တိမ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကောင်းကင်၌ ရေငွေ့များ ငွေ့ရည်ဖွဲ့နေသည်ကို တိမ်ဟု ခေါ်ကြသည်။ ငွေ့ရည်ဖွဲ့ရာတွင် ရေစက်ကလေးများအဖြစ်ဖြင့်လည်းကောင်း၊ ရေခဲတုံးကလေးများ အဖြစ်ဖြင့်လည်းကောင်း ပါရှိနိုင်သည်။ ရေစက်ကလေးများ ပါဝင်သည့်တိမ်သည် အမြင့်၌ရှိသော မြူထူများသာ ဖြစ်၏။ တောင်တက်သူများသည် တောင်ထိပ်ပိုင်း၌ တိမ်များ ဖုံးလွှမ်းလျက်ရှိသည်ကို မြင်ရပေမည်။ ထို့နောက် သူတို့ကိုယ်တိုင် မြူထူများအတွင်း၌ ရောက်နေသည်ကို တွေ့ရပေမည်။ တောင်ထပ်နှင့်နီးလာသောအခါ သူတို့သည် မြူထူများမှ ထွက်လာကြရမည်ဖြစ်၍ အောင်သို့ ကြည့်လိုက်လျှင် တိမ်များသည် သမုဒ္ဒရာအတွင်း၌ လှိုင်းတံပိုးများ ထနေသကဲ့သို့ တအိအိ လှုပ်ရှားနေသည်ကို မြင်ကြရပေမည်။

ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

တိမ်သည် ရေ၏မျက်နှာပြင်ပေါ်သို့ နေရောင်ခြည်များ ကျရာမှ ဖြစ်လာခြင်းဖြစ်၏။ နေရောင်ခြည်များ ရေပေါ်သို့ ကျသောအခါ၌ ရေအချို့သည် အငွေ့ပျံ၏။ တစ်နည်းအားဖြင့်ဆိုသော လေသည် ရေငွေ့ကို စုတ်ယူလိုက်၏။ အပူချိန်မြင့်လျှင် လေသည် ရေငွေ့များများကို ဆောင်ထားနိုင်လေသည်။ ရေငွေ့ကို နောက်ထပ် မဆောင်နိုင်သောလေကို ရေငွေ့နှင့်ပြည့်ဝနေသောလေဟု ခေါ်သည်။ ထိုနောက် လေအေးလာသောအခါ၌ ရေငွေ့အချို့သည် ငွေ့ရည်ဖွဲ့လေသည်။ ထိုအခါ တိမ်များ ဖြစ်လာပေသည်။ ထိုသို့ ငွေ့ရည်ဖွဲ့သည့်အချိန်တွင် လေ၏အပူချိန်သည် ရေခဲသည့်အမှတ်၏အပေါ်တွင်ရှိလျှင် ရေစက်ကလေးများ ဖြစ်လာကြပေမည်။ အကယ်၍ ရေခဲသည့်အမှတ်အောက်တွင် ရှိလျှင်ကား ရေခဲတုံးကလေးများ ဖြစ်လာကြပေမည်။ ထိုရေခဲတုံးကလေးများသည် ခရစ္စတယ်ခေါ် ပုံဆောင်ခဲများ ဖြစ်ကြ၏။

တိမ်များသည် အစဉ်သဖြင့် ပုံသဏ္ဌာန်ပြောင်းလဲလျက် ရှိကြ၏။ ထိုသို့ ဖြစ်ရခြင်းမှာ တိမ်တို့တွင် ရှိသော အစိတ်အပိုင်းများသည် ရေငွေ့နှင့် ပြည့်ဝမနေဘဲ ပို၍ နွေးသည့် လေများနှင့် တွေ့သောအခါ အငွေ့ပျံခြင်းကြောင့် ဖြစ်သည်။

မိုးလေဝသခန့်မှန်းခြင်း[ပြင်ဆင်ရန်]

ဖြစ်ပေါ်လာမည့် မိုးလေဝသအခြေအနေကို အများအားဖြင့် တိမ်ကို ကြည့်ကာ ကြိုတင်မှန်းဆ သိရှိနိုင်ကြသဖြင့် မိုးလေဝသခန့်မှန်းသူများသည် တိမ်ကို အသေးစိတ်လေ့လာလေ့ရှိကြသည်။ လေနွေးထုနှင့်လေအေးထု ဆုံမိသောအခါ တိမ်ဖြစ်လာ၏။ ထိုတိမ်ဖွဲ့ခြင်းကို လေ့လာ၍ လေကြောင်းခရီး၏ရာသီဥတုကို ခန့်မှန်းနိုင်၏။ ဤသို့ ခန့်မှန်းကြည့်ခြင်းသည် အလွန်အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် အနိမ့်ပိုင်ရှိ တိမ်များသည် လေယာဉ်ပျံအဆင်း၌ ဖြစ်စေ အတက်၌ ဖြစ်စေ လေကြောင်းပြအား အာကာသ၌ မည်သို့ ဖြစ်နေသည်ကို မမြင်နိုင်လောက်အောင် ကွယ်ထားသဖြင့် အခက်အခဲ ကြုံတွေ့စေနိုင်သည်။ အချို့တိမ်များတွင် အထက်နှင့်အောက် ပြင်းထန်းစွာ တိုက်ခတ်နေသော လေစီးကြောင်းများ ရှိတတ်သဖြင့် လေယာဉ် ပျံသန်းခြင်းကို ခက်ခဲစေသည်။

တိမ်အမျိုးအစားများ[ပြင်ဆင်ရန်]

ပုံသဏ္ဌာန်ကို လိုက်၍ အမည် အမျိုးမျိုး ပေးထား၏။ အဓိက တိမ်ပုံသဏ္ဌာန်များမှာ တိမ်မြင့်(ဝါ)တိမ်မျှင်၊ တိမ်လွှာ၊ တိမ်တောင်၊ မိုးတိမ်တို့ဖြစ်သည်။

တိမ်မြင့်(ဝါ) တိမ်မျှင်ကို အင်္ဂလိပ်လို ဆပ်ရပ်ဟု ခေါ်၏။ ဆစ်ရပ်ဆိုသည်မှာ လိပ်ခွေလျက်ရှိသော ဆံပင်ဟု အဓိပ္ပာယ်ရ၍ လိပ်ခွေလျက်ရှိသည့် ပုံဆောင်ရေခဲတိမ်ဖြူများကို ခေါ်သည်။ ဤတိမ်မျိုးသည် အခြားတိမ်မျိုး၏အပေါ်တွင်ရှိ၍ အချို့သည် မြေကြီးနှင့် ၅မိုင် သို့မဟုတ် ၁၀မိုင်အထိပင် တက်ကြလေသည်။

တိမ်လွှာကိုမူ စတြေးတပ်ဟုခေါ်၍ ဖြာလျက်ရှိသည်ဟု အဓိပ္ပာယ်ရသည်။ မြူထူနှင့်တူသော တိမ်ကြီးများ ဖြစ်သည်။ ဤတိမ်မျိုးသည် အများအားဖြင့် မြေကြီးနှင့် အလွန်နီးရာတွင် ဖြစ်ပေါ်လေ့ရှိသည်။ နံနက်စောစောနှင့် ညနေစောင်းလွန်ချိန်များတွင် လေငြိမ်သည့်အခါ၌ ဤတိမ်မျိုးကို မကြာခဏ မြင်ရတတ်သည်။

တိမ်တောင်ကို ကျူမှုလပ်ဟု ခေါ်၍ အစုအပုံဟု အဓိပ္ပာယ်ရသည်။ နွေဥတုတွင် ကောင်းကင်ပြင်၌ လှပစွာ စုပုံလျက်ရှိသော တိမ်ဖြူထုကို ခေါ်သည်။ ဤတိမ်မျိုးသည် မြေကြီးနှင့်တစ်မိုင်မျှခန့် အမြင့်တွင် ရှိတတ်၍ လျင်မြန်စွာ ရွေ့ရှားနေသည့် အရိပ်ကို မြေကြီးပေါ်၌ ထင်စေတတ်သည်။ လေးလံသည့် ကျူမူလပ် တိမ်မျိုးများလာလျှင် မိုးရွာမည်ဟု ခန့်မှန်းနိုင်ပေသည်။

နင်းဗတ်ခေါ်တိမ်မှာ မိးခိုးရင့်ရောင်ရှိသောတိမ်များပင်ဖြစ်သည်။ ဤတိမ်မျိုး၌ ပုံသဏ္ဌာန်အတိအကျမရှိချေ။ မိုးတိမ်၏အောက်ဘက်တစ်ဝက်သည် ရေငွေ့များနှင့် လေးလံလျက်ရှိပြီးလျှင် ထိုရေငွေ့များက မိုးရေအဖြစ် ရွာချတတ်သည်။

တိမ်အမြောက်အမြားရှိရာတွင် ထိုတိမ်များရှိရာအမြင့်ကိုလိုက်၍ အမျိုးခွဲခြားခြင်းလည်း ရှိသေးသည်။ အဲလတိုကျူမူလပ်တိမ်မျိုးဟုခေါ်သော တိမ်လတ်တောင်၊ တိမ်လိပ်သည် အဖြူရောင်ဖြစ်စေ၊ မွဲပြာရောင်ဖြစ်စေရှိသော ကျူမူလပ်တိမ်ကလေးများ သိပ်သည်းစွာ စုနေခြင်းကို ခေါ်သည်။ ဤတိမ်မျိုးကို အမြင့်ပေ ၈၀၀၀မှ ပေ ၂၀၀၀၀ အထိတွင် တွေ့ရသည်။ အဲလတိုစတြေးတပ်တိမ်မျိုး(ဝါ) တိမ်လတ်လွှာသည် တိမ်ချပ်ထူဖြစ်၍ မွဲပြာရောင် ရှိသည်။ ဤတိမ်မျိုးသည် မြေကြီးနှင့်အနီးတွင် ဖြစ်ပေါ်တတ်သည်။ ဆစ်ရို စတြေးတပ်တိမ်မျိုး (ဝါ) တိမ်မြင့်လွှာသည် ပုံဆောင်ရေခဲကလေးများနှင့် ပြည့်လျက်ရှိသည့် အဖြူရောင် ရှိသော တိမ်လွှာပါးဖြစ်သည်။ ဆစ်ရိုကျူမူလပ် (ဝါ) တိမ်မြင့်တောင်သည် ကျူမူလပ်တိမ်ကလေးများ စုနေခြင်းဖြစ်သည်။ ဤတိမ်မျိုးသည် ပေ ၂၀၀၀၀ အထက်တွင် ဖြစ်ပေါ်လေ့ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)