတွင် ရေကြီးခြင်း၊ အချို့ဒေသများတွင် ရေရှားခြင်းကြောင့် ယင်းသို့သစ်တောများ ရှားပါးသွားရသည်ဟု အချို့က ယူဆကြသည်။ ဆိုက်ဗေးရီးယားဒေသတွင် သစ်တောဧက သန်းပေါင်းများစွာရှိသော်လည်း တောမထူသည့်ပြင် လူနေဒေသနှင့် ဝေးကွာလှ၍ သစ်ထုတ်လုပ်ရန် ခဲယဉ်းလေသည်။
ကမ္ဘာပေါ်တွင် သစ်တော အထူထပ်ဆုံးဒေသများမှာ တောင်အမေရိကတိုက်၏ အမေဇုန်မြစ်ဝှမ်း နှင့် အာဖရိကတိုက်၏ ကွန်ဂိုမြစ်ဝှမ်းတို့ ဖြစ်ကြသည်။ ထိုဒေသများတွင် ရာသီဥတု ပူအိုက်စိုစွတ် သဖြင့် အီကွေတာ သစ်တောကြီးများပေါက်ရောက်သည်။ သစ်ပင်ကြီးများ အလွန်ကြီးထွားလွယ်၍ တောထူထပ်လှသဖြင့် နေပြောက် မထိုးနိုင်သော တောကြိးမျက်မည်းများ ဖြစ်ကြလေသည်။ ရှေးရှေးအခါက သစ်တောများအလွန်ပေါများ၍ အခမဲ့ခုတ်ယူနိုင်ကြသဖြင့် လူတို့သည် စည်းမဲ့ ကမ်းမဲ့ ခုတ်ထွင်ခဲ့ကြသည်။ သစ်တောထွက်ပစ္စည်းများကိုလည်း တစ်စတစ်စ အသုံးအစွဲ ပို၍များခဲ့ကြ သည်။ သစ်ပင်များကို စည်းမဲ့ကမ်းမဲ့ ခုတ်ကြခြင်း၊ လယ်ယာနှင့် အိုးအိမ်ထူထောင်ရန် အတွက် သစ်တောများကို ခုတ်ထွင်ခြင်းတို့ကြောင့် သစ်တောများ ပါးလာသည်။ အချို့လူများ၏ အယူအဆမှာ သစ်တောများသည် ရေမြေနှင့် မိုးလေဝသကောင်းက သဘာဝအလျောက် ပေါက်ရောက်နိုင်ကြသဖြင့် ပြုပြင်ရန်မလိုဟု ထင်မြင်ကြသည်။ သဘာဝအလျောက် ပေါက်ရောက်တိုးပွားခြင်းနှင့် သေကြေ ပျက်စီးခြင်း ညီမျှနေက သစ်တောများ မပြုန်းနိုင်သေးချေ။ သို့သော် သစ်တောထွက် ပစ္စည်းများကို လူတို့ အသုံးပြုရန် ပြည်တွင်းပြည်ပ ရောင်းဝယ်ခြင်း၊ လူဦးရေ တိုးပွားလာသဖြင့် မြို့ရွာ အိုးအိမ် ချဲ့ထွင်ခြင်း၊ လယ်ယာ တိုးချဲ့လုပ်ကိုင်ခြင်းတို့ အလွန်များပြားလာသဖြင့် ပေါက်ရောက်မှုနှင့် ထုတ်လုပ် သုံးစွဲမှု မညီမမျှဖြစ်လာသည်။ သစ်တောများသည်လည်း လူတို့အတွက် မရှိမဖြစ်တော့ချေ။ ထိုကြောင့် သစ်တောများကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်အုပ်ချုပ်ရန် ဆောင်ရွက်လာ ကြရလေသည်။ ထိုနောက်တွင် သစ်တောများကို ကာကွယ် ထိန်းသိမ်းရုံနှင့် မပြီးသေး။ သစ်ပင်များ သဘာဝ အလျောက် ပြန်ပေါက်ခြင်းနှင့် မလုံလောက်လျှင် တိုးတက်ပေါက်ပွားစေဖို့ အကူအညီပေးရန်လိုအပ်ကြာင်း ကိုလည်း သိမြင်လာကြသည်။ ထိုကြောင့် သစ်တောအုပ်ချုပ်ရေးကို ဆောင်ရွက်လာကြပြီးလျှင် သစ်တော ဥပဒေများ ပြုလုပ်ခြင်း၊ ကြိုးဝိုင်းသစ်တောများ ပြုလုပ်ခြင်း၊ သစ်တော စိုက်ပျိုး ပြုစုခြင်းတို့ ကိုလည်း လုပ်ကိုင်ခဲ့ကြလေသည်။
သစ်ပင်များသည အသုံးချနိုင်သည့်အရွယ်ရောက်အောင် နှစ်ပေါင်း ၆ဝမှ ၁၅ဝခန့်အထိ ကြာ မြင့်သဖြင့် ယင်းတို့ကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည်။ ကာကွယ်ရန် လိုအပ်သော သစ်တောများကို ကြိုးဝိုင်း သစ်တောဟူ၍ သတ်မှတ်ထားရသည်၊။ ကြိုးဝိုင်းသစ်တောဟူသည်မှာ သစ်တောထိန်းသိမ်း ရေးနှင့် အုပ်ချုပ်ရေးအတွက် လွယ်ကူစေရန် ကြိုးဝိုင်း နယ်နိမိတ်များတွင် အထစ်ကြီးများ ထစ်ထားခြင်း၊ အစိုးရတံဆိပ် ရိုက်နှိပ်ထားခြင်း၊ ကြော်ငြာပြား ကပ်ခြင်း၊ နယ်နိမိတ်တိုင်များ စိုက်ခြငိးတို့ဖြင့် အထင်အရှား နယ်နိမိတ်သတ်မှတ်ထားသော သစ်တောကို ခေါ်ဆိုသည်။ ကြိုးဝိုင်း သစ်တောများ အတွင်းမှ အပင်များကို ဆိုင်ရာအမိန့် တစ်စုံတစ်ရာ မရပဲ ထုတ်ယူခြင်း မပြုရန် ဥပဒေက တားမြစ်ထားလေသည်။
မြန်မာနိုင်ငံ သစ်တောများအတွင်း အဖိုးတန်သစ်ရရှိသော ကျွန်း၊ ပျဉ်းကတိုး၊ ကညင်၊ သစ်ယာ၊ ပိတောက် စသည့် အပင်များကို ရွေးချယ်ထုတ်ယူပြီးလျှင် သဘာဝ မျိုးဆက်နည်း၊ ပဝတ္တိ မျိုးဆက်နည်းတို့ဖြင့် မျိုးမပြတ်အောင် ဆောင်ရွက်ရသည်။ ဒုတိယကမ္ဘာစ်ကြီး မဖြစ်မီက သဘာဝမျိုး ဆက်စိုက်ခင်းဧက ၆၈၅၄ဝနှင့် ပဝတ္တိ်မျိုးဆက်စိုက်ခင်းဧက ၁၃၈၆၈၈ အသီးသီးရှိခဲ့သော်လည်း စစ်ဘေးဒဏ်ကြောင့် များစွာ ပျက်စီးခဲ့ရသည်။
စိုက်ခင်းများတွင် မျိုးဆက်ခြင်းအောင်မြင်စေရန် အုပ်ဆိုင်း မိုးကာနေသော အပင်များကိုခုတ်လှဲ၍ လင်းဖွင့်ခြင်း၊ မျိုးဆက်ပင်များသန်စွမ်းအောင် ပင်ကျပ်နှုတ်ခြင်း၊ ရှင်းလင်းခြင်း၊ နွယ်ဖြတ်ခြင်း၊ ပေါင်းခုတ်ခြင်းများကို တော၏အခြေအနေအရ ဆောင်ရွက် ပေးခြင်းဖြင့် သစ်တော စိုက်ပျိုးပြုစုတည်ထောင်မှုကိုလည်း ပြုကြရလေသည်။ သစ်တော စိုက်ပျိုးပြုစုရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေး တို့၌ အောင်မြင်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ သစ်တောထွက်ပစ္စည်းများကို တန်ဖိုးရှိရှိနှင့် ပိုမိုထုတ်လုပ်နိုင်ရန်လည်းကောင်း သစ်တော သုတေသနဌာနဟူ၍လည်း ထားရှိရသည်။
မြန်မာနိုင်ငံတွင် ရှေးရှေးနှစ်ပေါင်းများစွာကပင် သစ်တောများမှ သစ်များ၊ အခြားသစ်တော ထွက်ပစ္စည်းများကို ထုတ်ယူသုံးစွဲခဲ့ကြသော်လည်း သစ်တောထိန်းသိမ်း ကာကွယ်ရေးကိုမူ မပြုခဲ့ကြပေ။ ခရစ်နှစ် ၁၇၅၂ခု အလောင်းမင်းတရားလက် ထက်တွင် ကျွန်းပင်ကို'တော်ဝင်'ပင် ဟု ကြေညာ ထိန်းသိမ်းခြင်း ပြုခဲ့၏။ သို့သော် သစ်တောများကို စံနစ်တကျ ထိန်းသိမ်းခြင်းကိုမူ နောင်မင်းအဆက် ဆက်လက်ထက်တို့တွင်လည်း ပြုခဲ့ဟန်မတူချေ။ မြန်မာနှင့်ဗြိတိသျှတို့ အချင်းများကာ စစ်ပွဲသုံးကြိမ် တိုက်၍ နောက်ဆုံးတွင် မြန်မာနိုင်ငံပါ အပ်လိုက်ရသော အင်္ဂလိပ်-မြန်မာ စစ်ပွဲများ ဖြစ်ရခြင်း၏ အကြောင်းတွင် သစ်တောများ၌ သစ်ခုတ်မှု၊ သစ်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၌ တည်ထောင်ထားသော ဗြိတိသျှတို့၏ ဘုံဘေဘားမား သစ်ကုမ္ပဏီနှင့် မြန်မာဘုရင် အစိုးရတို့ အငြင်းပွားမှုများသည်လည်း အချက်တစ်ရပ်အဖြစ် ပါဝင်ခဲ့လေသည်။
ဗြိတိသျှတို့သည် ရခိုင်ပြည် နှင့် တနင်္သာရီကို ၁၈၂၆ခုနှစ်တွင် သိမ်းပိုက်ပြီးနောက်မှစ၍ကျွန်းပင်များကိုခုတ်လှဲ ထုတ်သုံးခဲ့သည်။ ထိုအခါ ကျွန်းပင်များကို စံနစ်တကျ ခုတ်ယူခြင်းမပြုက ကျွန်းတောများပျက်စီးသည်ကို တွေ့ရှိလာကြသဖြင့် ၁၈၅၆ခုနှစ်မှ စ၍ သစ်တောများကို စည်းကမ်းတကျ အုပ်ချုပ်ရန် အုတ်မြစ်ချခဲ့သည်။ အဖိုးတန်သစ်များထုတ်ယူရေး ဥပဒေကို ၁၉ဝ၂ခုနှစ်တွင် ရေးဆွဲခဲ့ကြလေသည်။
လူသားတို့သည် ဥပဒေဖြင့်ထိန်းသိမ်းမှုမရှိက သစ်တောများ၏အဆိုးရွားဆုံးသောရန်သူများဖြစ်ကြပေသည်။ စည်းမဲ့ကမ်းမဲ့ သစ်တောများကို ခုတ်လှဲခြင်းဖြင့် သစ်တောများကို ပြုန်းစေသည်သာမက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ အခြားနည်းအမျိုးမျိုးဖြင့်လည်း သစ်တောများကို ဖျက်စီး နေကြလေသေးသည်။ မြန်မာနိုင်ငံ၌ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ ထုံးနှင့်မီးသွေးဖုတ်ခြင်း၊ အိမ်သုံးထင်းခုတ်ခြင်း၊ တိရစ္ဆာန် ထိန်းကျောင်းမှု များပြားခြင်း တို့ကြောင့်လည်း သစ်တောများ ပြုန်းတီးခဲ့ရသည်။ ထုံး ဖုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း စသည့်လုပ်ငန်းများအတွက်လည်းကောင်း၊ အိမ်သုံးအတွက်လည်းကောင်း ထင်းအမြောက်အများကိုအသုံးပြုကြရာ ထင်းရရန်အတွက် သစ်ပင်များကို စည်းကမ်းမဲ့ ထုတ်ထွင်ကြလေသည်။ နှစ် ကာလကြာမြင့်စွာ အချိန်ယူ၍ ပေါက်ရောက်ခဲ့ရသော သစ်ပင်များသည် တစ်ရက်နှစ်ရက်အတွင်း ပျက်စီးကြရသည်။
ထင်းခုတ်ယူသူတို့သည် အရွယ်မရင့်သေးသော အပင်များကိုခုတ်ခြင်း၊ အချို့အပင် များကို အမြစ်ပါတူးခြင်းပြုကြသောကြောင့် သစ်ပင်များတစ်ဖန်ပြန်ပေါက်ရန် ခဲယဉ်း သွားလေသည်။ ထိုကြောင့်ပင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးပါးရေရှားရပ်ဝန်းသည် တဖြည်းဖြည်း သဲကန္တာရ ဆန်လာ၍ ရှမ်းပြည်နယ်တွင် ထိုနည်းများကြောင့် သစ်တောများ ပြုန်းလာသည်။ သစ်တောမရှိသော် မြေဆီလွှာ တိုက်စားမှု များပြားလာသဖြင့် ဧက သိန်းသန်း မျှသော မြေများ မြေဩဇာခေါင်းပါး၍ မြေပျက်များ ဖြစ်ကုန်ရလေသည်။ ထို့ပြင် ကျွဲနွားတိရစ္ဆာန်များကို သစ်တောများအတွင်း ထိန်းကျောင်းသည့်အခါ တိရစ္ဆာန်များက သစ်ပင်အကိုင်း အခက်များကို စားခြင်း၊ အခေါက်များကို ကိုက်ဖဲ့ခြင်း၊ တိုးဝှေ့သွားခြင်းတို့ကြောင့်လည်း သစ်ပင်များ သေကြေပျက်စီးကြရလေသည်။
ယင်းသို့ လူတို့၏ မြော်ခေါ်ထောက်ထားမှု ကင်းမဲ့ခြင်းတို့ကြောင့် သစ်တောများ ပျက်ပြုန်းရ သည့်ပြင်၊ တောမီးလောင်ခြင်း၊ ပိုးကျခြင်း၊ သစ်ပင်ရောဂါကျရောက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းထူထပ်ခြင်း တို့ကြောင့်လည်း သစ်တောများပျက်စီးကြရလေသည်။ တောမီးလောင်ခြင်းသည် သစ်တောများအကြီးအကျယ် ပျက်စီးစေနိုင်သော အကြောင်းတရပ် ဖြစ်သည်။
သစ်တောအတွင်း လေတိုက်ခတ်သဖြင့် သစ်ပင်တပင်နှင့်တပင်၊ဝါးတလုံးနှင့်တလုံး ပွတ်တိုက် ရာမှ မီးပွင့်၍ မီးထတောက်ကာ တောမီးလောင်တတ်သည်။ သို့သော် ယင်းသို့သော သဘာဝကြောင့် မီးလောင်ရခြင်းမှာ နည်းပါးသည်။ မြန်မာနိုင်ငံတွင် များသောအားဖြင့် သစ်တော အနီးအနားပတ်ဝန်း ကျင်တွင် နေထိုင်သူများ၏ ပေါ့ဆမှုနှင့် နွေဦးပေါက်တွင် တောင်ရာ စိုက်ပျိုးရန်အတွက် မြေယာကွက် ရရန် သစ်တောများရှင်းလင်းမီးရှို့ခြင်း၊ အမဲလိုက်ရာတွင် မီးရှို့၍ ခြောက်လှန့်ခြင်းများမှ ကူးစက် လောင်ကျွမ်းမှု များပြားလေသည်။ နွေရာသီသို့ ကူးလာလျှင် သစ်တောတွင်းမှ သစ်ပင်များ အရွက်ကြွေ၍ သစ်ပင်များသည်လည်း ခြောက်သွေ့သောအပိုင်းသို့ ကူးပြောင်းနေချိန် ဖြစ်ပေရာ မီးပွားကျရုံဖြင့်မီးလောင် နိုင်သည်။ သစ်တောများမီးလောင်လျှင် ပျိုးပင်များ၊ အပင်ပျိုများ အဖိုးတန်အရွယ်သင့် အပင်များပါ မကျန် မီးသင့်ပျက်စီးကြရာ ထိုနေရာတွင် သစ်တောများ မျိုးဆက်ပင်ပြတ်သွားနိုင်လေသည်။ အမေရိကန်ပြည်ထောင်စုတွင် တောမီးလောင်သဖြင့် တစ်နှစ်တစ်နှစ်တွင် အိမ်ခြေ ၈၆ဝဝဝခန့် ကို တည်ဆောက်နိုင်သော သစ်များ ဆုံးရှုံးရလေသည်။ ထိုကြောင့် တောမီးလောင်ခြင်းကို ကာကွယ်ငြိမ်းသတ်နိုင်ရန် ကြီးကြီး ကျယ်ကျယ် စီစဉ် ထားရှိလေသည်။
ပိုးကျခြင်းကြောင့်လည်း သစ်တောများပျက်စီးကြရာ အမေရိကန်ပြည်ထောင်စုတွင် တနှစ်လျှင် ဒေါ်လာ သန်း၁ဝဝမှ ၂ဝဝ အတွင်းရှိသော သစ်များပျက်စီးရသည်။ အချို့ပိုးများသည် အဖူးအညွန့်တို့ ကို စားသည်။ အချို့ပိုးများသည် အခေါက်နှင့် ပင်စည်ကိုလှိုက်၍စားသည်။ အချို့ပိုးများသည် ပင်စည်ကို ဝိုက်ပတ်၍စားရာ သစ်ရည်ပို့ဆောင်ရေးလုပ်ငန်း ပျက်စီးသဖြင့် အပင် သေလေသည်။ သစ်ပင်ကို သင်းသတ် သကဲ့သို့ပေတည်း။
သစ်ပင်ရောဂါများကြောင့်လည်း သစ်ပင်များသေကြေသည်။ များသောအားဖြင့် သစ်ပင်များတွင် ဖြစ်ပွားလေ့ ရှိသော ရောဂါတစ်မျိုးမှာ မှိုစွဲခြင်းဖြစ်သည်။ ထို့ပြင် သစ်များအတွင်း ချုံနွယ်ပိတ်ပေါင်းများ ထူထပ်လျှင် သစ်ပင်များ ရှင်သန်ကြီးထွားရေးကို အနှောင့်အယှက်ဖြစ်စေကာ သစ်တောများကို တစ်တစ်စ ပျက်စီးစေလေသည်။ လေသည် သစ်တောများ၏ ကြီးကျယ်သောရန်သူကား မဟုတ်ပေ။ လေမုန်တိုင်းဒာဏ်ကြောင့် သစ်တောတစ်ခုလုံး ကျိုးပဲ့ပျက်စီးခြင်းကို ရံဖန်ရံခါ တွေ့ရှိရသော်လည်း များသောအားဖြင့် လေပြင်းတိုက်ခတ်သဖြင့် လဲကျအမြစ်ပြုတ်ရသော အပင်များသည် မသန်စွမ်းသော အပင်အို အပင်နာများသာ ဖြစ်ကြသည်။
ထိုအပင်များလဲကျသဖြင့် သစ်တောအတွင်းရှိ အခြားသစ်ပင်များမှာ အလင်းရောင်နှင့် လေကို ပိုမိုရရှိနိုင် သေးသည်။ သစ်ပင်များ၏ ကြောက်စရာရန်သူတစ်ပါးကား မိုးကြိုးဖြစ်သည်။ မိုးကြိုး ထိသောအပင်သည် ပြန်၍ မရှင်သန်နိုင်တော့ဘဲ ထိုအပင်သာလျှင် မီးလောင်သည်သာမက အခြား အပင်များကိုပါ ကူးစက် လောင်ကျွမ်းနိုင်လေသည်။ သစ်တောများသည် စပါးသီးနှံတို့ကဲ့သို့ တစ်နှစ်တစ်ကြိမ် အသစ်အသစ် စိုက်ပျိုးပြုစုရသည်မဟုတ် ပဲ သစ်တောထွက် ပစ္စည်းများမှ ဆိုင်ရာတိုင်းပြည် နိုင်ငံများအတွက် နှစ်စဉ် ဝင်ငွေမှန်မှန်ရရှိနိုင်စေ သဖြင့် သစ်တောများ အလဟဿ မပြုန်းတီး မပျက်စီးရလေအောင် စောင့်ရှောက်ထိန်းသိမ်းရန် လို အပ်ပေသည်။ သစ်တောတစ်ခု ပြန်လည်ထူထောင်ရန်မှာ အနှစ် ၆ဝမှ ၁၅ဝ အထိ ရှည်ကြာ သော်လည်း ဖျက်ဆီးခုတ်လှဲရန်မှာ တစ်ရက်နှစ်ရက်မျှသာ ကြာ၍ မှားယွင်းစွာခုတ်လှဲမိပါက ဆွေစဉ်မျိုးဆက်အထိ အကျိုးယုတ်မှုကို ဖြစ်စေနိုင်သဖြင့် သစ်တောကာကွယ်ထိန်းသိမ်းရေးမှာ အထူးလိုအပ်လှပေသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Forest Land Area။ FAOSTAT။ World Bank (12 February 2014)။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)