ရေခဲခေတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သမိုင်းမတင်မီခေတ်
သံခေတ်
  ကြေးဝါခေတ်နှောင်း  
  ​ကြေးဝါခေတ်လယ်
  ကြေးဝါခေတ်ဦး
ကြေးဝါခေတ်
    ကြေးနီခေတ်    
  ကျောက်ခေတ်သစ်
ကျောက်ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်နှောင်း  
    ကျောက်ခေတ်ဟောင်း ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်ဦး
  ကျောက်ခေတ်ဟောင်း
ကျောက်ခေတ်

ရေခဲခေတ် သည် ကမ္ဘာ့မြေမျက်နှာ၏ အပူချိန် ကြာမြင့်စွာ မရနိုင်ကြစဉ် ကာလ ဖြစ်သည်။ ၎င်းကာလတွင် ကမ္ဘာ့တိုက်ကြီး များ သည် ရေခဲပြင်များအဖြစ်၊ ဝင်ရိုးစွန်း ရေခဲပြင် နှင့် အပလင် (apline) မဟာရေခဲတုံးများ (galciers) ကြီးထွားခဲ့သည်။ ပထဝီ ကာလ အတိုင်းအတာ အရ တောင်ဝင်ရိုးစွန်း နှင့် မြောက်ဝင်ရိုးစွန်း တို့တွင် ရေခဲပြင်များရှိလျှင် ရေခဲခေတ်ဟုခေါ်သည်။ ထို့ကြောင့် ယခုခေတ်သည် ပထဝီ ကာလ အရ ရေခဲခေတ် ပင် ဖြစ်သည် (ဂရင်းလန်းနှင့် အန္တာတိက တို့တွင် ရေခဲချပ်ကြီးများ ဖုံးလွှမ်းလျက်ပင် ရှိသေးသောကြောင့် ဖြစ်သည်။)

အခြားအဆိုတစ်ခုကမူ “ရေခဲခေတ်” သည် မြောက်အမေရိကနှင့် ဥရောပတို့တွင် ရေခဲများ ဖုံးလွှမ်းခဲ့သော အချိန်ကာလကို ရည်ညွှန်းကြသည်။ ၎င်းအဆိုအရ “ရေခဲခေတ်”သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀ဝ၀ဝ) ခန့်က ဖြစ်သည်ဟု ယူဆကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း တစ်သန်းခန့်က ကမ္ဘာ၏ မြောက်ပိုင်းတစ်ပိုင်းလုံးသည် ရေခဲပြင်အတိ ဖုံးလွှမ်းလျက် ရှိလေသည်။ ကမ္ဘာကြီးသည် အဘယ်ကြောင့် ထိုမျှလောက် အေးခဲ့သည်ကိုမူ မည်သူမျှ တပ်အပ်သေချာ မပြောနိုင်ချေ။ မိုင်ပေါင်းများစွာ ကျယ်ပြန့်သော ရေခဲပြင်ကြီးသည် ဥရောပတိုက်နှင့် မြောက်အမေရိက တိုက် မြောက်ပိုင်းတို့ကို ဖုံးလွှမ်းခဲ့လေသည်။ ထို ရေခဲပြင်ကြီးသည် တဖြည်းဖြည်း တောင်ဘက်သို့ လျှောဆင်း လာခဲ့ရာ တစ်ချိန်ကမူ ရေခဲဖုံးလွှမ်းသော မြေအကျယ်အဝန်းမှာ စတုရန်းမိုင် ရှစ်သန်းခန့်ပင် ရှိခဲ့လေသည်။ ထိုသို့ ရေခဲပြင်ကြီး ဖုံးလွှမ်းလျက်နေခဲ့သည့်ခေတ်ကို ရေခဲခေတ်ဟူ၍ ခေါ်ကြသည်။


ရေခဲခေတ်တွင် နွေရာသီမှာ တိုတောင်း၍ အေး၏။ ရေခဲပြင်ကြီးလည်း တောင်ဘက်သို့ တဖြည်းဖြည်း ရွေ့ဆင်း ကျယ်ပြန့်လာသည်။ မြောက်အမေရိကတိုက်တွင်မူ ကနေဒါနိုင်ငံ တစ်ခုလုံးနှင့် မစ်စစ်စပီမြစ်ဝှမ်း အထက်ပိုင်းသည် ရေခဲအတိ ဖုံးလွှမ်းလျက်ရှိသည်။ အာရှတိုက်မြောက်ပိုင်း၊ ရုရှနိုင်ငံအထက် ပိုင်း တစ်ပိုင်းလုံးသည်လည်း ရေခဲပြင်ကြီး ဖြစ်နေသည်။ ထိုအတွင်း၌ ရာသီဥတုသည် ပူလိုက်အေးလိုက်နှင့် အမျိုးမျိုး ပြောင်းလဲလျက် ရှိသည်။ ကမ္ဘာမြေကြီး တစ်စတစ်စ ပူလာလျှင် ရေခဲပြင်ကြီးသည် မြောက်ဘက်သို့ ပြန်ဆုတ်သွားလေသည်။ ယခင်က ရေခဲပြင်ရှိသည့်နေရာတွင် မြက်ပင်များ ပေါက်လာ၍ တိရစ္ဆာန်များလည်း မြောက်ဘက်သို့ စွန့်စားကာ သွားရောက်ကျက်စားကြပြန်သည်။ တစ်ဖန် ရာသီဥတုသည် ပြန်လည် အေးမြလာလျှင် ရေခဲပြင်ကြီးလည်း တောင်ဘက်သို့ လျှောဆင်းလာပြန်သည်။ ယင်းသို့ ဆုတ်လိုက်၊ ဆင်းလိုက်နှင့် ပြောင်းလဲခဲ့သည်မှာ လေးကြိမ်၊ ငါးကြိမ်ခန့်ပင် ရှိလိမ့်မည်ဟု မှန်းဆကြလေသည်။

ထိုကဲ့သို့ ရေခဲပြင်ကြီး ဆုတ်လိုက်၊ ဆင်းလိုက်နှင့် အမျိုးမျိုး ပြောင်းလဲခဲ့ခြင်း အကြောင်းရင်းကို မည်သူမျှ ကောင်းစွာ မသိရှိကြချေ။ သိပ္ပံပညာရှင်အချို့ကမူ ယခု ကျွနု်ပ်တို့သည် ရေခဲခေတ်၏ ကြားကာလတွင် နေထိုင်လျက် ရှိကြသည်။ နောင်နှစ်ပေါင်းများစွာ ကြာရှိသည့်အခါ ရာသီဥတုသည် တစ်ဖန် အေးမြလာပြီးလျှင် ကမ္ဘာသည် ရေခဲပြင်ကြီး ပြန်လည် ဖုံးလွှမ်းခြင်းကို ခံရလိမ့်ဦးမည်ဟု ယုံကြည်ကြလေသည်။ ရေခဲ ခေတ်တစ်ခေတ်နှင့် တစ်ခေတ်စပ်ကြားတွင် နှစ်ပေါင်းငါးသိန်း မျှ ကြာသည်ဟူသော တွက်ကိန်းကိုထောက်လျှင် အထက်ပါ ယုံကြည်ချက်မှာ ယုတ္တိတန်လေသည်။ ရေခဲပြင်ကြီးသည် အရည်ပျော်ကျသွားသောအခါ ချိုင့်ဝှမ်း မြေနိမ့်ဒေသတို့တွင် အင်းအိုင်များ ဖြစ်ပေါ်လျက် ကျန်ရစ်ခဲ့လေသည်။ ထိုပြင် အမှိုက်သရိုက် ကျောက်ခဲကျောက်တုံးများသည်လည်း ဟိုနေရာ သည်နေရာတွင် စုပုံပြန့်ကြဲလျက် ကျန်ရစ်ခဲ့သည်။ သို့ဖြစ်ရာ ရေခဲပြင်ကြီးသည် မြေမျက်နှာပြင် အနေအထားကို များစွာ ပြောင်းလဲသွားစေလေသည်။

ရေခဲပြင်ကြီးသည် ယခင်က ပူနွေးသောဒေသသို့ ရွေ့လျား ကျဆင်းလာသောအခါ ထိုဒေသတွင် နေထိုင် သွားလာ ကျက်စားလျက် ရှိကြကုန်သော သတ္တဝါတို့ကို များစွာ အခက်အခဲနှင့် တွေ့စေသည်။ အချို့သော တိရစ္ဆာန်များသည် အအေး၏ဒဏ်ကို မခံနိုင်ဘဲ လုံးဝပျက်စီးပျောက်ကွယ်သွားကြလေသည်။ အချို့ကား နေပူသည့် တောင်ဘက်သို့ ပြေးလွှားပြောင်းရွှေ့ခဲ့ကြရ လေသည်။[၁]

ရေခဲခေတ်က လူသားအချို့ စားသုံးသော အစားအစာများမှာ အလွန် အာဟာရဓာတ်ကြွယ်ဝသော အစား အစာများဖြစ်ကြောင်း၊ ရေခဲခေတ်လူသားတို့ စားသုံးသော ညစာတွင် အာဟာရဓာတ်မျှတသော်လည်း အဆီများစွာ ပါဝင်နေကြောင်း သိပ္ပံပညာရှင်တို့က ပြောကြားခဲ့ကြသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၅၃၀၀ ခန့်က လူသားအချို့အား အေးခဲနေသော ရေခဲများအတွင်း သူတို့၏ ရုပ်အလောင်းများကို ၁၉၉၁-ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ကြကြောင်း၊ အဆိုပါ ရှေးခေတ်လူသားတို့၏ ရုပ်အလောင်းမှနေ၍ ၎င်းတို့မသေဆုံးမီ စားသုံးခဲ့သော အစားအစာများနှင့် လူနေဟန်များကို သိပ္ပံပညာရှင်တို့က ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်အရ ရေခဲခေတ်လူသား ရုပ်အလောင်း၏ ဝမ်းဗိုက်ထဲတွင် ဆိတ်သား၊ သမင်၊ ဒရယ်သားတို့ စားသုံးမှုမှ အဆီများဖြင့် ပြည့်နေသည်ကို တွေ့ရှိရကြောင်း၊ ယင်းတို့၏ ဝမ်းဗိုက်အတွင်း တွေ့ရှိရသည့် အဆီပမာဏသည် မျက်မှောက်ခေတ် လူသားတို့ စားသုံးသည့် အစာအာဟာရထဲမှ အဆီပမာဏ ၁၀% ထက် ကျော်လွန်ကာ အဆီပမာဏ ၅၀% ခန့် ရှိကြောင်း သုတေသီတို့က ပြောကြားခဲ့ကြသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  2. မန္တလေးနေ့စဉ်၊ ၂၁-၁၀-၂၀၁၈၊ စာ-၃