အိုဇုန်းလွှာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အိုဇုန်းလွှာသည် ကမ္ဘာ့လေထု အတွင်းတွင် ရှိသော အလွှာတစ်လွှာဖြစ်ပြီး ထိုအလွှာထဲတွင် အိုဇုန်း ဓာတ်ငွေ့ စုစည်းမှု အများအပြား ပါဝင်သည်။ အိုဇုန်းလွှာသည် နေ မှလာပြီး ကမ္ဘာပေါ်ရှိ သက်ရှိတို့ကို ပျက်စီးစေနိုင်သော ခရမ်းလွန် ရောင်ခြည် များ၏ ၉၇ ရာခိုင်နှုန်း မှ ၉၉ ရာခိုင်နှုန်း အထိကို စုပ်ယူ ပေးလေ့ ရှိသည်။ ၄င်းသည် စထရာတိုစဖီးယား အလွှာ၏ အောက်ဖက်ပိုင်းတွင် တည်ရှိပြီး ကမ္ဘာ့မျက်နှာပြင်မှ ၁၉ မိုင် မှ ၂၅ မိုင် ( ၃၀ ကီလိုမီတာ မှ ၄၀ ကီလိုမီတာ) ခန့် အကွာတွင် ရှိပြီး အထူမှာမူ ရာသီဥတုနှင့် ပထဝီ အနေအထားပေါ်တွင် မူတည်၍ ပြောင်းလဲမှု ရှိသည်။ အိုဇုန်းလွှာကို ၁၉၁၃ ခုနှစ်တွင် ပြင်သစ် ရူပဗေဒပညာရှင် ချားလ်စ် ဖာဘရီ နှင့် အွန်နရီ ဘွီဆန် တို့မှ ရှာဖွေတွေ့ရှိခဲ့ပြီး ၄င်း၏ ဂုဏ်သတ္တိများကို ဗြိတိသျှ လေထုပညာရှင် ဂျီ အမ် ဘီ ဒေါ့ဘ်ဆန်က အသေးစိတ် လေ့လာခဲ့သည်။ ဒေါ့ဘ်ဆန် သည် စပက်ထရို ဖိုတိုမီတာ သို့ ဒေါ့ဘ်ဆန်မီတာ ဟု ခေါ်သော အိုဇုန်းလွှာကို မြေကြီးပေါ်မှ တိုင်းတာသည့် ကိရိယာကို တီထွင် ဖန်တီးခဲ့သည်။ ၁၉၂၈ မှ ၁၉၅၈ အတွင်းတွင် ဒေါ့ဘ်ဆန်သည် ကမ္ဘာတဝှမ်းလုံးတွင် အိုဇုန်း စောင့်ကြည့်သည့် စတေရှင်များကို တည်ထောင်ခဲ့သည်။


ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာမြေကြီးကို လေထုက ဝန်းရံထားပါသည်။ အဆိုပါလေထုသည် ကမ္ဘမြေကြီး၏ ဆွဲအားကြောင့် ကမ္ဘာနှင့်အတူ လိုက်ပါလည်ပတ်နေပါသည်။ ကမ္ဘာ့လေထုကို ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုပါက အလွှာလေးလွှာဖြင့် ဖွဲ့စည်းထားသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ လေထုအလွှာ လေးလွှာမှာ-

(၁) ထရိုပို စဖီးယားအလွှာ[ပြင်​ဆင်​ရန်​]

လေထု၏အောက်ဘက်အကျဆုံးဖြစ်ပြီး လူသားတို့နှင့် ထိတွေ့နေသော အလွှာဖြစ်ပါသည်။ အမြင့် ၁၀-ကီလိုမီတာအထိ မြင့်ပါသည်။

(၂) စထရာတို စဖီးယားအလွှာ[ပြင်​ဆင်​ရန်​]

ထရိုပိုစဖီးယားအလွှာ၏ အထက်တွင် တည်ရှိပါသည်။ အမြင့် ၁၀-ကီလိုမီတာမှ ၅၀-ကီလိုမီတာအထိ ရှိပါသည်။ ၄င်းအလွှာ၏ အပေါ်ဘက်ဆုံးကို အိုဇုန်းလွှာဟု ခေါ်ပါသည်။

(၃) မီဆို စဖီးယားအလွှာ[ပြင်​ဆင်​ရန်​]

လေထု၏ တတိယအလွှာဖြစ်ပါသည်။ အမြင့် ၅၀-ကီလိုမီတာမှ ၉၀-ကီလိုမီတာအတွင်း တည်ရှိပါသည်။ လေထုအလွှာ လေးလွှာအနက် အပူချိန်အနည်းဆုံး (အအေးဆုံး) အလွှာဖြစ်ပါသည်။ ၄င်းအလွှာတွင် လေထုသည် သုညအောက် ၈၀-ဒီဂရီအထိ အေးပါသည်။

(၄) သာမို စဖီးယားအလွှာ[ပြင်​ဆင်​ရန်​]

လေထု၏ အပေါ်ဆုံးအလွှာ ဖြစ်ပါသည်။ အမြင့် ကီလိုမီတာ ၉၀-မှ ၁၂၀-အတွင်း တည်ရှိပါသည်။ ၄င်းအလွှာတွင် လေထုသိပ်သည်းမှု အလွန်နည်းပါးပါသည်။

အထက်တွင်ဖော်ပြထားသည့်အတိုင်း အိုဇုန်းလွှာသည် စထရာတို စဖီးယားအလွှာ၏ အပေါ်ဆုံးအပိုင်းတွင် တည်ရှိပါသည်။ ကမ္ဘာမြေအထက် ၁၉-မှ ၄၈-ကီလိုမီတာအတွင်း တည်ရှိပြီး ကမ္ဘာ့လေထုကဲ့သို့ပင် ကမ္ဘာမြေလှည့်ပတ်ရာ လမ်းကြောင်းတွင် အတူလိုက်ပါနေသော အလွှာတခုဖြစ်ပါသည်။

စင်စစ် အိုဇုန်းဆိုသော ဓာတ်ငွေ့သည် အောက်စီဂျင်အက်တမ် ၃-လုံး ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ (O3), ကျွန်ုပ်တို့အသက်ရှင်သော အောက်စီဂျင်ဓာတ်ငွေ့မှာမူ အောက်စီဂျင်အက်တမ် ၂-လုံးပေါင်းစပ် ထားခြင်းဖြစ်ပါသည်။ (O2) သို့ပါ၍ ရိုးရိုးအောက်စီဂျင် မော်လီကျူး သုံးခု (3O2) ပြိုကွဲပါက အိုဇုန်းမော်လီကျူးနှစ်ခု (2O3) ဖြစ်လာနိုင်ပါသည်။

ဤသို့ အောက်စီဂျင်မှ အိုဇုန်းသို့ ပြောင်းလဲရန်အတွက် စထရာတို စဖီးယားအလွှာမှ အပူချိန်က ကူညီသလို လေထုတွင်ပါဝင်သော နိုက်ထရိုဂျင်ဓာတ်ငွေ့များကလည်း ဓာတ်ကူပေးပါသည်။ အိုဇုန်းလွှာ တည်ရှိနေခြင်းသည် လူနှင့်သတ္တဝါတို့အတွက် ကောင်းကျိုးများစွာကို ဖြစ်ပေါ်စေပါသည်။ အိုဇုန်းလွှာသည် နေမှလာသော ခရမ်းလွန်ရောင်ခြည်များကို စုပ်ယူထားပါသည်။ ထိုအခါ ကမ္ဘာပေါ်သို့ ကျရောက်လာသော နေရောင်ခြည်တို့တွင် ခရမ်းလွန်ရောင်ခြည်များ ပါမလာတော့ပါ။

အကယ်၍ ထိုရောင်ခြည်များသာ ပါလာမည်ဆိုပါက လူ့အသားကိုထိလိုက်လျှင် မီးလောင်သလို အဖုများ ထွက်လာနိုင်ပါသည်။ အနည်းငယ်သင့်ရုံမျှဖြင့် အရေပြားကင်ဆာရောဂါ ဖြစ်ပွားတတ်ပါသည်။ ခရမ်းလွန်ရောင်ခြည်ပါသော နေရောင်ကြောင့် မျက်စိတွင် တိမ်စွဲတတ်ပါသည်။ ဗီတာမင်များ၊ ဆိုးဆေးများ၊ သတ္ထုများ၊ အဆီများသည် ခရမ်းလွန်ရောင်ခြည်သင့်ပါက နေမှ အပူများကို စုပ်ယူပြီး သိပ္ပံရုပ်ရှင်များတွင် တွေ့မြင်ရသလို အရောင်များ တဖျတ်ဖျတ် လက်လာပါလိမ့်မည်။ ၄င်းပစ္စည်းများမှာ ပူလွန်းလှသည့်အတွက် စား၍လည်း မရတော့ပါ။ ထို့ပြင် သတ္တဝါတို့၏ အရေပြားသည် ရောင်ခြည်သင့်မှုကြောင့် ဓာတ်ပြောင်းလဲခြင်း ဖြစ်ကာ ရောဂါအသစ်အဆန်းများလည်း ပေါ်လာနိုင်ပါသည်။ ဤသည်တို့ကို မဖြစ်အောင် အိုဇုန်းလွှာက ကာကွယ်ပေးထားရပါသည်။

၁၉၇၀-ပြည့်နှစ်ဝန်းကျင်တွင် သိပ္ပံပညာရှင်များသည် အိုဇုန်းလွှာကို အန္တရာယ်ပြုနေသည့် ဓာတ်ငွေ့တခုကို တွေ့ရှိလာရပါသည်။ ၄င်းကို ကလိုရိုဖလိုရိုကာဗွန် (အတိုကောက်အားဖြင့် CFC) ဟုခေါ်ပါသည်။ အဆိုပါ စီအက်ဖ်စီ ဓာတ်ငွေ့သည် ကျွန်ုပ်တို့ အသုံးပြုနေသော ရေခဲသေတ္တာများ၊ ရေမွှေးဘူး၊ ခြင်ဆေးဘူး စသော စပရေးဘူးများ၊ တီဗွီ၊ ကွန်ပျူတာများမှ ထွက်ရှိနေပါသည်။ ၄င်းစီအက်ဖ်စီ မော်လီကျူးတခုသည် အိုဇုန်းမော်လီကျူးပေါင်း တသိန်းခန့်ကို အသာအယာ ဖျက်ဆီးပစ်နိုင်ပါသည်။

စီအက်ဖ်စီ ဓာတ်ငွေ့ကဲ့သို့ပင် အိုဇုန်းလွှာကို အန္တရာယ်ပေးတတ်သည့် ဓာတ်ငွေ့နှစ်ခု ကျန်ပါသေးသည်။ တခုမှာ စက်ရုံ၊ အလုပ်ရုံများမှထွက်သော မီးခိုးခေါ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်ပြီး လူတို့နေ့စဉ်ထုတ်လုပ်နေသာ ဓာတ်ငွေ့ပင်ဖြစ်ပါသည်။ အခြားတခုမှာ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများတွင် ပါဝင်သော နိုက်ထရိုဂျင်ဒြပ်ပေါင်းများ ဖြစ်ပါသည်။

အဆိုပါ ဒြပ်ငွေ့များကြောင့် အိုဇုန်းလွှာသည် တဖြည်းဖြည်း ပါးလွှာလာခဲ့ရာ ၁၉၈၀-ပတ်ဝန်းကျင်တွင် အန္တာတိကတိုက်ပေါ်ရှိ အိုဇုန်းလွှာတွင် အပေါက်ဖြစ်နေကြောင်း ထိတ်လန့်စဖွယ် တွေ့ရှိလာရပါသည်။ အစပထမတွင် အိုဇုန်းလွှာပေါက်မှုသည် စိုးရိမ်စရာဟု ကမ္ဘာ့ခေါင်းဆောင်များက မထင်မှတ် မယူဆခဲ့ကြပါ။ နောက်ပိုင်းတွင် ကမ္ဘာ့အခြားတဖက်ဖြစ်သော အာတိတ်စက်ဝိုင်းတွင်ပါ အိုဇုန်းလွှာပေါက်လာကြောင်း တွေ့ရှိလာကြပါသည်။ အဆိုပါ အာတိတ်နှင့် အန္တာတိကဒေသများမှာ ရေခဲဖုံးသောဒေသများ ဖြစ်ပါသည်။ ၄င်းတို့အပေါ်ရှိ အိုဇုန်းလွှာပေါက်ခြင်းကြောင့် အလွန်ပြင်းသော နေရောင်ခြည်များသည် ရေခဲများပေါ်သို့ တိုက်ရိုက်ကျရောက်လာပါသည်။ ထိုအခါ ဧရာမ ရေခဲတုံးကြီးများ၊ ရေခြဲပင်များသည် ပင်လယ်များအတွင်း အရည်ပျော်လာပြီး ပင်လယ်ရေထု မြင့်တက်လာပါသည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာ့နိုင်ငံများတွင် ရေကြီးခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်ခြင်းတို့ ပေါ်ပေါက်လာရပါသည်။

အခြားတဖက်တွင်လည်း ခရမ်းလွန် ရောင်ခြည်၏ အပူဒဏ်ကြောင့် ကမ္ဘာတဝှမ်းလုံးတွင် တနှစ်ထက်တနှစ် အပူချိန် မြင့်တက်လာပါသည်။ အပူချိန် မြင့်တက်မှုကြောင့် သစ်ပင်များ သေဆုံးကာ သစ်တော ပြုန်းတီးမှုများ ဖြစ်လာရပြန်ပါသည်။ ထိုအချိန်တွင် လူသားတို့က သစ်တောမျာကို ထပ်မံခုတ်ထွင်ပြန်ရာ သစ်တောများ ပိုမိုပြုန်း၊ အပူချိန်များ ပိုမိုတက်ဖြင့် သံသရာလည်လာခဲ့ပါသည်။

၁၉၈၇-တွင် မွန်ထရီရယ် စာချုပ်ကို အမေရိကန်အပါအဝင် နိုင်ငံ ၃၆-နိ်ုင်ငံက လက်မှတ်ထိုး၍ စီအက်ဖ်စီ ထုတ်လုပ်မှုကို လျှော့ချရန် သဘောတူခဲ့ပါသည်။ ၁၉၉၅-တွင် အဆိုပါ စာချုပ်ကို လက်မှတ်ထိုးသောနိုင်ငံ တရာအထိ ရှိလာပါသည်။ ထို့ပြင် စီအက်ဖ်စီ ဓာတ်ငွေ့များအစား အိုဇုန်းလွှာကို အန္တရာယ်မပေးနိုင်သည့် အိပ်ချ်စီအက်ဖ်စီ (Hydro-chloroflurocarbon) များကို အစားထိုးအသုံးပြုရန် သဘောတူလာကြပါသည်။

ဤသို့ ကြိုးစားနေသည့်ကြားမှပင် ၂၀၀၁-ခုနှစ်တွင် အိုဇုန်းလွှာ အပေါက်ကြီးသည် စံချိန်တင်လောက်အောင် ကြီးထွားလာခဲ့ပါသည်။ ၂၀၀၆-ခုနှစ်ရောက်သောအခါ အဆိုပါ အပေါက်ကြီးသည် နောက်ထပ်တကြိမ် စံချိန်တင်အောင် ကြီးထွားလာပြန်ရာ ဂရင်းလင်းကျွန်းမှ ဆိုက်ဘေးရီးယားအနောက်ပိုင်းအထိ ကယ်ပြန့်လာပါတော့သည်။

အိုဇုန်းလွှာပေါက်ခြင်းကို တဖက်တလမ်းမှ ကာကွယ်ပေးနိုင်ပါသည်။ ကာကွယ်နည်းမှာ မိမိပတ်ဝန်းကျင်တွင် သစ်ပင်စိုက်ခြင်းပင် ဖြစ်ပါသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. သန်းမင်းထွဋ်( မင်္ဂလာမောင်မယ် ၂၀၀၉-ခု ဇူလိုင်လ)